Author: vanko
•11:25 PM

အကြံကုန်လို့ ဆားချက်တယ် မထင်ကြပါနဲ့ဗျာ။ ကျနော် တစ်ခါမှ ၀တ္ထုဆောင်းပါးတွေကို ကူးယူပြီး မဖေါ်ပြဘူးပါဘူး။ ဒါပေမယ့် ဒီကနေ့ ဆရာကြီးအောင်သင်းရဲ့ ကန့်ကူလက်လှည့် ဆောင်းပါးလေးကို ပြန်ဖတ်မိပြီး စိတ်ထဲမှာ ကြည်နူးမှုရော၊ လေးစားမှုရော ဖြစ်လာလို့ပါ။ မူလတန်းက ဆရာမကိုလည်း သတိရပြီး မျက်ရည်လည်မိပါတယ်။ လူတွေအထင်မကြီးတက်တဲ့ မူလတန်းပြ ဆရာတွေရဲ့ အခက်အခဲ၊ တာဝန်တွေကို နားလည်ခံစားတက်ကြစေဖို့ပါ။ ဖတ်ပြီးသူတွေအတွက် ပြန်အမှတ်ရစေသလို မဖတ်ရသေးသူတွေအတွက်လည်း ဆရာ့ဂုဏ်ကျေးဇူးကို နားလည်ခံစားတက်လာမယ်လို့ မျှော်လင့်မိပါတယ်။ ဆရာကြီးနဲ့ သက်ဆိုင်သူတွေကို ခွင့်မတောင်းနိုင်တာကိုတော့ နားလည်ခွင့်လွတ်ပေးနိုင်မယ် မျှော်လင့်ပါတယ်။ ဆောင်းပါးက ရှည်တော့ ကျွန်တော် သုံးပိုင်းခွဲပြီး တင်ပေးပါမယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(ကျွန်တော်တို့ ခပ်ငယ်ငယ်ကတော့ ကျောက်သင်ပုံး ကျောက်တံနဲ့ ရေးခဲ့ဘူးပါတယ်။ ဟိုးအရင် ဘုန်းတော်ကြီးကျောင်းတွေမှာတော့ သင်ပုန်းပေါ်မှာ ကန့်ကူဆံနဲ့ ရေးခဲ့ကြရပါတယ်တဲ့။ ကန့်ကူလက်လှည့်ဆိုတာ ဆရာက ၀လုံးလေးမှ ၀ိုင်းအောင် မရေးတက်သေးတဲ့ ကလေးကို သူ့လက်ကလေးပေါ်ကနေ အုပ်ကိုင်ပြီး လက်ထဲက ကန့်ကူဆံချောင်းကလေးကို ဘယ်လိုလှည့်ရ ၀ိုက်ရမယ်ဆိုတာ သင်ပေးတာကိုပြောတာပါ။ အဲဒီဟာလေးကို ညွှန်းတာပါ။ အဲဒီက စပ်ဆက်ပြီး လက်ထပ်သင်ပေးတယ် ဆိုတဲ့ စကားလဲ ပေါ်လာတာပါ။ မသိသေးတဲ့ ညီငယ် ညီမငယ်လေးတွေအတွက် ဗဟုသုတပါ။ သိပြီးသား အစ်ကို အစ်မများကတော့ ကျွန်တော်လျှာရှည်မိတာကို သည်းခံကြပါခင်ဗျာ။)

(နောက်တစ်ခု ပြောချင်တာက စာလုံးပေါင်းပါ။ စာအုပ်မျက်နှာဖုံးမှာ "ကန့်ကူလက်လှည့်"လို့ ပေါင်းထားပေမယ့်။ အထဲက ဆောင်းပါးမှာတော့ "ကံ့ကူလက်လှည့်" လို့ ပေါင်းထားပါတယ်။ ဘယ်ဟာက မှန်မလဲတော့ ကျွန်တော် မသိပါဘူး။ စာအုပ်မျက်နှာဖုံးက စာလုံးပေါင်းအတိုင်းပဲ ရေးလိုက်ပါတယ်။)

ကန့်ကူလက်လှည့်

ကျွန်တော်က တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြား ကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ "မိုးထိအလယ်တန်းကျောင်း" တွင် အလယ်တန်းနည်းပြဆရာအဖြစ် နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့်ပတ်သတ်၍ အတန်အသင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။
ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့အဖို့ ဘာမှပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ ထိုသို့အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည်ဆိုသော ဆရာမျိုးကိုလည်း "သြော်... စာသင်ကောင်းတယ်ဆိုပဲ" ဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။
စာသင်ကြားမှုနှင့် ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ ၁၉၆၃-၁၉၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။
သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေလေပြီ။ တက္ကသိုလ်ကျောင်းပိတ်လျှင် ကျွန်တော့ဇာတိ တောင်တွင်းကြီးမြို့သို့ ပြန်သွားလေ့ရှိပါသည်။ တောင်တွင်းကြီးမြို့ ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသောနေရာမှာ ရွှေအင်းတောင်ဘုရားကြီး ရင်ပြင်တော်ပေါ်ရှိ "အမျိုးသားပြတိုက်"တွင် ဖြစ်ပါသည်။ ထိုပြတိုက်ကို စတင်တည်ထောင်ခဲ့သူများတွင် ကျွန်တော်လည်း အမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာလုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော့ကို အဝေးရောက်အမှုဆောင်အဖြစ် ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။
ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစွာလှုပ်ရှားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ 'ဦးဥာဏ်စိန်' တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့် ရွှေအင်းတောင်ဘုရားမှာ ကပ်လျက်ရှိနေသည်ဖြစ်သောကြောင့် ပြတိုက်ဘက်သို့သွားလျှင် ဆရာကိုဥာဏ်စိန်ဆီသို့ ၀င်သွားလေ့ရှိပါသည်။
ကိုဥာဏ်စိန်က မူလကတော့ အနုပညာနည်းပြ (ပန်းချီနည်းပြ)ဆရာ ဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ်မသိ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် 'သူငယ်တန်း'ကို သင်ကြားနေရပါသည်။
ကျွန်တော်က သူနှင့်ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အခန်းဆီလိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှသင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ် ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တပ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင် တွေ့ရသော 'ဖိုးရွှေလိပ်'မှန်း ကျွန်တော်သိလိုက်ပါသည်။
ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့တပည့် ကလေးတွေကလည်း သိကြပါသည်။ "ဟေး...ဖိုးရွှေလိပ်ကွ" စသည်ဖြင့် အော်ကြပါသည်။ သူက ထိုအရုပ်၏လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "တုတ်ကောက်နဲ့ကွ"ဟု အော်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "ဆေးတံနဲ့ဟေ့" စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။
ထိုအရုပ်ရေးပြီးမှ ကိုဥာဏ်စိန်က အတန်းထဲရှိ ကလေးများဘက်လှည့်ပြီး "တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာဘယ်သူနဲ့တွေ့သလဲ ဆိုတော့..." ဟုပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဖက်စွန်းတွင် အရုပ်တစ်ရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေကလည်း ဘယ်သူနဲ့များတွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။ စင်စစ် ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက "ယုန်ကလေး"ဟု တစ်ပျော်တစ်ပါးကြီး အော်လိုက်ကြပြန်ပါသည်။ ယုန်ကိုလည်း ဟိုဟာတပ် သည်ဟာဆင်လိုက်ရာ မျက်မှန်နဲ့ အထုပ်အပိုးနဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခုတပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း တသောသောနှင့် သဘောကျနေပါသည်။ သူကဆက်၍-
"အဲဒီလို ဘဘကြီးဦးရွှေယုန်နဲ့ တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲ လို့မေးလိုက်တယ်။"
ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကိုတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်းပြောရလျှင် ဘာရယ်မဟုတ် သူ့ပါးစပ်ထဲ ရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလိုဘာလိုလို လုပ်ပြီးပြောနေခြင်း ဖြစ်ပါသည်။
ဆရာကိုဥာဏ်စိန် ကျွန်တော့ကိုမြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာရယ်လိုက်ပြီး "လာလေဗျာ၊ ခင်ဗျားရော နားထောင်သွားပါဦးလား" တဲ့။
"တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ" ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။
နောက်တစ်နေ့ သူ့စာသင်ခန်းထိ ရောက်သွားပြန်တော့သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တက်ကရ ပုံပြင်လိုလို ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။ သုံး,လေးရက်လောက်ရှိတော့ ကျွန်တော်က မနေနိုင်တော့ဘဲ ...
"ခင်ဗျားက ဘာစာမှသင်တာလည်း မတွေ့ရပါလားဗျ" ဟု ရယ်မောကာ မေးလိုက်တော့...
"စာသင်တာ အရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင် ရတဲ့ကိစ္စ" ဟု ရယ်ပြီးပြောပါသည်။ ပြီးမှ "တကယ်ပြောတာဗျ... စာသင်တာ ဘယ်အချိန်သင်သင် ဖြစ်တယ်။ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းနေပျော်အောင် လုပ်နေရတာဗျ"
ကျွန်တော့စိတ်ထဲတွင် "အင်း.. သူပြောတာလည်း ဟုတ်သားပဲ" ဟု တွေးလိုက်မိသည်။
နောက်တစ်နေ့ရောက်သွားတော့ သူလုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့် ကျောင်းခန်းအပြင်ဘက် ပြူတင်းပေါက်နား ထိုင်ခုံလေးတစ်လုံးကိုချပြီး ကြည့်နေမိပါသည်။ ကျွန်တော်အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။
ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်းမကြည့်၊ စာသင်ခန်းအပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီငိုနေပါသည်။ ကလေးကြည့်ရာဆီ လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဥာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင် မအောက်မေ့၊ သူ့ဘာသာ အရုပ်တွေကိုရေးလိုက် ပုံပြောလိုက် လုပ်နေပါသည်။
ကျွန်တော်ကတော့ ထိုကလေးကိစ္စကို ကိုဥာဏ်စိန် ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေးကြာတော့ ကိုဥာဏ်စိန်က ပြူတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လိုက်ပြီး ...
"ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ်ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ကတော့ ဒီကောင်တစ်သက်လုံး အငိုတိတ်တော့မှာ မဟုတ်ဘူး"
ထိုသို့ပြောလိုက်ကာမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီကနဲငိုလိုက်ပြန်ပါတော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ပဲ ပေကပ်ကပ်လုပ်နေပါသည်။
"ခက်တယ်ဗျာ ... ကလေးတွေကို ထိန်းရတာ ကျုပ်မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ" ဟု ညည်းသလိုလိုနှင့် ကျွန်တော့ကို လှမ်းပြောပါသည်။
"ကဲ မပြန်ချင်လည်း နေဗျာ။ ဒါပေမယ့် ကလေးမမြင်လောက်တဲ့နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေစမ်းပါ"
ကိုဥာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါသည်။ သူ့အဘွားကို မမြင်လိုက်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ၀ိုင်းကြည့်နေကြရအောင်ပင် ဖြစ်သည်။
ကိုဥာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်ကတော့ သူများတွေက စီကနဲအော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက် အငိုရပ်လိုက်ပြီး အရုပ်ကိုလှမ်းပြီး ကြည့်လိုက်သည်။ ပြီးတော့ အပြင်ကိုလှမ်းကြည့် အဘွားကိုရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။
ကျွန်တော်ကတော့ ထိုကလေးနှင့် ကိုဥာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တက်ပါ။ ရိုက်နှက်ပစ်လိုက်ရအောင်ကလည်း တကယ့်လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါ့မလား။
ကိုဥာဏ်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလို ပြောလိုက်၊ ဟိုချာတိတ်ကလည်း ငိုမြဲပါပဲ။
အတော်လေးကြာလာတော့ ကိုဥာဏ်စိန်လည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကို ဆရာစိုက်ကြည့်နေမှန်းသိတော့ ခဏမျှ ဆရာကိုပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီကနဲ ခပ်ကျယ်ကျယ်ကြီး ငိုလိုက်ပြန်ပါသည်။
ကိုဥာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား ...
"ဟေ့ကောင်တွေ မင်းတို့တွေ့တယ် မဟုတ်လား။ ဒီကောင် ကျောင်းရောက်ပြီဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ ဒီကောင့်မှာ 'အငို'တွေ အများကြီးပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ကတော့ ကုန်မှာမဟုတ်ဘူး။ မင်းတို့ပါဝိုင်းပြီး ငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ"
ကျန်တဲ့ကောင်တွေကလည်း သဘောပေါက်မြန်လိုက်တာ မပြောပါနှင့်တော့။ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့်ပွတ်ပြီး တအီးအီး ငိုချင်ယောင်ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကို ကြည့်ပြီး ကြောင်တောင်တောင်နှင့် အငိုတိတ်သွားတော့ ပို၍ပင် ရယ်မိပါသည်။ ကိုဥာဏ်စိန်က ...
"ဟိုး... တော်ပြီ။ အငိုတွေ ကုန်သွားပြီ" ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေက တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။
ဟိုအကောင်လည်း ကယောင်ကတမ်း အငိုရပ်ပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။
ကိုဥာဏ်စိန်ကတော့ သူ့ကို လှည့်လို့မျှပင် မကြည့်တော့ပဲ သူ့ဘာသာ အရုပ်တွေရေးလိုက် ပုံပြင်ကိုပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲလေးကလည်း သူပြောနေသည့် ပုံပြင်ကို နားထောင်သလိုလို လုပ်လိုက်၊ အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ အီကနဲ ငိုလိုက်ပြန်ပါသည်။ ကိုဥာဏ်စိန်က...
"ဟ.. အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်"
ကိုဥာဏ်စိန် စကားဆုံးအောင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင် ဆောင်လိုက်ကြပြန်ပါသည်။ သူတို့တစ်တွေက သည်လိုငိုလိုက်ရခြင်းပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။
ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင် ဖြစ်သွားပါသည်။ ကိုဥာဏ်စိန်စကားနှင့် ဆိုလျှင်တော့ 'အငို'တွေ ကုန်သွားပြီပေါ့။
ကျွန်တော်သည် အထက်တွင် ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ ပြဿနာကို ကြည့်ပြီး ခေါင်းခြောက်လိုက်သည်မှာ မပြောတက်အောင်ပင် ဖြစ်ခဲ့ပါသည်။ "ဒီကလေးကို အငိုတိတ်အောင် လုပ်ပါ။ မလုပ်နိုင်ရင် မင်းကိုသတ်မယ်" ဟု ဆိုလာလျှင် ကျွန်တော်သေဖို့သာလျှင် ရှိပါသည်။ ဘာမျှတက်နိုင်မည် မဟုတ်ပါ။
ကျောင်းဆင်းလို့ ကျွန်တော်နှင့် ကိုဥာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့ ...
"ကိုဥာဏ်စိန် ခင်ဗျားတော်တယ်ဗျ။ ဟိုကောင် အငိုတိတ်သွားအောင် လုပ်နိုင်တာ သိပ်သဘောကျတာပဲ။ ကျုပ်ဆိုရင် ဘာလုပ်ရမှန်း မသိတာနဲ့ ဒုက္ခအကြီးအကျယ် ရောက်နေမှာ"
"ဒီလိုပဲလေဗျာ.. သင့်သလို ကြည့်တွယ်လိုက်ရတာပဲ"
သူကတော့ သည်လိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝမဟုတ်ပါ။ ကြောက်စရာ ဧရာမကိစ္စကြီးဖြစ်နေတာ အမှန်ပါ။
ကျွန်တော့အဖို့ သူငယ်တန်း သင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။
နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်မိပါသည်။ ငိုတော့ ငိုထားဟန်တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ပါ။ ကွယ်ရာထောင့်တစ်နေရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့်ဦးမည် ထင်ပါသည်။
ကိုဥာဏ်စိန်၏ သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။ သူ့အမူအရာက မြူးမြူးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ၊ ပျော်စရာကြီး။ အသံကလည်း ကြည်ကြည်ချိုချို။
"ကဲ.. ဒီနေ့တော့ မင်းတို့ကို ဆီသီးကျွေးမယ်။ ဆီးသီးစားကြမလားဟေ့"
"စားမယ်"
တစ်အုပ်ကြီး အော်ပြီး ဖြေလိုက်သောအသံ။
"ဆီးသီး စားချင်တဲ့သူ လက်ညှိုးထောင်"
တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ ကိုယ်ကို ရှေ့ခပ်ကိုင်းကိုင်း ညွှတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဥာဏ်စိန်ကို မော့ကြည့်နေပါသည်။ 'ဆီးသီးတကယ်ကျွေးမှာလား' ဟု စဉ်းစားနေပုံပါသည်။ သူသာမဟုတ်ပါ။ ကျွန်တော်လည်း ကိုဥာဏ်စိန်ကို ဘာတွေအကြံအဖန် လုပ်ဦးမလဲဟု တွေးနေမိပါသည်။ ဘယ်လိုမှ မှန်းလို့မရရိုး အမှန်ပါ။

ဒုတိယပိုင်းကို ဆက်လက်ဖေါ်ပြပါမည်။
Author: vanko
•9:55 PM

ဒီနေ့နေသာတယ်
ဒါ…ပျော်စရာပဲ။

လေအတိုးမှာ ဗံဒါရွက်တွေ
တဖြုတ်ဖြုတ်ခုန်ချကြတယ်။
မြေပြင်နဲ့မထိခင်အထိတော့
လေဟုန်စီးနိုင်သားပဲ
ဒါလည်းပျော်စရာတစ်ခုပေါ့။

ရေတံခွန်ဘေးမှာ
ရပ်နေတဲ့ကလေးကတော့
နတ်တွေရဲ့ ဂီတသံကိုကြားရသတဲ့
ဒါလည်းပျော်စရာပဲပေါ့။

စက္ကူစွန်တွေ
နှောင်ကြိုးတန်းလန်းနဲ့
ငှက်တွေနဲ့တောင်
စကားလက်ဆုံကျကြသတဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

အလုပ်ကအပြန်
လမ်းပေါ်ကကလေးတွေ
ကန်လိုက်တဲ့ဘောလုံးက
ရွှံ့အလူးလူးနဲ့ လာမှန်တယ်
အား…ဒါလည်းပျော်စရာပဲဗျ။

ညမှောင်တော့
လရောင်က ပိုလင်းသပေါ့
ပိုးစုန်းကြူးလဲ
သူ့အလင်းနဲ့ အဆင်းနဲ့တဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

မနက်ဖြန်တော့
မိုးရွာမယ်ထင်တယ်
အင်း… ဒါလည်းပျော်စရာပါပဲ။

ကဗျာမဟုတ်၊ စာမဟုတ်ပါဗျာ။ ပျင်းပျင်းနဲ့လျှောက်ရေးထားတာပါ။ "ချင်" Chin Shengt'an ရဲ့ ပျော်စရာတွေကို အားကျလို့လည်းပါပါတယ်။ ရေတံခွန်ဘေးက ကလေးဆိုတာကတော့ George Barker ရဲ့ O' Child Beside the Waterfall ကဗျာကို ညွှန်းတာပါ။ ပုံကတော့ အနော်ဆွဲထားတာပေါ့.. ဟိ ဟိ။ လှတယ်ဟုတ်..။ :P အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။
Author: vanko
•12:46 AM

en.wikipedia.org

ဒီတစ်ပုဒ်ကလည်း Kahil Gibran ရဲ့ လက်ရာလေးတစ်ပုဒ်ဖြစ်ပါတယ်။ သူ့ရဲ့ တခြားလက်ရာတွေနဲ့မတူပဲ ပေါ့ပေါ့ပါးပါးဖတ်နိုင်တဲ့ စာလေးတစ်ပုဒ်ပါ။ မူရင်းကို မဆုပ်ကိုင်မိရင် ကျနော့အားနည်းချက်သာဖြစ်ပါတယ်။

The Wise King


ဟိုးရှေးရှေးတုံးက ဝေးလံတဲ့ဒေသက ၀ီရာဏီဆိုတဲ့ မြို့တော်တစ်ခုမှာ ခွန်အားကြီးမားသလို ဥာဏ်ပညာလည်းရှိတဲ့ ဘုရင်တစ်ပါး အုပ်စိုးပါသတဲ့။ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို ခွန်အားဗလကြီးမားတဲ့အတွက် ကြောက်ရွံ့ခန့်ညားကြသလို ဥာဏ်ပညာကြီးမားတဲ့အတွက်လည်း ချစ်ခင်လေးစားကြပါတယ်တဲ့။

မြို့တော်ရဲ့ အလည်မှာ အေးမြပြီး ကြည်လင်သန့်ရှင်းတဲ့ ရေတွင်းတစ်တွင်းရှိပါသတဲ့။ အဲဒီရေတွင်းကရေကို မြို့တော်ထဲမှာရှိတဲ့ လူတွေအားလုံး သောက်သုံးကြရပါတယ်တဲ့။ ဘုရင်ကြီးနဲ့ နန်းတွင်းသူ နန်းတွင်းသားတွေ အပါအ၀င်ပေါ့။ ဘာလို့လဲဆိုတော့ တစ်မြို့လုံးမှာ အဲဒီရေတွင်းတစ်တွင်းသာ ရှိလို့ပါပဲတဲ့။

တစ်ညမှာတော့ အားလုံးအိပ်မောကျနေချိန်မှာ စုန်းမကြီးတစ်ယောက်ဟာ မြို့တော်ထဲကိုဝင်လာပြီး အဲဒီရေတွင်းထဲကို ထူးဆန်းတဲ့ ဆေးရည် ခုနှစ်စက်ချသွားပါတယ်။ ပြီးတော့ သူကပြောပါတယ်။ “အခုအချိန်ကစပြီး ဒီရေတွင်းကရေကိုသောက်မိတဲ့လူတိုင်း ရူးသွပ်ကုန်ကြပါစေ” တဲ့။

နောက်တစ်နေ့မနက်ရောက်တဲ့အခါ မြို့တော်အတွင်းက လူတွေအားလုံးဟာ ရေတွင်းထဲကရေကို သောက်ပြီး စုန်းမကြီး ကျိန်စာဆိုခဲ့သလိုပဲ ရူးသွပ်ကုန်ကြတာပေါ့။ ဘုရင်ကြီးနဲ့ သူ့ရဲ့အိမ်တော်ဝန်ကြီးတွေကတော့ မသောက်ရသေးဘူးပေါ့လေ။

အဲဒီနေ့မှာတော့ လမ်းကြိုလမ်းကြားတွေထဲမှာ၊ ဈေးထဲမှာ မြို့တော်သူမြို့တော်သားတွေဟာ ဘာအလုပ်မှမလုပ်ကြပဲ တစ်ယောက်ကိုတစ်ယောက် တီးတိုးတီးတိုးပြောဆိုနေကြပါသတဲ့။
“ငါတို့ ဘုရင်တော့ ရူးနေပြီဟေ့။ ဘုရင်နဲ့ သူ့ရဲ့အိမ်တော်ဝန်တွေအားလုံး စဉ်းစားဆင်ခြင်ဥာဏ် ပျောက်ဆုံးနေကြပြီ။ ဒီလို ဘုရင်အရူးရဲ့လက်အောက်မှာတော့ ဒို့တစ်တွေမနေနိုင်ဘူး။ ဒီဘုရင်ကို နန်းချပစ်ကြမယ်။”
မြို့သူမြို့သားတွေ တိုးတိုးတိုးတိုးနဲ့ တိုင်ပင်နေကြတာပါ။

အဲဒီညနေမှာတော့ ဘုရင်ဟာ ရေတွင်းကရေကို ရွှေကလပ်ခွက်နဲ့ နန်းတွင်းကို ယူဆောင်လာဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ရွှေကလပ်ခွက်နဲ့ရေကို လာဆက်သတဲ့အခါ ဘုရင်ဟာ အားပါးတရကို သောက်လိုက်ပါသတဲ့။ ပြီးတော့ သူ့ရဲ့အိမ်တော်ဝန်တွေအားလုံးကိုလည်း သောက်စေပါတယ်။

ဒီအခါမှာတော့ အဲဒီဝေးလံခေါင်ဖျားတဲ့ဒေသက ၀ီရာဏီမြို့တော်တစ်ဝှမ်းလုံးမှာ အကြီးအကျယ်ကို ၀မ်းမြောက်ရွှင်လန်းမှုတွေနဲ့ လွှမ်းခြုံသွားပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဘုရင်နဲ့ အိမ်တော်ဝန်တွေအားလုံးဟာ သူတို့ရဲ့ စဉ်းစားဆင်ခြင်ဥာဏ်ကို ပြန်လည်ရရှိသွားကြလို့ပါပဲတဲ့။
Author: vanko
•7:26 PM




ဒီကနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်း(ဂျူနီယာ)ကို ဂုဏ်ပြုကြတဲ့နေ့ဖြစ်ပါတယ်။ ဒီကနေ့ အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာ့လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မာတင်လူသာကင်းအမှတ်တရဆု Trumpet of Conscience Award ကို ချီးမြှင့်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ (Ted Kennedy)၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် (John Lweis) နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် (Claude Black) တို့ကိုလည်း အတူချီးမြှင့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းအမျိုးသားတွေအတွက် လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းလိုပဲ မြန်မာပြည်မှာလဲ မြန်မာပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် တိုက်ပွဲဝင်နေတဲ့ အမေစုကိုလည်း တစ်နေ့နေ့မှာ မြန်မာပြည်သူပြည်သားတွေက တလေးတစားနဲ့ အမှတ်တရ ဂုဏ်ပြုကြမှာ အသေအချာပဲ ဖြစ်ပါတယ်။

၁၉၂၉ ခုနှစ်မှာမွေးဖွားခဲ့တဲ့ မာတင်လူသာကင်းဟာ မဟတ္တမဂန္ဒီလိုပဲ အကြမ်းမဖက်တဲ့နည်းနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၆၄ မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ၁၉၆၈ခုနှစ် ဧပြီလ ၄ရက်နေ့မှာ လုပ်ကြံခံရတဲ့အတွက် ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ I have a dream မိန့်ခွန်းဟာ ထင်ရှားတဲ့မိန့်ခွန်းတစ်ခုဖြစ်ပါတယ်။ မာတင်လူသာကင်းအကြောင်းကို သိသလောက်ရေးဖို့စိတ်ကူးမိပေမယ့် ရှာရင်းဖွေရင်း မြန်မာဝီကီမှာ အဆင်သင့်ရေးပြီးသားတွေ့တာနဲ့ အဲဒီကပဲ ကူးပြီးပြန်ဖော်ပြလိုက်ပါတယ်။ အဲလိုကူးယူလို့ ရ မရတော့ မသိဘူးပေါ့ဗျာ။ အင်္ဂလိပ်ဝီကီကတော့ ဒီလိုပဲ ကူးယူနေကျပဲဆိုတော့ ရမယ်ထင်ပါတယ်။

မာတင်လူသာကင်း
From Myanmar Online Encyclopedia

မာတင်လူသာကင်း (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်-အမေရိကန် သင်းအုပ် ဆရာတစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေးလှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန်လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်း အား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။

ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမူ့များတွင် ပါဝင်ဆောင်ရွက်လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်မူ့ ညီလာခံ နှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မူ့ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေးအမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန်သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။

သူ၏ အကြမ်းမဖက်ရေးလှုပ်ရှားမူ့များကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ ဆုကိုရရှိခဲ့သည်။ သူသေမည့်၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမူ့လျော့ချခြင်း နှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှု့ထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။

ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက် လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

ဒီထက်ပိုပြီး အပြည့်အစုံဖတ်ချင်ရင်တော့ ဒီလင့်ကလေးကို သွားပါခင်ဗျာ။ မြန်မာဝီကီလင့်ပါ။

မာတင်လူသာကင်းရဲ့ ကမ္ဘာကျော် I have a dream ဆိုတဲ့ မိန့်ခွန်းကို နားထောင်ချင်ရင်တော့ ဒီလင့်ကလေးကို သွားပါ။

အဲဒီမိန့်ခွန်းစာသား အပြည့်အစုံလိုချင်ရင်တော့ ဒီမှာ ဒေါင်းလို့ရပါတယ်ခင်ဗျာ။
Author: vanko
•6:41 PM

www.urhired.org.uk


Reader's Digest မှာဖတ်လိုက်ရတဲ့ စာလေးတစ်ပုဒ်ကို ပြန်ပြောပြချင်ပါတယ်။ စာမေးပွဲမှာထူးချွန်တဲ့သားသမီး၊ ပြိုင်ပွဲတွေမှာအနိုင်ရတဲ့သားသမီးကို မိဘများအနေနဲ့ ချီးကျူးကြမှာပါ။ ဒါဟာအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားစရာတခုရှိပါတယ်တဲ့။ သင်ဟာ သူတို့လေးတွေရဲ့ အောင်မြင်မှုရလဒ်အပေါ်မှာပဲ သိပ်အာရုံစိုက်လွန်းရင် ကလေးတွေစိတ်ထဲမှာ ခံယူချက်လွဲမှားမှုတွေဖြစ်နိုင်ပါတယ်တဲ့။ Columbia University က စိတ်ပညာရှင် Carol Dweck ကစမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကလေးတွေကို သူတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးအားပေးတာနဲ့ သူတို့ရဲ့ဥာဏ်ရည်ထက်မြက်မှုရလဒ်အပေါ် ချီးကျူးအားပေးခြင်းတာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ကွဲပြားသလဲဆိုတာကို စမ်းသပ်ပြခဲ့ပါတယ်။

အရင်ဆုံး Dweck က ဆယ်နှစ်အရွယ်ကလေးငယ်တစ်စုကို ဥာဏ်စမ်းပဟေဠိလေးတွေကို ဖြေဆိုစေပါတယ်။ ပဟေဠိတွေက လွယ်တာရော ခက်တာရောပါတာပေါ့။ ဒါပေမယ့် သူတို့ဖြေနိုင်လောက်တဲ့ အဆင့်ပေါ့လေ။ မဖြေခင်မှာ သူက ကလေးတစ်ချို့ကို "သားတို့ သမီးတို့ အစွမ်းကုန်ကြိုးစားရမယ်နော်" လို့ပြောပြီး၊ ကလေးတစ်ချို့ကိုတော့ "သားတို့ သမီးတို့ အမှတ်ကောင်းကောင်းရအောင် လုပ်ရမယ်လို့" ပြောထားပါတယ်တဲ့။

ဥာဏ်စမ်းမေးခွန်းတွေ စပြီးဖြေဆိုတဲ့အခါမှာ 'အစွမ်းကုန်ကြိုးစားရမယ်'လို့ အပြောခံရတဲ့ကလေးငယ်တွေက ပိုခက်ခဲတဲ့ ပုစ္ဆာတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတယ်တဲ့။ နောက်တစ်ဆင့်အနေနဲ့ သူတို့လေးတွေအဆင့်ထက် ၂ နှစ်လောက်ပိုမြင့်တဲ့ အဆင့်က ဥာဏ်စမ်းပုစ္ဆာတွေကို ဖြေဆိုခိုင်းတဲ့အခါမှာလည်း မအောင်မြင်ပေမယ့် စိန်ခေါ်မှုကိုစိတ်ဝင်တစားလက်ခံပြီး ကြိုးစားကြပါတယ်တဲ့။ အဲ.. နောက်ဆုံး final test အနေနဲ့ ပထမဆုံးဖြေဆိုခဲ့တဲ့မေးခွန်းတွေနဲ့ အဆင့်တူပဟေဠိတွေကိုဖြေဆိုခိုင်းတဲ့အခါမှာတော့ သူတို့လေးတွေရဲ့ ရမှတ်ဟာ ၂၅% ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒါဆိုရင် 'အမှတ်ကောင်းကောင်းရရမယ်' သို့မဟုတ် 'ထူးချွန်ရမယ်'လို့ အပြောခံရတဲ့ကလေးတွေကရော...။ သူတို့ကတော့ ခက်ခဲမယ်ထင်တဲ့ ဥာဏ်စမ်းမေးခွန်းတွေကို ရှောင်ရှားပြီး အမှတ်ပြည့်ရဖို့ သေချာမယ့်မေးခွန်းတွေကိုပဲ ရွေးပြီးဖြေကြပါတယ်တဲ့။ ပိုခက်ခဲတဲ့ နောက်တစ်ဆင့်မှာတော့ သူတို့လေးတွေဟာ စိတ်ဓါတ်တွေကျပြီး စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြပါတယ်တဲ့။ နောက်ဆုံးအဆင့်အဖြစ် ပထမဆုံးမေးခွန်းတွေကိုပဲ ပြန်ဖြေခိုင်းတဲ့အခါမှာတောင် သူတို့လေးတွေရဲ့ ရမှတ်ဟာ ၂၀% ကျသွားပါတယ်တဲ့။

Dweck ရဲ့ ကောက်ချက်က ဘာများပါလိမ့်။ သူကပြောပါတယ်။ "ကျနော်တို့ ကလေးတွေကို သူတို့ရဲ့ ဥာဏ်ရည်ထက်မြက်မှု ရလဒ်အတွက် ချီးကျူးတဲ့အခါမှာ ကျနော်တို့သူတို့လေးတွေကို တကယ်တမ်းပြောလိုက်တာက "စမတ်ကျရမယ်။ အမှတ်ကောင်းရမယ်။ အမှားအယွင်းဖြစ်စရာတွေကို မစွန့်စားနဲ့" လို့ပြောလိုက်တာပါပဲတဲ့။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အလေးထားခြင်းက သူတို့လေးတွေရဲ့ စိတ်ကူး၊ စွမ်းရည်နဲ့ ထိန်းချုပ်နိုင်လောက်တဲ့ အပြောင်းအလဲလေးတွေကို အခွင့်အရေးလေးတွေကို ဖွင့်ပေးလိုက်ခြင်းပဲဖြစ်တယ်လို့ သူကဆိုပါတယ်။

ကလေးတွေကို ပုံစံခွက်ထဲရိုက်မသွင်းပဲ သူတို့လေးတွေရဲ့ စိတ်ကူးစွမ်းရည်၊ ပြိုင်ဆိုင်လိုစိတ်နဲ့ ပျော်ရွှင်တက်ကြွမှုလေးတွေကို ခွင့်ပြုပေးနိုင်ကြပါစေ။
Author: vanko
•11:17 PM

www.pbase.com

“ဘဘ.. အဲဒီဘကြီးက အရမ်းစကားများတာပဲ နော်..။”
“ဒါပေမယ့် သူက ဗဟုသုတစုံတယ်ကွ လူလေးရ။ သူစကားပြောရင် ဂရုစိုက်နားထောင်။ ကြားလား။”

“ဘဘ... ဘဘဦးအုံးက စကားပြောရင်အကျယ်ကြီးပဲ။ သူရယ်တာကလဲ ကြောက်စရာကြီးနော်..။”
“ဟား ဟား။ လူလေးကလဲ မင်းဘဘအုံးက သဘောကောင်းပါတယ်ကွ။ သူပဲမင်းအတွက် မုန့်တွေဝယ်ဝယ်လာတာ မဟုတ်လား။”

“ဘဘ.. ဦးကုလားက အရမ်းညစ်ပတ်တာပဲ။ ကွမ်းတံတွေးထွေးတာ ထွေးခံထဲကို တည့်တည့်ကို မထွေးဘူး။ စင်ကုန်တာပဲ။ ကလေးလဲမဟုတ်ပဲနဲ့။ သူသောက်တဲ့ ရေနွေးပန်းကန်နဲ့ သားမသောက်ချင်ဘူး။ ပါးစပ်မှာ ကွမ်းတံတွေးတွေနဲ့။”
“ဟား ဟား ဟား…။ လူလေးရယ် ကွမ်းတံတွေးပဲ ရေဆေးပစ်လိုက်ရတာပဲဟာ။ သူသောက်တဲ့ အကြမ်းပန်းကန်မသောက်ချင်လဲ တခြားဟာနဲ့သောက်။ ဟုတ်ပြီလား။ ပြီးရင် ဘဘ သေချာဆေးပေးမှာပေါ့ကွ။ သူ့ကို မပြစ်မှားနဲ့ သူက ဘုရားတရား သိပ်ကြည်ညိုတာ။ လူလေး ငရဲကြီးလိမ့်မယ်။ ကြားလား။”

ကျနော့်အဘိုးက လူချစ်လူခင်ပေါပါတယ်။ သူ့မှာ သူငယ်ချင်းတွေ အများကြီး။ သူနယ်ကနေ ကျနော်တို့ အိမ်မှာ လာနေတာမှ တစ်လမပြည့်သေးဘူး လမ်းထဲကလူတွေနဲ့ ရင်းနှီးနေပြီ။ မနေ့တစ်နေ့ကမှ ဟိုဘက်အိမ် ပြောင်းလာတဲ့ အိမ်ငှားနဲ့လဲ ခင်လို့။ အဘစားဖို့ဆို စားဦးစားဖျား လာပို့လို့။ မနက်စောစော ပဲပြုတ်သည်ကလဲ အဘဖို့ဆိုပြီး ပဲပြုတ်တွေပိုပေးလိုပေး။ နေ့လည်ခင်း လမ်းထဲကို လာရောင်းနေကျ မုန့်လက်ဆောင်းသည် ဦးလေးကြီးနဲ့လဲ စကားလက်ဆုံကျလိုကျ။ အဘိုး အိမ်ရှေ့မှာများ ထွက်ထိုင်နေရင် နုတ်ဆက်လိုက်တဲ့လူတွေ။ လူကြီးလူငယ်မရွေး။ ယောင်္ကျားမိန်းမ မရွေး။ တချို့တွေဆို ကျနော်လုံးလုံးမသိ။ ကျနော်လမ်းထဲမှာ နေလာတာ နှစ်ပေါင်းများစွာ.. မရင်းနှီးတဲ့လူတွေ ရှိသေးတယ်။ အိမ်ငှားတွေဆိုရင် ပိုဆိုးပေါ့။ သတိကိုမထားမိတာ။ အဘိုးကတော့ လူတိုင်းနဲ့ ချက်ချင်းလို ခင်သွားတာပါပဲ။ တချို့တွေဆိုရင် နဂိုက ကျနော် ကြည့်မရတဲ့လူတွေ။ 'ဘဘ.. အဲ့လူက ဘယ်လို'ဆိုရင် အဘိုးမှာ ပြန်ပြောစရာ သူ့အကြောင်း ကောင်းကွက်တစ်ခုတော့ အမြဲရှိတက်တယ်။

အဘိုးမဆုံးခင် အချိန်တွေမှာ ညညကျနော်သူ့ကို နှိပ်ပေးတဲ့အခါတွေမှာ အဘိုးက ပြောတက်ပါတယ်။ ကျနော် နားလည်နိုင်တဲ့အရွယ်ရောက်နေပြီပေါ့။
“လူလေးရ.. လူတိုင်း လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာ ရှိတာပဲ။ ဘဘမှာလဲရှိတယ်။ လူလေးမှာလဲရှိတယ်။ အဲလိုပေါ့ကွ သူတို့လဲ ပြည့်စုံတယ်ဘယ်ရှိပါ့မလဲ။ လူ့ကျင့်ဝတ်၊ လောကကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ ဆိုးဆိုးရွားရွား ချို့ယွင်းချက်မဟုတ်ရင် ပြီးတာပဲ။ အဲဒါကို နားလည်ပေးရမှာပေါ့။ အဲဒါဟာ သူ့တို့ရဲ့အစိတ်အပိုင်းတစ်ခုလို့ နားလည်လက်ခံပေးနိုင်မှ လူလေးကို သူတို့ကခင်မင်ကြမှာပေါ့။ သူတို့ရဲ့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်တက်ရတယ် လူလေးရဲ့။ ချို့ယွင်းချက်တစ်ခုတွေ့တိုင်း၊ ကိုယ်သဘောနဲ့ မတိုက်ဆိုင်တိုင်းသာ နှာခေါင်းရှုံ့ရရင် လောကမှာ ခင်မင်စရာလူ ဘယ်ရှိတော့မလဲ။ ဟုတ်လား။ သူများကို အပြစ်တင်ခါနီးကျရင် ကိုယ့်မှာလည်း တစ်ခုခုတော့ ချို့ယွင်းချက်၊ အားနည်းချက်ရှိပါလားဆိုတာကို ပြန်သတိရ။ အဲဒါမှ မိတ္တဗလဆိုတဲ့ မိတ်ဆွေပေါများတဲ့ အကျိုးကိုရမှာပေါ့ လူလေးရဲ့။ ဘဘပြောတာကို မှတ်ထား။ ကြားလား။”

အခုတော့ ကျနော့်အဘိုး မရှိတော့ပါဘူး။ ဒါပေမယ့် ကြိမ်ဖန်များစွာ အဘိုးရဲ့စကားကို ပြန်လည်ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကို ဆုံးမနေရတုံးပါပဲ။

Author: vanko
•8:02 PM

profile.myspace.com

သူငယ်ချင်းအားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ ကျနော့ဆီကို သတိတရလာလည်ကြပြီး ဘာမှပြန်ပြီး ဧည့်မခံနိုင်လို့ စိတ်မကောင်းပါဘူး။ ကျနော်လည်း အခုတလော ပို့စ်ရေးဖို့နေနေသာသာ အိမ်တောင် ကောင်းကောင်းမလည်ဖြစ်ဖူးဖြစ်နေလို့ပါ။ ရေးဖို့လဲ Mood မရတာပါပါတယ်။ အခုအသစ်တော့မရေးဖြစ်သေးပါဘူး။ အရင်က ဘာသာပြန်ထားပြီး မတင်ရသေးတဲ့ ပို့စ်လေးတစ်ခုပဲ တင်ပေးလိုက်ပါတယ်။ လက်ဘနွန်စာရေးဆရာ၊ ကဗျာဆရာ Kahil Gibran ရဲ့ The mad man ဆိုတဲ့ စာအတိုလေးပါ။ အခုတစ်လော ဦးခါလီကို ဓါတ်ကျနေလို့ သူ့စာတွေဖတ်ဖြစ်နေပါတယ်။ အဲဒါလေးတွေထဲက သဘောကျတာလေးတွေကို ဘာသာပြန်ကြည့်တာပါ။ လိုအပ်ချက်တွေရှိမှာပါ။ အမှားအယွင်းရှိခဲ့ရင်၊ မူရင်းကိုမဆုပ်ကိုင်နိုင်ရင် ကျနော့အားနည်းချက်သာဖြစ်ပါတယ်။

အရူး

ကျုပ်ဘယ်လိုလုပ်ပြီး ရူးသွားတယ်ဆိုတာ ခင်ဗျားကသိချင်တယ်ပေါ့။ ဟုတ်စ။ ဒီလိုဗျာ…တစ်နေ့ပေါ့.. အင်း.. နတ်ဘုရားတွေ မမွေးခင် ဟိုး…တုန်းက တစ်နေ့ပေါ့။ ကျုပ် ကုလားသေကုလားမော အိပ်မောကျနေရာကလဲ နိုးလာရော ကျုပ်ရဲ့ မျက်နှာဖုံးတွေ မရှိတော့ဘူးဆိုတာ သိလိုက်တယ်။ ဟုတ်တယ် မျက်နှာဖုံးခုနှစ်ခု .. အဲဒါတွေ မရှိတော့ဘူး။ အဲဒီမျက်နှာဖုံး တွေကိုတပ်ပြီး ကျုပ်က ဘ၀ခုနှစ်မျိုးမှာ ကျင်လည်နေတာလေ။ ကျုပ်လဲ မျက်နှာဖုံးမပါတော့ပဲ လမ်းပေါ်မှာ လျှောက်ပြီးအော်ဟစ်တော့တာပေါ့။ “သူခိုးတွေ၊ သူခိုးတွေ၊ သေချင်းဆိုး သူခိုးတွေဗျို့၊ ကျုပ်မျက်နှာဖုံးတွေကို ခိုးသွားတယ်”။

လူတွေက ကျုပ်ကို ၀ိုင်းရယ်ကြသဗျာ။ တစ်ချို့ကလည်း ကြောက်လို့တဲ့ အိမ်ထဲဝင်ပြေးကြတယ်။

အဲလို ကျုပ်လျှောက်ပြေးရင်း ဈေးဘက်လဲရောက်ရော အိမ်ခေါင်မိုးတစ်ခုပေါ်မှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်က ဒီလို အော်သဗျ။ “အရူးကြီးဗျို့ အရုးကြီး အဲလူကြီးက အရူးကြီး” တဲ့။ ကျုပ်အဲဒီကောင်လေးကို မော့ကြည့်လိုက်တယ်။ အဲဒီမှာ မျက်နှာဖုံးမရှိတော့တဲ့ ကျုပ်ရဲ့ မျက်နှာပြောင်ကြီးကို နေရောင်က ပထမဆုံးအကြိမ် နမ်းတော့တာပဲဗျ။ ကျုပ်နှလုံးသားဟာလေ နေရောင်ကို ချစ်တဲ့စိတ်တွေ ဘယ်လောက်တောင် ပြင်းပျသွားသလဲဆိုရင် ကျုပ်ရဲ့ မျက်နှာဖုံးတွေကို ပြန်လိုချင်စိတ် လုံးလုံးကို ပျောက်သွားတော့တဲ့ အထိပဲပေါ့။ ကျုပ်လဲ အိပ်မွေ့ချခံရတဲ့လူလိုပဲ ယောင်ယမ်းပြီး အော်မိပြန်တယ်။ “မြင့်မြတ်တဲ့သူတွေပါ၊ ဘုရားသခင် ကောင်းချီးပေးခံရတဲ့သူတွေပါ အဲဒါ ကျုပ်မျက်နှာဖုံးတွေကို ခိုးသွားတဲ့ သူခိုးတွေပါ။”

အဲလိုနဲ့ပဲ ကျုပ်ဟာ အရူးဘွဲ့ထူးကို ရလာတာပါပဲ။

ကျုပ်လည်း အဲဒီအချိန်ကစပြီး ကျုပ်ရဲ့ရူးသွပ်ခြင်းထဲကနေ လွတ်လပ်မှုနဲ့ လုံခြုံမှုကို တစ်ပြိုင်တည်း ရှာဖွေတွေ့ရှိခဲ့တယ်။ အထီးကျန်ဆန်ခြင်းရဲ့လွတ်လပ်မှုနဲ့ နားလည်စာနာမှုခံရခြင်းရဲ့လုံခြုံမှု၊ ကျုပ်တို့ကို နားလည်ပေးတဲ့သူတွေအတွက် ကျုပ်တို့အတွင်းထဲက တစ်ခုခုကို ထိန်းချုပ်ထားတဲ့ သူတွေအတွက်ပေါ့။

နို့ပေမယ့် ကျုပ်ရဲ့ လုံခြုံမှုအတွက် ကျုပ်ဘယ်တော့မှ ဘ၀င်မမြင့်ပါဘူး။ ဘာလို့လဲဆိုတော့ ထောင်ထဲရောက်နေတဲ့ သူခိုးတစ်ယောက်တောင်မှ အနည်းဆုံးတော့ တခြားသူခိုးတွေရန်က လုံခြုံနေသေးတာပဲ မဟုတ်လား…။