Author: vanko
•8:51 PM

ကျွန်တော် အိပ်ယာနိုးတော့ နေခြည်နုနုက ပြတင်းပေါက်ကနေဖြာပြီး အခန်းထဲကိုကျနေပါတယ်။ အပြင်က ငှက်ကလေးတွေရဲ့ ကျလိကျလိအသံကို ကြားရတယ်။ မိုးရွာပြီးစအချိန်မှာ ငှက်ကလေးတွေ တေးဆိုသံမျိုးပဲ။ ဟုတ်တာပေါ့။ ညက တစ်ညလုံး မိုးရွာခဲ့တာပဲ။ အင်း… တကယ်တော့ ညကတစ်ညထဲမဟုတ်ပါဘူး။ မိုးရက်ဆက်ရွာနေတာ ကြာပေါ့။ ဒီမနက်မှာတော့ နေရောင်ခြည်နွေးနွေးကို ပြန်မြင်ခွင့်ရပြီလေ။ ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား သီချင်းသံက သဲ့သဲ့လေး အခန်းထဲကို ပျံ့လွင့်လာနေတယ်။ ကျွန်တော်က အိပ်ယာထရင် နှစ်သက်တဲ့သီချင်းသံလေးနဲ့ နိုးထရတာကို သိပ်သဘောကျတဲ့သူပါ။ ဒီသီချင်းလေးကို ကျွန်တော့်ချစ်သူ ဖွင့်ပေးထားတာပေါ့။ သူကကျွန်တော့်ထက် အမြဲလိုလို အရင်နိုးတက်တယ်။ ကျွန်တော်ကတော့ အအိပ်မက်တယ်လို့ မဟုတ်ပေမယ့် ညဥ့်နက်မှအိပ်တက်လို့ မနက်အိပ်ယာထ အမြဲနောက်ကျတက်သူပေါ့။

ကျွန်တော်မှတ်မိသလောက် ကျွန်တော်နိုးလာတဲ့အချိန်တိုင်းမှာ သူကအရင်နိုးနေကျပဲလို့ ထင်မိတယ်။ တစ်ခါတစ်ခါ ကျွန်တော့ဘေးမှာထိုင်ရင်း ကျွန်တော်အိပ်ပျော်နေတာကို မိခင်တစ်ယောက်ရဲ့ ကြည်နူးမှုမျိုးနဲ့ ကြည့်နေတက်တဲ့ သူ့မျက်ဝန်းတွေနဲ့ နိုးထခဲ့တဲ့ နေ့တွေလဲ မနည်းပါဘူး။ အမှန်တော့ ကျွန်တော်လဲ အရင်နိုးတဲ့နေ့တွေမှာ သူ့ကို အဲလိုစိုက်ကြည့်ရင်း ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့သူ့ကို ပိုပိုပြီးမြတ်နိုးလာမိတာပါ။ ကလေးတစ်ယောက်လို အပူအပင်အကြောင့်အကျမရှိ ပျော်ရွှင်ချမ်းမြေ့စေချင်တာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်မေတ္တာနဲ့ သံယောဇဉ်လေးတွေကို ထာဝစဉ်ရှင်သန်နေဖို့ တာဝန်သိတက်မှုနဲ့ သစ္စာတရားက အားဖြည့်ကူညီပေးနေတယ်လို့ ယုံကြည်မိတယ်။

ကျွန်တော် အခန်းအပြင်ကိုထွက် ရေချိုးခန်းသွားဖို့ ထမင်းစားခန်းကိုဖြတ်လိုက်တော့ ကော်ဖီနံ့သင်းသင်းကလေးကို ရတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ကော်ဖီကြိုက်တက်လို့ မနက်ခင်းတွေမှာ ကော်ဖီအတူသောက်ရတဲ့ ကြည်နူးမှုကို ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ အခုချိန်ဆို သူ ဘုရားခန်းထဲမှာ ဘုရားပန်းကပ်ရင်း မေတ္တာပို့နေရောပေါ့။ ကျွန်တော် မျက်နှာသစ်ပြီးချိန်ဆို သူ ဘုရားရှိခိုးပြီးတာနဲ့ အတော်ပဲလေ။ ကော်ဖီအတူသောက်ကြမယ်။ တစ်နေ့တာအတွက် အတူပြင်ဆင်ကြရမယ်လေ။

မနက်စာစားပြီးရင်တော့ သူ့ကို ပန်းကန်တွေ ကူဆေးပေးရမယ်။ ထမင်းစားပြီးချိန်တိုင်း ကျွန်တော်က ပန်းကန်တွေကို ကူဆေးပေးနေကြပါ။ တစ်ခါတစ်လေ သူမအားတော့လဲ ကျွန်တော်တစ်ယောက်ထဲ ဆေးရတာပေါ့။ အလုပ်နားတဲ့နေ့ဆိုရင် အိမ်သန့်ရှင်းရေး လုပ်ရမှာ။ တာဝန်ရယ်လို့ ခွဲမထားပေမယ့် တစ်ယောက်ကို တစ်ယောက် ညှာတာရင်းနဲ့ပဲ အလုပ်တွေကို ၀ိုင်းကူလုပ်ဖြစ်သွားတာပါပဲ။ သူက ပန်းကလေးတွေကို ချစ်တက်တော့ ငယ်ငယ်က ပန်းပင်စိုက်တာ ၀ါသနာမပါတဲ့ ကျွန်တော်လဲ အခုတော့ ဥယျဉ်မှူးတစ်ပိုင်းကို ဖြစ်လို့။ သူ့သူငယ်ချင်းတွေဆီက သွားပြီး မျိုးယူလာတာနဲ့။ ပန်းစိုက်ခြံတွေသွားပြီး ၀ယ်လာတာနဲ့၊ အဲဒီ ကိုယ်တော်လေးတွေကို မသေမပျောက်ရအောင်၊ အပွင့်လှလှ ထွားထွားလေးတွေပွင့်ရအောင် တက်သလောက် မှတ်သလောက်နဲ့ ပြုစုရတော့တာပဲဗျ။ သူက အဲဒါကို အားမရသေးဘူး သင်တန်းတက်ခိုင်းနေသေးရဲ့။ အင်း… အလုပ်ကြာကြာနားတဲ့အချိန်ဆိုရင်တော့ သူစိတ်ကျေနပ်အောင် သင်တန်းမဟုတ်တောင် စာအုပ်လေးဘာလေးဝယ်ပြီး သေချာ ဂရုတစ်စိုက် လုပ်ပေးမယ်လို့တော့ စိတ်ကူးထားတာပဲ။

စာအုပ်ဆိုလို့ ကျွန်တော်တို့နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါတော့ အိမ်ကလေးကို ဆောက်တုံးက စာဖတ်ခန်းလေး တစ်ခုပါ ထည့်ပြီး ဒီဇိုင်းဆွဲခဲ့ပါတယ်။ စာဖတ်ခန်းကလေးကို အလင်းရောင်ကောင်းကောင်းရဖို့ ဘယ်လိုနေရာမှာ ထားမယ်ဆိုတာ၊ ပြူတင်းပေါက်ကို ဘယ်ပုံစံထားမယ်ဆိုတာ သူနဲ့ကျွန်တော် အတော် ခေါင်းစားခဲ့တာပေါ့။ အခုတော့ စာဖတ်ခန်းကလေးထဲမှာ ကျွန်တော့တို့နှစ်ယောက်ရဲ့ နှစ်သက်ရာ စုဆောင်းထားတဲ့ စာအုပ်ကလေးတွေနဲ့ စာကြည့်တိုက်လေးတစ်ခုလို ဖြစ်လို့ပေါ့။ သူက ရပ်ကွက်ထဲက စာဖတ်ဝါသနာပါတဲ့ ကလေးတွေကို စာအုပ်လေးတွေ ပေးဖတ်တက်ပါတယ်။ ကျွန်တော်ကလည်း ကလေးချစ်တက်တော့ ဘာမှမပြောပါဘူး။ ကလေးတွေကို စာဖတ်ဝါသနာပါလာအောင် ပြုစုပေးတာကို သဘောကျပါတယ်။ တန်ဖိုးသိပ်ကြီးတဲ့ စာအုပ်တွေဆိုရင်တော့ ကလေးတွေကို အိမ်မပေးလိုက်ဖို့ တိုးတိုးတိတ်တိတ် ပြောထားရတာပေါ့။

ပြုတင်းပေါက်က လှမ်းကြည့်တော့ ခြံထဲမှာ ဇီဇ၀ါပန်းတွေ ပွင့်နေတာတွေ့ရတယ်။ အိမ်ရှေ့ ၀ရန်တာလေးရဲ့ အမိုးအောက်မှာတော့ kiss me quick ပန်းကလေးတွေ ပွင့်နေတယ်။ သူတို့လည်း နေရောင်သိပ်မရလို့ များများစားစား မပွင့်နိုင်ကြရှာဘူး။ မိုးရွာထားတာကြောင့် တစ်ခြံလုံးက သစ်ပင်ပန်းပင်လေးတွေ စိမ်းစိုနေတယ်။ ခြံထောင့်မှာ ညမွှေးပန်းပင်လေး တစ်ပင်ရှိတယ်။ ကျွန်တော့်ချစ်သူက ညမွှေးပန်းနံ့ကို ကြိုက်ပေမယ့် ကြာကြာရှုရင် ခေါင်းမူးတက်လို့ ဟိုးခြံထောင့် ခပ်ဝေးဝေးမှာ သွားစိုက်ထားတာ။ ညဘက် လေပြေတိုက်ရင် ညမွှေးပန်းနံ့လေး တစ်ချက်တစ်ချက် ပျံ့လွင့်လာတာက တစ်မျိုးကြည်နူးစရာပဲ။ အရှေ့ဘက်ခြံထောင့်က ပိတောက်ပင်ကတော့ သင်္ကြန်ဆိုရင် တစ်ပင်လုံး ၀ါထိန်နေအောင် ပွင့်တက်တာ။ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း” ကဗျာလေးကိုဖတ်ပြီး သနားချင်ပေမယ့် ကျွန်တော့်ချစ်သူက ပိတောက်ပန်းချစ်တက်တော့ ချစ်သူ့မျက်နှာတော် မညိုရလေအောင် သနားတာတွေ ဘေးချိတ် အပင်ပေါ်မျောက်ကလေးလို တက်ရတာပေါ့။ အမြင့်ကြီးတော့ မတက်နိုင်ပါဘူး။ သစ်ပင်မှ မတက်တက်တာ။ ငယ်ငယ်က ကြီးကြီးက ကျွန်တော်ကြီးလာရင် အပင်တက်ရအောင်ဆိုပြီး မွေးစကတည်းက စိုက်ထားတဲ့ မာလကာပင်ပေါ်တောင် မတက်တာ။ အဟီး.. အခုနေ ကျွန်တော့်ကြီးကြီးတွေ့ရင်တော့ ဘာပြောမယ်မသိဘူး။ အိမ်မြောက်ဖက် ခြံစည်းရိုးမှာ ကပ်စိုက်ထားတဲ့ ငုဝါပင်တန်းကတော့ အမြဲလိုလို ပန်းပန်လျက်ပါပဲ။ ပိတောက်ပန်းလို အခြေမကြီးပဲ ရက်ရက်ရောရောပွင့်ပေးပြီး ကမ္ဘာကြီးကို အလှဆင်ပေးနေတဲ့ ငုဝါပန်းလေးတွေကိုလည်း ကျွန်တော် သိပ်ချစ်ပါတယ်။

ဆောင်းတွင်းဘက် လသာတဲ့ ညတွေဆိုရင် အိမ်အပေါ် ၀ရန်တာအမိုးပွင့်ပေါ်ကနေ လမင်းကြီးနဲ့ ကြယ်တွေညီလာခံကို ငေးမောရင်း ကြည်နူးစရာ အတိတ်အကြောင်းလေးတွေ ပြန်ပြောရတာ သိပ်ကြည်နူးဖို့ကောင်းတယ်။ နှစ်ယောက်အတူထိုင်ရင်း သီချင်းသံလေး သဲ့သဲ့ဖွင့်ပြီး ကြယ်တွေစုံတဲ့ညကို အံ့သြငေးမောရင်း စကြာဝဠာကြီးရဲ့ ဆန်းကျယ်မှုကို နှစ်ယောက်သား ရင်သပ်ရှုမော ဖြစ်နေတက်တာလေ။ တစ်ချို့ညတွေမှာတော့ ခြံထဲက ဒါန်းကလေးပေါ်မှာ အတူထိုင်ပြီး ဂစ်တာတီးရင်း သီချင်းတွေ အတူဆိုကြတယ်လေ။ သိပ်ကို ပျော်စရာ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပေါ့

နောက်တော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်း ပြောကြမယ်။ နှစ်သက်တဲ့သီချင်းတွေအကြောင်း ပြောကြမယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အကြောင်းပြောကြမယ်။ အနာဂတ်အတွက် တိုင်ပင်ကြဦးမယ်။ ရည်မှန်းချက်တွေ ဆန္ဒတွေဖလှယ်ကြဦးမယ်။ ကျွန်တော် အတိုက်အခိုက်တွေကြားမှာ ယိုင်နဲ့ခဲ့ရင်တောင် ဘယ်တော့မှ လဲကျမသွားရအောင် သူက အားပေးဖေးမခဲ့တယ်။ သူ့ရဲ့ အားပေးစကားတွေ၊ နှစ်သိမ့်စကားတွေနဲ့ နေ့သစ်တစ်ခုကို ရင်ဆိုင်ဖို့ ကျွန်တော် အမြဲအဆင်သင့်ဖြစ်ခဲ့တယ်။ ကျွန်တော်ဟာ သူ့ရဲ့ ခိုလှုံရာဖြစ်သလို သူဟာလည်း ကျွန်တော့်ရဲ့ ခိုလှုံရာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နားခိုရာ အိမ်ကလေးရယ် သူရယ် ကျွန်တော်ရယ် နောက်တော့ ရရှိလာမယ့် သားသမီးလေးတွေရယ် ကျွန်တော်တို့ရဲ့ မေတ္တာအသိုက်အမြုံကလေးကို မပျက်စီး မထိခိုက်ရလေအောင်၊ အမြဲရယ်သံလွင်လွင်လေးတွေ ပျံ့လွင့်နေအောင် စစ်မှန်တဲ့အချစ်မေတ္တာနဲ့ သစ္စာတရားနဲ့ တာဝန်သိတက်မှုနဲ့ ရိုးသားသန့်စင်မှုနဲ့ ယုံကြည်မှုနဲ့ စောင့်ရှောက်သွားမှာပါ။

လူသားအားလုံးလဲ မေတ္တာအေးရိပ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(အဲဒီ ခိုလှုံရာရင်ခွင်လေးတစ်ခုနဲ့ ခိုနားစရာအိမ်လေးတစ်လုံးကို ကျွန်တော် ရှာဖွေနေဆဲပါဗျာ။ ခိုနားခွင့်မရသေးပါဘူး။ တစ်နေ့နေ့မှာတော့ ခိုနားခွင့်ရမယ်ထင်ပါတယ်။ အခုတော့ မောပန်းနေတဲ့ ကျွန်တော့ဝိညဉ်ဟာ ပြေးလွှားဝဲလည်နေဆဲပါပဲ။)
This entry was posted on 8:51 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

10 comments:

On 9:27 PM , ကောင်းကင်ပြာ said...

အမလေး ကိုပန်းစကားရယ် ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ နောက်ဆုံးကျမှပဲ ဝိညဉ်ကြီးနဲ့ တိုးတော့တယ် ကို့ဆရာရေ၊ ကြိုးစားထား

 
On 10:10 PM , Dream said...

အာ... အရေးအသားက လန်ထွက်နေတာပဲ.. နောက်တော့ ဒီဝိညဉ်က အိပ်မက်မက်နေတာကိုး.. အဟိ... အရှေ့က ဦးကောင်းပြောသလိုပဲ .. ကြိုးစား ကြိုါ် စား..နော့်.. အမြန်ဆုံး နားခိုရာ ဇရပ်လေးမှာ မသင်းမေနဲ့ အမြန်တွေ့နိုင်ပါစေလို့ .. အဟီး.. :P :P


( အမြန်ဆုံး နားခိုရာ အိမ်လေးမှာ ကိုယ်ချစ်တဲ့သူနဲ့ အခုလို လှပတဲ့ အိပ်မက်တခုကို အမြန်တည်ဆောက်နိုင်ပါစေနော်...)

 
On 11:25 PM , နှင်းပွင့်ဖြူ said...

ခိုလှုံစရာရင်ခွင်လေးတစ်ခုနဲ့ ခိုလှုံစရာအိမ်တစ်လုံး အမြန်ဆုံးရှာတွေ့နိုင်ပါစေရှင် .......

 
On 8:14 AM , Welcome said...

နွေးထွေးလုံခြုံပြီး
ပြီးပြည့်စုံတဲ့ ခိုလှုံရာအမှန်ကို
အမြန်ရှာတွေ့နိုင်ပါစေ .. ..
(အမှန်တော့ တရားဓမ္မတွေဖြစ်နိုင်တယ်)

 
On 9:53 AM , Anonymous said...

စာ အရေး အသား လေး ကောင်းလိုက်တာ..
စိတ်ကူးယဉ်ပုံ လေးက လဲ...နှစ်သက်စရာလေး..
..
အဲ
..ကြော်ငြာ သလိုမျိုးလေး...း)...
ကျနော်က တော့ ဘယ်လိုမျိုးလေး နှစ်သက်ပါတယ်..
ပြီးတော့ ..ကျနော် ဘာတွေ လုပ်ပေးနိုင်တယ်..ဆိုတာမျိုး လေ...း)...
...
မျှော်မှန်းချက်တွေ အမြန်ဆုံး ပြည့်ဝပါစေ ရှင်...

 
On 12:22 PM , Anonymous said...

အဲဗျာ... ကြော်ငြာတာမဟုတ်ရပါဘူး။ အနော့စိတ်ကူးလေးကို မနေနိုင်မထိုင်နိုင် ထုတ်ရေးမိတာပါဗျာ..။ မမသီရိပြောမှပဲ စဉ်းစားမိပြီး ရှက်သွားပြီ.. အဟီး.. :D

 
On 2:13 AM , Anonymous said...

ဟာဗျာ အတော်နောက်တဲ့သူပဲ ကျနော်ကစာ
တွေဖတ်ပြီး သရေကျ အဲလေ အားကျနေတာ
နောက်ဆုံးကျမှရှာတုန်းတဲ့.... ။
စိတ်ကူးလေးတွေ ဖြစ်လာပါစေဗျာ။

 
On 7:56 PM , Anonymous said...

အင်... တစ်ကယ်ထင်နေတာ။ တော်တော်ကြည်နူးဖို့ကောင်းတာပဲလို့....... ဒီလိုခိုလှုံရာလေး မြန်မြန်ရှာတွေ့နိုင်ပါစေရှင်.... :)

 
On 9:54 PM , Anonymous said...

HI,
I visit to u. I read most of ur post. I love it. Try hard. I will ever visit to u.

 
On 11:36 AM , thinzar said...

ဖတ်လို့ကောင်းကောင်းနဲ့
ဖတ်နေတာ.... ကြည်နူးစရာကြီးလို့တွေးရင်း..
နောက်ဆုံးတော့ သူက လုပ်ချလိုက်ပြန်ပြီ...

စိတ်ကူးထဲကအိမ်လေး အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ....