Author: vanko
•9:25 PM
ဒီကာတွန်းလေးတွေက ကိုလူလရဲ့ ဘလော့ဂ်ကနေ ကူးယူဖော်ပြတာပါ။ သူလည်း ရေးဆွဲသူဘယ်သူမှန်းမသိပါဘူးတဲ့။ အီးမေးလ်က တဆင့်ရတာလို့ ပြောပါတယ်။ ကျွန်တော်ကာတွန်းလေးတွေကို သဘောကျလွန်းလို့ ပြန်ပြီးဝေမျှလိုက်တာပါ။ မြန်မာ့ပညာရေး ခေတ်ပြိုင်ပုံရိပ်လွှာလေးတွေပေါ့ဗျာ။ ပထမတစ်ခါကြည့်ပြီးရင် သဘောကျပြီး ဟုတ်လှချည်ရဲ့လို့ ခေါင်းတစ်ညိမ့်ညိမ့်ဖြစ်မယ်။ နောက် စေ့စေ့တွေးမိရင်တော့ မြန်မာ့ပညာရေးအတွက် ရင်လေးလာမယ်။ ပြီးရင် ဘယ်သူ့လက်ချက်ဆိုတာတွေးမိလို့ ဒေါသထွက်လာမယ်။ ခံစားမှု tempo လေးတွေပေါ့နော်။ ကိုယ်တိုင် ခံစားကြည့်လိုက်ကြပါဦး။











Links to this post
Author: vanko
•7:50 AM

UK အခြေစိုက် New Statesman သတင်းဝက်ဘ်ဆိုဒ်မှာ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုနဲ့ ပါတ်သက်တဲ့ သတင်းတစ်ပုဒ် ဖော်ပြထားပါတယ်။ မြန်မာ့ကျောက်စိမ်းနဲ့ လက်ဝတ်ရတနာတွေဟာ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာသန်းနဲ့ ချီပြီးရောင်းချနေရပါတယ်။ ဒါပေမယ့် မြန်မာ့ကျောက်စိမ်း ကုန်သွယ်ရေးကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေရမှုတွေ ရှိပါတယ်တဲ့။ အတင်းအဓမ္မခိုင်းစေမှုတွေ၊ ကလေးအလုပ်သမားတွေ၊ အဓမ္မနေရာဖယ်ရှားခံရတာတွေ၊ မူးယစ်ဆေးဝါးနဲ့ လိင်မှုကိစ္စအရှုပ်အထွေးတွေနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံ ၂၀၀၀၀ ထက်မနည်းဟာ နေရာတွေက ရွေ့ပြောင်းခံရပြီးတော့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အပေါင်းအပါ ကုမ္ပဏီတွေအတွက် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ခံနေရပါတယ်။ ကျောက်စိမ်းတူးဖော်တာ၊ သွေးတာ၊ ရောင်းဝယ်ဖောက်ကားတာတွေ အားလုံးကို စစ်ဗိုလ်ချုပ်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ အကျိုးအမြတ် အကြီးအကျယ်ရနေတဲ့ ဒီကုန်သွယ်ရေးရဲ့ အမြတ်ငွေတွေအားလုံးဟာ စစ်ဗိုလ်ချုပ်တွေအတွက် ဖြစ်နေပါတယ်။ နအဖဟာ လက်နက်ဝယ်ယူဖို့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း၃၃၀ ခန့်သုံးနေပါတယ်။ ဒီပမာဏဟာ တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲမှုစုစုပေါင်းထက် နှစ်ဆမကပိုပါတယ်။ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပြီး သာမန်လူတစ်ယောက်ရဲ့ ၀င်ငွေဟာ တစ်နေ့ကို ၁ ဒေါ်လာထက်နည်းပါတယ်။

အသက် ၃၀ ခန့်ရှိပြီဖြစ်တဲ့ ကျောက်စိမ်းတွင်းတူး အလုပ်သမားတစ်ယောက်က အခုလိုပြောပါတယ်။ “ကျွန်တော်တို့ ဘ၀တွေဟာ ပင်ပန်းဆင်းရဲပြီး စိတ်ပျက်စရာပါ။ ကျွန်တော်ဆို မူးယစ်ဆေးဝါးကို အမျိုးစုံအောင် သုံးစွဲပါတယ်။ ဘိန်းဖြူတို့ အရက်တို့ပေါ့။ ဘိန်းဖြူကို ဖားကန့်မှာရှိတဲ့ ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ စစ်တပ်နဲ့ အာဏာပိုင်တွေကို ပိုက်ဆံပေးထားတဲ့အတွက် သူတို့ကို ဘယ်သူကမှ ပိတ်ခိုင်းမယ့်သူ မရှိပါဘူး။” မူးယစ်ဆေးဝါးသုံးထားခြင်းအားဖြင့် မနှစ်က ကျောက်စိမ်းခိုးဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူ့သူငယ်ချင်းအကြောင်းကို မေ့ထားနိုင်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော်တို့ ဘ၀တွေက ခက်ခဲကြမ်းတမ်းတယ်ဗျာ။ ကျွန်တော်လည်း စိတ်ညစ်ပျောက်ချင်တာနဲ့ ဘိန်းဖြူကို စသုံးမိသွားတာပါပဲ” လို့ပြောပါတယ်။

ကျောက်စိမ်းတွင်းတွေမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မကြားချင် မမြင်ချင်အဆုံးပါပဲလို့ နယူးယောက်အခြေစိုက် ရှေ့နေအဖွဲ့တစ်ဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုထဲမှာ ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ အကြမ်းဖက်မှုတွေကို စစ်အစိုးရက ကျူးလွန်နေပါတယ်။ ကျောက်စိမ်းအပယ်စ ဖြတ်စလေးတွေကို ယူမိတဲ့ ဒေသခံတွေဟာ အရိုက်အနှက်ခံရ၊ တခါတရံ အသက်ပါဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

နအဖစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေပိုင်တဲ့ ကုမ္ပဏီတွေနဲ့ ဒေသခံအာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လိင်ကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ ဒါဟာ ဒေသတွင်းမှာ HIV/AIDS ရောဂါကို ကပ်ရောဂါတစ်ခုလို ပြန့်ပွားစေတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ UNAIDS ရဲ့ခန့်မှန်းချက်မှာ မနှစ်က မြန်မာပြည်မှာ AIDS ရောဂါကူးစက်ခံထားရသူပေါင်း ၂၄၀၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်ပြည်ရဲ့ ကျောက်စိမ်းလိုအပ်ချက်ကလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စိတ်ပူစေပါတယ်။ ဘေဂျင်းအစိုးရဟာ မြန်မာစစ်အစိုးရကို လက်နက်ရောင်းနေပြီး တရုတ်ကုမ္ပဏီ ၆၉ ခုဟာလည်း နအဖနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နေပါတယ်။ စည်းမျဉ်းဥပဒေတွေအရ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်ကျောက်စိမ်းတူးဖော်ခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာကုမ္ပဏီနဲ့ဖြစ်ဖြစ် စစ်အစိုးရနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ခွင့်ရှိပါတယ်။ မြန်မာပိုင်ကုမ္ပဏီဆိုတာကလည်း နအဖဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါတွေသာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာ့သဘာဝဓါတ်ငွေ့ကိုလည်း မျက်စောင်းထိုးနေပါတယ်။

“တရုတ်ပြည်ရဲ့ မြန်မာအပေါ်ချည်းကပ်မှုကို နားလည်ချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရပါမယ်။ တရုတ်ပြည်ရဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ကုမ္ပဏီတွေကို မြန်မာ့သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ တွန်းအားပေးနေပါတယ်” လို့ Burma Project at EarthRights International ရဲ့ project co-coordinator, Matthew Smith ကပြောပါတယ်။ ဒါဟာ အပြန်အလှန်အားဖြင့်တော့ တရုတ်ပြည်ရဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးပေါ်လစီဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကျိုးသက်ရောက်စေတဲ့ ၀ိရောဓိဖြစ်စဉ်တစ်ခုပဲလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပါတ်သက်ပြီး မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ တရုတ်ပြည်ကို တိုက်တွန်းနေပေမယ့်လည်း တရုတ်ပြည်အနေနဲ့ ပေါ်ပေါ်ထင်ထင် နိုင်ငံရေးအရ ဖိအားပေးမှာမဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒါပေမယ့် တရားမ၀င် တိုက်တွန်းမှုတွေတော့ ရှိပါတယ်။ ဒါဟာလည်း မြန်မာပြည်အတွင်းမှာ တိုးတက်လာနေတဲ့ တရုတ်လူမျိုးဦးရေနဲ့ တရုတ်ပြည်ရဲ့ အကျိုးစီးပွားအပေါ်မှာသာ အခြေခံပါတယ်။

တရုတ်အနေနဲ့ မြန်မာပြည်နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှာကို လိုလားတဲ့ လက္ခဏာမရှိပါဘူး။ တရုတ်နဲ့ အိန္ဒိယတို့ဟာ မြန်မာပြည်တည်ငြိမ်ရေးနဲ့ ပါတ်သက်လို့ ယူဆထားတာတစ်ခုရှိပါတယ်။ စစ်အစိုးရရှိနေမှသာ မြန်မာပြည်ဟာ ခုပုံစံအတိုင်း တည်ငြိမ်နေနိုင်ပြီး စစ်အစိုးရပြုတ်ကျသွားခဲ့ရင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာပြီး မတည်မငြိမ်ဖြစ်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးရဲ့ ကိုယ်ကျိုးစီးပွားသက်သက်သာ ကြည့်မှုနဲ့ မြန်မာပြည်သူတွေကို အထင်သေးနှိမ့်ချတဲ့ သဘောထားကလွဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။
Links to this post
Author: vanko
•6:48 PM
မနေ့က တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အနားက လုံခြုံရေးတွေကို လျှော့ချလိုက်တယ်လို့ ဒီကနေ့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။ သံဆူးကြိုးအတားအဆီးတွေနဲ့ လုံခြုံရေးတွေကို ဖယ်ရှားထားတယ်လို့ ဆိုပါတယ်။ ကားတွေ လူတွေလည်း လမ်းမှာလွတ်လွတ်လပ်လပ် သွားလို့ရပြီလို့ သိရပါတယ်။ ဒီသတင်းကို NLD က ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုပါတယ်။ အရပ်ဝတ် လုံခြုံရေး ၃ ၄ ဦးတော့ ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ စစ်အစိုးရနေနဲ့ သဘောထားပျော့ပြောင်းလာတာလား ဆိုတာကိုတော့ ဦးဥာဏ်ဝင်းက “မှတ်ချက်ပေးဖို့ စောပါသေးတယ်” လို့ ပြောပါတယ်။

ဒီလို လုံခြုံရေးတွေကို လျှော့ချပေးတာဟာ စနေနေ့က ကျင်းပခဲ့တဲ့ ASEM အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ ဖိအားပေးတောင်းဆိုခဲ့တာနဲ့လည်း ပတ်သက်နိုင်တယ်လို့ ယူဆကြပါတယ်။ အာဆီယံနဲ့ ဥရောပ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ၇ ကြိမ်မြောက် ASEM ထိပ်သီအစည်းအဝေးကို စနေနေ့က ဘေဂျင်းမှာ ကျင်းပခဲ့ပါတယ်။ တရုတ်ကြီးအနေနဲ့ မြန်မာအစိုးရကို နိုင်ငံတကာကို လှည့်စားဖို့အတွက် ဒီလိုလုပ်ဖို့ တိုက်တွန်းကောင်း တိုက်တွန်းပါလိမ့်မယ်။ သူ့မြေပေါ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတောင်းဆိုချက်ကို သူ့သြဇာခံနောက်မြီးဆွဲနိုင်ငံတစ်ခုက လုံးဝဂရုတစိုက်မရှိဘူးဆိုရင် သူ့ရဲ့ နိုင်ငံရေးသိက္ခာကို ထိပါးမှာ စိုးတယ်ထင်ပါတယ်။

အခုလို လုံခြုံရေးလျှော့ချပေးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကောင်းပေးမယ်ဆိုတဲ့ မျှော်လင့်ချက်အတုပေးပြီး နိုင်ငံတကာ ဖိအားတွေကို လျော့ပါးသွားအောင် လုပ်တာပဲဖြစ်မယ်ထင်ပါတယ်။ နအဖဟာ ဒါမျိုးတွေလုပ်လာတာ ကြာပါပြီ။ စိတ်ရင်းစေတနာမှန်နဲ့ မဟုတ်တာတော့ မြေကြီးလတ်ခတ်ရင်သာ လွဲချင်လွဲပါလိမ့်မယ်။ ကျွန်တော့အထင်တော့ နအဖ ကိုယ်တိုင်လည်း အကျဉ်းအကျပ်ထဲမှာ ချောင်ပိတ်မိနေပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်ကွင်တားနားကလည်း နအဖဟာ အရပ်သားအစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့ ဘာမှပြင်ဆင်ထားမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ အမျိုးသားညီလာခံဟာလည်း အတုအယောင်သာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အီးယူနဲ့ သြစတြေးလျတို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းသိပ်မပြောကြတော့ပဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဦးတည်ပြီး ဖိအားပေးနေတဲ့အတွက် စစ်အစိုးရရဲ့ (ငရဲသို့) လမ်းပြမြေပုံဟာ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမယ့်ကိန်းဆိုက်နေပြီလားလို့ တွေးမိစရာပါ။ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရင်လွတ်ပေး၊ တိုင်းရင်းသားလူမျိုးစုတွေပါအပါအ၀င် တွေ့ဆုံဆွေးနွေး၊ အခြေခံဥပဒေကို ဒီမိုကရေစီစံနဲ့ ကိုက်ညီမှသာ ကုလသမဂ္ဂနဲ့နိုင်ငံတကာက လက်ခံမယ့် အနေအထားမျိုးကို ဦးတည်နေပါတယ်။

အခုတစ်လောမှာလည်း အရပ်သားအစိုးရတက်လာတဲ့အခါ ဘိုသန်းရွှေက သမ္မတရာထူး၊ ဘိုမောင်အေးက ဒုသမ္မတ၊ တင်အောင်မြင့်ဦးက ၀န်ကြီးချုပ်ရာထူးတွေ ယူမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ နအဖအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အပိုင်တွက်ချက်ထားကြတာပါ။ ဒီသတင်းတွေ ထွက်ပေါ်လာတာကြောင့် သူတို့ရဲ့ အောက်တန်းကျမှု၊ ညစ်ပတ်မှုတွေကို ပိုသိလာပြီး နအဖအတွက် ကုလနဲ့နိုင်ငံတကာကို ဖျောင်းဖျလှည့်စားဖို့ ပိုခက်လာတဲ့ သဘောရှိပါတယ်။ နအဖရဲ့ အပိုင်တွက်ကိန်းဟာ အထစ်အငေါ့လေးတွေ တွေ့လာရပါပြီ။ ၆၂ ခုနှစ်ကစလို့ စစ်အစိုးရအနေနဲ့ အကြိမ်ကြိမ်း ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ဘူးပေမယ့် ဒီမိုဘက်တော်သားများက ဘယ်အခါမှ အခွင့်ကောင်းမယူနိုင်ခဲ့ကြပါဘူး။ အကြောင်းကြောင်းတွေကြောင့် ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ စစ်အစိုးရပြုသမျှ နုခဲ့ကြရတာပါ။ ဒီကနေ့ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများအနေနဲ့ရော Plan A တွေ၊ Plan B တွေ တိတိကျကျ ရှိကြရဲ့လားလို့ သိချင်ပါတယ်။
Links to this post
Author: vanko
•11:47 PM

လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရုတ်တရက် ဆုံးပါးသွားပါတယ်။ အခုလထဲမှာပဲ ကျွန်တော့်အစ်မရဲ့ခင်ပွန်း သင်္ဘောအရာရှိဟာ အာဖရိကငှက်ဖျားပိုးကြောင့် ဆုံးသွားပြီလို့ အီးမေးလ်ရပါတယ်။ ကိုယ်နဲ့ သိပ်မသက်ဆိုင်လှသူတွေ နာရေးကို သတင်းစာထဲဖတ်ရပေမယ့်လည်း ပြီးပြီးပျောက်ပျောက် ဖြစ်သွားတက်ပါတယ်။ အများစုကလည်း အသက်ကြီးမှ သေကြတာဆိုတော့ သေခြင်းတရားဟာ ကိုယ်နဲ့ သိပ်မဆိုင်သလိုပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားသူတွေ တွေ့ရတော့လည်း အင်း.. သနားပါတယ် ဆိုတဲ့အတွေးထက် သိပ်ပိုမတွေးမိပါဘူး။ အများအားဖြင့် ပြောပါတယ်...။ ငါလည်းသူ့လို ငယ်ငယ်ရွယ်ရွယ်မှာ သေသွားနိုင်တယ်ဆိုတဲ့ အတွေးမျိုး တစ်ခါတစ်လေမှသာ ရှားရှားပါးပါး တွေးမိတာပါ။ အများအားဖြင့်တော့ အမှတ်မဲ့ ကျော်ဖြတ်သွားလိုက်ကြတာပါပဲ။

ဆရာဦးအောင်သင်းပြောသလိုပဲ လူဆိုတာများ သူများထီပေါက်ရင်တော့ ငါလည်း ပေါက်နိုင်ကောင်းရဲ့ဆိုပြီး တွေးတက်ကြပေမယ့် သူများကားတိုက်သေသွားရင် ငါလည်းသူ့လိုအတိုက်ခံရနိုင်တယ်လို့ တွေးမိတဲ့သူ နည်းပါတယ်တဲ့။ အော်.. ခမျာများ ကံဆိုးလိုက်တာလို့ပဲ တွေးတက်ကြပါတယ်။ ကိုယ်လည်း ကံဆိုးသွားနိုင်တယ်ဆိုတာကိုတော့ မေ့ထားကြပါတယ်တဲ့။ ကိုယ့်အတွက် တစ်ကွက်ချန်ထားတဲ့ သဘောပေါ့နော်..။

အခုလို ကိုယ်နဲ့ နီးနီးစပ်စပ်လူတွေ ဆုံးသွားတဲ့အခါကြတော့လည်း သေခြင်းတရားကို ဆင်ခြင်မိပြန်ပါတယ်။ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီဆိုသလို မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်း သေသွားနိုင်တာပဲကိုး..။ တရားရိပ်သာတွေကတော့ “အသေမဦးမီ ဥာဏ်ဦးအောင် အားထုတ်ပါမည်” လို့ ၀ိပဿနာတရားအားထုတ်ဖို့ encourage လုပ်ကြပါတယ်။ အခုတော့ တရားအကြောင်း ခဏထားပြီး ဆက်စပ်တွေးမိတွေးရာလေးတွေ ရေးချင်ပါတယ်။

ကျွန်တော်တို့ ရာဇ၀င်မှာထင်ရှားတဲ့ စာတိုငညိုခေါ် ၀န်ဇင်းမင်းရာဇာနဲ့ မွန်ပညာရှိက ဗညားဒလ ထင်ပါတယ်။ မှားရင်လည်း သည်းညီးခံကြပါ။ ငယ်ငယ်က၊ လေးတန်းမှာထင်ပါတယ် သင်ခဲ့ရတဲ့စာပါ။ ထားပါတော့ အဲဒီပညာရှိနှစ်ယောက် တွေ့ဆုံကြတဲ့အခါ မွန်အမတ်က ငယ်တဲ့အတွက် နိမ့်ရာမှာနေပါတယ်တဲ့။ မင်းရာဇာက ကြီးသူဆိုတော့ မြင့်ရာပေါ့လေ။ အဲဒီမှာ မွန်ပညာရှိက မြန်မာပညာရှိကို ကြံတစ်ချောင်း ကပ်ပါတယ်တဲ့။ မင်းရာဇာလည်း ကြံကို အဖျားကနေ စပြီးသုံးဆောင်ပါသတဲ့။ အဲဒီအခါမှာ မွန်အမတ်က မေးပါတယ်။ “အဘိုး ဘာကြောင့် ကြံကို အဖျားက စပြီး သုံးဆောင်ရပါသလဲ” လို့ပေါ့။ ၀န်ဇင်းမင်းရာဇာက ပြန်ဖြေပါတယ်။ လောကနီတိအရ အရသာကို တဖြည်းဖြည်းသာ တိုး၍သုံးဆောင်ရာ၏လို့ ဆိုတဲ့အတွက် အဖျားကနေ စပြီး သုံးဆောင်ရခြင်းဖြစ်ပါတယ် ပေါ့။ အဲဒီအခါမှာ မွန်ပညာရှိက “အဘိုး မြတ်စွာဘုရား ဟောကြားထားသလို သေခြင်းတရားဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး ရောက်လာနိုင်တယ် မဟုတ်ပါလား။ ချိုသောအရသာရှိတဲ့ ကြံအရင်းပိုင်းမရောက်မီ အဘိုးသေသွားရင် အရသာကို မခံစားလိုက်ရ ဖြစ်သွားမှာပေါ့” လို့ ပြောတဲ့အခါမှ ဘိုးရာဇာက “ဟုတ်လှပေသည်။ သင့်စကားသည် ငါ့စကားထက်ပိုပြီး မြတ်ပေသည်။ ငါကား နီတိဆရာစကားကို ကိုးကားပေမယ့် သင်ကတော့ မြတ်စွာဘုရားရဲ့ စကားဖြစ်တဲ့အတွက် သင့်စကားသည် ပိုမြတ်ပါသည်” လို့ ပြောသတဲ့။ ဒီနေရာမှာ ၀န်ဇင်းမင်းရာဇာရဲ့ မှားတာကိုမှားတယ်လို့ ရဲရဲဝံ့ဝံ့ ၀န်ခံရဲတဲ့သတ္တိကို သိပ်သဘောကျစရာ ကောင်းပါတယ်။

ကျွန်တော်ပြောချင်တာက ဒီလိုပါ။ ကျွန်တော်တို့လည်း ဘိုးရာဇာလို မကြာခဏဖြစ်တက်ပါတယ်။ လောကသစ္စာတရားကို ဖော်ထုတ်ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေ ရှိပါလျက် တခြားအရာတွေကို အထင်တကြီးဖြစ်နေတက်တာပါ။ ပလေတိုးကြီးကတော့ ဘယ်လိုပြောတယ်၊ ဆော့ကရထိက ဘယ့်နှယ့်၊ နစ်ရှေးကတော့ ဘယ်ပုံ၊ ဟေဂယ်ကတော့ ဘယ်လိုစသည်ဖြင့် အထင်တကြီးပြောတက်ကြပါတယ်။ အနောက်တိုင်း ဖလော်ဆော်ဖီကို မလေ့လာရဘူး ပြောတာမဟုတ်ပါဘူး။ ကျွန်တော်လည်း လက်လှမ်းမီသလောက်တော့ ဖတ်ကြည့်တာပါပဲ။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာရဲ့ သစ္စာလေးပါးတရားကို ဖုံးကွယ်လောက်အောင်တော့ သူတို့ကို မဆည်းကပ်သင့်ဘူး ပြောတာပါ။ ကျွန်တော် ဥပမာ တစ်ခုပေးချင်ပါတယ်။ ကျွန်တော် လေးစားတဲ့ ဆရာကြီး ပါရဂူရဲ့ ၀တ္ထုတစ်ပုဒ်ပါ။ အိန္ဒိယ စာရေးဆရာတစ်ဦး (ကျွန်တော် နာမည်မမှတ်မိတော့ပါဘူး) ရဲ့ ၀တ္ထုကို ဘာသာပြန်ထားတဲ့ “စိတ္တရလေခါ” ဆိုတဲ့ ၀တ္ထုပါ။ ကချေသည်မတစ်ဦးအကြောင်းပါ။ အဓိဇာတ်ဆောင်က သိပ်မများပါဘူး။ ကချေသည်မရယ်၊ ရသေ့ရယ်၊ အင်း.. ရှင်ဘုရင်ရယ်ပေါ့။ ကောင်းမှု မကောင်းမှုဆိုတာ ဘာလဲလို့ ရှာဖွေတဲ့ ဇာတ်လမ်းပါပဲ။ ၁၅ နှစ်လောက်ရှိပြီမို့ ကျွန်တော်လည်း ဇာတ်လမ်းကို အသေးစိတ်မမှတ်မိတော့လို့ အတိုချုပ်ရရင်တော့ ကချေသည်မဟာ အမြတ်ဆုံးသဘော ရေးထားတယ်လို့ထင်ပါတယ်။ ရသေ့ဟာလည်း ကချေသည်မကို စိတ်နဲ့ ဖောက်ပြန်မိတဲ့အတွက် အပြစ်ရှိတဲ့အတွက် ရသေ့ရဟန်းဘ၀ဟာလည်း သစ္စာတရားနဲ့ မနီးစပ်သယောင်ရေးထားပါတယ်။ ကချေသည်မကတော့ သူ့အလုပ်ကိုသူလုပ်တယ် ရသေ့ကို မြူဆွယ်စရာရှိလည်း သူ့အလုပ်ဖြစ်တဲ့အတွက် သူလုပ်တာကြောင့် သူသာမြင့်မြတ်သူသဘောမျိုးရေးထားတာပါ။ (အဲလိုလုပ်ဖို့အတွက် ဘုရင်က ခိုင်းပါတယ်။) ကောင်းမှု မကောင်းမှုဆိုတာ လူအပေါ်မှာ အခြေအနေပေါ်မှာ မူတည်တယ်။ တကယ့်ပကတိတရားမဟုတ်ပဲ relative သဘောမျိုးလို့ ယူဆထားပါတယ်။ ကျွန်တော် မှတ်မိသလောက်ပါ။ မှားနေရင်လည်း ပြင်ပေးကြပါ။

ဗုဒ္ဓတရားတော်အရ ကောင်းမှု၊ မကောင်းမှု၊ ကုသိုလ် အကုသိုလ်မှာ ပကတိတရားပါ။ သူခိုးမို့ ခိုးတဲ့အလုပ်ကိုလုပ်တာ ကောင်းမှုလို့ ပြောမရပါဘူး။ သူခိုးပဲ ခိုးခိုး၊ ရှင်ဘုရင်ပဲ ခိုးခိုး အကုသိုလ်ဟာ အကုသိုလ်ပါပဲ။ အဲဒီတော့ အဲလို အတွေးအခေါ်နဲ့ ၀တ္ထုတစ်ပုဒ်ကို ဆရာကြီးပါရဂူအနေနဲ့ ဘာကြောင့် ဘာသာပြန်ခဲ့သလဲလို့ ဘ၀င်မကျခဲ့ပါဘူး။ စာဖတ်ပရိတ်သတ်အတွက် အကျိုးတစ်စုံတစ်ရာ ရမယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ အဲဒီစာအုပ်ဟာ အဲဒီအချိန်က အတော်နာမည်ကြီးခဲ့ပါတယ်။ အဲဒီအယူအဆတွေလည်း မရင့်ကျက်သေးတဲ့ လူငယ်တွေ၊ လူကြီးတွေကြားမှာ အထိုက်အလျှောက်တော့ သြဇာသက်ရောက်ခဲ့ပါတယ်။ တစ်ခုရှိတာကတော့ မြန်မာ့ထုံးစံအတိုင်းပဲ ကြာတော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာကတော့ တစ်ပိုင်းပေါ့လေ။ ကျွန်တော်အနေနဲ့ကတော့ စပြီးဖတ်ရကတည်းက ဘ၀င်မကျခဲ့ပါဘူး။ အခုနေ ပြန်ဖတ်ရမယ်ဆိုရင်တော့ ပြန်ဖတ်ကြည့်ချင်ပါသေးတယ်။ တခြားတစ်ခုခုများ ထပ်ထွက်လာမလားလို့ မျှော်လင့်ကြည့်ချင်ပါသေးတယ်။

စိတ်ပညာနဲ့ ပတ်သက်ရင်လည်း စိတ်ခွဲပညာရှင် ဖရွိုက်ကတော့ ဘယ်လို ခွဲခြမ်းထားတယ်ဆိုတာမျိုး ပြောကြပါတယ်။ ကျွန်တော်သိသလောက်တော့ ဗုဒ္ဓလောက် ဘယ်သူမှ ဒီလောကထဲမှာ စိတ်ကို ခွဲခြမ်းစိတ်ဖြာပြီး ဟောပြောနိုင်သူမရှိပါဘူး။ နောင်လဲ ရှိလာမှာမဟုတ်ပါဘူး။ စိတ်ဆိုတာ အာရုံကို သိတက်တဲ့ သဘောတရား၊ အရေအတွက်အားဖြင့် အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါး။ စိတ်ကိုမှီပြီး ဖြစ်တက်တဲ့ စေတသိတ်တရား ၅၂ ပါး။ ဒါတွေကို ဘယ်တွေးခေါ်ပညာရှင် ဘယ်စိတ်ပညာရှင်မှ မဟောပြောနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အဖိုးအနဂ္ဂထိုက်တဲ့ ပတ္တမြားရတနာကို ပစ်ပြီး ရောင်စုံကျောက်စရစ်ခဲကို တရှိုက်မက်မက်ရှာဖွေနေသူတွေ မဖြစ်ကြအောင်၊ ဖီလိုဆိုဖာတွေကို အလွန်အကျူး မကိုးကွယ်မိဖို့ သတိထားမိဖို့ တွေးမိသမျှလေးတွေပါ။ ကျွန်တော့် အယူအဆကိုလည်း လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ရှိပါတယ်။

စောစောက အကြောင်းပြန်ကောက်ရရင် “ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ” ဆိုသလိုပဲ သေခြင်းတရားဟာ ဘယ်အချိန် ဘယ်အခါ ရောက်လာမယ်ဆိုတာ ဘုရား ရဟန္တာမှတစ်ပါး မသိနိုင်လို့ အသေမဦးခင် ဥာဏ်ဦးအောင် ၀ိပဿနာတရားကို အရွယ်သုံးပါးမရွေး အားထုတ်ထားကြမှသာ တကယ်ကြုံလာတဲ့အခါ မတုန်မလှုပ်ပဲ ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လောကမှာ ပုထုဇဉ်တွေအနေနဲ့ ကြိုတင်မသိနိုင်တဲ့ တရားငါးပါး ရှိပါတယ်တဲ့။ အဲဒါတွေကတော့ ..
၁။ ဇီဝိတ - ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး။
၂။ ဗျာဓိ - ဘယ်အနာရောဂါမျိုးနဲ့ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး။
၃။ ကာလ - မနက်လား၊ နေ့လား၊ ညလား၊ ဘယ်အချိန်ဘယ်ကာလမှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး။
၎။ ဒေဟနိက္ခေပနံ - ဘယ်နေရာ၊ ဘယ်ဒေသမှာ သေရမယ်။ ဘယ်သုဿာန်မှာ သင်္ဂြိုဟ်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး။
၅။ ဂတိ - သေပြီးရင် ဘယ်ဘုံ ဘယ်ဘ၀ရောက်ရမယ်ဆိုတာလည်း ကြိုမသိနိုင်ပါဘူးတဲ့။

ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ)က “ဒီလောက် ဘ၀အာမခံချက်မရှိတဲ့ ပုထုဇဉ်ဘ၀မှာ ဒိဋ္ဌိပြုတ်ကြောင်းတရားကို နာကြားအားထုတ်မထားပဲ ပေါ့ပေါ့တန်တန် နေရဲကြသူတွေအတွက် အင်မတန်မှ ရင်လေးစရာကောင်းပါတယ်” တဲ့။

မြတ်စွာဘုရားကလည်း ဗုဒ္ဓကသံယုတ်ပါဠိတော်မှာ -
သတ္တိယာ ၀ိယသြမဋ္ဌော၊
ဒယှမာနောဝမတ္တကေ။
သက္ကာယ ဒိဋ္ဌိပဟာနာယ၊
သတောဘိက္ခုပရဗ္ဗဇေ။
လို့ ဟောကြားထားပါတယ်။ အဓိပ္ပါယ်ကတော့ ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်ခံနေရသူတို့ဟာ လှံကို မြန်မြန်နုတ်၊ မီးကို မြန်မြန်ငြိမ်းရသလို ၀ိပဿနာသတိတရားရှိသူဟာလည်း သက္ကာယဒိဋ္ဌိကို မြန်မြန်နုတ်ပစ်ပါလို့ ဆိုလိုပါတယ်။

ကျွန်တော်တို့လည်း သက္ကာယဒိဋ္ဌိတွေပြုတ်ပြီး တရားထူးတွေရသည့်အထိ မဟုတ်တောင်မှ အထုံပါရမီလေးရအောင်၊ တရားအရသာလေးကို နည်းနည်းဖြစ်ဖြစ် သိရအောင် အချိန်ရတိုင်း ၀ိပဿနာတရားကို အားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော်ကတော့... အဟဲ.. အခုထိ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘူးသေးပါဘူးဗျာ။ သူများကိုပဲ ဆရာလုပ်တတ်တာ။ ကိုယ်တိုင်ကျင့်ဖို့ကျတော့ အတော်ခက်တာကလား..။
Links to this post
Author: vanko
•7:59 PM
Part three (The End)

တရုတ်ပြည်ရဲ့ ဒီကနေ့ ပြဿနာက ပြင်ပကမ္ဘာမှာ တရုတ်အနေနဲ့ ဘာကို ကိုယ်စားပြုနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖော်နိုင်တဲ့ စကားလုံးမရှိသေးတာပါပဲ။ ဘေဂျင်းအစိုးရဲ့ အာဏာရှင်အစိုးရပုံစံနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ရောသမမွှေထားတဲ့ ပေါ်လစီဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာ ပေါ်ပြူလာဖြစ်နေပါတယ်တဲ့။ ဘေဂျင်းရဲ့ အုပ်ချုပ်မှုအောက်မှာ အစိုးရခေါင်းဆောင်တွေဟာ အကျိုးအမြတ်ရဖို့ စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအကြောင်း ပိုင်စိုးပိုင်နင်းနဲ့ သြဇာအပေးခံရတာမျိုးလဲ မရှိပါဘူးတဲ့။ (မကြာသေးမီကမှ တီဗွီမှာ အခကြေးငွေယူပြီး လက်စွမ်းပြ ချက်ပြုတ်ပြခဲ့လို့ ရာထူးကနုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း စမတ်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ အခုလက်ရှိ ၀န်ကြီးချုပ်ဟာလဲ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ဆုံမှုအတွက် တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်ဖို့ ဖိအားအပေးခံနေရပါတယ်။)

ဒါပေမယ့် တရုတ်ကြီးရဲ့ မိုဒယ်လ်ဟာ သူနဲ့ ယဉ်ကျေးမှုစရိုက်တန်ဖိုး ဆင်တူတဲ့ အရှေ့အာရှနိုင်ငံတွေမှာသာ အလုပ်ကောင်းကောင်း ဖြစ်နိုင်ပါတယ်တဲ့။ တရုတ်ဧကရာဇ်တွေခေတ်မှာ ဘုရင့်အာဏာကို ထိန်းချုပ်ကန့်သတ်မှု လုံးဝမရှိပါဘူး။ အဲဒီအစားကို ရှင်ဘုရင်လုပ်သူရဲ့ ကိုယ်ကျင့်တရားဆိုင်ရာအသိပညာနဲ့ ပြည်သူ့လုပ်ငန်းတွေကို ဇောင်းပေးအာရုံစိုက်ကြတဲ့ ထိပ်တန်း ဗျူရိုကရက် အလ်လိ(တ်) (elite ကို အီလစ်တွေလို့ အတော်များများက အသံဖလှယ်ကြပါတယ်။ ကျွန်တော်ကတော့ အလ်လိ(တ်) လို့ပဲကြားပါတယ်။) တွေကပဲ (အများပြည်သူအတွက်) တာဝန်ရှိတယ်လို့ ခံစားရတဲ့အသိကို တွန်းအားပေးပါတယ်တဲ့။ ဒီအမွေဟာ ခေတ်သစ်ဂျပန်ကို ထူထောင်ခဲ့တဲ့ မေဂျီမင်းမျိုးမင်းနွယ် အထက်တန်းလွှာတွေကနေ ဒီနောက်ပိုင်းခေတ် အာဏာရှင်တွေဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ပတ်ချုံဟီး၊ စင်္ကပူရဲ့ လီကွမ်ယူးနဲ့ အခုလက်ရှိ တရုတ်ခေါင်းဆောင်တွေအထိ သြဇာသက်ရောက်မှု ရှိပါတယ်တဲ့။ (လီကွမ်ယူးကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သူ authoritarian ruler စာရင်းမှာ ထည့်ထားတာ ဘာကြောင့်လဲဆိုတာ ကျွန်တော် သြဂုတ်လမှာရေးခဲ့တဲ့ A Two Headed Horse Blocking Burma's Way To Democracy ပို့စ်ကို ဖတ်ကြည့်ရင် ရေးရေးတော့ ဆ၀ါးမိမယ်ထင်ပါတယ်။)

ဒီ ဖခင်ကြီးပုံစံ အုပ်ချုပ်မှုဟာ (ဖခင်ကြီးပုံစံ အုပ်ချုပ်မှုဆိုတာ လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်ပေးမယ် ဒါပေမယ့် ငါထားသလိုနေ၊ ပြန်မပြောနဲ့ အခွင့်အရေးမတောင်းဆိုနဲ့ဆိုတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မပေးတဲ့ အုပ်ချုပ်မှုပုံစံပါ) အာဖရိ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက အုပ်ချုပ်မှုပုံစံတွေနဲ့တော့ စပ်ဆက်မရလောက်အောင်ကို ကွဲပြားပါတယ်တဲ့။ အဲဒီတိုင်းပြည်တွေမှာ အများပြည်သူအတွက် ထည့်သွင်းစဉ်းစားတဲ့ အာဏာရှင်ပုံစံနဲ့ အလွန်အလှမ်းဝေးပါတယ်လို့ ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာတွေကို ခိုးဝှက်ယူဖို့ သူခိုးဇာတာပါတဲ့ ဇိုင်ယာနိုင်ငံရဲ့ Mobutu Sese Seko ၊ လိုင်ဘေးရီးယားရဲ့ စစ်အာဏာရှင် Charles Taylor ၊အကျင့်ပျက်ခြစားမှုတွေနဲ့ နိုင်ဂျီးရီးယား တို့လို တိုင်းပြည်တွေပဲ အာဖရိကမှာ တွေ့နိုင်ပါတယ်တဲ့။

ဒါတွေကို ကြည့်ရင် ကမ္ဘာကြီးဟာ ပိုပြီးလုံခြုံလာသလို တစ်ချိန်တည်းမှာပဲ ပိုပြီး အန္တရာယ်ရှိလာပါတယ်တဲ့။ ပိုပြီးလုံခြုံလာရတဲ့ အကြောင်းကတော့ အင်အားကြီးနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားဟာ ကမ္ဘာစီးပွားရေး ဖွံ့ဖြိုးစည်ပင်မှုနဲ့ အများကြီး စည်းနှောင်ထားတဲ့အတွက် တည်ငြိမ်နေတဲ့ အခြေအနေကို ကပြောင်းပြန်မလုပ်မိဖို့ ကန့်သတ်ထားသလိုဖြစ်နေတဲ့ အတွက်ပါပဲ။ ပိုပြီး အန္တရာယ်ရှိလာရတဲ့ အကြောင်းကတော့ အရင်းရှင်စနစ်ကို ကျင့်သုံးနေတဲ့ အာဏာရှင်နိုင်ငံတွေဟာ သူတို့နဲ့တန်းတူ အာဏာရှင် ကွန်မြူနစ်တိုင်းပြည်တွေထက်ပိုပြီးချမ်းသာ ပိုပြီး ပါဝါကောင်းလာနိုင်တဲ့အတွက်ပါပဲတဲ့။ စီးပွားရေး ဆင်ခြင်တုံတရားက နိုင်ငံရေး ရမ္မက်ဆန္ဒကို အနိုင်မယူနိုင်တော့တဲ့အခါမှာ အပြန်အလှန်မှီခိုနေကြတဲ့ ကမ္ဘာတစ်ခုလုံး ထိခိုက်လာမယ်လို့ ဆိုပါတယ်။ (အတိတ်မှာ ဒါမျိုးတွေ ဖြစ်ခဲ့ဘူးပါတယ်တဲ့။ စီးပွားရေးအင်အားတောင့်တင်းလာတဲ့အခါ နိုင်ငံရေးဘက်မှာလည်း လွမ်းမိုးချယ်လှယ်ချင်လာတဲ့ သဘောတွေရှိပါတယ်တဲ့။)

အာဏာရှင်ဝါဒ ပြန်ရှင်သန်လာမလားဆိုတဲ့ ထင်ကြေးတွေဟာ ကျွန်တော်တို့ကို တကယ့်အရေးတကြီး ကိစ္စတွေကနေ အာရုံပြောင်းသွားစေတာမျိုးလည်း မဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။ တကယ့် အရေးတကြီးကိစ္စတွေဆိုတာက ကမ္ဘာကြီးရဲ့ ထုတ်လုပ်နိုင်စွမ်းအားဟာ မရှိမဖြစ်ကုန်တွေဖြစ်တဲ့ ရေနံ၊ အစားအစာနဲ့ ရေ တွေကို တောင်းဆိုချက် လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်မလားဆိုတာမျိုးတွေပါတဲ့။ တကယ်လို့သာ ဒီလိုမထုတ်လုပ်နိုင်ဘူးဆိုရင်တော့ တစ်ယောက်သာရင် တစ်ယောက်နာရမယ့် အနေအထားကို ရောက်သွားပါမယ်တဲ့။ တစ်နိုင်ငံရဲ့ အကျိုးစီးပွားဟာ တခြားတစ်နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်လာပါမယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ ကောင်းမွန်တဲ့ အင်စတီကျူးရှင်းတွေ ရှိ မရှိ ဆိုတာထက် သဘာဝအရင်းအမြစ်တွေနဲ့ ပထ၀ီဝင် အနေအထားအသာစီးရမှုတွေပေါ်မှာ ပိုပြီးတည်မှီလာမယ်လို့ ဆိုပါတယ်။ (ကျွန်တော်တော့ ဒီလို ၁၇ ၁၈ ရာစုနှစ်လောက်က အခြေအနေမျိုး ပြန်မရောက်နိုင်ဘူးလို့ ထင်တာပဲ။)

ဖူကူယားမားအနေနဲ့ သူ့ရဲ့ လစ်ဘရယ်ဒီမိုသာ ပြိုင်ဘက်မရှိ အိုင်ဒီအိုလော်ဂျီတစ်ခု ဖြစ်တယ်ဆိုတဲ့ အယူအဆကိုပဲ ထပ်ပြီးသက်သေပြဖို့ ကြိုးစားတာပါပဲ။ အော်တိုကရေစီဟာလည်း ဒီမိုရဲ့ လောက်လောက်လားလား ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအရေးထက် အနာဂတ်စွမ်းအင်ပြဿနာလို ကိစ္စတွေကို အာရုံစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကနေ့ ရင်ဆိုင်နေရတာက ဒီမိုကရေစီဟာ ပြိုင်ဘက်မရှိ အိုင်ဒီအိုလော်ဂျီ ဖြစ်မဖြစ်ဆိုတာထက် ဒီမိုကမ္ဘာကို နှစ်သိမ့်နိုင်ဖို့ အော်တိုကရက်တွေရဲ့ အတုအယောင် ဒီမိုကရေစီပြဿနာသာဖြစ်ပါတယ်။ ဒီမိုဟာ အများလက်ခံထားတဲ့ အိုင်ဒီအိုလော်ဂျီတစ်ခုဆိုရင် အဲဒီအများနဲ့ ရောယောင်ပြီး ရှင်သန်နိုင်ဖို့ အော်တိုကရက်တွေဟာ ကလီစာထုတ်ထားတဲ့ ဒီမိုအခွံကို ချပေးပြီး သူတို့ကိုယ်သူတို့ အင်အားကြီးထွားအောင် လုပ်နေတာပါပဲလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကို ဘယ်လိုတားဆီးမလဲဆိုတာကို အဖြေရှာသင့်နေပါပြီ။

(ဒီဆောင်းပါးကို ဘာသာပြန်တဲ့နေရာမှာ political terms တွေအများကြီးပါတဲ့အတွက် အခက်အခဲတွေ့ရပါတယ်။ နောက်ပြီး ကျွန်တော် လက်လှမ်းမမှီတဲ့ သမိုင်းအဖြစ်အပျက်တွေလည်း ပါလို့အခက်အခဲရှိပါတယ်။ ကျွန်တော်သေချာမသိတဲ့ အချို့ အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့ပါတယ်။ မသိပဲ မပြောချင်လို့ပါ။ ဒီစာဟာ အစီအစဉ်မကျ ကမောက်ကမနဲ့ အဓိပ္ပါယ်မပေါက်ခဲ့ရင် ကျွန်တော့်ရဲ့ ချို့ယွင်းအားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။)
Links to this post
Author: vanko
•7:04 PM
Part 2

အိုင်ဒီယာနဲ့ အိုင်ဒီအိုလော်ဂျီ အကြောင်းပြောကြမယ်ဆိုရင်တော့ ဒီကနေ့ခေတ် အော်တိုကရက်တွေဟာ ဒီအပိုင်းမှာ အံအားသင့်လောက်စရာကို အားနည်းကြပါတယ်တဲ့။ နာဇီဂျာမနီ၊ ဆိုဗီယက်ယူနီယံနဲ့ မော်စီတုန်းရဲ့ တရုတ်ပြည်တို့ဟာ တကယ်ပဲ ကမ္ဘာကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီတိုင်းပြည်တွေဟာ အင်အားကောင်းတဲ့ အိုင်ဒီယာတွေအပေါ်မှာ အခြေခံထားပြီး ကမ္ဘာ့နိုင်ငံတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ အလားအလာတွေရှိခဲ့ပါတယ်တဲ့။ (တကယ်လည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစမှာ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံအများအပြားဟာ ရဲရဲနီခဲ့ကြတာကို မှတ်မိကြမှာပါ။) အဲဒါကြောင့်လည်း နိုင်ကာရာဂွာနဲ့ အန်ဂိုလာ တွေမှာ ဆိုဗီယက်လက်နက်တွေနဲ့ စစ်အကြံပေးတွေကို တွေ့ကြရတာပါတဲ့။ အခုချိန်မှာတော့ ဒီလို အာဏာရှင်တိုင်းပြည်တွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မရှိတော့ပါဘူးတဲ့။ အခု အာဏာရှင်လက်သစ်တွေ ရှေ့ထွက်လာကြပေမယ့် လစ်ဘရယ်ဒီမိုကရေစီသာ အင်အားအကောင်းဆုံး ဆွဲဆောင်မှုအရှိဆုံး အိုင်ဒီယာတစ်ခု ဖြစ်နေတုံးပါပဲလို့ သူကဆိုပါတယ်။ ပူတင်နဲ့ ချာဗက် အပါအ၀င် အော်တိုကရက် အများစုဟာ သူတို့အနေနဲ့ အပြင်ကမ္ဘာရဲ့ ဒီမိုကရေစီထုံးတမ်းဓလေ့တွေနဲ့ လိုက်ညှိမှ ရပ်တည်နိုင်မယ်လို့ ခံစားမိကြပါတယ်။ ဒါကြောင့်တစ်ချိန်ထဲမှာပဲ ဒီမိုကရေစီရဲ့ တကယ့်အနှစ်သာရကို ထုတ်နုတ်ထားတဲ့ ဒီမိုကရေစီအခွံကို ပေးဖို့ကြိုးစားကြပါတယ်တဲ့။ တရုတ်သမ္မတ ဟူကျင်းတောင်ကလဲ ဘေဂျင်းအိုလံပစ်မှာ ဒီမိုကရေစီအကြောင်းပြောကြတာကို အကျပ်ကိုင်ခံရသလို ခံစားရပါတယ်တဲ့။

ရုရှားနဲ့ တရုတ်တို့ဟာ ခေါင်းနဲ့ပန်းလိုဖြစ်တဲ့ ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒနှစ်ခုအနက် အရင်းရှင်စီးပွားရေးဝါဒကို ကျေကျေနပ်နပ်ကြီး လက်ခံနေကြတာကိုကြည့်ရင် စစ်အေးခေတ်ကိုပြန်သွားနေတယ်ဆိုတဲ့ အဆိုကို လက်ခံဖို့ခက်ပါလိမ့်မယ်တဲ့။ (စတာလင်နဲ့ မော်စီတုံးတို့ဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး တံခါးပိတ်စီးပွားရေးစံနစ် self-defeating, autarkic economic policies ကို ကျင့်သုံးခဲ့ကြတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။) အခုတရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ တရားဝင်ရပ်တည်နိုင်မှုဟာ အန္တရာယ်ဖြစ်လောက်အောင် အတက်ကြမ်းနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဆက်ထိန်းထားနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ သဘောပေါက်ကြပါတယ်တဲ့။ ရုရှားမှာတော့ အရင်းရှင်ဝါဒကို ထွေးပွေ့ထားဖို့ စီးပွားရေးဆိုင်ရာလှုံ့ဆော်မှုက ပုဂ္ဂိုလ်ရေးပိုဆန်ပါတယ်တဲ့။ ပူတင်နဲ့ ရုရှားရဲ့ ထိပ်တန်းအခွင့်ထူးခံတွေဟာ နိုင်ငံရဲ့ သဘာဝရင်းမြစ်တွေနဲ့ တခြားအဖိုးတန် သယံဇာတတွေကနေ ဧရာမအကျိုးအမြတ်တွေရနေလို့ပါပဲတဲ့။

အိုင်ဒီယာကမ္ဘာထဲမှာတော့ ဒီမိုကရေစီရဲ့ အဓိကတစ်ခုတည်းသော ပြိုင်ဘက်က အစွန်းရောက် အစ္စလမ်ဝါဒပါပဲတဲ့။ ဒီကနေ့ ကမ္ဘာပေါ်မှာ အန္တရယ်အရှိဆုံးတိုင်းပြည်ကတော့ အစွန်းရောက် ရှီးယိုက်ဘာသာရေးခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့ အီရန်နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်တို့ကတော့ အမျိုးသားရေးဝါဒကနေ ဆင်းသက်လာကြပြီး တစ်ယောက်နဲ့ တစ်ယောက်လဲ ပုံသဏ္ဍာန်မတူကြပါဘူးတဲ့။ ကံမကောင်းစွာပဲ ရုရှားဟာ သူ့ရဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့နိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ အစပ်အဟပ်မတည့်လှတဲ့ အမျိုးသားရေးဝိသေသဗားရှင်းကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ဒီကနေ့ရုရှားဟာ အရင်ဆိုဗီယက်ပြည်ထောင်စုနဲ့ အများကြီး ခြားနားပါတယ်တဲ့။ ပူတင်ကို ခေတ်သစ် ဇာဘုရင်လို့ ခေါ်ကြပါတယ်။

ဘေဂျင်းအိုလံပစ်မှာ ဂုဏ်ယူစွာ ခင်းကျင်းပြသသွားခဲ့တဲ့ တရုတ်အမျိုးသားရေးဝါဒကတော့ ပိုပြီး ရှုပ်တွေးပါတယ်တဲ့။ တရုတ်ဟာ သူ့ရဲ့ နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲတွင်းကဆွဲထုတ်နိုင်ခဲ့တာကို အသိအမှတ်ပြုခံလိုပါတယ်။ ဒါပေမယ့် ဒီအမျိုးသားရေးဂုဏ်ရဲ့ အဓိပ္ပါယ်ကို တရုတ်ရဲ့နိုင်ငံခြားရေးဝါဒအဖြစ် ဘယ်လို ဘာသာပြန်မလဲဆိုတာကို မသိနိုင်ကြသေးပါဘူးတဲ့။ ပေါက်ကွဲလုလု တိုင်ဝမ်အရေးကလွဲရင် တရုတ်ကြီးမှာ လွန်ကဲပြင်းထန်တဲ့ နာကျည်းချက်တွေ မရှိပါဘူးတဲ့။ ရုရှားလိုမျိုး နေတိုးက အရင်ဆိုဗီယက်ယူနီယံထဲက နိုင်ငံတွေအထိ ချဲ့ထွင်လာလို့ သူ့အင်ပါယာကြီး ကျုံ့လာတာကို စိတ်ထဲက နာသာခံခက်ဖြစ်နေရတာမျိုး မရှိပါဘူးတဲ့။ နောက်ပြီးတော့ ဘေဂျင်းအစိုးရအနေနဲ့ ရှောင်လွဲမရတဲ့ စီးပွားရေးလေးအီမှုနဲ့ ကြုံလာရတဲ့အခါ သူ့ပြည်တွင်းကို တည်ငြိမ်အောင် ကြိုးစားနေရတာနဲ့ ယားလို့တောင် ကုတ်အားမှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

နောက်နေ့မှဆက်မယ်နော်...

Links to this post
Author: vanko
•9:50 PM
ကမ္ဘာကြီးမှာ အော်တိုကရက်တွေ ပြန်ပြီးခေါင်းထောင်လာနေပြီလား။ စစ်အေးတိုက်ပွဲကာလကို ပြန်သွားနေပြီလား ဆိုတဲ့ မေးခွန်းတွေ ကြိုကြားကြိုကြား ပေါ်ထွက်နေတာ ကြာပါပြီ။ ဟိုတစ်လောက ရုရှားရဲ့ ဂျော်ဂျီယာကျူးကျော်စစ်ကို ထောက်ပြကြပြီး ဒီမေးခွန်းတွေ ပိုပြီးကျယ်လောင်လာပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Johns Hopkins University's School of Advanced International Studies က ပရော်ဖက်ဆာ Francis Fukuyama ရဲ့ ဆောင်းပါးလေးကို ကိုးကားပြီး ဖော်ပြချင်ပါတယ်။ ဒီဆောင်းပါးကို The Washington Post မှာ ဖေါ်ပြခဲ့တာ သြဂုတ်လကတည်းကပါ။ ရေးမယ်ရေးမယ်နဲ့ တေးထားတာ ကြာပါပြီ။ အခုစာတွေပြန်ဖတ်ရင်း တွေ့မိလို့ ကောက်ရေးလိုက်ပါတယ်။ နို့မို့ဆိုရင် ရေးကိုရေးဖြစ်မှာ မဟုတ်တော့ဘူး။ အပျင်းကလဲ ထူတာကိုး...။

ဖူကူယာမားကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုဘူး ထင်ပါတယ်။ The End of History အက်ဆေးနဲ့ ပွဲဆူအောင် လုပ်ခဲ့သူပေါ့။ ဖူကူယားမားက ကမ္ဘာပေါ်က ကြီးနိုင်ငယ်ညှင်းနိုင်ငံတွေ၊ world's bullies လို့ သူကသုံးပါတယ်။ ကိုယ့်ထက်အားနည်းတဲ့ ပြည်သူတွေ၊ တိုင်းပြည်တွေကို အနိုင်ကျင့်တက်တဲ့ တိုင်းပြည်တွေကို ပြောတာပါ။ အဲဒီတိုင်းပြည်တွေဟာ သူတို့ကို အများကအင်အားရှိတဲ့ သူတွေလို့ အထင်ရောက်အောင် မာဆယ်တွေ ထုတ်ပြနေကြပါတယ်တဲ့။ ဒါပေမယ့် သူတို့ ဘယ်လောက်အထိများ သွားနိုင်မလဲ၊ သူတို့ သွားနိုင်သလောက်ဟာ အခုလက်ရှိ အနေအထားထက် မပိုပါဘူးလို့ ကောက်ချက်ချပါတယ်။ သမိုင်းက သူတို့ဘက်မှာ မရှိပါဘူးတဲ့။

ကျွန်တော်တို့ အော်တိုကရက်ခေတ်ကို ၀င်ရောက်လာပြီလားလို့ သူကမေးခွန်းထုတ်ပါတယ်။ လတ်တလော ရုရှားရဲ့ ဂျော်ဂျီယာကို နှိပ်ကွပ်ခဲ့မှုက ဒီလိုတွေးဖြစ်အောင် မီးလောင်ရာလေပင့်စေပါတယ်တဲ့။ ဒီကျူးကျော်မှုဟာ ကမ္ဘာ့နိုင်ငံရေးရဲ့ အဆင့်သစ်တစ်ခုကို ရောက်လာပြီဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်စေပါတယ်တဲ့။ ဒါပေမယ့် ဒါဟာ ကမ္ဘာကြီးရဲ့အနာဂတ်ကို ရုရှားရဲ့ strongman ပူတင်အနေနဲ့ ချုပ်ကိုင်နိုင်မယ့် အနေအထားလို့ယူဆမယ်ဆိုရင်တော့ မှားပါလိမ့်မယ်တဲ့။

ဖူကူယားမားဟာ ၁၉၈၉ ခုနှစ်က သူ့ရဲ့ ကမ္ဘာကျော်အက်ဆေး The End of History မှာ စစ်အေးတိုက်ပွဲအပြီးမှာ (အိုင်ဒီအိုလိုဂျီတိုက်ပွဲမှာ) လစ်ဘရယ်ဒီမိုကရေစီဟာ အောင်ပန်းဆွတ်ခူးခဲ့ပြီဆိုတာ မငြင်းသာအောင်ပါပဲလို့ ရေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အမေရိကန်ရဲ့ လွမ်းမိုးမှုလက်ထဲက ကမ္ဘာကြီးဟာ လျှောထွက်နေပါပြီ။ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဝါဒနဲ့ ခေတ်မီတိုးတက်အောင် ပြုလုပ်ရေးဝါဒနှစ်ခုကို ရောသမမွှေရင်းသူတို့ကိုယ်သူတို့ စံနမူနာထားစရာ တိုင်းပြည်တွေအဖြစ် ဖန်တီးလာကြပါတယ်။ ဒီဝါဒဟာ လစ်ဘရယ်ဒီမိုကရေစီ ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လာပါပြီတဲ့။ သူတို့ကို လိုက်ပြီး ပုံတူကူးကျင့်သုံးလာကြတဲ့ တိုင်းပြည်တွေလည်း ရှိလာပါတယ်တဲ့။

ဂျော်ဂျီယာ အကျူးကျော်ခံရမှု၊ ဇင်ဘာဘွေမှာ သမ္မတ မူဂါဘီက ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပေမယ့် အာဏာလွဲပြောင်းပေးဖို့ ငြင်းဆန်တာ၊ (အခုအချိန်မှာတော့ ဇင်ဘာဘွေမှာ Power Sharing Deal ကို လက်မှတ်ထိုးပြီးနေပါပြီ) တောင်အမေရိကဗင်နီဇွဲလားရဲ့ ဒီမိုနည်းနဲ့ ရွေးချယ်ခံထားရတဲ့ လူပြိန်းကြိုက်သမ္မတ Hugo Chávez ဟူဂိုချာဗက် လက်အောက်မှာ ဒီမိုကရေစီ အခွင့်အရေးတွေ တစ်ဖြည်းဖြည်း လုံးပါးပါးလာတာ၊ (နောက် ရုရှားရဲ့ သြဇာကို တောင်အမေရိကအထိ ချဲ့ထွင်ဖို့ ကြိုးစားလာတာ)၊ အဲဒါတွေကို ကြည့်ပြီး စစ်အေးတိုက်ပွဲခေတ်ကို ပြန်ဝင်ရောက်လာပြီလို့ တစ်ချို့ကလဲ ထင်ကြပါတယ်။ သမိုင်း တစ်ပတ်လည်ခြင်းလား..။ အနည်းဆုံးတော့ ၁၉ ရာစုရဲ့ သင်္ကေတ အင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေ့ဆုံတဲ့ အနေအထားကို ပြန်ဦးတည်နေတယ်လို့ ယူဆကြပါတယ်တဲ့။

သေချာတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ဖာရီးဒ် ဇာကရီးယား Fareed Zakaria (Newsweek မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင် တစ်ယောက်ပါ) ၀ိသေသပြုတဲ့ “အမေရိကန်အလွန်” Post-American ကမ္ဘာကြီးကို ရောက်နေတာပါပဲတဲ့။ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ ခုနင်က world's bullies တွေက ပါဝါပြနေပေမယ့်လည်း ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒမှာ အရေးထားလောက်စရာပြိုင်ဘက် မရှိသေးပါဘူးတဲ့။ အရင်ခေတ်တွေတုံးက အာဏာရှင်အစိုးရတွေဟာ နိုင်ငံတကာမှာ ရန်လိုတက်ကြွတဲ့၊ ပြည်တွင်းမှာတော့ ကြမ်းကြုတ်ရက်စက်တဲ့ အာဏာရှင်နိုင်ငံတော်ကို ထူထောင်ကြပြီး ကမ္ဘာကြီးအတွက် အမှန်တကယ်ပဲ အန္တရာယ် ရှိပါတယ်တဲ့။ ဒီကနေ့ခေတ် အာဏာရှင်တိုင်းပြည်တွေမှာတော့ တူညီတဲ့အချက်က ဒီမိုကရေစီ ထုံးတမ်းဓလေ့တွေကို ဆက်လက်ဖျောက်ဖျက်ထားဖို့ ကြိုးစားနေကြတာပါပဲတဲ့။ ကမ္ဘာကြီးကို လွမ်းမိုးဖို့ အမှန်တကယ်လိုအပ်တဲ့ အင်အား၊ စုစည်းကျစ်လစ်မှုနဲ့ အိုင်ဒီယာတွေကို ပိုင်ဆိုင်တဲ့ အာဏာရှင်တိုင်းပြည်ကတော့ အင်မတန် နည်းပါးပါတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အရှေ့မှာ ဖြေချထားတဲ့ ကမ္ဘာကြီးကို နားလည်ဖို့ဆိုရင် ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ အော်တိုကရက်တွေရဲ့ ကွဲပြားခြားနားမှုကို သိထားရမယ်လို့ ဆိုပါတယ်။ ပထမဆုံးအနေနဲ့ အင်အားကြီးပြီး စုစည်းကျစ်လစ်တဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ အားပျော့ပြီး အရည်အချင်းမရှိတဲ့၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေကြားမှာ ကြီးမားတဲ့ ကွဲပြားခြားနားမှုရှိတာကို သိထားရပါမယ်တဲ့။ မူရှာရက်ဟာ ပါကစ္စတန်ကို ဆယ်စုနှစ်တစ်ခုနီးပါး ချုပ်ကိုင်နိုင်ခဲ့တဲ့ အဓိအကြောင်းရင်းကတော့ သူ့ရဲ့ အခြေခံအထောက်အပံ့ဖြစ်တဲ့ တိုင်းပြည်တွင်းမှာ တစ်ခုတည်းသော စုစည်းကျစ်လစ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပါကစ္စတန်စစ်တပ်ကြောင့်ပါလို့ သုံးသပ်ပါတယ်။ ဇင်ဘာဘွေကတော့ ပိုပြီး ဆိုးရွားပါသတဲ့။ မူဂါဘီဟာ ပုံပျက်ပန်းပျက် ချို့ယွင်းပြိုကွဲနေတဲ့ စီးပွားရေးကို ဦးဆောင်နေပါတယ်တဲ့။ ဇင်ဘာဘွေလို အားနည်းချည့်နဲ့တဲ့ အော်တိုကရေစီတိုင်းပြည်အနေနဲ့ သူရဲ့ အိမ်နီးချင်းတွေအပေါ် အများဆုံး ခြိမ်းခြောက်နိုင်မှာက မိုးထိုးခေါင်ခိုက်နေတဲ့ ငွေဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့ ထွက်ပြေးကြမယ့် ဒုက္ခသည်ပြဿနာသာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ (ကျွန်တော်တို့ မြန်မာပြည်နဲ့ ဇင်ဘာဘွေကို ဖူကူယားမားအနေနဲ့ တစ်တန်းစားထဲ ထားမယ်ထင်ပါတယ်။ ဇင်ဘာဘွေကတော့ အာဏာကို ခွဲဝေဖို့ သဘောတူညီချက်ရသွားပါပြီ။ )

ပထမတော့ ဒီနေ့အပြီးရေးမလို့ပါပဲ။ အလုပ်ပြန်တာလဲနောက်ကျတာနဲ့ ပြီးအောင်မရေးနိုင်တော့ပါဘူး။ နောက်နေ့ဆက်ရန်ပေါ့.....။
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်.. ကိုယ်ရေးချင်တာလေး ရေးနေရတာလဲ လွတ်လပ်မှုတစ်မျိုးပါပဲနော်....။

Links to this post
Author: vanko
•9:41 PM


အမေ့ရဲ့ ဒီမိန့်ခွန်းကောက်နုတ်ချက်ကလေးကို အစ်မမေအိခင်ဆီက ပြန်လည်ဝေမျှပါတယ်။ အမေစုရဲ့ မိန့်ခွန်းကို ဖတ်ရတော့ သူ့ရဲ့ လူငယ်များအပေါ် သဘောထား၊ မျှော်လင့်ချက်၊ ဦးဆောင်မှုတွေကို အင်မတန်လေးစားရပါတယ်။ အမေ့ရဲ့ အမျှော်အမြင်ကြီးတဲ့၊ ပြတ်သားပွင့်လင်းတဲ့ စကားလုံး၊ ခွန်အားရှိတဲ့ စကားလုံးတွေဟာ ဘာကြောင့် မြန်မာ့နိုင်ငံရေးမှာ အစားထိုးမရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းကို ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။ အမေစုလို အမျှော်အမြင်ကြီးမားတဲ့၊ ပြတ်သားပြီး ရဲရင့်တဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ခေတ်မှာ တစ်ခြားတစ်ယောက် မတွေ့ဘူးသေးပါဘူး။ နိုင်ငံ့ဖခင် ကျွန်တော်တို့ မြန်မာပြည် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးပီသပါပေတယ်လို့ ရင်ထဲက လေးလေးနက်နက် ဂုဏ်ပြုဦးညွတ်လိုက်ပါတယ်။ အမေ အသက်ရာကျော်ရှည်ပြီး နိုင်ငံကို စစ်ဖိနပ်အောက်က ကယ်တင်နိုင်ပါစေ..။


Links to this post
Author: vanko
•9:07 PM
NLD လူငယ်တွေနုတ်ထွက်ခဲ့ကြတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ခွပ်ဒေါင်းသွေး ဘလော့ဂ်က ပြန်လည်ရှင်းလင်းထားတာကို ဖော်ပြလိုက်ပါတယ်။ နိုင်ငံ့အရေးအတွက် စည်းလုံးမှု အရေးတကြီးလိုအပ်နေချိန်မှာ အခုလို အကွဲအပြဲသတင်းတွေ မကြားချင်တာအမှန်ပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ NLD အနေနဲ့လည်း ပြည်သူကို အဖြစ်မှန်ကို ရှင်းလင်းတင်ပြသင့်တယ် ထင်ပါတယ်။ တကယ်လို့ ဒီကိစ္စဟာ သွေးခွဲသပ်လျှိုလို့ဖြစ်ရတာဆိုရင်လည်း အမြန်ဆုံးဖော်ထုတ် ရှင်းလင်းသင့်ပါတယ်။

ခွပ်ဒေါင်းသွေး ဘလော့ဂ်မှာဖော်ပြထားတာကို ပြန်လည်တင်ပြလိုက်ပါတယ်။

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင် စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက် မှတ်ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င် ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင် ပင် မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။ ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည် အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စ ကို ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ် များဖြစ်ပါသည် ။

မီဒီယာများတွင် ပါရှိလာသည့်  လူငယ်( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ် လူငယ်ပါတီ ၀င် များမဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များအကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အားယုတ်လျှော့ စေ ရန် သပ်လျှိုသွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများအနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင် သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။
Links to this post
Author: vanko
•10:26 PM
ဒီကနေ့ဖတ်ရတဲ့ NLD လူငယ် ၁၀၀ ကျော်နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းကတော့ ဘယ်လိုမှမျှော်လင့်မထားတဲ့ သတင်းမို့ ဘာကို ဘယ်လို ကောက်ချက်ချရမှန်းကို မသိဖြစ်ရပါတယ်။ နုတ်ထွက်သွားကြတဲ့ လူငယ်များကတော့ လူကြီးပိုင်း (အထူးသဖြင့် ဥက္ကဌ ဦးအောင်ရွှေဟာ) လူငယ်တွေရဲ့ တင်ပြချက်တွေ သဘောဆန္ဒတွေကို လစ်လျှူရှုခဲ့တယ်လို့ စွတ်စွဲကြပါတယ်။ နုတ်ထွက်သွားကြတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ သဘောတရားရေးရာခံယူချက်တွေ နိုင်ငံရေးအတွေးအခေါ်တွေ ဘယ်လိုရှိတယ်ဆိုတာ မသိလို့ ဘယ်သူကမှန်တယ် မှားတယ်လို့လဲ ရမ်းသမ်းထင်မြင်ချက် မပေးလိုသေးပါဘူး။ သတင်းဌာနများက ဖေါ်ပြထားတဲ့ သူတို့တွေရဲ့ စကားသံတွေကိုပဲ လောလောဆယ်ဆယ်မှာ ပြန်ဖောက်သည်ချလိုက်ပါတယ်။

ဒီကိစ္စဟာ ငယ်ငယ်က ကြားဖူးတဲ့ သီချင်းထဲကလို “နှစ်ဆတိုးတာဟာလေ.. ဗမာ့တန်ခိုးပါဗျ..” ဆိုတာလို တစ်မွှာက နှစ်မွှာ၊ နှစ်မွှာက လေးမွှာ၊ နောက် အစိတ်စိတ်အမွှာမွှာ ကွဲကြမယ့် အက်ကွဲကြောင်းရဲ့ အစမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

Mizzima News
"ကျနော်တို့ အနာဂတ်ကို ဦးဆောင်မယ့်သူကို ကျနော်တို့ အများသဘောတူ ရွေးချယ်ချင်တယ်။ ကျနော်တို့ကို ဦးဆောင်မယ့် လူငယ်က မြန်မာပြည်သူတွေကို ဦးဆောင်နိုင်ရမယ်။ နိုင်ငံရေး စိတ်ဓာတ်ရှိဖို့ လိုတယ်။ ဒါကြောင့် နှုတ်ထွက်မယ်" ဟု ယခင်က လူငယ်လုပ်ငန်းအဖွဲ့ (ဗဟို) မှ သတင်းနှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ကိုနေခြည်ဝင်းက ပြောသည်။

"ကျနော်တို့ကို တချို့က ပါတီကို ပြိုကွဲအောင် လုပ်တယ်လို့ ဝေဖန်တာတွေ ရှိမှာပါ။ ခံနိုင်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ အမြင်မှာ အလုပ်မဖြစ်တဲ့ စက်ခေါင်းကို တွန်းနေမယ့်အစား ကိုယ့်ခြေထောက်ပေါ် လျှောက်တာပဲ ကောင်းမယ်လို့ ယူဆလို့ လမ်းခွဲပါတယ်"

နှုတ်ထွက် လူငယ်အများစုမှာ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန်၊ တွံတွေး၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့် စသည့်မြို့နယ်များမှ ဖြစ်ကြသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယခုလို အစုလိုက် အပြုံလိုက် နုတ်ထွက်ကြခြင်းနှင့် ပတ်သက်ပြီး ပါတီဌာနချုပ် အနေဖြင့် မည်သည့် သဘောထားကိုမှ မဆုံးဖြတ်သေးကြောင်း ပြောသည်။

"လူငယ်တွေ နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီးတော့လည်း အန်ကယ်တို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေလေ။ သူတို့အနေနဲ့ အခုချိန် မပြောချင်သေးဘူးလို့ ပြောပါတယ်။ အခုချိန် ဘာမှ မသိရသေးဘူး။ သတင်း မထုတ်ပြန်သေးနဲ့လို့ ပြောထားလို့ မပြောပါရစေနဲ့" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

နှုတ်ထွက်ရာတွင် ပါဝင်သူ ရှေ့နေ စောကျော်ကျော်မင်းက လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား ပါတီ ဥက္ကဌ ဦးအောင်ရွှေက မျက်ကွယ်ပြုခဲ့ခြင်းကြောင့် နှုတ်ထွက်ကြခြင်း ဖြစ်သည်ဟု ပြောသည်။

"ကျနော်တို့ မူဝါဒအရ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဖွဲ့ချုပ်ကနေ လူငယ်တွေ စောင့်ဆိုင်းနေတာကို ပယ်ချလိုက်တယ်။ အဖွဲ့ချုပ်ရဲ့ အပြန်အလှန် ပြန်လည် လေးစားလိုက်နာရေး ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်တယ်။ ချိုးဖောက်လိုက်ခြင်း၊ ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်။ လူငယ်တွေကို အရေးမထားဘူးလို့ ခံစားချက်နဲ့ နားလည်တာ မဟုတ်ဘူး။ အသိတရားနဲ့ ခံယူလိုက်ခြင်း ဖြစ်ပါတယ်"


The Irrawaddy News
နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။

နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ်တာဝန်ခံတယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံလုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ်မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေးအောက်မြန်မာပြည်တာဝန်ခံဖြစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေးအဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လူငယ်အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်းရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။

လူငယ်အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေးတာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင်ပါဝင်ကြောင်း သိရသည်။

“လူငယ်အဖွဲ့သစ်ဖွဲ့တာကို ဘယ်သူမှစိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထုစိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကိုဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှုပြန်လည်ရ ရှိအောင် လုပ်ရမယ့်အချိန်ဖြစ်တယ်လို့ ကျနော်အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။

ဥပဒေဘောင်အတွင်းမှနေ၍ တနိုင်တပိုင်လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။

“လက်ရှိဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။
Links to this post
Author: vanko
•7:26 PM
အစ်မမေအိခင်ထံမှ တဆင့်ဖော်ပြပါသည်။


Links to this post
Author: vanko
•7:16 PM
NEJ News 16 Oct 2008

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လူငယ်ဆိုင်ရာ ဆုံးဖြတ်ချက်ကို သဘောမတူသည့် အတွက် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး ယနေ့ အဖွဲချုပ်သို့ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင်များက နုတ်ထွက်လွှာတင်သွင်းချိန်တွင် မြို့နယ်လူငယ်များ၏ သဘောထား (သတင်းအပြီး သီးခြားဖော်ပြထားသည်) ကိုပါ အန်အယ်လ်ဒီသို့ တင်သွင်းခဲ့သည်ဟု တွံတေးမြို့နယ်မှ ကိုနေခြည်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထား မပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့နုတ်ထွက်ရာတွင် ပါဝင်သည့် လူငယ်တဦးဖြစ်သူ ကိုနေခြည်ဝင်းက “ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ လူငယ်အများစုရဲ့ သဘောထားမပါဘဲ ဖွဲ့စည်းရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီးပြုလုပ်မယ်ဆိုရင် နုတ်ထွက် မယ်ဆိုတာ ကြိုတင်အသိပေးခဲ့ပါတယ်။ အဲဒီလို တင်ပြခဲ့ပေမယ့် ကျနော်တို့ကို အခုကြေညာချက်ထွက်သည်အထိအောင် မည်သည့်သဘောထားမှ တင်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ကြိုတင်အသိပေးထားတဲ့အတိုင်း အခုလို နုတ်ထွက် တာပါ” ဟု ရှင်းလင်းပြောကြားသည်။

သို့သော် အန်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ၎င်းတို့နှစ်ဦး ထုတ်ပြန်သည့်အမိန့်ကို လိုက်နာသင့်ကြောင်း အန်အယ်လ်ဒီ အလုပ်အမှုဆောင်တဦးဖြစ်သူ ဦးလွန်းတင်က ပြောသည်။

“၁၉၉၅ ခုနှစ် အမျိုးသားညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နုတ်ထွက်လာပြီးနောက်မှာ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရှေ့ဆက်ပြီး အာဏာပိုင်တွေရဲ့ ဘယ်လိုဖိဆီးနှိပ်စက်မှုမျိုးကို ခံရဦး မလဲဆိုတာ မသိနိုင်တာကြောင့် အဲဒီကတည်းက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလည်း ပြင်ဆင်တဲ့ အနေနဲ့  ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့တယ်။ ဒီအာဏာဟာ စစ်ရေးအရ ပြောရမယ်ဆိုရင် အမိန့်ပေးနိုင်တဲ့ အာဏာပင်ဖြစ်တယ်။ ဒီ (၂) ယောက်ဟာ စစ်တပ်မှာဆိုရင် အမိန့်ပေးနိုင်သူ (ကွန်မန်ဒါ) များပင်ဖြစ်တယ်။ သူတို့ ပေးလာတဲ့အမိန့်ဆိုရင် လက်ခံပြီးဆောင်ရွက်ပေးရမှာ ဖြစ်သလို အမိန့်ကို မလိုက်နာသူတွေကိုလည်း အရေးယူရမှာဖြစ်တယ်။ အခုလည်း ဥက္ကဋ္ဌအနေနဲ့ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ စီမံဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ လိုက်နာရမှာဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ချုပ်က အောက်တိုဘာ (၁၅) ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်တွင် လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးပြီး ယခင်ကရှိခဲ့သည့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့စည်းရေး တာဝန်ခံများကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးသည့်ကိစ္စမှာ လူငယ်အများစု သဘောထားကို မယူဘဲ ဆုံးဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှ မျက်ကွယ်ပြုခဲ့ခြင်းကြောင့် ဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်မှ နုတ်ထွက်ခြင်း

(၁) ၂၉-၇-၂၀၀၈ နေ့တွင် မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လူငယ်ပေါင်း (၄၅) ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အရေးကိစ္စများတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထားမပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြပြီးဖြစ်သည်။

(၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ ထိုတင်ပြချက်အား လက်ခံရရှိကြောင်း အသိအမှတ်ပြုစာကို (၂၉-၇-၂၀၀၈) ရက်နေ့က ရရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

(၃) ၁-၈-၂၀၀၈ ရက်နေ့က ပြုလုပ်ခဲ့သော မြို့နယ်လူငယ်များ၊ ဆက်သွယ်ရေးလူငယ်များနှင့် လူငယ်ပြန်လည် ဖွဲ့စည်းရေး အဖွဲ့ အစည်းအဝေးတွင် လူငယ်များဆန္ဒကို မမေးမြန်းဘဲ လူငယ်ဖွဲ့ စည်းပုံအတွင်း မည်သည့်ပြုပြင် ပြောင်းလဲမှုကိုမှ မပြုလုပ်ရန် လူငယ်များက တင်ပြခဲ့ကြသည်။

(၄) ထို့အပြင် ၁၁-၉-၂၀၀၈ နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဆောင်ကျင်းပသော အစည်းအဝေးတွင် တက်ရောက်ဆွေးနွေးကြမည့်သူ (၁၄) ဦးထံသို့ လူငယ်များဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေး တစုံတရာ ပြုလုပ် မည်ဆိုပါက မြို့နယ်လူငယ်များ အများစုအနေဖြင့် သဘောထားပေးလိုကြောင်း မြို့နယ်ပေါင်း (၁၁) မြို့နယ်နှင့်  လူငယ်လုပ်ငန်းအဖွဲ့ဝင်စုစုပေါင်း (၃၁) ဦးတို့ မှ လက်မှတ်ရေးထိုး အသိပေးခဲ့ကြသည်။

(၅) အစည်းအဝေးကျင်းပနေစဉ်တွင် ဥက္ကဋ္ဌအား သဘောထားပေးလိုသော လူငယ်များ စောင့်ဆိုင်းနေသည်ကို အစည်းအဝေးတက်ရောက်သူများမှ တင်ပြခဲ့သော်လည်း ဥက္ကဋ္ဌမှ ပယ်ချခဲ့သဖြင့် အဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ် တရပ် ဖြစ်သော “အပြန်အလှန်လေးစားလိုက်နာရေး” ဆိုသည့် အချက်နှင့် ဖွဲ့စည်းပုံမူကြမ်း စာအုပ်၊ စည်းကမ်းချက်များ (အခန်း-၅) အပိုဒ် (၁၀)၊ အပိုဒ်ခွဲ(ဂ) ပါ “ဆုံးဖြတ်ချက်တိုင်းသည် ဒီမိုကရေစီနည်းလမ်းဖြင့် အများသဘောတူ ဆုံးဖြတ်ချက်မျိုးသာလျှင် ဖြစ်စေရမည်” ဆိုသည့်အချက်တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် မထီမဲ့မြင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(၆) ထိုသို့ အဖွဲ့အစည်းအတွင်းမှာပင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှုကို မလိုလားသော ခေါင်းဆောင်တဦးသည် ဗမာပြည်နိုင်ငံရေးတပ်ဦးတွင် ရှိနေသော်လည်း ပြည်သူလူထုတရပ်လုံး၏ လိုလားမှုကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ဟု ယုံကြည်သဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်မှု အောက်မှ အောက်ပါအဖွဲ့ ချုပ်လူငယ်များက နုတ်ထွက် လိုက်သည်။
Links to this post
Author: vanko
•5:48 PM

အမှန်တော့ ကျွန်တော် အခုတစ်လော စာရေးရမှာ သိပ်စိတ်မပါပါဘူး။ ဘလော့ဂ် တွေတောင် သိပ်မကြည့်ဖြစ်ဘူး။ ဒါပေမယ့်ပေါ့လေ... ညီမလေး Draem က tag ထားတယ်ဆိုတော့လည်း ရေးဖို့ ဈာန်ဝင်အောင် မနဲကြိုးစားရပါတော့တယ်။ ဒီကောင်မလေးကလဲ ကလေးပီပီ ကလေးလိုမနေ အားကြီးစပ်စုတာကိုး....။ အနားမှာရှိရင်တော့ ခေါင်းကို နာနာခေါက်ပစ်ချင်တယ်။ ကဲဟယ်... ကဲဟယ်.... စိတ်ထဲကနေ ခေါက်ပစ်လိုက်ပြီ။ :p

အဲဒီ အချစ်ဆိုတာကြီးကို ဘယ်ကစ ရေးရပါ့....။ အချစ်ဆိုတာ ဘာလဲလို့ မေးရင် တော်တော်ကို ဖြေရခက်တဲ့ မေးခွန်းပါ။ “ကိုရေ.. မောင်ရေ... ချစ်တယ်ဆိုတာ ဘာလဲဟင်..” လို့ ချစ်သူကမေးလာရင် ယောက်ျားလေး တော်တော်များများကတော့ ခေါင်းကုတ်မိမှာပါ။ ကမ္ဘာဦးကနေ ဒီနေ့ထက်ထိတိုင်အောင် တဖွဖွပြောလာကြ တဖွဖွမေးလာကြတဲ့ အချစ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဘယ်သူမှ ဘယ်ပညာရှိမှ တိတိပပ အဖြေမပေးနိုင်သေးပါဘူး။ ကိုယ်ထင်ရာ မြင်ရာတွေပဲ ပြောခဲ့ကြတာပါ။ အဲဒီမေးခွန်းကြီး ကိုယ့်ခေါင်းလာဆောင့်တော့ ခမျာများမှာ ခေါင်းကုတ်မိမှာပေါ့ဗျာ။

တစ်ချို့ကတော့ အချစ်ဆိုတာကို မီးတောက်နဲ့ တင်စားကြသလို တစ်ချို့ကလည်း သီတာရေကြည်ပါတဲ့။ တစ်ချို့အတွက်ကတော့ အချစ်ဟာ ကံကောင်းခြင်းလက်ဆောင်ဖြစ်ပြီး တစ်ချို့အတွက်ကြတော့လည်း ကျိန်စာတစ်ခုပါပဲတဲ့။ ဘယ်လိုပဲ အဓိပ္ပါယ်အမျိုးမျိုး ခံစားမှုအမျိုးမျိုး ကွဲပြားကြပါစေ သေချာတာတစ်ခုကတော့ အဲဒီ အချစ်ဆိုတာကြီးဟာ လူသားမျိုးနွယ်တည်ရှိနေသ၍ ထာဝရမီးတောက် တစ်ခုလို လောင်ကျွမ်းနေမှာပါပဲ။

“အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ” လို့ ကိုငှက်ကြီးက သီဆိုသွားပါတယ်။ အချစ်ဆိုတာ တခါတရံမှာ အသိရခက်တယ်၊ လျှို့ဝှက်တယ်၊ အားမလိုအားမရဖြစ်ရတာတွေရှိတယ်၊ မျှော်တော်ဇောနဲ့ မောရတက်တယ်။ တခါတရံမှာတော့ တက်ကြွပျော်ရွင်မှုတွေ၊ ကြည်နှုးစိတ်ချမ်းသာမှုတွေ၊ ယုယကြင်နာမှုတွေနဲ့ ထုံလွှမ်းနေတက်တယ်။ တခါတလေလည်း စိတ်ဆိုးစိတ်ကောက်ရတာတွေ၊ မနာလိုဝန်တို ဖြစ်ရတာတွေ၊ မယုံသင်္ကာဖြစ်မှုတွေနဲ့ ကျွမ်းလောင်နေတက်ပြီး တခါတလေတော့ ကိုယ်ချင်းစာနာမှု၊ နားလည်သိတက်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ညှိနှိုင်းမှုတွေနဲ့ သိပ်ကို သာယာနေတက်ပြန်တယ်။ တခါတလေများကြတော့လဲ “ငါမင်းကို သတ်ချင်တယ်”ဆိုတဲ့ အထိ အချစ်ကြီးလို့ အမျက်ကြီးတက်ပြန်ရောဗျ။

အဲဒီအချစ်ဆိုတာကြီးကို လူအမျိုးမျိုးက ကောင်း၏ဆိုး၏ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတော့ စဉ်းစားမိတာ အချစ်ဆိုတာ ရေလိုပါပဲ။ ထည့်ရာခွက်ရဲ့ ပုံသဏ္ဍာန်အတိုင်းနေမယ်။ ဆိုးတဲ့အရောင်အတိုင်း အရောင်ပြောင်းမယ်။ ခင်ဗျားက အချစ်ဆိုတာ မီးတောက်ပါပြောခဲ့ရင် မီးတောက်ပေါ့ဗျာ။ စမ်းချောင်းရေ ကြည်အေးအေးလေးပါဆိုရင်လည်း ခင်ဗျားသဘောပါပဲ။ အချစ်ဆိုတာကြီးကတော့ သူ့ဘာသာသူ သူ့သဘောသူဆောင်နေမှာပါပဲ။ အချစ်ဆိုတာ စွန့်လွတ်အနစ်နာခံခြင်းလို့ ယူဆရင် ကိုယ့်ခံယူချက်နဲ့ကို ရဲရဲကြီးစွန့်လွတ်လိုက်ပေါ့။ ဒါမှ ငါသူ့ကို တကယ်ချစ်တာပဲလို့ ခင်ဗျား ဖြေသိမ့်နိုင်မယ်။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ကောက်ရင် ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေါ့ဗျာ။ အဲဒီအတွက် ရခဲ့ရင် ခင်ဗျား သိပ်ပျော်ရွှင်ရမယ်။ ဒီကိစ္စဟာ လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားမှုနဲ့ပဲ ဆိုင်ပါတယ်။ ခင်ဗျားက လက်ဖ၀ါးမြင်ရင် လက်ဖ၀ါး၊ လက်ဖမိုးလို့ မြင်ခဲ့ရင် လက်ဖမိုးပေါ့ဗျာ။ ဒီအမြင်တွေဟာ တကယ်တော့ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေက အများဆုံး ဆုံးဖြတ်ပေးတာပါ။ အချစ်ဆိုတာကို ကိုယ်ထင်ကုတင်ရွှေနန်း ကြိုက်သလို ယူဆနိုင်ပါတယ် တစ်ခုပဲရှိတာက သူများအပေါ် မထိခိုက်ဖို့ပါပဲ။

ဒါက အချစ်အပေါ် အကောက်အယူ ကွဲပြားပုံကို ပြောတာပါ။ ကျွန်တော့် အမြင်ကတော့ အချစ်ဆိုတာ ပင်ကိုယ်သဘောကိုက အေးမြပါတယ်။ မိဘရဲ့ သားသမီးတွေအပေါ် ထားတဲ့ အချစ်ကို ကြည့်ပါ၊ မိဘတွေဟာ သားသမီးတွေအပေါ်မှာ unconditionally ချစ်တာပါ။ ဘာမှ ပြန်ရလိုတဲ့ မျှော်လင့်ချက်မရှိပါဘူး။ မိဘနဲ့ ချစ်ဖို့ negotiate လုပ်စရာမလိုပါဘူး။ ကျွန်တော်တို့ လူငယ်အချင်းချင်း ဖိုမသဘာဝ ချစ်ကြပြီဆိုတဲ့အခါကြတော့ condition တွေရှိလာပါပြီ။ သူ့အပေါ် ဂရုစိုက်ရတော့မယ်။ shopping ထွက်ရင် လိုက်ရတော့မယ်။ မွေးနေ့တွေ Valentine day တွေမှာ လက်ဆောင်ပေးရမယ်။ သူ့ရဲ့ စကားလေးတွေ၊ အကြိုက်တွေ၊ အရေးကြီးတဲ့ နေ့စွဲတွေကို အလွတ်ကျက်ရတော့မယ်။ ဒီ condition တွေကို မလိုက်နာရင် ခင်ဗျား ကောင်းကောင်း ဒုက္ခရောက်သွားနိုင်ပါတယ်။ နောက်ပြီး သူ့အကြိုက် ကိုယ့်အကြိုက် negotiate လုပ်ရတော့မယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ အနိုင်ယူနိုင်တယ် ဘယ်လောက်အထိ လျှော့ပေးနိုင်တယ်ဆိုတာတွေ ညှိနှိုင်းရတော့မယ်။ ဘာတွေဘာတွေကတော့ သူ့အတွက် အင်မတိအင်မတန် အထိမခံ ကြွေပန်းကန် ကိစ္စတွေဖြစ်တယ်ဆိုတာ မမေ့မလျော့ နေ့ညမပြတ် နှလုံးသွင်းဆင်ခြင်ရမယ်။ ထို့အတူ ကိုယ့်ဘက်က ဘာတွေ ဘယ် condition တွေ သတ်မှတ်ချင်တယ်ဆိုတာ ပြောပြရတော့မယ်။ အမှန်တော့ Deal လုပ်နေတာပါပဲ။ ပွင့်လင်းမှုမရှိရင် နောက်ပိုင်းကျမှ ငါကို ဒီလိုဆက်ဆံတာ မကြိုက်ဘူးတို့၊ အစက ဒီလိုမှန်းသိရင် ဆိုတာတွေဖြစ်လာရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမှာပါ။ ဒီ deal ကို အောင်အောင်မြင်မြင် သစ္စာရှိရှိ တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွတ်မှုတွေ၊ အပြန်အလှန် ညှိနှိုင်းမှုတွေ၊ သာတူညီမျှသဘောထားနိုင်မှုတွေ၊ မျှဝေခံစားမှုတွေ၊ ဆိုးတူကောင်းဘက် တိုက်ပွဲဝင်စိတ်ဓါတ်တွေနဲ့ တည်ဆောက်နိုင်သူတွေကတော့ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြမှာပါ။ (ဒီ deal မှာ အဓိကအကျဆုံးက တစ်ဦးအပေါ်တစ်ဦးထားတဲ့ တကယ်စစ်မှန်တဲ့ အချစ်ပါပဲဆိုတာ ထည့်ပြောစရာတောင် မလိုပါဘူးနော်..။) ဒီ deal ကို အစကတည်းက တိကျပွင့်လင်းမှုတွေနဲ့ ကတိသစ္စာနဲ့ မတည်ဆောက်ခဲ့ပဲ မျက်တောင်မွှေးတစ်ဆုံး အမြင်နဲ့ပဲ လက်တွဲခဲ့ရင်တော့ သစ္စာမဲ့မှုတွေ၊ သံသယတွေ၊ နင့်ကြောင့်ငါ့ကြောင့်ဆိုတဲ့ အပြန်အလှန်စွပ်စွဲမှုတွေ၊ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်ဆိုတဲ့ ပဋိပက္ခတွေနဲ့ လုံးချာလယ်ပြီး ကျဆုံးသွားကြမှာပါ။

ဒါကတော့ ယေဘုယျသဘောပါ။ ဒီအထဲမှာမှ ချွင်းချက်တွေရှိဦးမှုာပါ။ တစ်ယောက်ကို တစ်ယောက်က မေတ္တာကတိမပျက်ကြပါတယ် ဆိုသော်လည်း အမိအဖတွေကြောင့် ကွဲရတာလည်း ရှိဦးမှာပါ။ ဟိုတုန်းကတော့ မျက်တောင်မွှေးတစ်ဆုံးကြည့်ပြီး မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးရာလိုက်ပြေး၊ အိမ်ထောင်သက်ဆိုးမရှည်လောက်ပါဘူး ထင်ထားလည်း တကယ့်ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ မောင်တစ်ထမ်းမယ်တစ်ရွက် သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းသွားကြသူတွေလည်း မနည်းပါဘူး။ အချစ်ဆိုတာ ပင်ကိုယ်က အေးမြပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းရတဲ့ လမ်း၊ ရင်ဆိုင်ရတဲ့ ကံကြမ္မာ၊ ကျွန်တော်တို့ရဲ့ ကိုယ်ခံစွမ်းအား အသိအမြင်တွေကသာ ကျွန်တော်တို့အပေါ်ကို အချစ်က ဘယ်လိုသက်ရောက်သလဲလို့ ဆုံးဖြတ်တာပါ။

တစ်ချို့ကြတော့လည်း အချစ်ဦးနဲ့ ပေါင်းရတာ ကံသိပ်ကောင်းတယ်လို့ ပြောကြတယ်။ တစ်ချို့ကြတော့လည်း သူချစ်ကိုရှာတဲ့။ ပြောရခက်ပါတယ်ဗျာ။ ကျွန်တော်ကြားဘူးတဲ့ ဂရိပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်။ ဆရာနန္ဒာသိန်းဇံ စာအုပ်ထဲကပါ။ သိပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပါ။ ဟိုတုန်းက လူဟာ မျက်နှာနှစ်ခု၊ ကိုယ်လုံးကနှစ်ခု၊ လက်လေးဘက် ခြေလေးဘက်နဲ့တဲ့၊ သိပ်လည်း ခွန်အားကြီးတယ်လို့ ဆိုပါတယ်။ လူဟာသိပ်ပြီး ခွန်အားကြီးလာတဲ့အခါကြတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး နတ်တွေရဲ့ နေရာကို လုယူဖို့တောင် ကြံစည်လာသတဲ့။ အဲဒါကို နတ်ထောက်လှမ်းရေးတွေသိတော့ ဇုနတ်မင်းကြီးကိုတင်ပြ အရေးပေါ်အစည်းအဝေး လုပ်ပြီး လူတွေရဲ့အရေးကို ဘယ်လိုလုပ်ရမလဲလို့ ဆွေးနွေးကြသတဲ့။ နတ်တစ်ပါးကတော့ လူတွေကို အကုန်သာသတ်ပစ်လိုက်တဲ့။ အန္တရာယ်လွယ်ထားတာ မကောင်းဘူးပေါ့။ လူလယ်ခေါင်ကြမှ မအောင့်နိုင်မအည်းနိုင်ဖြစ်လာရင် ခက်ရချည်ရဲ့ လို့ ပြောသတဲ့။ မဟုတ်သေးပါဘူး ဘယ်ရောက်သွားတာပါလိမ့်...။ ပြန်ဆက်မယ်နော်..။ အဲဒီအဆိုကို တခြားနတ်တစ်ပါးက ကန့်ကွက်သတဲ့။ လူတွေအကုန်လုံးသာ သတ်ပစ်လိုက်ရင် ဒို့ကို ပူဇော်ပသမယ့်သူမရှိဖြစ်သွားမှာပေါ့ လို့ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသတဲ့။ အဲဒါနဲ့ နတ်မင်းတွေ ခေါင်းခြင်းရိုက်လိုက်ကြတာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်တဲ့။

အဲဒီဆုံးဖြတ်ချက်ကတော့ လူတွေကို နှစ်ခြမ်းခွဲပစ်လိုက်ဖို့ပါပဲတဲ့။ လူတွေကို နှစ်ခြမ်းခွဲလိုက်တဲ့အတွက် လူဟာ အခုလက်ရှိထက် အားနည်းသွားမှာဖြစ်တဲ့အတွက် သူ့အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ နောက်တစ်ခုက လူတစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာတဲ့အတွက် လူဦးရေပိုများလာပြီး ပူဇော်ပသကြတဲ့ လာဘ်ပဿကာတွေလည်း ပိုများလာဦးမယ်...။ အမယ်... အတော်အကြံပိုင်တဲ့ နတ်တွေပါလား။ အဲဂလို အစည်းအဝေးဆုံးဖြတ်ချက်ကိုလည်း အကောင်အထည်ဖော်လိုက်ရော လူတွေ နှစ်ဆပွားလာတာပေါ့။ အင်း...အဲဒီမှာ လူအတွက် ပြဿနာပေါ်တော့တာပဲ။ လူဟာ သူ့ကိုယ်ထဲက ခွဲထုတ်ပေးလိုက်တဲ့ အခြမ်းကို အမြဲတမ်း လိုက်ရှာနေသတဲ့။ ရှာလို့တွေ့တဲ့အခါကြတော့လည်း “အိုး... မင်းဟာ ငါ့ရဲ့ အခြမ်းလေးပါပဲ” ဆိုပြီး ယုယုယယနဲ့ ထွေးပိုက်ထားကြပါသတဲ့။ အခြမ်းအချင်းချင်း သိပ်ချစ်ကြဆိုပဲ။ တခါတလေများကြတော့လဲ ကိုယ့်အခြမ်းမှတ်လို့ မြတ်မြတ်နိုးနိုးနဲ့ ထွေးပွေ့ထားပေမယ့် နောက်တော့ သူက “ကိုယ်ဟာ မင်းရဲ့ အခြမ်းမဟုတ်ပါဘူး” ဆိုပြီး ပစ်ပြေးသွားကြသတဲ့။ အင်း... ကိုယ့်အခြမ်းကို ကိုယ်ပြန်ရသူတွေကတော့ မဟာကံထူးရှင်လို့ ပြောရမလားပဲ။ အခြမ်းပျောက်တဲ့သူတွေလည်း လမ်းပေါ်မှာ ယောင်လည်လည်နဲ့ ဒီနေ့ထက်ထိတိုင် အခြမ်းပျောက်ရှာပုံတော် ဖွင့်ဆဲပေါ့နော်..။ အားလုံးပဲ ကိုယ့်အခြမ်းလေးကို ရှာတွေ့နိုင်ပါစေဗျာ။

နိဂုံးချုပ်ရရင်တော့ အချစ်ဆိုတာ လူနှစ်ဦး သို့မဟုတ် ဒိထက်ပိုတဲ့ လူသားအချင်းချင်းကြားမှာ ပေါက်ဖွားလာတက်တဲ့အရာပါ။ ခွေးလေး ကြောင်ကလေးတွေ တိရိစ္ဆာန်လေးတွေကို ချစ်တာကလည်း အချစ်တစ်မျိုးပါပဲ။ ချစ်တယ်ဆိုတဲ့ နေရာမှာလည်း စောစောကပြောသလိုပဲ ပုံစံအမျိုးမျိုးကွဲပြားကြပါတယ်။ ဆန့်ကျင်ဘက် ဖိုမသဘာဝအချင်းချင်း တဏှာပေမ နောက်ခံထားတဲ့ အချစ်။ (တို့အချစ်က သန့်ရှင်းတယ် တဏှာမရှိဘူး မပြောနဲ့နော် ... လိုချင်တာ တပ်မက်တာ သူ့မျက်နှာလေးမြင်ချင်တာ သူ့အသံလေး ကြားချင်တာ အဲဒါတွေ အားလုံးဟာ တဏှာပါ.... ဟဲ.. ဟဲ... ဘဘုန်းကြီးလေသံနဲ့ )။ သားသမီးနဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာ။ သူ့ကြတော့ ချစ်တာတောင် မေတ္တာဆိုတာလေးက နောက်ကတွဲပါသေးသဗျ။ မေတ္တာအကြောင်း ဆက်ရှင်းရင်တော့ တရားတော်တွေဘက် ရောက်ကုန်တော့မယ်။ ဒီစကား ဒီမှာတင်ရပ်...။ ဆရာတပည့် ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်းအချစ်၊ သမီးယောက်မအချစ်၊ ဟိုအချစ် ဒီအချစ်... ဆက်ရေးရင်တော့ အချစ် ၁၂ မျိုးဂျင်းသုပ် ဖြစ်တော့မှာပဲ။

ဘာပဲဖြစ်ဖြစ် အဲဒီ အချစ်ဆိုတာကြီးက ခုနင်ကပြောတဲ့ လူတွေကို ပေါင်းစည်းထား Bond လုပ်ထားတာပေါ့ဗျာ။ အဲဒီလို အချစ်နဲ့ bond လုပ်ထားခြင်းအားဖြင့် တစ်ဦးကိုတစ်ဦး နားလည်ဖို့ ကြိုးစားကြမယ်။ တစ်ဦးအကျိုးစီးပွားကို တစ်ဦးကစောင့်ရှောက်မယ်။ ဘုံရည်မှန်းချက်တွေ ရှိလာမယ်။ အစားကောင်းလေး စားရရင် ချစ်တဲ့သူကို သတိရတယ်ဆိုသလိုပဲ ကောင်းကျိုးဆိုးပြစ်တွေကို မျှဝေခံစားချင်လာမယ်။ သာယာပျော်ရွှင်တဲ့ community လေးတစ်ခုဖြစ်လာမယ် အဲလိုမဟုတ်လားဗျာ။ အဲဒီ community လေး ကြီးထွားသထက် ကြီးထွားလာရင် ...။ ကမ္ဘာကြီးတစ်ခုလုံး အပြန်အလှန် လေးစား ချစ်ခင်လာကြရင်၊ တစ်ဦးအပေါ် တစ်ဦး မေတ္တာရှေ့ထားတဲ့စိတ်နဲ့ ဆက်ဆံလာကြရင် သာယာဝပြောတဲ့ လောကနိဗ္ဗာန်လေးတစ်ခု ဖြစ်လာမှာမလွဲပါဘူး။ “အချင်းချင်း အမျက်ဒေါသမရှိ ချစ်သောမျက်စိဖြင့်သာ ကြည့်ကြကုန်လေသတည်း” ဆိုတဲ့ နေ့ကို မျှော်လင့်လျှက်....။
Links to this post
Author: vanko
•10:32 PM
အပိုင်း ၅ (နိဂုံး)...

ကျွန်တော် ရည်ညွှန်းခဲ့တဲ့ မိဘများ ဆရာများဆိုတာ အများစုကို ဆိုလိုတာပါ။ ပညာရေးအပေါ် သာမန်ထက်ပိုပြီး အဆင့်မြင့်မြင့် နားလည်ထားကြတဲ့ မိဘဆရာများလည်း ရှိပါတယ်။ သို့သော် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်ကြဖို့ လိုပါတယ်။ လူတန်းစား အလွှာတစ်ခုထဲက သဘောပေါက်နားလည်ယုံနှင့်တော့ မလုံလောက်ပါ။ သာမန် ပြည်သူများပါ ပညာရေး အတွေးအခေါ် မြင့်မားလာဖို့ လိုပါတယ်။ ကျွန်တော့် အယူအဆအရတော့ တိုင်းပြည်တစ်ခုမှာဖြစ်ဖြစ် ဘယ်အဖွဲ့အစည်း ဘယ်ကဏ္ဍပဲဖြစ်ဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ သာမန်လူများစု ဟန်ကျပန်ကျဖြစ်မှသာ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုဟာ အခြေအနေကောင်းနိုင်မှာပါ။ လူသာမန် လူလတ်တန်းစားများ၏ ပညာရေးအသိကို မြှင့်တင်ပေးနိုင်အောင် ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ အဲဒီ ပညာရေးရေချိန် အောက်ကျနေမှုအပေါ်မှာ သက်ရောက်နေတဲ့ အခြား အခြေအနေများကတော့ ဒီနေရာမှာ ကျွန်တော် မပြောလိုပါဘူး။ ဒီတစ်ခုထဲ ကွက်ပြောလို့လဲ မပြည့်စုံနိုင်တာ သိပါတယ်။ သို့သော်လည်း အားလုံးနားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။ အခြားသက်ရောက်မှုတွေကိုတော့ “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့ အခြေအနေရောက်တဲ့အခါလို့ပဲ တွေးကြည့်ကြပါ။

သာမန်တွေအကြောင်း ပြောရင်းနဲ့ ပြောစရာတစ်ခုက ခေါင်းထဲရောက်လာပြန်ပါတယ်။ သာမန် (mediocrity) တွေကို ဂရုတစ်စိုက် ရှိကြပါလို့ ပြောတာဟာ တကယ်တော့ ကျွန်တော်တို့အတွက်က မိကျောင်းမင်းကို ရေခင်းပြသလို ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ စံနစ်က သာမန်တွေပဲ အများဆုံးမွေးထုတ်ပေးနိုင်ခဲ့တဲ့ စံနစ်ဖြစ်နေလို့ပါပဲ။ လေးတန်းကျောင်းသားတစ်ယောက် သိပ်တော်နေရင် မင်းငါးတန်းကို ပြောင်းတက်ကွာလို့ မပြောနိုင်ပါ။ စာအရေးအသား အတွေးအခေါ်မှာ အလားအလာရှိတဲ့ ကျောင်းသားတစ်ယောက်ကို စာတွေများများဖတ်၊ ဦးပုညတို့ ဇော်ဂျီတို့ မြသန်းတင့်တို့ ရှာဖတ်၊ စာတွေများများရေးလို့ မပြောနိုင်ပါ။ ကျောင်းစာတွေ လစ်ဟင်းကုန်မယ် လို့သာ သတိပေးနိုင်ပါတယ်။ သိပ်ညံ့တဲ့ ကလေးတွေကြတော့လဲ ဆရာများခမျာ မနည်းတွန်းထိုး၍ အောင်မှတ်လောက်တော့ ရအောင် သင်ကြရှာပါတယ်။ ရလဒ်ကတော့ လေးစားလောက်ဖွယ်ရာ သာမန်များ (Respectable Mediocrities) ကိုသာ မွေးထုတ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ စံနစ်က သာမန်များထွက်ပေါ်လာစေရန် စတုတ်တိုက်ချလိုက်ပါတယ်။ အဲဒီသာမန်များမှ သာမန်ခေါင်းဆောင်များ၊ သာမန်ဆရာများ၊ သာမန်ပညာရှင်များ ဖြစ်လာကြပါတယ်။ ဒီနေ့ခေတ်မှာ အဲဒီသာမန်တွေရဲ့ အရည်အသွေးကို မြှင့်တင်မပေးနိုင်ရင် ကျွန်တော်တို့ ပိုပြီးနောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ နောက်တစ်ခုက သာမန်ထက် ပိုတဲ့ ကလေးတွေကို အခွင့်အရေးပေးဖို့ပါ။ အတန်းထဲမှာ ဆိုးပေကလေးတွေဟာ သူများထက် ဥာဏ်ကောင်းသူတွေ ဖြစ်နေတက်ပါတယ်။ အများအတွက် သင်တဲ့ သင်ခန်းစာတွေဟာ သူတို့အတွက် လွယ်လွန်းတဲ့အတွက် စိတ်မ၀င်စားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူများ စာတစ်ပုဒ်ရလို့မှ ကိုယ်မရသေး ထုံလွန်းထိုင်းလွန်းတဲ့ ကလေးတွေဟာလည်း သာမန်ထက် ဥာဏ်ရည်နိမ့်နေသူတွေ ဖြစ်နေနိုင်ပါတယ်။ အများတန်းတူ မရ ရကောင်းလားလို့ အပြစ်တင်ရိုက်နှက်မယ်ဆိုရင် ဘာမှကောင်းကျိုးရှိလာမှာ မဟုတ်ပါဘူး။ တစ်ချို့ကြတော့လည်း ကျောင်းစာမှာ မစွံပေမယ့် လက်မှုအနုပညာတစ်ခုခု အားကစားတစ်ခုခုမှာ ထူးချွန်နေတာမျိုးရှိပါတယ်။ အခြေအနေအားလုံးအတွက် ပြည့်စုံတဲ့ စံနစ်တစ်ခုဖြစ်ဖို့ဆိုတာကတော့ မလွယ်လှပါဘူး။ သို့သော်လည်း ယခုထက်ပိုပြီး ထိရောက်မယ့် ကလေးတွေရဲ့ အသီးသီးအသက ရှိနှင့်နေပြီး ဖြစ်နေကြတဲ့ အရည်အချင်းတွေကို ဆွဲထုတ်ပျိုးထောင်ပေးနိုင်မယ့် စံနစ်တစ်ခု ရှိသင့်နေပြီလို့ ထင်ပါတယ်။

အတန်းထဲမှာ စာတော်တယ်ဆိုတဲ့ ကျောင်းသားတွေဟာ ပြဓါန်းစာအုပ်ကို နုတ်တိုက် အာဂုံဆောင်နိုင်သူများ၊ စာမေးပွဲမှာ လိုက်လျောညီထွေ ဖြေတက်သူများ၊ အမှတ်ပေးစည်းမျဉ်း ပုံစံခွက်နဲ့ အံကျကိုက်ညီသူများသာဆိုရင်တော့ ကျွန်တော်တို့ ပညာရေး မဟန်သေးပါ။ သာမန်တွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရုံမက သာမန်ထက်ပိုတဲ့ ကလေးများထံမှ အကောင်းဆုံး အထက်ဆုံးတွေ ဆွဲထုတ်ယူပေးနိုင်မယ့် ပညာရေးစံနစ်တစ်ခု တည်ဆောက်ဖို့ အတွေးစလေးများ ပေးခြင်းဟုသာ ကျွန်တော့်စာကို သဘောထားကြပါ။ နောက်ဆုံးတစ်ခု ပြောချင်တာကတော့ အခုပြောခဲ့သမျှဟာ ကျွန်တော့် ကိုယ်ပိုင်အတွေးဆိုတာထက် ဧ၀ံမေသုတံများ၊ ဥပလက္ခိတံများကို တဆင့်ဖောက်သည်ချခြင်းမျှသာ ဖြစ်ကြောင်းပါ။

(၅.၅.၂၀၀၅)

စာညွှန်း။ ။
၁။ ပညာရဲ့သဘော (တက္ကသိုလ်ဘုန်းနိုင်)
၂။ ကျောင်းကောင်း (ကိုတာ)
၃။ The Empty Raincoat (Charles Handy)
၎။ History of Japan, Encyclopedia, Britannica 2005

နောက်ဆက်တွဲ ....

ဒီဆောင်းပါးလေးက မီဒီယာတစ်ခုခုကို ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်မှာရှိနေတုန်း ရေးခဲ့တာပါ။ အများကြီးလဲ ထိန်းထိန်းသိမ်းသိမ်းရေးခဲ့ပါတယ်။ မြန်မာ့ပညာရေး ဘာကြောင့် ဒီလောက် အောက်ကျသွားသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာကတော့ လေဘာတီမမြရင်ရဲ့ သီချင်းလိုပါပဲ “အားလုံးသိကြပါတယ်ရှင်” ပေါ့ဗျာ။ မြန်မာ့ပညာရေးစံနစ်ကြီးတစ်ခုလုံးက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံနေရတာပါ။ တက္ကသိုလ်ပညာရေးဆိုရင် အဖတ်ဆယ်လို့ကို မရတော့ပါဘူး။ ဒီအခြေအနေတွေကို ပြန်ကုစားဖို့ ဆယ်စုနှစ်နဲ့ ချီပြီး အချိန်ယူရဦးမှာပါ။ တစ်ခုအားတက်စရာကတော့ နိုင်ငံတကာမှာ မြန်မာကျောင်းသားကျောင်းသူတွေ သိသိသာသာ များလာတာပါပဲ။ နိုင်ငံကို ပြန်လည်တည်ဆောက်ချိန်ကြရင်တော့ သူတို့တစ်တွေရဲ့ အားကို အများကြီးလိုမှာပါ။
Links to this post
Author: vanko
•7:18 PM
အခုတစ်လော ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတွေအကြောင်းက ဘလော့ဂ် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်လောင်လောင် ဖြစ်လာပါတယ်။ ဆရာမောင်စူးစမ်းကို ကျွန်တော်သိတာက Ideology တွေနဲ့ ပါတ်သတ်လို့၊ နိုင်ငံတကာရေးရာတွေနဲ့ ပါတ်သက်လို့၊ World order တွေနဲ့ ပါတ်သက်လို့ သူရေးသားခဲ့တဲ့ စာတွေအရ သိရတာပါ။ သူနဲ့ ဆရာကျော်ဝင်း တို့နှစ်ဦးဟာ ကျွန်တော့်ကို ideology ကို စိတ်ဝင်စားလာအောင် သြဇာသက်ရောက်ခဲ့တဲ့ စာရေးဆရာနှစ်ဦးပါ။ ဆရာမောင်စူးစမ်းရဲ့ အမည်ရင်း ဦးချမ်းအေးဆိုတာလည်း ကျွန်တော် ခုမှသိရတာပါ။ သူ့ရဲ့ အရင် နိုင်ငံရေးရာဇ၀င်ကိုလည်း ထဲထဲဝင်ဝင်မသိတာ အမှန်ပါ။ သူ့ရဲ့ စာတွေအတွက် ကျွန်တော်တို့ လူငယ်တွေကို နိုင်ငံတကာ အိုင်ဒီအိုလော်ဂျီတွေအကြောင်း သိခွင့်ရလာစေတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

ဒါပေမယ့် အခု ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးနှစ်ပုဒ်၊ (ပထမဆောင်းပါးကိုတော့ ကျွန်တော် ဖတ်လိုက်ရပါတယ်။ ဒုတိယဆောင်းပါးကိုတော့ မဖတ်ဖူးသေးပါ။) မှာ နအဖရဲ့ road map မှတပါး အခြားရွေးစရာမရှိ၊ နိုင်ငံရေးကွင်းသစ် မှာ player အသစ်တွေ ပါဝင်သင့်ကြောင်း ရေးသားထားတယ်လို့ ဆိုကြပါတယ်။

နိုင်ငံတကာ ရေးရာတွေကို နှံ့နှံ့စပ်စပ် ဖတ်ရှုရေးသားပေးနေတဲ့ ပညာတက်တစ်ယောက်ဆီက ဒီလိုကောက်ချက်မျိုးကြားရတာ ကျွန်တော် အတော်အံ့သြမိပါတယ်။ နအဖရဲ့ road map အတိုင်းသွားရင် ဘယ်ရောက်မယ်ဆိုတာ နှိုင်းချိန်စဉ်းစားတက်သူတိုင်း သိပါတယ်။ အဲဒီ road map ဆိုတာကြီးကို အသာထားလို့ လက်ရှိ နအဖ စစ်ဘိုချုပ်တွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ စေတနာ ... စေတနာတောင် မဟုတ်ပါဘူး၊ တိုင်းပြည်အပေါ် လုံးလုံးကို စေတနာမရှိတာပါ ... သဘောထားကို ကလေးကအစ ခွေးအဆုံးသိကြပါတယ်။ ဒီလို ရာဇပလ္လင် ဖင်မြဲဖို့ ပြည်သူတွေ သွေးနဲ့ဆေး၊ ပြည်သူကို ရန်စွယ်ငေါငေါနဲ့ ပလ္လင်ထိ ဒါးကြည့် ဆိုတဲ့မူနဲ့ သတ်ဖို့ဖြတ်ဖို့ လက်မရွံ့တဲ့..၊ ဖင်ထိုင်ခုံ လှုပ်မယ်ကြံရင် လူထုမပြောနဲ့ သံဃာတောင် ချမ်းသာမပေးပဲ မိုက်လုံးကြီးလှတဲ့ အာဏာရူး ဘိုချုပ်တစ်စုရဲ့ စစ်ကျွန်သက်ရှည်ရေး စီမံကိန်းကြီးကို ဘယ်လိုခံယူချက်နဲ့များ လက်ခံဖို့ ပြည်သူလူထုကို တိုက်တွန်းသလဲလို့ ကျွန်တော် မတွေးတက်အောင်ပါပဲ။

ကွင်းသစ်ကြီးမှာ ပလေယာအသစ်တွေနဲ့ ကစားကြမယ်ဆိုရင် ဘာကြောင့်များ အနှစ်၂၀လုံးလုံး တိုင်းပြည်ဂုတ်ခွစီးပြီး ထင်ရာစိုင်းလာတဲ့ နအဖရဲ့လက်ကိုင်တုတ် စစ်တပ်ကြီးက ဘာလို့ ၂၅% ပါနေရတာလဲ လို့ ဆရာမောင်စူးစမ်းကို မေးချင်ပါတယ်။ အဲဒီ လက်ကိုင်တုတ်ကြီးက ၂၅% ပါဦးမယ့်အပြင် ပြည်သူ့အချစ်တော် ကြံ့ဖွတ်အဖွဲ့ ကြီးကပါ ၀င်ရောက်အရွေးခံပြီး မေလ လူထုဆန္ဒဓမြတိုက်ပွဲကလိုပဲ မတရားနည်းမျိုးစုံနဲ့ နေရာရအောင်ယူဦးမယ်ဆိုတာ ကလေးကအစသိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ဖို့၊ အရပ်သားအစိုးရလက်ထဲကို စစ်မှန်တဲ့အာဏာာ မရောက်ရအောင် နောက်ကသေနတ်နဲ့ချိန်ထားဦးမယ့် နအဖ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေနဲ့ စခန်းသွားဖို့ အတွက် ပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲကျင်းပလိုက်တာနဲ့ပဲ မြန်မာ့နိုင်ငံရေးဟာ ကွင်းသစ်ဖြစ်လာနိုင်မလားဆိုတာ စေ့စေ့တွေးစရာတောင် မလိုတဲ့ကိစ္စပါ။

မြန်မာ့နိုင်ငံရေးဟာ တခြားနိုင်ငံတွေနဲ့မတူပဲ ထူးခြားတဲ့ရေခံမြေခံတွေရှိလို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူးဆိုတဲ့ နအဖ ဘိုချုပ်တွေရဲ့ လက်သုံးစကားအတိုင်းဆိုရင် ဆရာမောင်စူးစမ်းလဲ မြန်မာ့အရေးကို ဟိုနိုင်ငံ ဒီနိုင်ငံတွေနဲ့ ယှဉ်ပြလို့ သင့်တော်ပါ့မလား။ နအဖ ရဲ့ လက်သုံးစကားလည်း မှန်သင့်သလောက်မှန်ပါတယ်။ ဘာတွေထူးခြားသလဲဆိုတော့ ထိုင်းမှာဆိုရင် အခုဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ လူထုဆန္ဒပြပွဲတွေမှာ ထိုင်းအစိုးရ၊ ရဲ၊ စစ်တပ် အားလုံးက ပြည်သူတွေရဲ့ အသက်ကို သိပ်တန်ဖိုးထားတယ်ဆိုတာတွေ့ရမှာပါ။ နအဖ ရဲ့ ထူးခြားချက်ကတော့ ပြည်သူမကလို့ သံဃာပဲဖြစ်ဖြစ် သတ်မှာပဲဆိုတဲ့ မူပါပဲ။ ပါကစ္စတန်မှာလည်း သမ္မတအနေနဲ့ ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေကိုလည်း ခွင့်ပြုထားပါတယ်။ မြန်မာပြည်မှာကတော့ စိတ်မထင်ရင်မထင်သလို လူထုကိုဖမ်းဆီး ခြိမ်းခြောက် နှိပ်စက်နေတာပါ။ နိုင်ငံရေးအကျဉ်းသားတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်။ ဒါတွေက နအဖရဲ့ တိုင်းပြည်နဲ့ လူထုအပေါ် စစ်မှန်တဲ့စေတနာ မရှိတာကို ဖေါ်ပြနေတာပါ။ ဒီဘိုချုပ်တစ်စုဟာ ဘယ်တော့မှ အမြင်မှန်ရလာမှာမဟုတ်ပဲ အာဏာရူးရူးရင်းနဲ့ပဲ သေသွားမယ့်သူတွေဖြစ်နေတာက တခြားနိုင်ငံတွေနဲ့ မတူတဲ့ ထူးခြားချက်ပါပဲ။

နအဖရဲ့ လမ်းပြမြေပုံက ပြတဲ့လမ်းအတိုင်းသာ သွားခဲ့ရင်၊ အဲဒီထွက်ပေါက်ကသာ ထွက်ခဲ့ရင် (ဆရာဦးဝင်းတင်ရဲ့ စကားနဲ့ပြောရရင်တော့) မြန်မာပြည်ဟာ ငရဲကိုပဲ ရောက်မှာပါပဲ။
Links to this post
Author: vanko
•5:52 PM
အပိုင်း ၄ ...

ယနေ့ခေတ်သည် လေ့လာသင်ယူစရာတွေ များသောခေတ်၊ နည်းပညာတွေက လျှပ်စီးလက်သလို မြန်ဆန်လွန်းသော ခေတ်ဖြစ်ပါသည်။ အသိပညာဖွံ့ဖြိုးတိုးတက်နှုန်းမှာ မြန်ဆန်လွန်း၍ အသိပညာပေါက်ကွဲမှု (Knowledge Explosion) ဟုပင် တင်စားကြပါသည်။ ကျွန်တော်တို့က စံနှုန်းအဟောင်းများဖြင့် သက်တောင့်သက်သာ သွားနေပါက နောက်ကျကျန်ခဲ့ပါလိမ့်မည်။ ယခု ဆယ်နှစ်စာ နောက်ကျနေလျင်၊ နောက်တစ်နှစ်အကြာတွင် အနှစ်နှစ်ဆယ် သုံးဆယ်စာမက နောက်ကျကျန်ခဲ့သည်ကို တွေ့ရပါလိမ့်မည်။ သူများထက်နောက်မကျဖို့ သူများကို အောက်ကျနောက်ကျ မဖြစ်ဖို့ဆိုလျှင် ကျွန်တော်တို့တွေ ပညာရေးကို ယခုထက်ပို၍ ရင်းနှီးမြုတ်နှံရပါမည်။ ယခုထက်ပို၍ ကောင်းမွန်သော ပညာရေးစံနစ်တစ်ခုကို ဖော်ထုတ်ကြရပါမည်။

ကျွန်တော်တို့ သမိုင်းထဲမှာ ထပ်တလဲလဲ သင်ခဲ့ရတာ၊ ဖတ်ခဲ့ရတာ မြန်မာပြည် သူ့ကျွန်ဘ၀ရောက်ရတာဟာ လက်နက်အင်အား၊ လူအင်အားမမျှလို့ ဆိုတဲ့ စကားလုံးတွေပဲ ထပ်တလဲလဲ သင်ခဲ့ရပါတယ်။ မှန်မှန်ကန်ကန်သုံးသပ်မှုတွေကို ကျွန်တော်တို့ရဲ့ ပညာရေးက သင်မပေးလိုက်ဘူး။ အပြင်စာတွေ ဖတ်မိတဲ့အခါမှသာ အော် ... ဒို့ဗမာတွေ ပညာမတတ်ခဲ့လို့ပါလား ဆိုတာ ရေးရေးသိလာတယ်။ ဆီးပန်းနီ ဆရာတော်ကတော့ “မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ခဲ့ပြီ” လို့ ရေးပါတယ်။ စည်းကမ်းမဲ့တာလည်းမှန်ပါတယ်။ ဆရာအောင်သင်းပြောတဲ့ စကားလေးကတော့ ကျွန်တော်မမေ့နိုင်တဲ့ စကားပါ။ “မဟာဗန္ဒုလလောက် သတ္တိရှိတာ ဘယ်သူရှိဦးမလဲ။ ဒါပေမယ့် ဟိုက “ထုန်း” ဆိုတော့ သေရော။ ကိုယ်ကမှ ပြန် မ“ထုန်း” နိုင်ပဲ။ ခံပေါ့” တဲ့။ ဟုတ်တယ်။ အင်္ဂလိပ်အမြောက်ကို ယှဉ်ပစ်နိုင်တဲ့ အမြောက် ဗမာတွေမှာ မရှိလို့။ ဘာလို့ မရှိလဲ ဆိုတော့ မလုပ်တတ်လို့။ ဘာကြောင့်မလုပ်တတ်သလဲ ပညာမတတ်လို့ပေါ့ဗျာ။ ရှင်းရှင်းလေးပဲ။

ရွှေမြန်မာတွေ သူများအောက်မကျရအောင်၊ ကျွန်တော်တို့ ဗိုလ်ချုပ်ပြောခဲ့သလို သူများတစ်လှမ်း လှမ်းချိန်မှာ ကိုယ်က လေးငါးခြောက်လှမ်း လှမ်းနိုင်အောင် အဓိကလုပ်ဆောင်ရမှာက ပညာရေးကဏ္ဍ (Educational Sector) ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျန်တာတွေ နောက်ကျချင်သလောက် ကျပါစေ။ ပညာရေးမှာ အောက်မကျရင် အားလုံးကို ပြန်ကုစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ဂျပန်ရဲ့ ဥပမာလေးကို ကျွန်တော်ပြောချင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ (၁၉၄၅)မှာ ဂျပန်ဟာ ပြာပုံဘ၀နဲ့ ကျန်ခဲ့တာပါ။ သို့သော်လည်း သူတို့မှာ ဆရာတွေရှိပါသေးတယ်၊ ကျောင်းသားတွေရှိပါသေးတယ်၊ ကောင်းမွန်တဲ့ ပညာရေး စံနစ်လည်း ကျန်ခဲ့ပါသေးတယ်။ သူတို့တွေနဲ့ နိုင်ငံကို ပြန်တည်ဆောက်ကြတယ်။ အစိုးရ ဘတ်ဂျက်ခွဲဝေမှုမှာ တခြားဝန်ကြီးဌာနတွေ အားလုံးနောက်ဆုတ်ပေးပြီး ပညာရေးမှာ ပုံအောပြီးတော့ သုံးပါတယ် (Massive Investment in Education)။ အဲဒီရလဒ်ကတော့ ဂျပန်ဟာ ၁၉၅၀ ပြည့်လွန် ၁၉၆၀ နှစ်များမှာ ပြန်ပြီးတော့ တန်းမှီတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါပဲ။

ဒီလောက် အချိန်တိုတိုနဲ့ ဂျပန်နိုင်ငံ ပြန်ပြီးတိုးတက်လာတာဟာ ဟိုးအရင် မေဂျီခေတ် (Meiji Period 1868-1912) ကတည်းက ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ အကျိုးကြောင့်ဆိုရင်လည်း မမှားပါဘူး။ ဟိုအရင်က တံခါးပိတ်ပြီး အိပ်ပျော်နေတဲ့ ဂျပန်တွေဟာ အမေရိကန်စစ်သင်္ဘောတွေ ရောက်လာပြီး အတင်းအကျပ် တံခါးဖွင့်ခိုင်းလို့ ၁၈၅၄ Perry Convention အရ ဖွင့်ပေးလိုက်ရချိန်မှာ ကမ္ဘာကြီး (အထူးသဖြင့် အနောက်ပေါ့) ကို တွေ့ပြီး shock ရသွားလို့ အဲဒီ မေဂျီခေတ်မှာပဲ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်ပါတယ်။ အဲဒီရဲ့ အကျိုးဆက်က ရုရှား-ဂျပန် စစ်ပွဲ Russo-Japanese War 1904-1905 မှာ ရုရှားကို အနိုင်ရပြီး ခေတ်သစ်သမိုင်း Modern Times မှာ ဥရောပနိုင်ငံတစ်နိုင်ငံကို အနိုင်ရခဲ့တဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။

ကျွန်တော်တို့ မြန်မာတွေရော။ ရှေးရှေးကမြန်မာတွေ မညံ့ခဲ့ကြပါဘူး။ နှိုင်းယှဉ်ကြည့်ရင် အံ့သြမိလိမ့်မယ်။ မေဂျီခေတ်ထက်ကို အနည်းငယ်စောပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြပါတယ်။ မင်းတုန်းမင်းတြားကြီး (၁၈၅၃-၁၈၇၈) လက်ထက်မှာ ဒီအတိုင်းနေလို့ မရတော့ဘူးဆိုတာ သိလို့ ပညာရေးနဲ့ စက်မှုလက်မှုကဏ္ဍတွေမှာ တိုးတက်ခေတ်မီဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာ နိုင်ငံတစ်ဝက်က အင်္ဂလိပ်လက်ထဲ ရောက်နေပါပြီ။ အလာကောင်းသော်လည်း အခါနှောင်းခဲ့ပြီလို့ ပြောရမလိုပါပဲ။ မင်းတုန်းမင်းကို ဆက်ခံတဲ့ သီပေါမင်းလက်ထက်မှာ နိုင်ငံရေးအကွဲအပြဲတွေကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အရှိန်ယုတ်သွားခဲ့ပြီး နိုင်ငံတကာရေးရာ မကျွမ်းကျင်မှု၊ မဟာဗျူဟာ မှားယွင်းမှုတွေကြောင့် နောက် စည်းကမ်းဖောက်တာတွေကြောင့် တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ရောက်ခဲ့ရပါတယ်။ Geopolitical အရ အင်္ဂလိပ်က မြန်မာနိုင်ငံကို မရမနေသိမ်းမှာ ဖြစ်တယ်လို့ သမိုင်းကဆိုပါတယ်။ သို့သော်လည်း အင်္ဂလိပ်မှတ်တမ်းများအရ ဗြိတိသျှတွေဟာ အထက်မြန်မာနိုင်ငံကို အနည်းဆုံးအားဖြင့်တော့ ခေတ္တခဏဖြစ်စေ လက်ရှောင်ထားပြီး လာအို၊ ဗီယက်နမ်နဲ့ ယူနန်ဒေသတွေမှာ ပြင်သစ်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် အာရုံစိုက်ချင်ကြပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာလွှတ်တော်ကနေ ပြင်သစ်ကို ပေးပို့တဲ့ စာတစ်စောင်ကို ဗြိတိသျှတွေ ရရှိသွားပြီး အင်္ဂလိပ် မြန်မာ ဆက်ဆံရေးဟာ အဆိုးဝါးဆုံးအဆင့် ရောက်ခဲ့ပါတယ်။ နောက်တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ အပြစ်ရှာနေတဲ့ ၀ံပုလွေလက်ထဲ ရောက်သွားရတာပါပဲ။

ဆိုလိုချင်တာကတော့ ကျွန်တော်တို့ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ နောက်ကျခဲ့တာကြောင့် နိုင်ငံတကာရေးရာ၊ အသိပညာ၊ နည်းပညာ အားလုံးနောက်ကျပြီး ဒါတွေဟာ သူ့ကျွန်ဘ၀ရောက်ရခြင်း အကြောင်းရင်းများစွာထဲက အဓိကျတဲ့ အကြောင်းရင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ထို့ကြောင့် ပညာရေးမှာ နောက်မကျအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။
Links to this post
Author: vanko
•11:55 PM
အစ်မမေအိခင်က tag ထားတယ်နော် ဆိုလို့ tag တယ်ဆိုတာ ဘယ်လိုကြီးလဲလို့ ကြောက်နေတာ။ အိမ်အောက်က သူခိုးက ဒေဝေါဆိုတာ ဘာကြီးမှန်း မသိသလိုပဲ။ (ဥပမာကလဲ မကောင်းလိုက်တာနော် ...). ခုတော့ အစ်မက ကိုယ့်စိတ်ထဲရှိတာတွေ အကုန်ရေးဆိုလို့ ရေးလိုက်ပြီဗျာ။ အစ်မရေ သည်းခံပြီးသာ ဖတ်ပေတော့။ :P

ပထမဆုံး.... ပထမဆုံးဘာရေးရပါ့မလဲ...?။
၁။ အင်း.... ပထမဆုံး နေခဲ့တဲ့အိမ်... ကျွန်တော်တို့အပြင် အဖိုးကြီး၊ အဖွားကြီးနှစ်ယောက်ထဲရှိတဲ့ အိမ်ကလေးပဲ။ အဖေနဲ့ အမေ အိမ်ထောင်ကျခါစမှာ အိမ်ငှားနေတယ်လေ..။ အဖွားကြီးက ကန်စွန်းဥပြုတ်လေးတွေ သူ့အိမ်ရှေ့ဖွင့်ထားတဲ့ မုန့်ဆိုင်ကလေးမှာ ရောင်းတယ်။ မနက်လေးနာရီလောက် ထပြီး ကန်စွန်းဥပြုတ်ရင် ကျွန်တော်လည်း ထပြီး မီးဖိုဘေးထိုင်စောင့်ရင်း ကဗျာတွေရွတ်တာမှတ်မိတယ်။ နှစ်နှစ်သားလောက်ပေါ့။ အဲဒီအဖိုးကြီး၊ အဖွားကြီးက ကျွန်တော်တို့ မိသားစုကို သိပ်ခင်တွယ်တာ။ သူတို့အိမ်မှာ ငှားနေတာ ၃ ၄ နှစ်လောက်ပဲရှိမှာပါ။ ဒါပေမယ့် သူတို့ သေတဲ့အထိ ကျွန်တော်တို့ကို သားသမီးမြေးတွေထက် ပိုခင်တွယ်ကြတယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပဲ ဖြစ်မယ်ထင်ပါတယ်။

၂။ ပထမဆုံး အိမ်ကနေ အဝေးကြီး (အဝေးကြီးလို့ အဲဒီတုန်းကတော့ ထင်တာပဲ) တက်ရတဲ့ ကျောင်း.... “မြတ်” မူကြို။ မူကြိုကျောင်းကားက အိမ်အထိ လာကြိုတယ်ဗျ။ ကျောင်းကားလာခါနီးဆို ကျွန်တော်ကတော့ ငိုတာပဲ။ ဟိုမှာက နေ့ခင်းဘက် အိပ်ရတာကိုး။ ကျွန်တော်က ဆော့နေရမှ...။

၃။ ပထမဆုံး ရတဲ့ဆု သူငယ်တန်း တတိယဆု။

၎။ ပထမဆုံး သူငယ်ချင်း... သုံးယောက်တောင်ရှိတယ်။ ပထမဆုံးလို့ထင်တာပဲ။ ဘသန်းရယ်၊ မိငယ်ရယ်၊ သန္ထာရယ် ပေါ့။ ကျွန်တော်တို့ လေးယောက်က အတန်းတိုင်းမှာ ပထမ၊ ဒုတိယ၊ တတိယကို အမြဲ လုနေကြမို့ထင်ပါတယ်။ သူတို့ သုံးယောက်ပဲ မူလတန်းသူငယ်ချင်းတွေထဲမှာ မှတ်မှတ်ရရရှိတယ်။ ထူးဆန်းတာက ကျွန်တော်နေတဲ့ ကျောင်းက တတိယဆုကို အမြဲပဲ နှစ်ယောက်တွဲပေးတယ်ဗျ။ အင်း... ကျွန်တော်ကလဲ တတိယပဲ ရတာများပါတယ်။ ဆရာမက ကျွန်တော့်ကို သိပ်လျှမ်းတယ်တဲ့။

၅။ ပထမဆုံး အမှတ်တရရှိတဲ့ဆု...။ ကျွန်တော်တို့ အတန်းပိုင်ဆရာမအိမ်မှာ လေးတန်းအစိုးရစစ် စာမေးပွဲအတွက် အကြို စာမေးပွဲလုပ်ပေးတုံးက ရတဲ့ ပထမဆု။ ပထမဆုကို အမှတ်ရတာမဟုတ်ဘူး။ ဆရာမက ကျွန်တော် လျှမ်းတက်မှန်းသိလို့ ဆုအဖြစ်ပေးတဲ့ လေယဉ်ပျံရုပ်ကလေးမှာ ဒီလိုရေးပေးတယ်။ “မြင်းကောင်းခွာလိပ် မဖြစ်စေနဲ့” တဲ့။ ခုထိ အဲဒီ စကားလေးကို အမှတ်ရတုံးပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမြဲ အဲဒီလိုဖြစ်တက်လို့ပါ။

၆။ ပထမဆုံး တကယ့်စိတ်တူကိုယ်တူ သူငယ်ချင်း....။ သူနာမည်က ထူးဆန်းတယ်ဗျ။ သူ့စိတ်ကလဲ ထူးဆန်းတယ်။ သူ့နာမည်ကိုပြောရင် စိတ်ဆိုးမှာ ကျွန်တော်သိလို့ မပြောတော့ပါဘူး။ သူက tourist guide လုပ်တယ်။ အောင်မြင်တဲ့ ဂိုက်အနည်းငယ်ထဲက တစ်ယောက်ပါ။ သူနဲ့ ကျွန်တော် နှစ်ယောက်သား ညဘက် လမ်းလျှောက်ရင်း၊ မြစ်ကမ်းက ဆိပ်ခံဘောတံတားမှာ သွားထိုင်ရင်း အယူအဆတွေ ငြင်းကြခုံကြတာ အခုထိ အမှတ်ရတုံးပဲ။ ခြောက်တန်းကျောင်းသားဘ၀မှာ စပြီးခင်ခဲ့ကြတာပါ။ ခုဆိုရင်နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့။ ခင်မင်ဆဲပါပဲ။

၇။ နောက် ပထမဆုံး... ပထမဆုံး ဘာပါလိမ့်...။ အစ်မရေ ကျွန်တော်က အမှတ်သည်းခြေနည်းတယ်ဗျ။ ပထမဆုံး ဆိုတာတွေ သိပ်မမှတ်မိဘူး။ အင်း.. ပထမဆုံး ကြည့်ဖူးတဲ့ တီဗွီဇာတ်လမ်းတွဲ... Six Million Dollar Man ။ အဲဒီတုန်းက တစ်ရပ်ကွက်လုံးမှ... လက်ချိုးရေရင် တီဗွီရှိတဲ့ အိမ်က လက်တစ်ဖက်မပြည့်ဘူးထင်တယ်။ ရပ်ကွက်ထဲမှာ တစ်ချို့အိမ်တွေက ကောင်စီရုံးကနေ တီဗွီငှားပြီး လမ်းထဲမှာ ပြတယ်။ အလကားပေါ့။ information/ entertainment အလှူလို့ ပြောရမလားမသိပါဘူး။ အဲဒီလို ပြတဲ့နေ့ဆိုရင် အိမ်တွေအသီးသီးက ဖျာတွေ ခုံတွေ ယူလာကြပြီး လမ်းထဲမှာ နေရာအစောကြီး ကြိုယူကြတာပေါ့။ အင်း... ပြန်စဉ်းစားကြည့်ရင် ပျော်စရာကြီးပဲ။ အဲဒီမှာ The Six Million Dollar Man ဇာတ်လမ်းကို စကြည့်မိပြီး ကြိုက်သွားတာပဲ။ တိုက်လေယဉ်ပျံပျက်ကျတဲ့ ပိုင်းလော့ကို စတီးရိုးတွေ စက်တွေ ပြန်ပြီး အစားထိုးထားတော့ သူက စက်ရုပ်တစ်ပိုင်းဖြစ်နေတာပေါ့။ ဒီနေ့ခေတ် Robo Cop ဇာတ်ကားတွေရဲ့ ရှေ့ပြေးလို့တောင် ပြောလို့ရမယ်ထင်တယ်။ အဲဒီတော့ သူက ဒေါ်လာခြောက်သန်းတောင် တန်သတဲ့။ ခုခေတ် ဘောလုံးသမားတွေကတော့ ဒေါ်လာခြောက်သန်းလောက်များ ပျင်းတောင်ပျင်းသေး နော်...။

၈။ ပထမဆုံး လေယဉ်ပျံစီးဘူးတာ....။ ဟီး... ဟီး... လွတ်လပ်ရေးကွင်းထဲမှာ...။ ဂျစ်ကားဘော်ဒီမှာ လေယဉ်ပျံပုံစံ အတောင်ပံတွေတပ်ထားတာပေါ့။ အဲဒါ ကွင်းထဲက ပြေးလမ်းထဲမှာ ပါတ်မောင်းတယ်။ ကျွန်တော်တို့ ကလေးတွေဆို သိပ်ပျော်တာပေါ့။ လေယဉ်တောင်ပံနှစ်ဖက်က မီးတဖျပ်ဖျပ်နဲ့...။

၉။ ပထမဆုံး ကျောင်းပြေးဖူးတာ...။ ရှစ်တန်းကျောင်းသားဘ၀..။ အမှန်တော့ ကျောင်းပြေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်ရယ် သူငယ်ချင်း သူရချစ်ရယ် နှစ်ယောက်သား ကျောင်းမတက်ခင် လွတ်လပ်ရေးကွင်းက ကန်ထဲမှာ လှေသွားစီးကြတယ်။ လှေခက တစ်နာရီ ၅ ကျပ်ပေးရတယ်။ နာရီပြည့်သွားရင် လှေငှားတဲ့ရုံကနေ လော်စပီကာကြီးနဲ့ လှေနံပါတ်ကို အော်ခေါ်တယ်။ အဲဒီနေ့က ကျွန်တော်တို့ လှေနံပါတ် ၅ ကို နာရီပြည့်သွားလည်း မခေါ်ဘူး။ အဲဒါနဲ့ ကျွန်တော်တို့လည်း ကန်ထဲမှာ ဟိုလှော်ဒီလှော်နဲ့ လှေထဲ တစ်ရေးတောင် အိပ်လိုက်သေးတယ်။ ကျောင်းတက်ချိန်လည်း ကျော်သွားပြီပေါ့။ ၁၁ နာရီလောက်က လှေစီးလိုက်တာ။ ညနေ ၃ နာရီလောက်မှ တခြားဘက်ကမ်းမှာ လှေကပ်ပြီး သူရချစ်အိမ်မှာ ကျောင်းစာအုပ်ထဲမှာ ပါတဲ့ မော်တာလုပ်နည်းကို သွားစမ်းကြည့်ကြတယ်။ မရပါဘူး။ အခုပြန်စဉ်းစားကြည့်တော့ အဲဒီတုံးက ကွိုင်ပတ်တာ အပတ်ရေ နည်းနေတာကိုး...။ အဲဒီ ပထမဆုံး ကျောင်းပြေးပြီးတော့ မှတ်မှတ်ရရ နောက်တစ်ခါ ဆယ်တန်းကျောင်းသားဘ၀မှာ တစ်ခါပဲ ကျောင်းထပ်ပြေးဘူးတယ်။ အဲဒီတုံးက ဆရာမရဲ့ ဆန်ထုတ်ခွင့် စလစ်ကို ယူပြီး ဆရာမအတွက် ဆန်သွားထုတ်မယ်ဆိုပြီး ကျောင်းကနေ အပြင်ထွက်ကြတာ။ သူငယ်ချင်းလေးယောက်။ အမှန်တော့ စလစ်က ဆန်ထုတ်ပြီးသား။ လက်ဘက်ရည်ဆိုင်မှာ သွားထိုင်နေကြတာ ပြန်လာတော့ ဆရာမရဲ့ အဆော်ခံရပါလေရော။

၁၀။ ပထမဆုံး ကျဘူးတဲ့ စာမေးပွဲ...။ ဆယ်တန်း....။ အမှတ်ကောင်းကောင်းမရလို့ ဆိုပြီး နောက်ဆုံး Biology ဖြေတဲ့နေ့မှာ ခြစ်ချခဲ့တယ်။ အမေ့ကို ပြောတော့ အမေက စိတ်မကောင်းဘူး။ ငယ်ငယ်ကတည်းက ဆုတွေရလာပြီး ဆယ်တန်းမှ ကျရတယ်ဆိုတော့....။ အဖေကတော့ ဘာမှ သိပ်မပြောပါဘူး။ နောက်နှစ် အမှတ်ကောင်းအောင် ကြိုးစားပေါ့တဲ့။ နောက်နှစ်လဲ အခြေအနေမကောင်းပါဘူး။ ပျင်းတာကိုး..။ D တစ်လုံးမှ မရဘူး။ ခြောက်ဘာသာမှာ သုံးဘာသာက D မှတ်နား ကပ်ရပ်နဲ့ D မထွက်ခဲ့ဘူး။ စဉ်းစားကြည့်ပါဗျာ။ အင်္ဂလိပ်စာ ၇၂၊ Physics ၇၈၊ Bio ၇၇။ (ကြုံတုံး ကြွားတာ... :p)။ နောက်ဆို ဘယ်စာမေးပွဲမှ ခြစ်မချတော့ပါဘူး...။

၁၁။ ပထမဆုံး ချစ်သူ.....။ :( ... ယောက်ျားရသွားပြီဗျာ...။ အခုလောက်ဆို ကလေးတောင် ရရောပေါ့။ အစ်မရေ ... အဟောင်းအဟောင်းတွေက အစုတ်အစုတ်တွေ ဖြစ်ကုန်ရောပေါ့...။ :(

၁၂။ ပထမဆုံး တက်တဲ့သင်တန်း...။ ပန်းချီသင်တန်း။ လေးတန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာပေါ့။ ဟုတ်တိပတ်တိလည်း ဘာမှမသင်ခဲ့ရပါဘူး။ အဲဒီတုံးက တေဇလူငယ်တွေ၊ လမ်းစဉ်လူငယ်တွေ ခေတ်စားချိန်မဟုတ်လား။ ကျွန်တော်တို့ကိုလည်း ပန်းချီသင်တန်းဆိုပြီး တကယ်က စစ်ရေးပြသင်တန်းတွေ ပေးတာပါပဲ။ နောက် လူငယ်လေ့ကျင့်ရေးစခန်း အင်းယားလေးကို သွားရတယ်။ အတန်းကြီးတွေက ပြောလို့ အင်းယားလေးလို့ ပြောတာ။ ခုထိ အဲဒီ အင်းယားလေးဆိုတာ ဘယ်နေရာမှန်း မသိသေးဘူး။ အဲဒီမှာ ရွက်ဖျင်တဲထိုးတာတွေ၊ ကြိုးချည်နည်းတွေ သင်ရတယ်။ အခုတော့ တစ်ခုမှ မမှတ်မိတော့ဘူး။

၁၃။ နောက်ထပ် ပထမဆုံး... အား ... အစ်မရေ တော်တော်စဉ်းစားရတာပဲ...။ ခဏနားဦးမယ်ဗျာ။ 10 hours later.... အင်း.. သိပြီ .. ပထမဆုံး စီးဘူးတဲ့စက်ဘီး ... ဘိုအုန်းသီး စက်ဘီးလေး။ ဘီးသုံးဘီးနဲ့ အနောက်မှာ ကယ်ရီယာလေးလဲပါတယ်။ တစ်စီးလုံး ဘီးကိုပတ်ထားတဲ့ တာယာကလွဲလို့ သံချည်းပဲ။ အတိုအစ၀ယ်တဲ့ ကုလားတွေသိပ်ကြိုက်ပေါ့။

၁၄။ ပထမဆုံး ဆရာ...။ ကျွန်တော့် ကြီးဒေါ်လို့ ပြောရမယ်။ ကျွန်တော်က သုံးနှစ်သားလောက်ကတည်းက အဖွားအိမ်မှာ သွားနေတာ။ အဖွားကို “မေမေ” လို့ ခေါ်တယ်။ ကျွန်တော့် ကြီးဒေါ်က အတန်းပညာတွေဘာတွေ အများကြီးမတတ်ပေမယ့် ဥာဏ်ကောင်းတယ်ဗျ။ စာလည်း အရမ်းဖတ်တယ်။ ဗဟုသုတ၊ နိုင်ငံတကာရေးရာဆိုရင် တော်တန်ရုံလူ သူ့ကိုယှဉ်ပြောလို့မရဘူး။ ကျွန်တော့်ကို ငယ်ငယ်ကတည်းက စာရေးစာဖတ် သင်ပေးတယ်။ သင်္ချာ သင်ပေးတယ်။ အင်္ဂလိပ်စာတော့ သင်မပေးနိုင်ရှာဘူး။ သူပြောတဲ့ စကားတစ်ခွန်းက ကျွန်တော်တစ်သက်လုံး အမှတ်ရနေတယ်။ “ကြီးကြီးက အင်္ဂလိပ်စာမတက်တော့ မျက်လုံးတစ်ဖက် ကန်းနေတဲ့သူလိုပဲ” တဲ့။ “နိုင်ငံခြားဘာသာစကားဆိုတာ လေ့လာကောင်းတယ်” တဲ့။ သူက အင်္ဂလိပ်လို မဖတ်တက်ဘူးပေမယ့် အင်္ဂလိပ်စာလုံးတွေတော့ သိသဗျ။ အင်္ဂလိပ်ဆေးတွေဘာတွေဝယ်လာလို့ စာလုံးပေါင်းမှားနေရင် သူကတန်းပြောဒါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း လေ့လာလိုက်တာ အင်္ဂလိပ်လိုလဲ မတောက်တခေါက်၊ ဂျပန်လို ထမင်းစားရေသောက်တောင်မရ၊ တရုတ်လို တစ်လုံးနှစ်လုံး၊ စပိန်လည်း တက်ယောင်ကား၊ ပြင်သစ်ကျတော့လဲ တီးမိခေါက်မိ အဲသလိုတွေ ဖြစ်ကုန်ရော။ တစ်ခါတစ်ခါ ငယ်ငယ်က ရွှေသွေးထဲက “တစ်ခုခုကို မြဲမြဲကိုင်” ဆိုတဲ့ ပုံပြင်လေးကို သွားသွားသတိရတယ်။ ဘုရားရှစ်ခိုးစာတွေ၊ ပါဠိတွေ ပါဒ်ဆင့်တွေ ဖတ်တာကို လည်း ကြီးကြီးနဲ့ မေမေ (အဖွား) ကသင်ပေးတာပဲ။ အဖွားကလည်း စာဖတ်တယ်။ သူကတော့ ဘုရားစာတွေဖတ်တာများပါတယ်။ အဲ.. ဒါပေမယ့် သူလည်း အင်္ဂလိပ်ဂဏန်းတွေ သိသဗျ။ အင်္ဂလိပ်လိုချည်းပဲပါတဲ့ ပြက္ခဒိန်လည်း သူကြည့်တက်တယ်။ ကျွန်တော်က “မေ့ (မေ့ ဆိုတာ မေမေ ကို ကျွန်တော်က အတိုကောက်ခေါ်တာ.) အင်္ဂလိပ်ဂဏန်းတွေ ဘယ်လိုသိသလဲဆိုတော့ “တိုက်ကြည့်ပြီး မှတ်ထားတာပေါ့” တဲ့။ မေမေ က ဓါရဏပရိတ်ကို အမြဲရွတ်တယ်။ သူရွတ်နေရင် ကျွန်တော်က ဘေးကထိုင်ပြီး နားထောင်ရတာ သိပ်သဘောကျတာပဲ။ အသက်ကြီးတဲ့အထိ ထိုင်ပြီးနားထောင်ဘူးတယ်။ နောက်ကျတော့ မေမေဆိုတာ မဟုတ်ရင် နားထောင်ရတာ တစ်ခုခုလိုနေသလိုပဲ။ နောက်ပြီး “သုံးလူ့ရှင်ပင်ကျွန်းထိပ်တင်၊ သောင်းခွင်စင်္ကြ၀ဠာ” ဆိုတဲ့ ကဗျာလေးလဲ မေမေက ခဏခဏဆိုပြတယ်။ ကျွန်တော် ဆယ်တန်း၊ တက္ကသိုလ် တက်နေတဲ့ အချိန်အထိ အဖွားအိမ်တစ်ခါတစ်လေ သွားအိပ်ရင် “မေ့.. သုံးလူ့ရှင်ပင် ဆိုပြပါဦး” ဆိုပြီး နားထောင်ရင်း အိပ်ပျော်သွားတက်တာ။

၁၅။ ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် ...။ ပထမဆုံး ဖတ်ဖူးတဲ့ စာအုပ်လို့တော့ မမှတ်မိတော့ပါဘူး။ ကျွန်တော်က က၊ ခ၊ ဂ၊ ဃ၊ င ဆိုတဲ့ စာလုံးလေး ငါးလုံးသိကတည်းက စာစဖတ်တာ။ (ကြုံတုံးကြွားမိတာ သည်းခံကြပါခင်ဗျာ..။) ကြီးကြီး ကျွန်တော့်ကိုသင်ပေးထားတာ အဲဒီငါးလုံး။ အဲဒီငါးလုံးလဲ ရရော စာတွေလျှောက်ဖတ်လိုက်တာ နံရံမှာချိတ်ထားတဲ့ “သမ၀ါယမ ပြက္ခဒိန်” ဆိုတဲ့အထဲက “ယ” ကို “ကြီးကြီး သူတို့ ကကြီးကလဲ ပြောင်းပြန်ကြီးပြောလို့ ရယ်လိုက်ကြတာ။ ကျွန်တော့် ကြီးဒေါ်ခင်မျာ အဲဒါကို ကျွန်တော်ကြီးလာတဲ့အထိ ပြောမဆုံးဘူး။ အဖွားအိမ်မှာက စာအုပ်တွေ အများကြီးရှိတယ်။ တက္ကသိုလ် မဂ္ဂဇင်းတွေ၊ တို့ကျောင်းသား စာစောင်တွေလဲရှိတယ်။ အဲဒါတွေက ကျွန်တော်အဖေတွေ ဦးလေးတွေ လက်ထက်က စာအုပ်တွေပေါ့။ သူတို့ သင်ခဲ့ရတဲ့ ကျောင်းစာအုပ်တွေလည်း စာအုပ်စင်မှာ ရှိတယ်။ သူတို့သင်ရတဲ့ ဖတ်စာအုပ်တွေ ကျွန်တော်ငယ်ငယ်ကတည်းက ဖတ်ခဲ့ရတာပေါ့။ နောက် ၀တ္ထုတွေ၊ ဆောင်းပါးစာအုပ်တွေ၊ ရာဇ၀င် စာအုပ်တွေကလည်း အများကြီး။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တာ။ သူ့ကဗျာလေးတွေက အသံချိုတယ်လို့ ခံစားရတယ်။ နောက် သော့တွဲနဲ့နတ်ရုပ်၊ ပုဂံဈေး၊ ကြင်မည့်သူ စတဲ့ ဆရာဇော်ဂျီရဲ့ ၀တ္ထုတိုတွေ၊ အမှတ်အရဆုံးကတော့ “မဟာဆန်ချင်သူ” ပြဇာတ်။ ဆရာမင်းသုဝဏ်ရဲ့ ဘကြီးအောင်ညာတယ်ဆိုတဲ့ ၀တ္ထုလေးတွေကို ငါးတန်း ခြောက်တန်းကတည်းက ဖတ်ခဲ့ရတယ်။ နောက် တက္ကသိုလ် နန္ဒမိတ်ရဲ့ အင်ဖာတိုက်ပွဲ၊ ဆရာမြမျိုးလွင်ရဲ့ တစ်လိမ်နှစ်လိမ် စတဲ့ ၀တ္ထုတွေ၊ ငွေတာရီ၊ မြ၀တီ စတဲ့ မဂ္ဂဇင်းတွေ အများကြီးဖတ်ခဲ့ရတယ်။ ဆရာသာဂဒိုးရဲ့ မှောင်ခိုခေတ်ကို ထင်ဟပ်ထားတဲ့ “ဖမ်းပါ၊ မဖမ်းဘူး” ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုတိုလေးကို ခုထိ အမှတ်ရတုံးပဲ။ နောက်ပြီး ငယ်ငယ်ကတည်းက အတော်ကြီးတဲ့အထိ ရွှေသွေးဂျာနယ်ကို စွဲစွဲမြဲမြဲဖတ်ခဲ့တယ်။ အိမ်က ရွှေသွေး၊ တေဇနဲ့ မိုးသောက်ပန်း ဂျာနယ်တွေကို ပုံမှန်ဝယ်ပေးတယ်။ ရွှေသွေးဂျာနယ်မှာ မျက်နှာဖုံးတင်တဲ့ ဇာတ်လမ်းဆိုရင် အများအားဖြင့် ဆရာဦးဘကြည်နဲ့ ဆရာဦးအေးမောင် တို့က သရုပ်ဖော်ရေးဆွဲတယ်။ ကျွန်တော်က ဆရာဦးဘကြည်ရဲ့ ကာတွန်းရုပ်ကလေးတွေကို သိပ်သဘောကျတယ်၊ ကောက်ကြောင်းလေးတွေက အရမ်းပြေပြစ်တာပဲ။ ခုထိမျက်စိထဲမှာ မြင်ယောင်တုန်းပဲ။ ဆရာဦးအေးမောင်လက်ရာကိုတော့ ကြမ်းတယ်လို့ ခံစားရတယ်။ ကျွန်တော် ရွှေသွေးကို ဘယ်လောက် စွဲလမ်းသလဲဆို ခုထိ ရွှေသွေးဂျာနယ်က တစ်ချို့ဇာတ်လမ်းလေးတွေနဲ့ ဇာတ်ကောင်ပုံလေးတွေကို မှတ်မိနေတုန်းပဲ။ နောက် မိုးသောက်ပန်း ဂျာနယ်မှာဆိုရင်တော့ ကိုကိုအောင်(စမ်းချောင်း) ရဲ့ ကာတွန်းပုံလေးတွေကို သဘောကျတယ်။ အင်း... စာအုပ်စင်မှာတွေ့တဲ့ အင်္ဂလိပ်၊ ဂျာမန်စာအုပ်တွေတော့ ခုထိ တစ်အုပ်နှစ်အုပ်ကလွဲလို့ မဖတ်ဘူးသေးဘူး။ မောရစ်ကောလစ်ရေးတဲ့ “ယိုးဒယားဝှိုက်” ဆိုတဲ့ မြန်မာပြန်စာအုပ်ကြီးလဲ စာအုပ်စင်မှာ တွေ့ပါရဲ့။ ဒါပေမယ့် ပျင်းစရာကြီးဆိုပြီး မဖတ်ခဲ့တာ။ ခုမှ ဒါတကယ့် နာမည်ကျော် ၀တ္ထုကြီးပါလားဆိုတာ သိလာတာ။

၁၆။ ပထမဆုံး လုပ်ဖူးတဲ့ တရားဝင်အလုပ် ...။ နှစ်ခုတောင်ပဲ..။ ဆယ်တန်းအောင်ပြီး ယောင်ခြောက်ဆယ်ဖြစ်နေတုံး အသစ်ဖွင့်တဲ့ အထည်ချုပ်တစ်ခုက လူခေါ်လို့ လျှောက်လိုက်တယ်။ နောက်နှစ်ရက်လောက်နေတော့ လမ်းထဲက အစ်ကိုတစ်ယောက်က သူရေစက်သွားတူးပေးနေတဲ့ အစိုးရဌာနမှာ လူလိုနေတယ်ပြောတယ်ဆိုတာနဲ့ အဲဒီကိုလည်း လျှောက်လိုက်တယ်။ ကံကောင်းချင်တော့ အဲဒီဌာနရဲ့ စက်ရုံမှူးက ဖေဖေ့ သူငယ်ချင်း၊ လက်ထောက်စက်ရုံမှူးက မေမေ့သူငယ်ချင်း။ ဒါလောက်မှတော့ မပါပဲနေပါ့မလားနော်..။ အဲဒါနဲ့ ရှည်တဲ့ဇာတ်လမ်း ချုံးရရင်... ကျွန်တော် စက်ရုံနှစ်ခုစလုံးမှာ တစ်ပြိုင်နက်ထဲ အလုပ်ရတယ်။ အထည်ချုပ်စက်ရုံမှာ လုပ်ဖူးတယ်ရှိအောင် သွားလုပ်ဦးမယ်ဆိုပြီး တစ်ရက်သွားလုပ်လိုက်တယ်။ နောက်ရက်ကျတော့ အစိုးရစက်ရုံသွားတာပေါ့။ ကျွန်တော် ရွေးချယ်တာမှန်တယ်လို့ ထင်ပါတယ်။ အဲဒီမှာပဲ ကျွန်တော် ကွန်ပျူတာ တက်လာခဲ့တယ်။

၁၇။ ပထမဆုံး ဆော့ဖူးတဲ့ ဂိမ်း ...။ Lemming လို့ခေါ်တဲ့ classic ဂိမ်းလေးပါ။ Lemming ကောင် ကလေးတွေအကြောင်း အခြေခံရေးထားတဲ့ ဂိမ်းကလေးပါ။ lemming ကောင်လေးတွေဟာ အကောင်ရေအရမ်းများလာလို့ နေရာသစ်ရှာဖွေကြရင်း နော်ဝေးပင်လယ်ကမ်းစပ် ကျောက်ဆောင်တွေပေါ်ရောက်လာပြီး ရှေ့မှာပင်လယ်ကြီးခံနေလည်း မရပ်ကြပဲ ကျောက်ဆောင်တွေပေါ်က ခုန်ချကြပြီး ပင်လယ်ထဲမှာ ရေဆက်ကူးရင်း သေကုန်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံထားတာပါ။ လူတစ်ယောက်ယောက်ဟာ ရည်ရွှယ်ချက်မရှိ မစူးစမ်းပဲ ပေါ်ပြူလာဖြစ်တာတွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ကျဆုံးသွားသူတွေကို lemming တွေလို့ တင်စားလေ့ရှိပါတယ်။ ဂိမ်းထဲက လူလေးတွေကလည်း mindlessly တွေ့တဲ့လမ်းကို တဲ့တဲ့ကြီးပဲ လျှောက်ကြတာ။ လှေကားရှိရင်တက်သွားတယ်။ ချောက်ရှိရင်ခုန်ချသွားတယ်။ သူတို့တွေကို မသေမပျောက်ရအောင် လမ်းညွှန်ပေးရတဲ့ ဂိမ်းကလေးပါ။

၁၈။ ပထမဆုံးတက်ဖူးတဲ့ အားကစားသင်တန်း....။ ကရာတေးသင်တန်း။

၁၉။ ပထမဆုံး ရောက်ဖူးတဲ့ ပြည်ပနိုင်ငံ ...။ စင်္ကာပူ ။

၂၀။ ဒါကတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာပဲ ...။ ပထမဆုံး ခေါင်းမထောင်နိုင်အောင် အရက်မူးတာ...။ စင်္ကာပူမှာ ...။ အဲဒီတုန်းက ကျွန်တော်အလုပ်က အမြဲညဆိုင်းပဲဆင်းရတယ်။ စနေညအလုပ်ပြန်ပြီဆိုရင် အိပ်မရတော့ဘူး တနင်္ဂနွေရောက်နေပြီလေ အပြင်ထွက်ရမယ်မဟုတ်လား။ ညကအိပ်ရေးပျက်ထားတော့ လူက MRT ပေါ်မှာ ငိုက်၊ City Hall ရောက်ရင် ရဲရင့်မှာထိုင်ပြီး ငေါင်နေပြီ။ အိပ်ချင်လို့။ အဲဒီနေ့က ထုံးစံအတိုင်း City Hall သွား၊ ညနေရောက်တော့ တိုပါးယိုးက သူငယ်ချင်းတိုက်ခန်းမှာ သွားသောက်၊ သူငယ်ချင်းနှစ်ယောက် ၀ီတစ်တောင့် ကုန်ခါနီး သင်္ဘောဆိုက်လာတဲ့ သူငယ်ချင်းက ဖုံးဆက်ပြီးရောက်လာလို့ သုံးယောက်သား နောက်တစ်တောင့်၊ ပြန်တော့ ည ၉း၄၅၊ MRT ပေါ်မှာ ဘေးကထိုင်တဲ့ စလုံးတစ်ယောက်နဲ့ စကားလက်ဆုံကျပြီး သူက ဘီယာသောက်ဖို့ဖိတ်၊ ကျွန်တော်ကလဲ ဘယ်မငြင်းပဲ။ Boon Lay ရောက်တော့ ၂၄ နာရီဖွင့်တဲ့ဆိုင်မှာ ပထမ သူက Genius နှစ်လုံးဝယ်၊ နောက် ကျွန်တော်က နှစ်လုံးဝယ်၊ နောက် လေး round မြောက်တော့ ကျွန်တော် တော်တော် မူးနေပြီ။ အဲဒါနဲ့ “နေဦးကွာ ငါ toilet သွားဦးမယ်ဆိုပြီး Sink ထဲမှာ အန်ပြီးခေါင်းစိုက်နေတာ ဘယ်လောက်ကြာမှန်းမသိဘူး။ သူရောက်လာပြီး တွဲခေါ်သွားမှပဲ ၀ိုင်းပြန်ရောက်တယ်။ “မင်းဘာတွေ သောက်ထားသေးလဲ” တဲ့။ “ငါ ၀ီနှစ်တောင့်လဲ သူငယ်ချင်းနှစ်ယောက်နဲ့ သောက်လာသေးတယ်” ဆိုတော့ မင်းကွာတဲ့ နောက်ကိုအဲဒီလောက်မသောက်ပါနဲ့ ငါ့ကိုကတိပေးပါ တဲ့။ ဒီနေ့မှသိတဲ့ သူနော်။ ကောင်းရှာပါတယ်။ ကျွန်တော့်ကို သံပုရာရေတွေတိုက်၊ နှိပ်ပေးနဲ့။ နောက် “ပြန်မယ်ကွာ ငါ့စက်ဘီးသွားယူပေး” ဆိုတော့( ကျွန်တော့်စက်ဘီးက ဆိုင်ရှေ့မှာ) “မင်းစက်ဘီးစီးနိုင်မှာမဟုတ်ဘူး၊ လမ်းပဲလျှောက်သွားရအောင်၊ မင်းနေတဲ့အဆောင် ငါသိပါတယ်” တဲ့။ အဲဒါနဲ့ လမ်းလျှောက်လာရင် လမ်းတစ်ဝက် ကားမှတ်တိုင်လဲ ရောက်ရော ကျွန်တော်လဲ ခုံပေါ်ထိုးအိပ်ပြီး “မင်းပြန်ချင်ပြန်ကွာ ငါဒီမှာပဲအိပ်တော့မယ်” ဆိုတာ။ “ဟာ... အဲဒီလိုတော့ မလုပ်ပါနဲ့၊ ငါ တက္ကစီငှားပေးပါ့မယ်” ဆိုပြီး တက္ကစီတစ်စီးငှား အဆောင်ရှေ့အထိပြန်လိုက်ပို့ပေးတယ်။ အမယ်... မူးသာမူးတာ ကျွန်တော့် ဖုံးနံပါတ်တော့ သူ့ကိုမှန်အောင်ပြောနိုင်သား...။ အင်း... အဲဒီ စလုံးသူငယ်ချင်း ကျေးဇူးလဲ မမေ့ပါဘူး။

အစ်မရေ... ပထမဆုံး ဆိုတာတွေက ရေးမယ်ဆိုရင် ကျွန်တော့်ဘ၀ဇာတ်ကြောင်းဖြစ်သွားနိုင်တယ်နော်...။ ကျွန်တော်ကလဲ လျှာရှည်တာကိုး...။ ဒီလောက် သည်းခံဖတ်ပေးတာ ကျေးဇူး .......။
Links to this post
Author: vanko
•5:51 PM
အပိုင်း ၃ ...


Michelangelo's Pieta



Sistine Chapel ceiling

ပန်းချီသင်သော ဆရာမလေးက Horizontal line မိုးကုတ်စက်ဝိုင်းမျဉ်းကို ကားချပ်၏အလယ်တည့်တည့်တွင် ထားမဆွဲရဟု သင်ပါတယ်။ ကျွန်တော်က မထားရဆိုတာထက် ထားရင်ဘယ်လိုနေမလဲလို့ ကလေးများကို စဉ်းစားစေချင်ပါသည်။ ထားရင်ဘာဖြစ်မလဲဆရာမဟု တစ်ယောက်ယောက်က ထမေးစေချင်ပါသည်။ အခြေတူ၊ ထိပ်တူ၊ အကွာအဝေးတူ မဆွဲရဟု သင်ပါသည်။ ဆွဲလိုက်ရင်ဘာဖြစ်မလဲ ကိုယ့်ဘာသာကိုယ် ဆွဲတယ်ကွာ ဆိုသည့်ကလေးမျိုးတွေ့ချင်ပါသည်။ ကလေးတွေမှာ Creative thinking ရှိစေချင်၍ဖြစ်ပါတယ်။ ကလေးရဲ့ အတွေးကို စဟေ့ ဆိုကတည်းက ဘောင်ခတ်လိုက်တာမျိုး မလိုချင်ပါ။ တခြားနည်းလမ်းတစ်ခုခု ရှာဖွေတွေ့ရှိစေချင်ပါသည်။ Lateral Thinking (ကိုတာ၏ စကားနှင့်ဆိုလျှင်) ဖြန့်ထွက်တွေးစေချင်ပါသည်။ တစ်ချို့က ကန့်လန့်တွေးတာဟု ဆိုသလို၊ သူငယ်ချင်းတစ်ယောက်ကတော့ ချောတောငေါ့တွေးနည်းပါကွာဟု ထောပနာပြုပါသည်။ ရှိစေတော့ ပါရာဒိုင်း Paradigm အသစ်နှင့် အဟောင်းများသည် အမြဲပဲ ပဋိပက္ခသဘောကို ဆောင်ပါသည်။ ကန့်လန့်ပဲဖြစ်ဖြစ်၊ ချော်တောငေါ့တာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ တွေးစေချင်ပါသည်။

အီတလီမှ ကမ္ဘာကျော် ပန်းပု၊ ပန်းချီ၊ ဗိသုကာ ဆရာကြီး မိုက်ကယ်အိန်ဂျလို Michelangelo (1475 – 1564) ကို ကြားဖူးကြမည်ထင်ပါတယ်။ သူရဲ့ အထင်ကရလက်ရာ များစွာထဲက ကျွန်တော် အနှစ်သက်ဆုံးနှစ်ခုကို ပြပါဆိုလျှင်၊ ဘီလူးကြီး ဂေါလိုက်ယက် Goliath ကို အောင်နိုင်ခဲ့တဲ့ သူရဲကောင်း ဒေးဗစ် David ၏ပုံ စကျင်ကျောက်သားရုပ်ထုနှင့် စစ်စတိုင်းဘုရားရှိခိုးကျောင်း Sistine Chapel မျက်နှာကျက်ရှိ ပန်းချီလက်ရာများဖြစ်ပါလိမ့်မည်။ အခြားတန်ဖိုးမဖြတ်နိုင်သော စကျင်ကျောက်သားလက်ရာများလည်း များစွာထုလုပ်ခဲ့ပါသည်။ ပန်းချီကျော် လီယိုနာဒိုဒါဗင်ချီ Leonardo da Vinci နှင့် ခေတ်ပြိုင်ဖြစ်ပါတယ်။ မိုက်ကယ်ကလေး ငယ်ငယ်က ပန်းချီကျောင်းတက်တော့ ဆရာများက အစဉ်အလာအတိုင်း ဂဲသြမေတြီနည်းဖြင့် အကွက်ချထားတဲ့ပုံစံထဲမှာ လူပုံတွေရေးဆွဲခိုင်းပါတယ်။ မိုက်ကယ်ကလေးခမျာ ကြိုးစား၍တော့ ဆွဲရှာပါသည်။ သို့သော် မသာအခေါင်းထဲ လူသေတွေသွင်းရသလို သူ့စိတ်ကျဉ်းကျပ်လှသောကြောင့် ကြာကြာဆက်မဆွဲနိုင်တော့ဟု ဆိုပါသည်။ ပန်းပုပညာကို လေ့လာတဲ့အခါမှာလည်း အစဉ်အလာတွေကို ချိုးဖောက်ပြီး လမ်းသစ်ထွင်ခဲ့ပါတယ်။ လူပုံကို ထုဆစ်တဲ့အခါ အထဲကကြွက်သားဆိုင်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိခဲ့ရင် ပိုပြီးပီပြင်အောင်ထုဆစ်နိုင်မယ်လို့ တွေးမိပြီး ဘုရားကျောင်းက လူသေတွေထားရာနေရာမှာ ညဘက် ဖယောင်းတိုင်မီးနဲ့ အချိန်မှတ်ပြီး (ဖယောင်းတိုင်မီးနဲ့ အချိန်မှတ်ရတာက မိုးမလင်းခင် လူသေကို ပြန်ပြီးအ၀တ်စပတ်၊ ဘယ်သူမှမတွေ့ခင် အိမ်ကို အမြန်ပြန်ပြေးရမှာကြောင့်ပါ။) လူကိုယ်ထဲကို ခွဲစိတ်ပြီး ကြွက်သားတွေ အလုပ်လုပ်ပုံကို လေ့လာခဲ့ပါတယ်။ အဲဒီခေတ်အခါမှာတော့ လူသေကို ဒီလိုခွဲစိတ်တယ်ဆိုတာ ဧရာမပြစ်မှုကြီးပါ။ ဘာသာရေးရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေက သေဒဏ်အထိပေးနိုင်ပါတယ်။ ဆရာဝန်တွေတောင် ဘုန်းကြီးတွေရဲ့ ခွင့်ပြုချက်ရမှ လူသေကို ခွဲစိတ်ခွင့်ရှိပါတယ်။

အဲဒီ မိုက်ကယ်ကလေးရဲ့ လက်ရာများဟာ အခုအချိန်မှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာများဖြစ်နေပါပြီ။ ကျွန်တော်တို့ မြန်မာများထဲကလဲ “သူလိုလူ” တွေထွက်ပေါ်မလာဘူးဟု ဘယ်သူမှမပြောနိုင်ပါ။ ကလေးများကို အခွင့်အရေးပေးကြပါ။ သူတို့ဆီက အကောင်းဆုံးတွေကို ကူညီပြီး ဆွဲထုတ်ပေးကြပါဟု အကြံပြုလိုပါသည်။ ပညာရေးဆိုတာ ကလေးခေါင်းထဲကို စာတွေရိုက်သွင်းတာမဟုတ်၊ စာမေးပွဲမှာ အဆင့်ကောင်းကောင်းရရုံမဟုတ်၊ တီထွင်ဖန်တီးမှု ဥာဏ်ရည်ဥာဏ်သွေးနှင့် ကိုယ်ကျင့်သိက္ခာကို ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးကူညီပဲ့ကိုင်ပေးသော လုပ်ငန်းစဉ်ဟု မိဘဆရာများကိုယ်တိုင် ရင်ထဲအသည်းထဲက ခံယူထားစေချင်ပါသည်။ လိုင်းကောင်းကောင်းရဖို့ ဆိုတာထက် ပိုပြီး အမြင်ကျယ်စေချင်ပါသည်။ ကလေးများ၏ ပင်ကိုယ်စွမ်းရည်၊ ဖန်တီးတီထွင်စွမ်းအားများကို မိဘဆရာများ၏ တောင်လိုပုံသော မျှော်လင့်ချက်များအောက်တွင် ကြေမွပျက်စီး မသွားစေရန် အားလုံးက ၀ိုင်းဝန်းကူညီကြပါဟု တိုက်တွန်းလိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
Links to this post
Author: vanko
•7:10 PM

အပိုင်း ၂ ...

ကျွန်တော့်သူငယ်ချင်းရဲ့ သင်တန်းကျောင်းကလေးမှာ တက်နေတဲ့ကလေးတွေကတော့ အရွယ်စုံပါပဲ။ သုံးလေးတန်းလဲ ပါရဲ့၊ ငါးတန်းခြောက်တန်းလဲ ပါရဲ့၊ သူတို့ထက် နည်းနည်းပိုကြီးတဲ့ ကလေးမနှစ်ယောက်ကတော့ ရှစ်တန်းလို့ ပြောပါသည်။ ကျွန်တော်က အငြိမ်မနေနိုင် သုံးတန်းကောင်လေးတစ်ယောက်ဆီက ဖတ်စာအုပ်ကလေး တောင်းယူပြီးဖတ်ကြည့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကဗျာလေး တွေ့ပါသည်။ တောင်သူလယ်သမားနေ့အကြောင်း ပါပါသည်။ နောက်ဆုံးစာမျက်နှာမှာတော့ “ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်” ဆိုတဲ့ သီချင်းလေးကိုတွေ့တော့ ငယ်ငယ်က အတန်းရှေ့မှာ အသံနေအသံထားနဲ့ ဆိုဆိုပြတက်တဲ့၊ ဗိုလ်ချုပ်အကြောင်းတွေကို လေးစားကြည်ညိုစဖွယ် ပြောပြောပြတက်တဲ့ ကျွန်တော်တို့ရဲ့ အတန်းပိုင်ဆရာမကို ပြေးပြီးသတိရမိပါတယ်။ ရှစ်တန်းခလေးမလေး နှစ်ယောက်ကလည်း ၀ိုင်းဖတ်ကြည့်ကြပြီး “သမီးတို့ ငယ်ငယ်ကစာတွေ” လို့ပြောကြပါတယ်။ အဲဒါနဲ့ ကျွန်တော်က စပ်စုပြီး “သမီးတို့ ဗိုလ်ချုပ်မွေးနေ့ သိသလား” ဆိုတော့ မျက်လုံးလေးတွေ အကြောင်သားနဲ့ မသိ လို့ဖြေပါတယ်။ တောင်သူလယ်သမားနေ့ ဘယ်နေ့လဲမေးတော့ မပြောနိုင်ကြပါ။ ဒါဆို အလုပ်သမားနေ့ရော “ဟင့်အင်း” ပါပဲ။ ကျွန်တော်က လက်မလျှော့သေး ခုနက သုံးတန်းကောင်ကလေးကို “သား စာအုပ်ထဲက ဗိုလ်ချုပ်အောင်ဆန်းသီချင်းလေး ဆိုပြစမ်းပါဦး” ဆိုတော့၊ ဆရာမက မလိုဘူးဆိုပြီး မသင်ပါဘူးတဲ့။ “မလိုဘူး” ဆိုသော စကားသုံးလုံးသည် အတော်စဉ်းစားစရာကောင်းပါသည်။ မြန်မာ့သမိုင်းကြောင်းအတွက်ရော၊ နိုင်ငံအနာဂတ်အတွက်ရော၊ နောင်တစ်ခေတ်မှာ ဒို့တွေခေါင်းဆောင်ဖြစ်ရမည် ဆိုတဲ့ ကလေးများအတွက်ရော ဖြစ်ပါသည်။ ရှစ်တန်းကလေးမလေးတစ်ယောက်က ပြောရှာပါသည်။ “ဒါတွေသိလို့ ဘာအကျိုးထူးမှာလဲ ဦးရယ်” တဲ့။ အဆိုပါ “မလိုဘူး” ဆိုသော စကားသုံးလုံးနှင့် ရှစ်တန်းကလေးမလေး ပြောလိုက်သောစကားသည် ကျွန်တော် ဒီစာစုကလေးကို ရေးဖြစ်စေသော အဓိကတွန်းအားလည်း ဖြစ်ပါသည်။

အနှီကလေးများသည် လမ်းဘေးမှာ ပညာမှမသင်နိုင်ရှာ ၀မ်းရေးအတွက် အရွယ်နှင့်မမျှ ရုန်းကန်နေရသောကလေးများ မဟုတ်ကြပါ။ မိသားစုရေးအတွက် နေပူပူ၊ မိုးရွှဲရွှဲမှာ မဆလာသယ်၊ အုတ်သယ်နေရသော ကလေးများ မဟုတ်ကြပါ။ သင့်တင့်သော ပညာတတ် လူလတ်တန်းစားအလွှာမှ ပေါက်ဖွားလာကြသော ကလေးများဖြစ်ပါတယ်။ ကျောင်းဖွင့်ရာသီတစ်ခုလုံးမှာ ကျူရှင်နဲ့ကျောင်း ချာလပတ်ရမ်းအောင် သင်အံလေ့ကျက်လာခဲ့ကြ၊ အခုလဲ နွေရာသီမှာမှ အနားမနေနိုင် အချိန်အလကားမဖြစ်ရအောင် ပညာနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ ကလေးများဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ ပညာအပေါ် နှလုံးသွင်း ခံယူချက် (Concept) ဟာ ဘာကြောင့် ဤသို့ဖြစ်နေရပါသလဲ။ တနှစ်ပြီးတနှစ် သင်အံလေ့ကျက်လာခဲ့တဲ့ စာတွေဟာ အတန်းတင်စာမေးပွဲ အတွက်ပဲလား။ ဆယ်တန်းမှာ အမှတ်ကောင်းကောင်း ရဖို့အတွက်ပဲလား။ စာမေးပွဲပြီးရင် ပွဲပြီးမီးသေ စာတွေအားလုံး ကျောင်းပြန်ကုန်ကြသည်။ အားလုံးကို မေ့ပစ်လိုက်ကြသည်။ သူတို့လေးတွေရဲ့ နှလုံးသွင်း ခံယူချက်များကို မည်သူတွေက မည်သို့ ပုံသွင်းပေးခဲ့ကြသနည်း။ မိဘများ၏ ခံယူချက်သည် သားသမီး အမှတ်ကောင်းကောင်းရရေး၊ လိုင်းကောင်းကောင်းရရေး၊ သူများထက် အောက်မကျရေးသာလော။ သူများ Home Special ဆိုလျှင် ကိုယ်လည်း ရှယ်လိုက်ရမှ၊ သူများက ဘော်ဒါဆိုလျှင် ကိုယ်လည်း ဘော်ဒါလိုက်ရမှ ကျေနပ်ကြသော စေတနာများ။ ကလေးရဲ့ ဆန္ဒကို ထည့်မစဉ်းစားအား။ မိဘများနည်းတူ ဆရာများကလည်း ထိုနည်းနှင်နှင်။ သူတို့မမှန်ဘူးလားဆိုတော့ မမှားပါ။ မှားသည်ဟုလည်း မပြောရက်ပါ။ သို့သော် ပညာရေးအပေါ် သဘောထားကလေးတွေ ပိုပြီးအဆင့်မြှင့်ကြဖို့ လိုပြီဟု ဆိုချင်ပါသည်။

ကျွန်တော်တို့၏ ပညာရေးအပေါ် သဘောထားခံယူချက်ကို ပြန်သုံးသပ်ဖို့ လိုမည်ဟုထင်ပါသည်။ ကျွန်တော်တို့ ရွှေမြန်မာများ ပညာရေးဆိုတာ ဘယ်လိုသဘောပေါက်ကြသလဲလို့ စစ်တမ်းလေး ထုတ်ကြည့်နိုင်ရင် အကျိုးတစ်စုံတရာ ရှိမည်ဟု ထင်မိပါသည်။ အခု ကျွန်တော် တွေးကြည့်မိသလောက် ပညာရေးအကြောင်းလေးတွေကို တင်ပြချင်ပါသည်။ ဒီနေရာမှာ ကျွန်တော်သည် ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် မြန်မာ့ပညာရေးလောကကြီး တစ်ခုလုံးအကြောင်းကို တင်ပြမှာလဲမဟုတ်၊ ဤသို့ဤပုံ လုပ်ပါဆိုတဲ့ suggestion တွေလဲ ပေးနိုင်မှာမဟုတ်ပါဘူး။ ခုနင်က ကျွန်တော် ထိတွေ့လိုက်ရတဲ့ ပတ်ဝန်းကျင်က ကလေးတွေ၊ ကျွန်တော့် ရင်ကို လာလှုပ်ခတ်စေတဲ့ စကားတွေကြောင့် ကျွန်တော် လက်လှမ်းမှီသလောက် တွေးမိသလောက်ကလေးတွေကို တင်ပြချင်တာ ဖြစ်ပါတယ်။

ပညာရေးဟူသည် သိုးဆောင်းစကားဖြင့် Education လို့ခေါ်ပါသည်လို့ ပြောလိုက်ရင်တော့ ကျွန်တော့်ကို ၀ိုင်းဆဲကြမှာပါ။ ဒါပေမယ့် မဆဲခင် နည်းနည်းလေး ရှေ့ဆက်ကြည့်ရအောင်ဗျာ။ အဲဒီ Education ဆိုတာကြီးကို မြန်မာစာအဖွဲ့က ထုတ်ဝေသော English-Myanmar အဘိဓာန်က “ပညာ၊ ပညာရေး၊ သင်ကြားလေ့ကျင့်ပေးမှု” ဒီလို အဓိပါယ် ဖွင့်ပါတယ်။ Oxford Advanced Learner's Dictionary ကတော့ "Systematic training and instruction ; Knowledge and abilities, development of character and mental powers, resulting from such training" လို့ဖွင့်ပါတယ်။ အသိဥာဏ်ပညာနဲ့ စွမ်းရည်သာမက ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်အင်အားကိုလည်း ဖေါ်ညွှန်းပါတယ်။ Education ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကား educere က လာတယ်လို့ ဆိုပါတယ်။ to draw out, from တစ်စုံတစ်ခုကို ဆွဲထုတ်ယူတယ်လို့ ဆိုလိုပါတယ်။ အဲဒီ Educere ကို ထပ်ပြီး ပုဒ်ခွဲလိုက်ရင် e က out, forth, away လို့ အဓိပါယ်ရပြီး၊ ducere က to draw, lead လို့ အဓိပါယ်ရပါတယ်တဲ့။ ဆိုတော့.. ပညာရေးဆိုတာဟာ လူမှာ နဂိုကရှိနေပြီးသာ စွမ်းရည် အရည်အသွေးကို ဆွဲထုတ်ယူတာ၊ ပိုတောက်ပြောင်အောင် လုပ်ပေးတာဟု ယူသော်ရနိုင်ကောင်းပါသည်။

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကတော့ “ပညာသဘောက လူ့အရည်အသွေး၊ လူ့စွမ်းအင်၊ လူမှာပါပြီးသားကို ဆွဲထုတ်ပေးတာ။ ဥုံဖွ ဆိုပြီး မန်းပေးတာမဟုတ်ဘူး။ ဦးနှောက်ကို ပုံသွင်းရိုက်တာ မဟုတ်ဘူး။ ရှိပြီးသား အကောင်းဆုံးတွေကို ဘယ်လိုဆွဲထုတ်မလဲ၊ အဲဒီ သဘောမျိုးကို ခေါ်တာ” ဟုပြောပါသည်။ ဒေါက်တာမောင်ဖြူးကလဲ “ပညာပေးရာမှာ ကလေးခေါင်းထဲ အသိပညာရိုက်မသွင်းရဘူး၊ သူ့ဦးနှောက်မှာ သူ့ဥာဏ်စွမ်းဥာဏ်စကို ထုတ်ယူရမယ်။ ဒါမှ ပညာ” လို့ဆိုခဲ့ပါတယ်။ ကျွန်တော်တို့သည် ပညာရေး၏ ကောင်းမြတ်သောစံများကို သဘောမပေါက်ကြ၊ သို့တည်းမဟုတ် သဘောမပေါက်ချင်ယောင် ဆောင်နေကြပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။
စကားမစပ်ဗျာ။ ကျွန်တော် တစ်ချို့ပါဒ်ဆင့်တွေ ရိုက်မရဖြစ်နေတယ်။။ အခုဆိုရင် ကျွန်တော် “အဓိပ၌ါယ်” ရိုက်မရဘူး။ ဘယ်လိုရိုက်ရမလဲ ပြောပြကြပါဦး။
Links to this post
Author: vanko
•10:47 PM


ခုတစ်လော ဘာကိုမှသိပ်စိတ်မ၀င်စားသလို ဖြစ်နေတာနဲ့ ပို့စ်အသစ်လဲမရေးဖြစ်၊ ရောက်နေကြဘလော့ဂ်တွေလဲ မလည်ဖြစ်ပါဘူး။ အလုပ်ရှုပ်နေတာ၊ စိတ်ရှုပ်နေတာလဲ တစ်ကြောင်းပါပါတယ်။ ကျွန်တော် စိတ်တွေ၊ အတွေးတွေ ထုံထိုင်းလာပြီဆိုရင် လုပ်နေကြကတော့ စာအုပ်ဟောင်းတွေ ရှာဖွေဖတ်တာပါပဲ။ အခုတော့ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့နေတယ်။ စာအုပ်တွေ၊ မှတ်စုတွေ အားလုံးလိုလိုက မြန်မာပြည်မှာ ကျန်ခဲ့တာကိုး။ ပြန်ယူဖို့လဲ အဆင်မပြေလှဘူး။ အဲဒါနဲ့ပဲ ကံကောင်းချင်တော့ ကျွန်တော် ကွန်ပျူတာနဲ့ စာရိုက်ပြီးသိမ်းထားမိတဲ့ စာတိုပေစလေးတွေတော့ CD တစ်ချပ်ပါလာလို့ ပြန်ပြီး ဖွင့်ဖတ်ကြည့်ပါတယ်။ ကံဆိုးချင်တော့ ကျွန်တော်သိပ်ကြိုက်တဲ့ ebooks တွေ၊ စာအုပ်ပေါင်းများစွာထဲက ကြိုက်တာလေးတွေ လက်အညောင်းခံ၊ ဇာတ်ကြောအတက်ခံပြီး ရိုက်ထားရတဲ့ စာတွေကပါမလာဘူးဗျာ။ အင်း... ကံကောင်းချင်တော့ ၂၀၀၅ ခုနှစ်လောက်က ကျွန်တော်ရေးထားတဲ့ (ဘယ်မဂ္ဂဇင်းမှ မပို့ခဲ့တဲ့၊ ပို့လည်း ပါမှာမဟုတ်တဲ့) ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်ဖတ်မိတယ်။ ပညာရေးနဲ့ ပတ်သက်လို့ ရေးထားတာပါ။ ပညာရေးနဲ့ ပတ်သက်တယ်ဆိုလို့ ကျွန်တော်က ဆရာလည်းမဟုတ်၊ ပညာရှင်လည်းမဟုတ်၊ ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပါ။ သို့သော်လည်း ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာပေါ့ဗျာ။ ကျွန်တော် ပြောချင်တာလေးတွေကို အခု ဘယ်သူမှ edit မလုပ်၊ ကတ်ကျေးမသုံးတဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ ဖော်ပြလိုက်ပါတယ်။ သည်းညည်းခံပြီး ဖတ်ရှုတော်မူကြပါ။

မြန်မာတွေ ပညာရေးကို ဘယ်လိုသဘောထားကြသလဲ။

၅.၅.၂၀၀၅

တနေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက်၏ သင်တန်းကျောင်းကလေးသို့ ရောက်သွားခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီပုံဆွဲ စသည်ဖြင့် သင်ပေးသောကျောင်းကလေးပါ။ Summer School ပေါ့ဗျာ။ ခုခေတ်ကလေးတွေဟာ ကျွန်တော်တို့ ငယ်ငယ်ကလို နွေကျောင်းပိတ်ရက်ကျရင် လူကြီးမိဘတွေ မျက်စိနောက်အောင် ဆော့မယ်၊ ဘော်လုံးကန်မယ်၊ ဂွေလှိမ့်မယ်တို့ စိတ်မကူးနိုင်ကြပါ။ သူတို့အဖို့ကတော့ စာပြီးရင်စာပဲ ဖြစ်နေကြပါသည်။ ကျွန်တော်တို့ငယ်ငယ်နဲ့ ကွာခြားတာကတော့ မိဘတွေ အတင်းအကျပ်တက်ခိုင်းလို့ လာတက်တာမျိုးမဟုတ်ပဲ သူတို့ကိုယ်တိုင် စိတ်ပါလက်ပါ၊ လိုလိုလားလား လာတက်နေကြတာပါ။ ကျောင်းသားမိဘတစ်ယောက်က “ကလေးက အခုအတန်းပြီးရင် နောက်တစ်တန်းသွားရဦမှာ၊ အိမ်မှာလဲ ဆရာခေါ်ထားတယ်” လို့ ပြောသံကိုလည်း ကြားရပါတယ်။ အင်း... ဒီကနေ့ခေတ်ကလဲ Life-long Learning လို့ဆိုပါတယ်။ “စာဖတ်ချိန်မှာ စာဖတ်ပါ၊ ကစားချိန်မှာ ကစားပါ၊ နားချိန်မှာ နားပါ” ဟူသော စံဟောင်းများသည် ယနေ့ခေတ်နှင့် အံမ၀င်တော့ဘူးလားဟု စဉ်းစားချင်စရာ ဖြစ်လာပါသည်။

ကျွန်တော်ဖတ်ဖူးတဲ့ ဆရာကိုတာရဲ့ စာတစ်ပုဒ်က ခေါင်းထဲရောက်လာပါတယ်။ Doughnut Principle လို့ဆိုပါတယ်။ မူရင်းကတော့ Charles Handy ရဲ့ The Empty Raincoat ထဲကဖြစ်ပါတယ်။ ကိုတာကတော့ မုန့်ကတိုးကို ဥပမာပေးပါတယ်။ ကျွန်တော်က မုန့်ကတိုးကို မမြင်ဘူးတော့ မူရင်းအတိုင်း Doughnut ပဲထားလိုက်ပါတော့။ အဲဒီ J Donut ကရောင်းတဲ့ donut ကို စားဘူးကြမှာပါ။ Lemon Donut ဆိုရင် အလယ်အနှစ်သား Lemon Cream နဲ့ အဲဒါကို ၀န်းရံထားတဲ့ ဘေးအကာသားရှိပါတယ်။ ချားလ်ဟန်ဒီက ကျွန်တော်တို့ ဘ၀ကြီးဟာလည်း အဲဒီ ဒိုးနပ်မုန့်လိုပဲ အလယ်အနှစ်သားနဲ့ ဘေးသား ပေါင်းစပ်ထားတာပါလို့ ဆိုပါတယ်။ အလယ်အနှစ်သားက ဘ၀မှာ လုပ်ကိုလုပ်ရမယ့် အရာများ (must)၊ မလုပ်လျှင် သင်ကျဆုံးမည့် အရာများ ဖြစ်ပါတယ်တဲ့။ တနည်းအားဖြင့် ဆိုရင်တော့ ဘ၀ပေးတာဝန်များလို့ ပြောရမယ် ထင်ပါတယ်။

သို့သော်လည်းတဲ့၊ အဲ...တဲ့၊ ဘ၀ဆိုတာ တာဝန်များဖြင့်သာ ပြည့်နှက်နေလျှင် ဟန်မကျလှပါတဲ့။ သင်ဆန္ဒရှိလျှင် လုပ်နိုင်သော ကိစ္စများ (may)၊ ၀တ်ကျေတန်းကျေထက် ပိုပြီးလုပ်နိုင်သော၊ အများထက် တမူထူးအောင် သင့်ကိုယ်သင်ဖန်တီးနိုင်သော ဘေးသားနေရာလေးလည်း ရှိရပါမည်တဲ့။ Donut တစ်ခုလုံး ရယူနိုင်ရင် အကောင်းဆုံးပါ။ သို့သော် အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တစ်ခုဖြစ်ဖို့ အနှစ်သားနှင့် ဘေးသား ဟန်ချက်ညီဖို့ လိုပါသည်။ အနှစ်သားချည်းပဲဆို ငြီးငွေ့စရာ၊ ဘေးသားချည်းပဲဆိုရင်တော့ မဟန်ပါ။

"A poor life this if full of care
We have no time to stand and stare" လို့ အင်္ဂလိပ်ကဗျာဆရာကြီး William Henry Davies ကရေးဖွဲ့ပါသည်။ ဘ၀မှာ ခေတ္တခဏမျှ ရပ်နားငေးမောချိန်လေးလဲ ရှိသင့်တယ်လို့ ဆိုပါတယ်။ ကလေးများအတွက် အနှစ်သားနှင့် ဘေးသား ဟန်ချက်ညီဖို့ စဉ်းစားတော်မူနိုင်ကြရန် ဖြစ်ပါသည်။

ကျွန်တော်တို့ခေတ်က Life-long Learning ဆို၍ ကလေးများကလည်း ကြိုးစားကြပါသည်။ ဤနေရာတွင် ကလေးများအား အနှစ်သားမည်မျှ ပေးမည်နည်း။ မည်သည့်ပုံစံရအောင် ပုံသွင်းကြမည်နည်း။ ပညာရေးဟူသည် လိုရာပုံသွင်းခြင်းလားဟု စဉ်းစားစရာ ကောင်းပါသည်။ မြန်မာနိုင်ငံမှာ ကလေးစာပေထွန်းကားရေးနဲ့ ကလေးတွေအတွက် ပညာရေးတိုးတက်ဖို့ တစိုက်မတ်မတ် ကြိုးစားသွားခဲ့တဲ့ ဒေါက်တာမောင်ဖြူး (၁၉၀၄-၁၉၇၀) ကတော့ “အလုပ်သည် အကစား၊ အကစားသည် ဘ၀၊ သုံးခုသည် တစ်ခုပ၊ တစ်ခုသည် သုံးခုဗျ” လို့ ဆိုပါတယ်။ (ဒီနေရာမှာ အလုပ်ဆိုတာကတော့ ကျောင်းသားအရွယ် ကျောင်းစာသည် ကျောင်းသားအလုပ်ပေါ့ဗျာ။ ထို့အတူပါပဲ သူ့အရွယ်နဲ့သူ တန်ရာတန်ရာ အလုပ်ကို ပြောချင်ပုံရပါတယ်။) ကလေးတွေ ကစားချိန်မရှိ စာတွေပဲ ခေါင်းထဲကို အတင်းရိုက်သွင်းနေတာမျိုးကို ဒေါက်တာမောင်ဖြူးက လက်မခံပါဘူး။ အလုပ်ချိန်အလုပ်၊ ကစားချိန်ကစား ဆိုတဲ့ စံဟောင်းကိုလည်း သူသဘောမကျပါဘူး။ အလုပ်ရယ်၊ အကစားရယ်၊ ဘ၀ရယ် သုံးခုပေါင်းဟာ တစ်ခုတည်းဖြစ်ရမယ်လို့ ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ်။ သူ့အယူအဆတွေဟာ သင်ယူလေ့လာစရာတွေ မကုန်နိုင်လောက်အောင်များပြားတဲ့ ကနေ့ခေတ်အခါနဲ့ အတိုင်းအတာတစ်ခုအထိတော့ အံဝင်မယ်လို့ ထင်ပါတယ်။ အသိပညာတွေ ကလေးတွေခေါင်းထဲကို အတင်းရိုက်ထည့်ပေးတာ၊ အတင်းပုံသွင်းယူတာ၊ ကြက်တူရွေးစာအံသလို စာတွေနှုတ်တိုက်ရပေမယ့် တကယ့်နှလုံးသားထဲကို အသိမရောက်တာမျိုးတွေများလာရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေအတွက် မကောင်းလှပါ။

ဆက်လက်ဖေါ်ပြပါမည်။
Links to this post