Author: vanko
•10:57 PM


Image Source: http://students.umf.maine.edu/wagenabm/public.www/artproject.html

7 Eleven ဆိုင်ထဲမှာ…
Bottle Cooler ထဲက ဘီယာဘူးလေးကို လှမ်းအယူ… တစ်စုံတစ်ယောက် ပုခုံးကိုလာဖက်လို့ လှည့်ကြည့်လိုက်တော့ ခင်မင်နှစ်လိုဖွယ် မပြောင်းလဲတဲ့အကြည့်နဲ့ ပြုံးကြည့်နေတဲ့ ကျွန်တော့် ငယ်ဆရာ။ ဆရာ့ကို မထင်မှတ်တဲ့နေရာမှာ တွေ့လိုက်ရလို့ အံ့သြသလိုဖြစ်မိရဲ့…

“မင်းခံယူချက်တွေ အရင်အတိုင်းပဲလား။ မပြောင်းလဲသေးဘူးပေါ့။”
ဘယ်ဆီကိုဦးတည်နေမှန်း မရေရာတဲ့ လမ်းကလေးပေါ်မှာ အတူလျှောက်လာရင်း အဆုံးမရှိ အစမရှိ ဆရာ့ရဲ့အမေး။
“ဟုတ်ကဲ့ဆရာ။ မပြောင်းလဲသေးပါဘူး။ ဒါပေမယ့် ယုံကြည်ချက်အတွက် အရာရာကို စတေးမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမရှိတော့တာတော့ အသေအချာပဲဆရာ။ ငယ်ငယ်ကလို ကြည်လင်တဲ့မျက်လုံးတွေနဲ့ အနာဂတ်ကို မျှော်မကြည့်နိုင်တော့သလိုပဲ။ သေချာတာတစ်ခုကတော့ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော် ပိုပြီးတွေဝေတက် ပိုကြောက်တက်လာတယ်။”
“မင်းပြောင်းတော့ပြောင်းလဲလာသားပဲ။ အရင်လို ပိုးဟပ်ဖြူလေးတော့ မဟုတ်တော့ဘူးထင်တယ်။”
ကျွတ်ကျွတ်အိတ်ထဲ ထည့်ဆွဲလာတဲ့ ဘီယာဘူးလေးတွေကို အတူတူသောက်ရင်း.. မာလ်ဘိုလို စီးကရက်ကိုယ်စီဖွာရင်း ပြုံးစစနဲ့ ဆရာ့မှတ်ချက်စကား။
“ဟုတ်ကဲ့ဆရာ။ ဒါပေမယ့် ကျွန်တော်ဘယ်ဟာမှ အလွန်အကျွံမဖြစ်ပါဘူး။”

ငယ်ငယ်က ကျွန်တော်က ဖြူဖြူပိန်ပိန် ခပ်နွဲ့နွဲ့ အကောင်သေးသေး။ ဆရာက ပိုးဟပ်ဖြူလို့ ချစ်စနိုးနာမည်ပေးခဲ့သည်။ ယောက်ျားလေးတို့ တပ်အပ်တဲ့ပညာတွေ ကျွန်တော်မတက်။ ဘောလုံးကောင်းကောင်းမကန်တက်၊ စက်ဘီးမစီးတက်၊ သစ်ပင်မတက်တက်၊ ရေမကူးတက်၊ ဆေးလိပ်အရက်ဆို ဝေလာဝေး။ ဆရာက အခြောက်ကလေးဖြစ်မှာလို့တောင် ထင်မိတယ်ဆိုပဲ။

“အေးပါကွာ။ ငါယုံပါတယ်။ မင်းကတော့ ဘယ်တော့မှ အစွန်းမရောက်ဘူးဆိုတာ ငါယုံပါတယ်။ ဒါပေမယ့် အလယ်မှာ မျှောလိုက်နေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ကွာ။ အစွန်းမရောက်တာနဲ့ easy going နဲ့က မတူဘူးလေကွာ။ ဘဝမှာ တစ်ခုခုအတွက်တော့ ပြင်းပြင်းပြပြရှိရမယ်ကွ။ ဘာတစ်ခုကိုမှ ပြင်းပြတဲ့ဆန္ဒ မရှိဘူးဆိုရင် လုံ့လဝိရိယလည်း မရှိတော့ဘူး။ မင်း အလယ်အလတ်ဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။ အခန့်မသင့်ရင် ကျဆုံးသွားနိုင်တယ်။ ဘဝမှာ တစ်ခုခုကိုတော့ မြဲမြဲကိုင်ထားကွ။ အဲဒီတစ်ခုခုအတွက် မင်းရဲ့ ဆန္ဒတွေ ခွန်အားတွေ ဥာဏ်ပညာတွေကို devote လုပ်ရမှာ။”

ဆရာကတော့ တစ်သက်လုံး သူချစ်တဲ့ စာပေအပေါ်မှာ ဘဝတစ်ခုလုံး devote လုပ်လာခဲ့သူ။ ဆရာ့ကျေးဇူးနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ စာတွေဖတ်ဖြစ်လာခဲ့သည်။ ကမ္ဘာကျော် ဂရင်းညီနောင်ပုံပြင်များ၊ သူခိုးအာမက်တို့လို ပုံပြင်တွေကစလို့ ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာများ၊ သခင်တင်မြ၊ ဆရာမောင်ထင်၊ ဆရာမြသန်းတင့်၊ ဆရာထင်လင်း၊ ဆရာနတ်နွယ် စသော စာရေးဆရာများ၏ ပင်ကိုယ်ရေးဝတ္ထုများ၊ ဘာသာပြန် ကမ္ဘာ့ဂန္ထဝင်ဝတ္ထုရှည်များကို မြည်းစမ်းခွင့်ရခဲ့သည်။ အိမ်က အဖေ့စာအုပ်စင်ကလေးမှာ သန္ဓေတည်ခဲ့သော စာပေမျိုးစေ့ကို ဆရာတည်ထောင်သော ‘ရေအလျဉ်’ စာကြည့်တိုက်ကလေးမှာ ရှင်သန်စေခဲ့သည်။ နောက်တော့ ဆရာကိုယ်တိုင် ကျွန်တော့အိမ်က အဖေစုဆောင်းထားတဲ့ စာအုပ်စင်ကလေးက စာအုပ်တစ်ချို့လာရောက် ငှားရမ်းဖတ်ရှုခဲ့သည်။

ကျွန်တော်တို့တစ်တွေ စာသင်ကြားရာ ဆရာ့ကျူရှင်ခန်းလေးဆီသို့ ဆိုင်ကယ်လေးတစ်စီးနှင့် လာရောက်လည်ပတ်တက်သော စာပေနယ်မှာ နာမည်တစ်လုံးရဖို့ ရုန်းကန်ခါစ အသားမည်းမည်းနှင့် ဆရာနေဝင်းမြင့်၊ အတန်းကြီးသမား ဆယ်တန်းကျောင်းသားတွေကို အင်္ဂလိပ်စာ ကဗျာတွေ လာရောက်သင်ကြားပေးတက်သော ခေါင်းဖြူဖြူနှင့် ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)၊ ကျွန်တော်ခပ်ငယ်ငယ် ခုနှစ်တန်းကျောင်းသားဘဝက ထိတွေ့ခဲ့သော နိုင်ငံကျော်စာရေးဆရာကြီးများ၏ ဝိုးတစ်ဝါးပုံရိပ်များ။

“မင်းအရင်လို ကဗျာတွေရော ရေးဖြစ်သေးလား”
ဆရာ့အမေးက ကျွန်တော့အတွေးတွေကို ဖြတ်တောက်လိုက်သည်။
“ဟုတ်ကဲ့ဆရာ ရံဖန်ရံခါပေါ့။ အရင်လိုတော့ မရေးဖြစ်တော့ပါဘူး။”
“အေးပေါ့ကွာ ငယ်ငယ်ကလိုတော့ လွတ်လပ်ပေါ့ပါးတဲ့ဘဝ မဟုတ်တော့တဲ့အခါကျတော့ ဘယ်ရေးနိုင်ပါတော့မလဲ။ မင်းက ကဗျာ၊ စာပေအပေါ်မှာ ဘဝမြုတ်နှံမယ့်လူမှ မဟုတ်တာပဲ။ မဆန်းပါဘူးလေ။”
ဆရာက ဒါလောက်ပဲပြောသည်။ သူပြောချင်တာကို ကျွန်တော်ဖြည့်ပြီးနားလည်ပါသည်။ ကျွန်တော်က စာပေကို ဘဝတစ်ခုလုံးပေးဆပ်ပြီး လုပ်မယ့်သူမဟုတ်တာကြောင့် စိတ်ပါရင်ရေးလိုက် မပါရင်ပစ်ထားလိုက် ရေတက်ငါးဇင်ရိုင်းလိုလုပ်နေတာကြောင့် စာပေနယ်မှာ ဘယ်တော့မှ လောက်လောက်လားလားဖြစ်လာမှာမဟုတ်ဟု ဆိုပါသည်။ ဒါပေမယ့် ဆရာရည်ရွယ်သည်က ကျွန်တော့်ကို စာရေးဆရာဖြစ်ဖို့မဟုတ်။ တစ်ခုခုကို မြဲမြဲကိုင်ပြီး အဲသည်တစ်ခုခုအတွက် ကြိုးစားပါဟု ပြောချင်ပုံရပါသည်။ ကျွန်တော့်အတွေးကို ဆရာ့နောက်ဆက်တွဲစကားက သေချာစေပါသည်။
“ဘဝရည်မှန်းချက်တစ်ခုတော့ သေသေချာချာထားကွာ။ ဘဝရည်မှန်းချက်မရှိရင် life plan လဲမရှိဘူး။ ပဲ့မပါတဲ့လှေလို မျှောချင်ရာမျောနေဦးမှာပဲ။ အလွန်ကံကောင်းရင်တော့ ရတနာကျွန်းရောက်ချင် ရောက်ပေမပေါ့ကွာ။ ဒါပေမယ့် ကမ်းမမြင်လမ်းမမြင်နဲ့ ဆုံးပါးသွားဖို့အခွင့်အလမ်းကတော့ ပိုများတယ်ကွ။”
“ဟုတ်ကဲ့ပါဆရာ။”

ဘယ်ဆီကို ဦးတည်နေမှန်းမသိနိုင်သော ဝိုးတဝါးလမ်းလေးပေါ် လျှောက်ရင်း ဆရာ့စကားကို ကျွန်တော် ခေါင်းညိတ်ခဲ့သည်။ ဆရာပြောသလို တစ်ခုခုကို မြဲမြဲကိုင်ပြီး အဲသည်တစ်ခုခုအတွက် devote လုပ်ရမည်။ ဆရာ့စကားသံက ကျွန်တော့ခေါင်းထဲမှာ Alarm တစ်ခုလို မြည်ပြီးကျန်ခဲ့သည်။

ဟုတ်သည်။ Alarm မြည်နေသည်….
နာရီကြည့်တော့ မနက် ၇ နာရီ…
အလုပ်သွားဖို့ အိပ်ယာထရမည်။
မနက်အိပ်ယာထ အလုပ်သွား၊ ညနေပြန်လာ ထမင်းစား၊ စာဖတ်၊ အိပ်၊ မနက်အလုပ်သွား….
နိစ္စဓူဝ သံသရာထဲမှာ လည်ပတ်နေရင်း မြဲမြဲကိုင်ရမည့် တစ်ခုခုကို ရှာဖွေရဦးမည်။
ငယ်ရွယ်တက်ကြွပျော်ရွှင်ခဲ့သော၊ မျှော်လင့်ချက်တွေ ကောင်းကင်ထက်မှာ တောက်ပနေခဲ့သော ကျောင်းသားဘဝကို လွမ်းဆွတ်မိသည်။

အချိန်စက်ဝိုင်းထဲမှာ အတိတ်သည် အိပ်မက်တစ်ခုပမာ…
ဆရာနဲ့ ဆုံတွေ့ခဲ့ခြင်းသည်လည်း အိပ်မက်တစ်ခုမျှသာ….

မြန်မာပြည်မှ ကျွန်တော့်ဆရာဦးစိုးညွှန့်သို့ အမှတ်တရ…..
Links to this post