Author: vanko
•1:09 AM

www.thecolor.com

အဲဒီ
ပြာလဲ့လဲ့အခန်းထဲက
ခရမ်းနုရောင်စားပွဲမှာထိုင်လို့
တတိယမြောက်ဝိုင်ခွက်ကို
ငေးမောနေရင်းပေါ့
ငါ့ညနေခင်းထဲကနေ
ကြယ်လေးတစ်စင်းကို
မြင်မိတယ်

နာရီတွေကရပ်တန့်
ပန်းချီကားထဲက
နှင်းဆီပန်းရနံ့
အခန်းထဲမှာ သင်းပျံ့နေခဲ့ပေါ့
သံစဉ်ဆွံ့အနေတဲ့
တေးသွားတစ်ပုဒ်ကတော့
တစ်ပိုင်းတစ်စစီပြန့်ကျဲလို့

စက္ကူငှက်တွေက
ကောင်းကင်ထဲမှာတေးဆို
သစ်ပင်အိုတွေက
နာကြည်းတာလား
ရောင့်ရဲတာလား
ဝေခွဲမရနိုင်တဲ့အပြုံးနဲ့
ဟိုးအဝေးဆီက
တောင်ကုန်းတွေကိုငေးမောလို့..

ငါ့နှလုံးသားထဲကိုရော
မြင်နိုင်ကြပါ့မလား..

ဘ၀အမောတွေနဲ့
အံသေနေတဲ့လက်တစ်စုံထဲကနေ
ခဏခဏလွတ်ကျကွဲတက်တဲ့
မျှော်လင့်ခြင်းတွေ..
ဖယောင်းတိုင်တစ်ချောင်းလို
တမြေ့မြေ့ကျွမ်းလောင်ရင်း
အရည်ပျော်ကျနေတဲ့
အိပ်မက်တွေ..

မေမေရေ
ယုံကြည်ချက်လမ်းမပေါ်မှာ
သားတော့
ခေါင်းမဖော်နိုင်အောင်
မူးခဲ့ပေါ့

ချစ်သူရေ..
မင်းရောက်လာတာ
နောက်ကျလိုက်တာကွယ်

လာပါ
ပန်းရနံ့သင်းတဲ့
စိမ်းလန်းမြက်ခင်းပြင်မှာ
ခြေဗလာနဲ့
လျှောက်ကြရအောင်လေ
ဘယ်အထိ
အတူရှိနေနိုင်မယ်မသိတဲ့
တစ်ချိန်အထိပေါ့

ငှက်ကလေးတွေရဲ့
ငြိမ်းချမ်းရေးတေးသွား
မင်းနှလုံးသားထဲအထိ
စီးဆင်းသွားပါစေလေ

ကြည့်စမ်းပါ
တိမ်ညိုရိုင်းတွေက
ဟိုးအဝေးမိုးကုတ်စက်ဝိုင်းမှာ
ကဆုန်ဆိုင်းလို့

မိုးသားရှေ့က
လေနုအေးကလေးကို
ခံစားမိရဲ့လားအချစ်ရေ

အို..
မိုးတွေရွာတော့မှာပဲ
တို့တွေအိမ်ပြန်ဖို့
အချိန်တန်ခဲ့ပေါ့
မလှပတော့မယ့်
ငါ့ရဲ့ညခင်းတွေကို
မင်းအတွက်ဆို မပေးချင်..

ကြွေမကျချင်ပါနဲ့
တကယ်တော့မင်းဟာ
ကောင်းကင်မှာတောက်ပနေရမယ့်
ကြယ်လေးတစ်စင်းပါ
ငါ့ရဲ့ညခင်းတွေထဲကနေ
မင်းရဲ့အလင်းတွေကိုငေးကြည့်ရင်း
ကျေနပ်ခွင့်ပေးပါ
(ငါ့ရဲ့)ကြယ်စင်လေးရေ...။
This entry was posted on 1:09 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On 12:05 PM , စိတ်စမ်းရေ said...

ကဗျာလေးကို လာရောက်ခံစားသွားပါတယ်...။

 
On 7:02 PM , သမီးပျို said...

အကိုရေ ခံစားသွားတယ်နော် ကဗျာလေးကောင်းတယ် ညီမဆိုဒီလိုတွေမရေးတတ်ဘူး အားကျလိုက်တာ

 
On 9:13 PM , thinzar said...

ကဗျာလေး လာဖတ်တယ်....

မျှော်လင့်ခြင်းတွေ နောက်ထပ် မကျကွဲပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

 
On 2:54 PM , Unknown said...

ကဗျာလေးကို ခံစားသွားတယ်နော်