Author: vanko
•9:08 PM

www.perceptions.couk.com
www.winterwoodtoys.com.au

ကျွန်တော်မွေးကင်းစ သုံးရက်သားတုံးကပါ။ ကျွန်တော့်ရဲ့ ပိုးပုခက်ကလေးထဲမှာ ယက်ကန်ယက်ကန် လဲလျောင်းနေရင်း ပတ်ဝန်းကျင် ကမ္ဘာလောကသစ်ကြီးကို စိတ်ပျက်အံ့အားသင့်စွာ ငေးမောနေတုံးပေါ့။ မေမေက နို့ထိန်းမိန်းမကို မေးပါတယ်။

“ကလေး ဘယ်လိုနေသလဲဟင်”
“အို.. ကလေးကတော့ သန္ဓေကောင်းလိုက်တာ အစ်မရယ်။ ကျမ သူ့ကို သုံးခါတောင် နို့တိုက်ပြီးပြီ။ ဒီလောက် ငယ်ငယ်ကလေးနဲ့ ရွှင်မြူးနေတဲ့ ကလေးမျိုး ကျမ တစ်ခါမှတောင် မတွေ့ဖူးဘူး”

ကျွန်တော် တော်တော်မခံနိုင်ဖြစ်သွားပြီး အော်ပြောမိတယ်။
“မဟုတ်ဘူး မေမေ၊ ကျွန်တော့်အိပ်ယာက မာတောင့်တောင့်ဖြစ်နေတယ်၊ ပြီးတော့ နို့ကလည်း ပါးစပ်ထဲမှာ ခါးနေတယ်။ သူ့ ရင်သားတွေအနံ့ကလည်း နှာခေါင်းထဲမှာ နံတယ်။ ကျွန်တော် တော်တော်စိတ်ပျက်နေတယ် အမေ”

ဒါပေမယ့် ကျွန်တော်ပြောတာကို အမေရော နို့ထိန်းပါ နားမလည်ကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြောတဲ့ ဘာသာစကားက ကျွန်တော်လာခဲ့တဲ့ တခြားကမ္ဘာတစ်ခုက ဘာသာစကားဖြစ်နေတာကိုး။

မွေးပြီး ၂၁ ရက်ပြည့်တော့ ကျွန်တော့်ကို ရေဖျန်းမင်္ဂလာနဲ့ကင်ပွန်းတပ်ပွဲ လုပ်ပါတယ်။ အဲဒီမှာ ဘုန်းတော်ကြီးက အမေ့ကို ပြောတယ်..
“ခင်ဗျားတော့ တကယ်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သင့်ပါတယ်။ ခင်ဗျားသားလေးဟာ ခရစ်ယန်တစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့လို့ပဲ”

ကျွန်တော် အံ့သြသွားပြီး ဘုန်းတော်ကြီးကို ပြောလိုက်တယ်။
“အဲဒါဆို ကောင်းကင်ဘုံက ဖာသာရဲ့အမေကတော့ အတော်စိတ်ဆင်းရဲနေမှာပဲ။ ဘာလို့လဲဆိုတော့ ဖာသာက ခရစ်ယန်တစ်ယောက်အနေနဲ့ မွေးလာခဲ့တာ မဟုတ်ဘူးလေ”

ဒါပေမယ့် ဘုန်းတော်ကြီးလဲ ကျွန်တော်ပြောတာကို နားမလည်ခဲ့ပါဘူး။

ခုနှစ်လပြည့်တော့ အကြားအမြင်ဆရာတစ်ယောက်က အမေ့ကို ပြောပြန်ပါတယ်။
“ခင်ဗျားသားက နိုင်ငံ့ခေါင်းဆောင်ဖြစ်မှာဗျ.. လူတွေအများကြီးကို ဦးဆောင်ရတဲ့လူ ဖြစ်မှာ”

ကျွန်တော်အော်ပြောလိုက်တယ်။
“အဲဒါ အကြားအမြင်ဆရာအတုကြီးအမေ။ ကျွန်တော်က ဂီတပညာရှင်တစ်ယောက် ဖြစ်လာမှာ။ ဂီတပညာရှင်တစ်ယောက်အဖြစ်ကလွဲလို့ ကျွန်တော် တခြားဘာမှဖြစ်လာမှာမဟုတ်ဘူး ”

ဒါပေမယ့် အဲဒီအရွယ်ရောက်တာတောင် ကျွန်တော့်စကားကို ဘယ်သူမှ နားမလည်ကြသေးဘူး။ ကျွန်တော်တော့ အတော်ကြီးကို အံအားသင့်ခဲ့ရတာပေါ့။

သုံးဆယ့်သုံးနှစ်ဆိုတဲ့ အချိန်ကုန်လွန်သွားတယ်။ ဒီအတောအတွင်းမှာ အမေရော၊ နို့ထိန်းမိန်းမရော ဘုန်းတော်ကြီးပါ ကွယ်လွန်သွားခဲ့ကြပါတယ်။ (ဘုရားသခင်က သူတို့ဝိညဉ်တွေကို စောင့်ရှောက်ပါစေ) အကြားအမြင်ဆရာကတော့ အသက်ရှင်နေထိုင်တုံးပါပဲ။ မနေ့ကတော့ သူ့နဲ့ ဘုရားကျောင်း တံခါးဝမှာ ဆုံမိပါတယ်။ အလာပသလာပ ပြောကြရင်းနဲ့ သူက အခုလိုပြောပါတယ်။
“မင်းအခုလို ဂီတပညာရှင်တစ်ယောက် ဖြစ်လာမယ်ဆိုတာ ငါသိနှင့်နေပြီးသားပါ။ ဟိုးတစ်ချိန် မင်းမွေးစကတည်းက ငါ မင်းရဲ့အနာဂတ်ကို အကြားအမြင်နဲ့ကြည့်ပြီး နိမိတ်ဟောခဲ့တာ”

ကျွန်တော်သူပြောတာကို ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်ကိုယ်တိုင် အဲဒီတုံးက တခြားကမ္ဘာရဲ့ဘာသာစကားကို မေ့သွားပြီဖြစ်လို့ပါပဲ။

ခါလီဂျီဘရန်း Kahil Gibran ရဲ့ စာလေးတစ်ပုဒ်ပါပဲ။ ကျွန်တော့်ဆီက ဦးခါလီရဲ့ စာတွေမကုန်မချင်းတော့ သည်းညီးခံပြီး အားပေးကြပါဦးခင်ဗျာ။ :P
Links to this post
Author: vanko
•12:15 AM

www.thesecretsofdreams.com
www.crazyleafdesign.com

စိမ်းမြ
သစ်ရွက်တို့ ကြွေနေဆဲ
ငါ့မျက်ရည် စိုနေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်

ရဲရင့်
ကျောက်ခက်တို့ ပြိုနေဆဲ
ငါ့အတွက်အဖြေ ရှာနေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်

တစ်ရေးမှ မပျော်တဲ့ည
မှောင်လွန်းနေဆဲ
တစ်ယောက်ထဲငါ ငိုနေတုံး
ရင်ထဲမှာ မကျေနပ်ဆုံး
အသည်းမှာ ဒါနောက်ဆုံး..

တိတ်ဆိတ်
အိပ်မက်တို့ ကျန်နေဆဲ
ငါ့စိတ်တွေ နှင်နေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်။

စိမ်းမြနေဆဲ သစ်ရွက်တွေ ဘာကြောင့်များ မြေခရပါလိမ့်.. ကျောက်သားကျောက်ဆိုင်လို ရဲရင့်ခဲ့တဲ့ စိတ်ဓါတ်တွေလည်း ပြိုလဲခဲ့ပြီ.. မျက်ဝန်းမှာ မျက်ရည်လည်း စွတ်စိုတုံး .. အသိခက်တဲ့ အဖြေကိုလည်း ရှာတုံး .. အိပ်စက်ခြင်းမဲ့တဲ့ညတွေမှာ ငိုကြွေးနေတုံး .. ရင်ထဲမှာ မကျေနပ်ဖူး .. ဘာကို မကျေနပ်တာလဲ.. ဘယ်သူ့ကို မကျေနပ်တာလဲ.. လောကကြီးကိုလား.. နေနိုင်သူတွေကိုလား.. ကိုယ့်ကိုယ်ကိုလား.. အဲဒါကိုလည်း အဖြေရှာတုံး.. အသည်းမှာ တကယ်ပဲ နောက်ဆုံးလို့ ဆုံးဖြတ်လိုက်ပြီလား.. အဲဒီအဖြေကိုလည်း ရှာဖွေဆဲ.. နောက်ဆုံးမှာတော့ တိတ်ဆိတ်ခြောက်ကပ် အသက်မဲ့နေတဲ့ အိပ်မက်တွေပဲ ကျန်နေခဲ့တယ်။ ရင်ထဲမှာ တိတ်တဆိတ်မက်နေဆဲ ဒီအိပ်မက်ကရော တကယ်ပဲ နောက်ဆုံးအိပ်မက် ဖြစ်မှာလား.. စိတ်တွေကတော့ ဟိုး အဆုံးအစမရှိတဲ့ အတိတ်နဲ့ အနာဂတ်ကို လူးလာခေါက်တုံ့ နှင်နေဆဲပါပဲ…။ နေနိုင်သူတွေကလည်း မဆိုင်သလို နေမြဲပါပဲ..။

ကိုခင်ဝမ်းနဲ့ ကိုခိုင်ထူးတို့ သီဆိုခဲ့ဖူးတဲ့ သီချင်းလေးပါ။ ဟိုးငယ်ငယ် ဂစ်တာတီးစကတည်းက နှစ်ချိုက်ခဲ့တဲ့ သီချင်းလေးကို ပြန်ခံစားကြည့်မိတာပါ။ ရင်ဘတ်ခြင်းတူရင် မျှဝေခံစားသွားနိုင်ပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Links to this post
Author: vanko
•8:51 PM

ကျွန်တော် အိပ်ယာနိုးတော့ နေခြည်နုနုက ပြတင်းပေါက်ကနေဖြာပြီး အခန်းထဲကိုကျနေပါတယ်။ အပြင်က ငှက်ကလေးတွေရဲ့ ကျလိကျလိအသံကို ကြားရတယ်။ မိုးရွာပြီးစအချိန်မှာ ငှက်ကလေးတွေ တေးဆိုသံမျိုးပဲ။ ဟုတ်တာပေါ့။ ညက တစ်ညလုံး မိုးရွာခဲ့တာပဲ။ အင်း… တကယ်တော့ ညကတစ်ညထဲမဟုတ်ပါဘူး။ မိုးရက်ဆက်ရွာနေတာ ကြာပေါ့။ ဒီမနက်မှာတော့ နေရောင်ခြည်နွေးနွေးကို ပြန်မြင်ခွင့်ရပြီလေ။ ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား သီချင်းသံက သဲ့သဲ့လေး အခန်းထဲကို ပျံ့လွင့်လာနေတယ်။ ကျွန်တော်က အိပ်ယာထရင် နှစ်သက်တဲ့သီချင်းသံလေးနဲ့ နိုးထရတာကို သိပ်သဘောကျတဲ့သူပါ။ ဒီသီချင်းလေးကို ကျွန်တော့်ချစ်သူ ဖွင့်ပေးထားတာပေါ့။ သူကကျွန်တော့်ထက် အမြဲလိုလို အရင်နိုးတက်တယ်။ ကျွန်တော်ကတော့ အအိပ်မက်တယ်လို့ မဟုတ်ပေမယ့် ညဥ့်နက်မှအိပ်တက်လို့ မနက်အိပ်ယာထ အမြဲနောက်ကျတက်သူပေါ့။

ကျွန်တော်မှတ်မိသလောက် ကျွန်တော်နိုးလာတဲ့အချိန်တိုင်းမှာ သူကအရင်နိုးနေကျပဲလို့ ထင်မိတယ်။ တစ်ခါတစ်ခါ ကျွန်တော့ဘေးမှာထိုင်ရင်း ကျွန်တော်အိပ်ပျော်နေတာကို မိခင်တစ်ယောက်ရဲ့ ကြည်နူးမှုမျိုးနဲ့ ကြည့်နေတက်တဲ့ သူ့မျက်ဝန်းတွေနဲ့ နိုးထခဲ့တဲ့ နေ့တွေလဲ မနည်းပါဘူး။ အမှန်တော့ ကျွန်တော်လဲ အရင်နိုးတဲ့နေ့တွေမှာ သူ့ကို အဲလိုစိုက်ကြည့်ရင်း ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့သူ့ကို ပိုပိုပြီးမြတ်နိုးလာမိတာပါ။ ကလေးတစ်ယောက်လို အပူအပင်အကြောင့်အကျမရှိ ပျော်ရွှင်ချမ်းမြေ့စေချင်တာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်မေတ္တာနဲ့ သံယောဇဉ်လေးတွေကို ထာဝစဉ်ရှင်သန်နေဖို့ တာဝန်သိတက်မှုနဲ့ သစ္စာတရားက အားဖြည့်ကူညီပေးနေတယ်လို့ ယုံကြည်မိတယ်။

ကျွန်တော် အခန်းအပြင်ကိုထွက် ရေချိုးခန်းသွားဖို့ ထမင်းစားခန်းကိုဖြတ်လိုက်တော့ ကော်ဖီနံ့သင်းသင်းကလေးကို ရတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ကော်ဖီကြိုက်တက်လို့ မနက်ခင်းတွေမှာ ကော်ဖီအတူသောက်ရတဲ့ ကြည်နူးမှုကို ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ အခုချိန်ဆို သူ ဘုရားခန်းထဲမှာ ဘုရားပန်းကပ်ရင်း မေတ္တာပို့နေရောပေါ့။ ကျွန်တော် မျက်နှာသစ်ပြီးချိန်ဆို သူ ဘုရားရှိခိုးပြီးတာနဲ့ အတော်ပဲလေ။ ကော်ဖီအတူသောက်ကြမယ်။ တစ်နေ့တာအတွက် အတူပြင်ဆင်ကြရမယ်လေ။

မနက်စာစားပြီးရင်တော့ သူ့ကို ပန်းကန်တွေ ကူဆေးပေးရမယ်။ ထမင်းစားပြီးချိန်တိုင်း ကျွန်တော်က ပန်းကန်တွေကို ကူဆေးပေးနေကြပါ။ တစ်ခါတစ်လေ သူမအားတော့လဲ ကျွန်တော်တစ်ယောက်ထဲ ဆေးရတာပေါ့။ အလုပ်နားတဲ့နေ့ဆိုရင် အိမ်သန့်ရှင်းရေး လုပ်ရမှာ။ တာဝန်ရယ်လို့ ခွဲမထားပေမယ့် တစ်ယောက်ကို တစ်ယောက် ညှာတာရင်းနဲ့ပဲ အလုပ်တွေကို ၀ိုင်းကူလုပ်ဖြစ်သွားတာပါပဲ။ သူက ပန်းကလေးတွေကို ချစ်တက်တော့ ငယ်ငယ်က ပန်းပင်စိုက်တာ ၀ါသနာမပါတဲ့ ကျွန်တော်လဲ အခုတော့ ဥယျဉ်မှူးတစ်ပိုင်းကို ဖြစ်လို့။ သူ့သူငယ်ချင်းတွေဆီက သွားပြီး မျိုးယူလာတာနဲ့။ ပန်းစိုက်ခြံတွေသွားပြီး ၀ယ်လာတာနဲ့၊ အဲဒီ ကိုယ်တော်လေးတွေကို မသေမပျောက်ရအောင်၊ အပွင့်လှလှ ထွားထွားလေးတွေပွင့်ရအောင် တက်သလောက် မှတ်သလောက်နဲ့ ပြုစုရတော့တာပဲဗျ။ သူက အဲဒါကို အားမရသေးဘူး သင်တန်းတက်ခိုင်းနေသေးရဲ့။ အင်း… အလုပ်ကြာကြာနားတဲ့အချိန်ဆိုရင်တော့ သူစိတ်ကျေနပ်အောင် သင်တန်းမဟုတ်တောင် စာအုပ်လေးဘာလေးဝယ်ပြီး သေချာ ဂရုတစ်စိုက် လုပ်ပေးမယ်လို့တော့ စိတ်ကူးထားတာပဲ။

စာအုပ်ဆိုလို့ ကျွန်တော်တို့နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါတော့ အိမ်ကလေးကို ဆောက်တုံးက စာဖတ်ခန်းလေး တစ်ခုပါ ထည့်ပြီး ဒီဇိုင်းဆွဲခဲ့ပါတယ်။ စာဖတ်ခန်းကလေးကို အလင်းရောင်ကောင်းကောင်းရဖို့ ဘယ်လိုနေရာမှာ ထားမယ်ဆိုတာ၊ ပြူတင်းပေါက်ကို ဘယ်ပုံစံထားမယ်ဆိုတာ သူနဲ့ကျွန်တော် အတော် ခေါင်းစားခဲ့တာပေါ့။ အခုတော့ စာဖတ်ခန်းကလေးထဲမှာ ကျွန်တော့တို့နှစ်ယောက်ရဲ့ နှစ်သက်ရာ စုဆောင်းထားတဲ့ စာအုပ်ကလေးတွေနဲ့ စာကြည့်တိုက်လေးတစ်ခုလို ဖြစ်လို့ပေါ့။ သူက ရပ်ကွက်ထဲက စာဖတ်ဝါသနာပါတဲ့ ကလေးတွေကို စာအုပ်လေးတွေ ပေးဖတ်တက်ပါတယ်။ ကျွန်တော်ကလည်း ကလေးချစ်တက်တော့ ဘာမှမပြောပါဘူး။ ကလေးတွေကို စာဖတ်ဝါသနာပါလာအောင် ပြုစုပေးတာကို သဘောကျပါတယ်။ တန်ဖိုးသိပ်ကြီးတဲ့ စာအုပ်တွေဆိုရင်တော့ ကလေးတွေကို အိမ်မပေးလိုက်ဖို့ တိုးတိုးတိတ်တိတ် ပြောထားရတာပေါ့။

ပြုတင်းပေါက်က လှမ်းကြည့်တော့ ခြံထဲမှာ ဇီဇ၀ါပန်းတွေ ပွင့်နေတာတွေ့ရတယ်။ အိမ်ရှေ့ ၀ရန်တာလေးရဲ့ အမိုးအောက်မှာတော့ kiss me quick ပန်းကလေးတွေ ပွင့်နေတယ်။ သူတို့လည်း နေရောင်သိပ်မရလို့ များများစားစား မပွင့်နိုင်ကြရှာဘူး။ မိုးရွာထားတာကြောင့် တစ်ခြံလုံးက သစ်ပင်ပန်းပင်လေးတွေ စိမ်းစိုနေတယ်။ ခြံထောင့်မှာ ညမွှေးပန်းပင်လေး တစ်ပင်ရှိတယ်။ ကျွန်တော့်ချစ်သူက ညမွှေးပန်းနံ့ကို ကြိုက်ပေမယ့် ကြာကြာရှုရင် ခေါင်းမူးတက်လို့ ဟိုးခြံထောင့် ခပ်ဝေးဝေးမှာ သွားစိုက်ထားတာ။ ညဘက် လေပြေတိုက်ရင် ညမွှေးပန်းနံ့လေး တစ်ချက်တစ်ချက် ပျံ့လွင့်လာတာက တစ်မျိုးကြည်နူးစရာပဲ။ အရှေ့ဘက်ခြံထောင့်က ပိတောက်ပင်ကတော့ သင်္ကြန်ဆိုရင် တစ်ပင်လုံး ၀ါထိန်နေအောင် ပွင့်တက်တာ။ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း” ကဗျာလေးကိုဖတ်ပြီး သနားချင်ပေမယ့် ကျွန်တော့်ချစ်သူက ပိတောက်ပန်းချစ်တက်တော့ ချစ်သူ့မျက်နှာတော် မညိုရလေအောင် သနားတာတွေ ဘေးချိတ် အပင်ပေါ်မျောက်ကလေးလို တက်ရတာပေါ့။ အမြင့်ကြီးတော့ မတက်နိုင်ပါဘူး။ သစ်ပင်မှ မတက်တက်တာ။ ငယ်ငယ်က ကြီးကြီးက ကျွန်တော်ကြီးလာရင် အပင်တက်ရအောင်ဆိုပြီး မွေးစကတည်းက စိုက်ထားတဲ့ မာလကာပင်ပေါ်တောင် မတက်တာ။ အဟီး.. အခုနေ ကျွန်တော့်ကြီးကြီးတွေ့ရင်တော့ ဘာပြောမယ်မသိဘူး။ အိမ်မြောက်ဖက် ခြံစည်းရိုးမှာ ကပ်စိုက်ထားတဲ့ ငုဝါပင်တန်းကတော့ အမြဲလိုလို ပန်းပန်လျက်ပါပဲ။ ပိတောက်ပန်းလို အခြေမကြီးပဲ ရက်ရက်ရောရောပွင့်ပေးပြီး ကမ္ဘာကြီးကို အလှဆင်ပေးနေတဲ့ ငုဝါပန်းလေးတွေကိုလည်း ကျွန်တော် သိပ်ချစ်ပါတယ်။

ဆောင်းတွင်းဘက် လသာတဲ့ ညတွေဆိုရင် အိမ်အပေါ် ၀ရန်တာအမိုးပွင့်ပေါ်ကနေ လမင်းကြီးနဲ့ ကြယ်တွေညီလာခံကို ငေးမောရင်း ကြည်နူးစရာ အတိတ်အကြောင်းလေးတွေ ပြန်ပြောရတာ သိပ်ကြည်နူးဖို့ကောင်းတယ်။ နှစ်ယောက်အတူထိုင်ရင်း သီချင်းသံလေး သဲ့သဲ့ဖွင့်ပြီး ကြယ်တွေစုံတဲ့ညကို အံ့သြငေးမောရင်း စကြာဝဠာကြီးရဲ့ ဆန်းကျယ်မှုကို နှစ်ယောက်သား ရင်သပ်ရှုမော ဖြစ်နေတက်တာလေ။ တစ်ချို့ညတွေမှာတော့ ခြံထဲက ဒါန်းကလေးပေါ်မှာ အတူထိုင်ပြီး ဂစ်တာတီးရင်း သီချင်းတွေ အတူဆိုကြတယ်လေ။ သိပ်ကို ပျော်စရာ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပေါ့

နောက်တော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်း ပြောကြမယ်။ နှစ်သက်တဲ့သီချင်းတွေအကြောင်း ပြောကြမယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အကြောင်းပြောကြမယ်။ အနာဂတ်အတွက် တိုင်ပင်ကြဦးမယ်။ ရည်မှန်းချက်တွေ ဆန္ဒတွေဖလှယ်ကြဦးမယ်။ ကျွန်တော် အတိုက်အခိုက်တွေကြားမှာ ယိုင်နဲ့ခဲ့ရင်တောင် ဘယ်တော့မှ လဲကျမသွားရအောင် သူက အားပေးဖေးမခဲ့တယ်။ သူ့ရဲ့ အားပေးစကားတွေ၊ နှစ်သိမ့်စကားတွေနဲ့ နေ့သစ်တစ်ခုကို ရင်ဆိုင်ဖို့ ကျွန်တော် အမြဲအဆင်သင့်ဖြစ်ခဲ့တယ်။ ကျွန်တော်ဟာ သူ့ရဲ့ ခိုလှုံရာဖြစ်သလို သူဟာလည်း ကျွန်တော့်ရဲ့ ခိုလှုံရာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နားခိုရာ အိမ်ကလေးရယ် သူရယ် ကျွန်တော်ရယ် နောက်တော့ ရရှိလာမယ့် သားသမီးလေးတွေရယ် ကျွန်တော်တို့ရဲ့ မေတ္တာအသိုက်အမြုံကလေးကို မပျက်စီး မထိခိုက်ရလေအောင်၊ အမြဲရယ်သံလွင်လွင်လေးတွေ ပျံ့လွင့်နေအောင် စစ်မှန်တဲ့အချစ်မေတ္တာနဲ့ သစ္စာတရားနဲ့ တာဝန်သိတက်မှုနဲ့ ရိုးသားသန့်စင်မှုနဲ့ ယုံကြည်မှုနဲ့ စောင့်ရှောက်သွားမှာပါ။

လူသားအားလုံးလဲ မေတ္တာအေးရိပ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(အဲဒီ ခိုလှုံရာရင်ခွင်လေးတစ်ခုနဲ့ ခိုနားစရာအိမ်လေးတစ်လုံးကို ကျွန်တော် ရှာဖွေနေဆဲပါဗျာ။ ခိုနားခွင့်မရသေးပါဘူး။ တစ်နေ့နေ့မှာတော့ ခိုနားခွင့်ရမယ်ထင်ပါတယ်။ အခုတော့ မောပန်းနေတဲ့ ကျွန်တော့ဝိညဉ်ဟာ ပြေးလွှားဝဲလည်နေဆဲပါပဲ။)
Links to this post
Author: vanko
•7:16 PM

တစ်နေ၀င်တာကို
ငေးမောရင်း
ကြွေသွားတဲ့ မနက်ခင်းတွေကို
နှမြောနေမိတာ…

တိမ်တွေနဲ့အတူ
ပျံသန်းလိုက်ချင်ပေမယ့်
မြေပေါ်မှာလမ်းလျှောက်ပြီး
မြေကြီးကို ခင်တွယ်တက်တာ…

ဘာကိုမှ
မစွဲလန်းဘူးပြောပေမယ့်
အိပ်မက်ဟောင်းတွေကြောင့်
အိပ်ရေးပျက် ပျက်နေတက်တာ…

စာအုပ်၊ ဂီတနဲ့ အချစ်ကို
မြတ်နိုးပေမယ့်
ငွေရှိရင် ပိုပြီးပျော်နိုင်မယ်
ထင်နေတက်တာ…

ဘ၀ဆိုတာ
တကယ်ပဲ ဒိုးနပ်တစ်ခုဆိုရင်
အနှစ်သားနဲ့ အကာ
ဘယ်ဟာပိုများနေလဲ
ဝေခွဲမရတက်တာ…

မွေးကတည်းက
အနိစ္စ၊ အနိစ္စ
တဖွဖွကြားဖူးပြီးသားပေမယ့်
မသေချာခြင်းနိယာမကို
အဆန်းထင်နေတက်တာ…

ပြူတင်းပေါက်က
ကွင်းစိမ်းစိမ်းလေပြေကို
နှစ်ခြိုက်ခုံမင်ပေမယ့်
အဲယားကွန်းမရှိရင်တော့
မဖြစ်ဖူးထင်နေတက်တာ…

လောကကြီးက
ဖတ်မကုန်တဲ့စာအုပ်
လူတွေကိုဖတ်ရတာ
စိတ်ဝင်စားစရာဆိုပေမယ့်
စာတစ်အုပ်နဲ့ ငြိမ်သက်နေချင်တာ…

လရောင်အောက်မှာ
သီချင်းသံကိုခံစားရင်း
ပိုးစုန်းကြူးတွေလို
ပျံသန်းချင်ပေမယ့်
အမှောင်ကိုကြောက်တက်တာ…

အယူသီးတဲ့
ဓလေ့ထုံးတမ်းတွေကို
လက်ခံဖို့ ငြင်းဆန်တက်ပေမယ့်
ကြယ်ကြွေတာတွေ့ရင်
ဆန္ဒပြုမိတက်တာ…

ကြယ်တွေစုံတဲ့
စင်္ကြာဝဠာကြီးရဲ့ဝတ်ရုံ
အမှောင်ညကောင်းကင်ကို
အသက်ရှုရပ်လောက်အောင်
အံ့သြငေးမောရင်း
အတွေးတွေ ကဆုန်ဆိုင်းရတာ
နှစ်ခြိုက်ပေမယ့်
မီးပျက်တဲ့ညတွေကို
စိတ်ပျက်တက်တာ…

စမ်းရေစီးသံ
ဝါးရွက်လေတိုးသံ
ငှက်ငယ်မြည်သံ
ရေပလုံစီသံ
ယာတောသံ
ကလေးရယ်သံ
မျက်စိမှိတ်လို့
ပျော်ဝင်လိုက်ချင်ပေမယ့်…
မာနသံ
အတ္တသံ
ငြင်းခုံသံ
ပြိုင်ဆိုင်သံ
မေးငေါ့သံ
မနာလိုသံ
မောဟိုက်သံ
နွမ်းလျှသံ
တမ်းတသံ
အသည်းကွဲသံ
ဆူညံသံတွေနဲ့
မြို့ပြလမ်းတွေပေါ်မှာ
ယိမ်းထိုးပြေးလွှားနေတဲ့
ခြေထောက်တွေကို
မရပ်တန့်ချင်တာ…

အဲဒါ..
ကျွန်တော်မဟုတ်တဲ့
ကျွန်တော်ပါ။
Links to this post
Author: vanko
•7:47 PM


ကျွန်တော့်စိတ်ထဲတွင် လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကျောင်းသားများကို သွားပြီး သတိရလိုက်မိပါသည်။ သူတို့လည်း ကံမကောင်း အကြောင်းမလှ၍ ကိုဥာဏ်စိန်ပြောသလို ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင် ကြုံခဲ့ရလိမ့်မည်ဟု ထင်မိပါသည်။ ကျွန်တော်၏ငယ်ဆရာ ဦးစံရွှေကြောင့် ကျွန်တော့လက်ရေး အတန်အသင့်ကောင်းခဲ့သည်ကို တွေး၍ ကွယ်လွန်သူ ဆရာကို သတိရကျေးဇူးတင်လိုက်မိပါသည်။
ကိုဥာဏ်စိန်က ဆက်၍...
"အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ။ အဲဒါတွေကျရင်တော့ ပိုပြီးဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကဆွဲတာတွေ၊ သဝေထိုးကို အပေါ်ကဆွဲတာတွေ၊ အို၊ကို၊မို တို့လို စာလုံးပေါင်းတွေမှာ လုံးကြီးတင်ကို အရင်စပြီးရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာ ဖြည်းဖြည်းဆေးဆးရေးရင်တော့ မသိသာလှဘူးပေါ့။ လက်ရေးကိုသော့ပြီး မြန်မြန်ရေးလိုက်ပြီဆိုရင် အဆွဲအငင် စနစ်မကျတဲ့လက်ရေးဟာ အလွန်ဖတ်ရတာ ခက်သွားတယ်ဗျ"
ကလေးငယ်၏ တစ်သက်တာအတွက်ကို အခြေခံ ပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ ဘ၀နှင့်တာဝန်ကို အလွန်ရိုသေမိလာသည်။ အချို့သောတိုင်းပြည်များတွင် သူငယ်တန်းသင်သောဆရာကို သီးသန့်အရည်အချင်း ရှိစေလျှက် လစာမြင့်မြင့်ပေးထားကြသည် ဟူသောအချက်ကို သဘောပေါက်လာမိပါသည်။
ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီး ပြောဖူးသော စကားကိုလည်း သွားပြီး သတိရလိုက်မိပါသေးသည်။
"ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ခကို တစ်ဝက်ပေးရတာတောင် များသေးတယ်လို့ ထင်တက်ကြသေးတယ်ဗျ။ ဓါးပြတ်သွားမှာ ကြောက်ရတာတစ်မျိုး၊ ငိုတာကတစ်မျိုး၊ ရုန်းတာကတစ်မျိုး"
အင်း.. ကိုဥာဏ်စိန်တို့ ကိုသိန်းမောင်ကြီးတို့ လုပ်ငန်းက ခပ်ဆင်ဆင်ပါပဲလားဟု အောက်မေ့မိသည်။
ဤသို့လျှင် ၀လုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။
သင်ပုန်းပေါ်တွင် က၊ခ၊ဂ၊ဃ၊င ဟူသော အက္ခရာငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းလိုက်ပါသည်။
"မင်းနာမည် ဘယ်သူလဲ"
"မောင်ကျော်မြင့်ပါ ခင်ဗျ"
လက်ပိုက်ပြီး ဖြေပါသည်။
"မင်းနာမည်ကကော"
"မောင်ထွန်းစိန်ပါ ခင်ဗျ"
"ညည်းနာမည် ဘယ်သူလဲ"
"ကြော့ယဉ်ဝင်းပါရှင့်"
"အံမယ်.. တယ်ကောင်းတဲ့နာမည်ပါလား။ ကဲ..ကဲ.. ညည်းနာမည်ကကော"
"တည်ကြည်ဝင်းပါရှင့်"
"ဟဲ့.. ငါ့တပည့်တွေ နာမည်တွေက ကောင်းလှချည်လား။ ညည်းနာမည်ကကော"
"နီနီအေးပါရှင့်"
ဤသို့လျှင် ကျောင်းသားအတော်များများကို နာမည်လျှောက်ပြီး မေးပါသည်။ ပြီးမှ...
"ကဲ.. ကြည့်စမ်း မင်းတို့အားလုံးမှာ နာမည်တွေ ရှိကြတယ်။ နာမည်မရှိတဲ့လူမှား ရှိသလားဟေ့"
"မရှိပါဘူးခင်ဗျ"
"အေး.. မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သူတို့မှာလည်း နာမည်ရှိတယ်"
သင်ပုန်းပေါ်ရှိ ကကြီး ခခွေး အက္ခရာများဆီကို လက်ညှိုးထိုးပြီး ပြောလိုက်ပါသည်။
"ညည်းနာမည်က ဘယ်သူလဲ"
"ဖြူနှင်းဝေပါ ဆရာ"
"အေး.. သူ့နာမည်က ကကြီးတဲ့ မှတ်ထား။ ကြားလား ဘယ်သူလဲ"
"ကကြီးပါ ဆရာ"
"ညည်းနာမည်က ဘယ်သူလဲ"
"သန္တာပြုံးပါ ဆရာ"
"အေး.. သူ့နာမည်က ခခွေးတဲ့ မှတ်ထား၊ ကြားလား"
ဤသို့အားဖြင့် ကကြီး၊ ခခွေးများကို မိတ်ဆက် သင်ကြားပေးသွားပါသည်။ မကြာမီမှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင် ရှာဖွေ ဖတ်ရှုကြရပါသည်။ ကြံစည်စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင်ကြားပို့ချရမည် ဆိုသည့် ကိစ္စအတွက်ကိုတော့ မူလတန်း၊ သူငယ်တန်း သင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည်အားထုတ်ရသည်ဟု မထင်မိပါ။
တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ နောက်တစ်ကြိမ် သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် တောင်တွင်းကြီးသို့ ပြန်ရောက်သွားပါသည်။ ယခင်ကအတိုင်း ကိုဥာဏ်စိန်၏ သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါသည်။
ကလေးတွေက စာတွေအတော်လေး ဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီးရောက်တော့ ကလေးတွေ သံပေါက်ကဗျာ ရွတ်ကြပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော်မမှတ်မိတော့ပါ။ ဆိုလိုရင်း အဓိပ္ပါယ်အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေးရမည်၊ ဘုရားကန်တော့၊ မိဘကန်တော့ ဆိုတာတွေလည်း ပါ,ပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေမည့် ကိစ္စများအပြင် (ကျွန်တော်မှတ်မိသလောက်) "အလှူပေးကြောင်း၊ ထမင်းရောင်း၊ တောင်းကြီးကိုသာ ကန်ပစ်ပါ" ဆိုတာလည်း ပါနေပါသည်။ စကားလုံးကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကို ဆိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်။ ကိုယ်ဟန်အမူအရာလည်း လုပ်ပြီးဆိုကြရပါသည်။ ထိုသံပေါက်ကို ဆိုကြရာတွင် "တောင်းကြီးကိုသာ ကန်ပစ်ပါ" ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီးကန်လိုက်သည့် အမူအရာကိုလည်း လုပ်ကြရပါသည်။
ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက်နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက် ထွက်လာကြတော့...
"နေပါဦး ကိုဥာဏ်စိန်ရ.. ဟို တောင်းကြီးကိုသာ ကန်ပစ်ပါ ဆိုတာက ဘာလုပ်တာလဲဗျ။ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး"
ကိုဥာဏ်စိန်က ရယ်လိုက်ပြီး ...
"သက်သက် အမြင်ကတ်လွန်းလို့ဗျာ။ ဒီလိုဗျာ ကျွန်တော်တို့ဆီမှာ တစ်ချို့လူတွေက အလှူလုပ်ရင် လုပ်ပေါ့ဗျာ။ ဘာလို့ အလှူငွေခံချင်ရတာလဲ။ သားသမီးကို မရှိမဲ့ ရှိမဲ့ ရှင်ပြုရတာဆိုရင်တော့ အများက သနားသဖြင့် ၀ိုင်းဝန်းကြတာ ရှိရင်တော့ ရှိမှာပေါ့။ ခုတော့ အလှူကြီးကို ဧရာမခမ်းခမ်းနားနားလုပ်ပြီး အကူငွေခံတာဟာ ထမင်းရောင်းတာနဲ့ ဘာထူးလဲ။ အဲဒါတွေကို အမြင်ကတ်လွန်းလို့ ထည့်ပြီးရေးလိုက်တာပဲ။ ခင်ဗျားတို့လို ကဗျာနားလည်တဲ့လူတော့ မဟုတ်ဘူး။ ကျုပ်ကတော့ ကြားဖူးနားဝ ကိုယ်ရွတ်ခဲ့ဖူးတာတွေနဲ့ မှန်းပြီးစပ်လိုက်တာပဲ။ မှန်လား မမှန်လားမသိဘူး။ ခြေထောက်နဲ့ကန်တာကို ထည့်ပြီးရေးလိုက်တာကတော့ ကလေးဆိုတာ အားရပါးရ လှုပ်ရှားပြီး ရွတ်ရဆိုရရင် ပိုကြိုက်တယ်ဗျ။ ဒါကြောင့် ကျုပ်က စွတ်ပြီးထည့်လိုက်တာပဲ"
ကိုဥာဏ်စိန်က ပြောပြီး အားရပါးရ ရယ်နေပါသည်။
"နေပါဦးဗျာ၊ ခင်ဗျားက အဲဒါတွေကိုရေးတော့ ကလေးတွေက ဘာနားလည်မှာလဲဗျ"
"အေးလေဗျာ.. ကျုပ်ကလည်း ကလေးတွေကို နားလည်စေချင်လို့မှ မဟုတ်ပဲ။ လောဘကြီးသူတွေကို အမြင်ကတ်လို့ ရေးတာပဲ"
"ခင်ဗျားပြောတာတွေကို ကျုပ်မရှင်းဘူး။ လောဘကြီးသူတွေကို အမြင်ကတ်တာနဲ့ ကလေးတွေကို နားမလည်ပါးမလည် ဘာကြောင့်သင်ပေးနေတာလဲ။ ဒါကိုပြောတာပါ။ ကလေးတွေကြီးလာရင် ဒါမျိုး မလုပ်ရအောင် ဆိုလိုတာလား"
"ကလေးတွေကြီးလာတာက နောက်ပိုင်းပေါ့ဗျာ။ လောဘကြီးသူတွေကို အမြင်ကတ်တာကတော့ လောလောဆယ်ဆယ်ပဲဗျ။ ဒီလို ကိုအောင်သင်းရေ.. ကလေးဆိုတာမျိုးက သူတို့ရနေတဲ့ စာတို့၊ ကဗျာတို့ကို အလကားနေရင်း အော်ဟစ်နေတက်တာ။ ကလေးတွေဆိုတာကို ခဏခဏကြားနေရင် လောဘကြီးသူတွေလည်း ဒါမျိုးလုပ်ရမှာ နည်းနည်းတော့ ရှက်လာကြမှာပေါ့ဗျာ။ အဲ.. အရှက်ဆိုလို့ တစ်စက်မှမရှိတဲ့ လောဘကြီးသူတွေအတွက်တော့လည်း မတက်နိုင်တော့ဘူးပေါ့ဗျာ"
ကိုဥာဏ်စိန်က ပြောနေရင်းပင် အားရပါးရ ရယ်လိုက်ပြန်ပါသည်။
ကလေးတွေကို စာသင်နေရင်း လောဘကြီးသူတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဥာဏ်စိန်ကို တအံ့တသြ ကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘ၀င်ကြီးတစ်ခွဲသားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ်ဆရာတို့သည် ကိုဥာဏ်စိန်တို့လို သူငယ်တန်းဆရာလောက်မှ ပြည်သူအများကို အကျိုးပြုနိုင်ပါ၏လောဟု သံသယဖြစ်လာပါသည်။
စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများသလဲ။ တက္ကသိုလ်ကျောင်းသားဆိုသည်က လက်တစ်ဆုပ်စာမျှလောက်သာဟု ပြောရပါမည်။ သူငယ်တန်းဆိုသည်က ဟို.. တောကြိုအုံကြားလေးတွေထိအောင် ရှိနေကြသည် မဟုတ်ပါလား။
နောက်ပြီး သူငယ်တန်းဆရာတွေရဲ့ အသွန်အသင် အဆုံးအမကို လွန်ပြီးမှ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသို့ ရောက်လာရသည် မဟုတ်ပါလား။
နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အ၀င်စားဆုံးမှာ (ကိုဥာဏ်စိန်ပြောသလို) သူငယ်တန်းပဲ မဟုတ်လား။
နောက်ပြီး တက္ကသိုလ်ရောက်သော ကျောင်းသားက ဘယ်လောက်ထိအောင် များပြားပါသလဲ။ မူလတန်းကျောင်းသား ဆိုသည်ကတော့ တစ်ပြည်လုံးလောက်ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပုံကို အရေးပါပုံကို တစိမ့်စိမ့် ကျေးဇူးတင် ကြည်ညိုနေမိပါသည်။
သြော်.. ကျွန်တော့်မှာ မြေးမလေးတစ်ယောက် ရလာပြန်တော့ ပိုလို့ပဲ ကိုဥာဏ်စိန်တို့လို သူငယ်တန်းပြဆရာ၊ ဆရာမများ၏ ကျေးဇူးကို သဘောပေါက် မျှော်လင့်မိလာရပြန်ပါသည်။
တစ်ခုတော့ရှိပါသည်။ "ယာဖျက်တော့သူခိုး၊ မြေးဖျက်တော့အဘိုး" ဟူသော စကားပုံအသစ် ပေါ်မလာလေအောင်၊ ဟို.. ဒေါ်အေးသာဆိုသော အဘွားကြီးလို ဆရာ၊ ဆရာမလေးတွေ စိတ်မညစ်စေရန် သတိထားလေဦးမှပဲ။

မှတ်ချက်။ ။ ငါန်းဇွန် အ.ထ.က ငွေရတုစာစောင်တွင် ဤအကြောင်းအရာကို အတိုချုပ် ရေးခဲ့ဖူးပါသည်။ ကိုဥာဏ်စိန်လည်း အငြိမ်းစားယူပြီး 'ကံ့ကူလက်လှည့်' ဟူသောအမည်နှင့် သူငယ်တန်းကျောင်းဖွင့်ပြီး ဆီးသီးရောင်းနေသည်ဟု သိရပါကြောင်း။

ပြီးပါပြီ။
Links to this post
Author: vanko
•9:04 PM

ကိုဥာဏ်စိန် အလုပ်စလုပ်ပါပြီ။
သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် '၀'လုံးတစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို '၀'လုံးပေါ်တွင် အညှာလေးတစ်ချက် တပ်လိုက်ပါသည်။
"ကဲ.. ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူအရင်စားမလဲ"
ကျွန်တော်အရင်စားမယ်၊ ကျွန်မစားမယ် ဟူသောအသံများ ညံသွားပါသည်။
"ဟုတ်ပြီ.. မင်းကအငယ်ဆုံးမို့ မင်းကို အလျှင်ကြွေးမယ်။ ရော့.. စားစမ်း"
ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်၍ ခပ်ငယ်ငယ် ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ဆောင်၍ ပါးစပ်ထဲထည့်လိုက်ဟန်ဆောင်ပြီး 'မြွမ် မြွမ်'နှင့် စားချင်ယောင်ဆောင်ပါသည်။ တစ်တန်းလုံး တ၀ါးဝါး ရယ်ကြပါသည်။
"ကျွန်တော်လည်း စားဦးမယ်" "ကျွန်မကိုလည်း ပေးပါဦး" စသော အလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။
"ချိုရဲ့လားဟေ့"
"ချိုတယ်ဆရာ"
"ကဲ.. ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ။ မင်းလည်းတစ်လုံး စားလိုက်ဦး"
ကိုဥာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးယောင် ပြုလိုက်ပါသည်။ ချာတိတ်က ကြောင်တောင်တောင်ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။
"သူက မစားချင်သေးဘူးတဲ့။ မင်းက ယူစားလိုက်စမ်းကွာ" ဟု ဘေးကကလေးတစ်ယောက်ကို ပြောလိုက်တော့ ဟိုကလေးကလဲ အလွယ်တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။
သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက် မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။
"ဒီဆီးသီးက မ၀ိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့ စားကြည့်စမ်း၊ မချဉ်ဘူးလား"
ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင် ရှုံ့မဲ့ပြီးမှ..
"ချဉ်တယ်ဆရာ" ဆိုတော့ အားလုံးက သဘောကျပြီး ရယ်ကြပါသည်။
ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေးတွေက ချဉ်တယ်ဆရာဟု ပြောကြပါသည်။ ၀ိုင်းဝိုင်းစက်စက် ဆီးသီးကို ရေးပေးလိုက်လျှင် ချိုတယ်ဟု ပြောကြပါသည်။
ကလေးတွေ ဆီးသီးစားတမ်း ကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။
ကျွန်တော်တို့နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့..
"ဟိုချာတိတ် ဒီနေ့တော့ မငိုတော့ဘူးဗျ"
"သူ့အဘွားကို မမြင်လိုက်ရတော့လို့ပေါ့ဗျာ။ အိမ်ကလူကြီး တစ်ယောက်ယောက် ပါလာရင် ဒီလိုပဲ ငိုနေတက်ကြတယ်ဗျ။ လူကြီးတွေမပါရင် ခဏပါပဲ။ ကလေးတွေပဲဗျာ။ ခဏရှိတော့ သူတို့ကလေးချင်း ကစားကြ၊ သူများကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။ ခက်နေတာက လူကြီးတွေဗျ။ အထူးသဖြင့် အဘွားတွေက အဆိုးဆုံးပဲ။ ယာဖျက်တော့ သခွား၊ မြေးဖျက်တော့ အဘွားဆိုသလိုပေါ့ဗျာ။ အဘွားကြီးတွေဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြားအလုပ်လည်း မယ်မယ်ရရ မရှိတော့ဘူး မဟုတ်လား"
"ဆရာကို ဘာမှလာပြီးမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ"
"အမယ်.. အဲဒါမျိုးလဲ တစ်ခါတလေ ရှိသေးသဗျ။ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်းဆရာနဲ့နီးနီး ထားချင်ကြတာတွေပေါ့။ ကလေးတွေမှာ အရပ်အမောင်းက တူတာမဟုတ်ဘူးဗျ။ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တာတွေကို နောက်က၊ အတန်းကိုကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဲဒါ သူတို့ကလေးတွေကို ရှေ့ထားပေးပါ ဘာညာနဲ့လာပြီး ပြောတက်ကြတယ်။ "ခင်ဗျားတို့ကလေးကိုလဲ သင်ပေးမှာပါ။ မတတ်မှာ မစိုးရိမ်ပါနဲ့" လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေက အကဲအပါဆုံးပေါ့ဗျာ။ ဟိုဘက်အတန်းတွေ ရောက်တော့လဲ ဘာမှ ဂရုစိုက်မနေကြတော့ပြန်ဘူး။ ရယ်စရာလည်း အကောင်းသား။ ဒီတော့ သူငယ်တန်းဟာ မိဘနဲ့ ပြဿနာ အကြုံရဆုံးပေါ့ဗျာ။"
"သူတို့သားသမီးကို ရိုက်တာပြုတာနဲ့ ပတ်သက်လို့လည်း ပြဿနာ ကြုံကြရမယ်ထင်တယ်"
"တစ်ခါတစ်လေလည်း ကြုံရတာပေါ့ဗျာ။ နည်းတော့နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ဆရာ ဆရာမအပေါ်မှာလည်း မူတည်တက်ပါတယ်။ တစ်နေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ်သွားပါပကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှာ ရယ်တောင် ရယ်နေရသေးတယ်။ 'သူငယ်ချင်းရေ' တဲ့။ 'ကဲ.. ငါ့သားကို မင်းဆီအပ်ခဲ့ပြီ။ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ။ မတော်တဆ သေသွားရင်တော့ အလွမ်းပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာ' တဲ့လေ"
ကျွန်တော်က ရယ်လိုက်မိပါသည်။
မူလတန်း၊ အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ ဘ၀ကို ကျွန်တော် အလွန်စိတ်ဝင်စားနေမိပါသည်။
နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန်ပါသည်။
"ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ။ ငါက ၀ယ်မယ်။ ဆီးသီးငါးလုံးကို တစ်မတ်ပေးမယ်။ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူး"
ဝလုံးကို ၀ိုင်းဝိုင်းရေးတက်အောင် လေ့ကျင့်နေပြီဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်ပါပြီ။
"နောက်ပြီး ဟောဒီလို ဟောဒီလို ရေးတဲ့ဆီးသီးကို မ၀ယ်ဘူး။ အဲဒီဆီးသီးမျိုးတွေက အပုတ်တွေ"
သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှမကသေးပါ။ "ဒီလိုရေးရမယ်"ဟု ကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။
"ဘယ်လို၊ ဘယ်လိုရေးမလဲ"
"ဒီလို ဒီလိုရေးမယ်"
ကလေးတွေကလည်း သူတို့လက်ကို လက်ယာရစ် ဝှေ့ရမ်းပြီး အော်ကြပါသည်။
"ဘယ်လိုရေးရင် ဆီးသီးအပုတ်လဲ"
"ဒီလို ဒီလိုရေးရင် ဆီးသီးအပုတ်"
လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။
လက်ယာရစ်ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ရမ်းလေ့ကျင့်စေပြီးနောက် ဆီးသီးတွေ ရေးကြရန် ခိုင်းလိုက်ပါသည်။ ကလေးတွေကလည်း သူတို့ သင်ပုန်းလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။
ဝလုံးကို လက်ယာရစ်ရေးကြအောင် လေ့ကျင့်ပေးလိုက်သည် မှန်သော်လည်း တကယ်လက်တွေ့အားဖြင့် ရေးသည် မရေးသည်ကို ဆရာကိုဥာဏ်စိန် လိုက်ပြီးစစ်နေနိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများ သိနိုင်ပါ့မလဲဟု ကျွန်တော့်စိတ်တွင် တွေးနေမိပါသည်။
"ဟောဒီမှာဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီး ရေးနေတယ်။ သူ့ဆီးသီးက အပုတ်ကြီးဆရာ"
ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံရသော ကလေးက ချက်ချင်းဖျက်ပစ်ပြီး "ဒီလို ဒီလိုရေးတယ် ဆရာ"ဟု လက်ယာရစ်ဝှေ့ရမ်းပြီး ပြလိုက်ပါသည်။
အင်း.. ဒီလိုဆိုတော့လည်း သူ့ဟာနဲ့သူ ပြဿနာရှင်းသွားသားပဲဟု အောက်မေ့လိုက်ပါသည်။
ဆီးသီးငါးလုံးစီ ရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ကြည့်ပြီး ဟိုအလုံးက ပိန်တယ်။ ဒီအလုံးက မ၀ိုင်းဘူး၊ နောက်ကို အဲလောက်ချဉ်ရင် မ၀ယ်ဘူး။ ဒီတစ်ခါတော့ ၀ယ်လိုက်မယ် စသည်ဖြင့်ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။
အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဥာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး..
"အံမယ်.. ဒီကောင်က လူကငိုပေမယ့် ဆီးသီးကတော့ အချိုသားကွ၊ ဘယ်ဆိုးလို့လဲကွ" ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။ ဟိုချာတိတ် ၀မ်းမြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။
ကလေးအားလုံးမှာလည်း သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏလာပြီးပြနေပြီ ဖြစ်သောကြောင့်...
"အံမာ ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ။ ချိုလည်း ချိုတယ်ဟေ့"
ချာတိတ် ကျောင်းပျော်သွားပါလေပြီ။
ကျွန်တော်လည်း ကိုဥာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီးကို ကြည့်ရင်းပျော်နေမိပါသည်။
သို့နှင့် ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်၊ ပစ္စည်းစသည်တို့ကို ကိုယ်စီကိုယ်ငှ သိမ်းကြယူကြပါသည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်းဘေး နံရံသစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ပါသည်။ ထိုထိုသော ပစ္စည်းများကို သူတို့တွေ ယူကြပြီးနောက် အားလုံး မတ်တပ်ရပ်နေကြရပါသည်။
"စာအုပ် ပါပြီလား" ကိုဥာဏ်စိန်က အော်မေးလိုက်ပါသည်။
"ပါ ပါပြီ" ကလေးတွေကအော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။
သူတို့ အတိုင်အဖောက် အော်ပုံမှာ ရိုးရိုးအသံမျိုး မဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။
"ပေတံ... ပါ.. ပြီလား"
"ပါ... ပါ.. ပြီ"
ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီ အော်ပြီးမေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများတန်းမှစ၍ တစ်တန်းစီ တန်းစီပြီး ထွက်ရပါသည်။
"ခင်ဗျားအလုပ်က ပြီးပဲ မပြီးနိုင်ဘူး။ တယ်ရှုပ်ကိုးဗျ"
"ဒီလိုပဲ ကိုယ့်လူရေ.. ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေကို သင်ရတာမဟုတ်ဘူး။ ကလေးတွေဆိုတော့ ကျောင်းဆင်းပြီးရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန်၊ ဒီဟာမေ့နဲ့၊ ဦးထုပ်ပျောက်၊ ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို လာတိုင်ကြတော့တာဗျ။ ဆရာအထိန်းအသိမ်း ညံ့ရာရောက်တာပေါ့ဗျာ"
သူကပြောရင်းဆိုရင်း ခုံတွေအောက် ငုံ့ကြည့်ပြီး ဟိုဟာရှာသလို ဒီဟာရှာသလို လုပ်နေပြန်သောကြောင့်..
"ဘာရှာနေတာလဲဗျ"
"ဘာတွေများ ကျန်ရစ်ခဲ့သေးလဲလို့ ရှာရတာ။ ခုနက ကျုပ်အော်တဲ့စာရင်းထဲမှာ မပါတဲ့ ဂျင်တို့၊ ဂေါ်လီတို့ ဘာတို့ ညာတို့ ဆိုတာတွေပေါ့ဗျာ။ ကျန်နေခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့ဗျာ။ ကလေးတွေကိုးဗျ၊ အမိုက်ကလေးတွေ ဘာသိတက်ကြတာ မှတ်လို့"
"ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်လေးတွေ စီပြီးရိုက်ထားတာကို တွေ့တယ်"
"အေးဗျာ.. ထီးတွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာ ရှိနေရင် ရှုပ်လွန်းလို့"
"အဲလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းက ထုတ်ပေးသလား"
"ဘယ်ပေးလိမ့်မလဲဗျာ"
"ခင်ဗျားက အိတ်စိုက်ပေါ့"
"မစိုက်ရပါဘူးဗျာ။ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေ ရှိနေတာပဲ။ ကျောင်းခန်းထဲမှာ သုံးချင်လို့ဆိုပြီး နှိုက်လာခဲ့တာပါပဲ"
ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်လိုက်မိကြပါသည်။
"ဆီးသီးကတော့ ၀လုံးအတွက် လုပ်လိုက်တာပေါ့နော်"
"ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်။ ၀လုံးဆိုတော့ ဘာမှ လုပ်ဖို့တောင် မလိုတော့ဘူးပေါ့။ ၀လုံးရေးကြရအောင်ဆိုရင် ကလေးတွေ ဘယ်မှာပျော်တော့မလဲ။ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား။ သူတို့လည်းပျော်၊ သူတို့ပျော်တော့ ကျုပ်လည်းပျော်တာပေါ့ဗျာ"
သူက ပြောရင်းရယ်လိုက်ပါသည်။
ထို့နောက် ဆယ်ရက်လောက်မှာ ၀လုံးတွေချည်း အရေးခိုင်းနေပါသည်။
"ခင်ဗျား ၀လုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ။ ပြီးပဲ မပြီးနိုင်တော့ဘူး"
"မြန်မာအက္ခရာရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ။ ၀လုံးကို လက်မသေရင် လက်ရေးဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ်တန်းမှာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်း ရောက်သွားရင် လက်ရေးလှကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ကလေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှမရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေက အထင်သေးတာ မခံချင်ဘူးဗျ"

ဆက်လက်ဖေါ်ပြပါမည်။
Links to this post