Author: vanko
•5:52 PM
အပိုင်း ၄ ...

ယနေ့ခေတ်သည် လေ့လာသင်ယူစရာတွေ များသောခေတ်၊ နည်းပညာတွေက လျှပ်စီးလက်သလို မြန်ဆန်လွန်းသော ခေတ်ဖြစ်ပါသည်။ အသိပညာဖွံ့ဖြိုးတိုးတက်နှုန်းမှာ မြန်ဆန်လွန်း၍ အသိပညာပေါက်ကွဲမှု (Knowledge Explosion) ဟုပင် တင်စားကြပါသည်။ ကျွန်တော်တို့က စံနှုန်းအဟောင်းများဖြင့် သက်တောင့်သက်သာ သွားနေပါက နောက်ကျကျန်ခဲ့ပါလိမ့်မည်။ ယခု ဆယ်နှစ်စာ နောက်ကျနေလျင်၊ နောက်တစ်နှစ်အကြာတွင် အနှစ်နှစ်ဆယ် သုံးဆယ်စာမက နောက်ကျကျန်ခဲ့သည်ကို တွေ့ရပါလိမ့်မည်။ သူများထက်နောက်မကျဖို့ သူများကို အောက်ကျနောက်ကျ မဖြစ်ဖို့ဆိုလျှင် ကျွန်တော်တို့တွေ ပညာရေးကို ယခုထက်ပို၍ ရင်းနှီးမြုတ်နှံရပါမည်။ ယခုထက်ပို၍ ကောင်းမွန်သော ပညာရေးစံနစ်တစ်ခုကို ဖော်ထုတ်ကြရပါမည်။

ကျွန်တော်တို့ သမိုင်းထဲမှာ ထပ်တလဲလဲ သင်ခဲ့ရတာ၊ ဖတ်ခဲ့ရတာ မြန်မာပြည် သူ့ကျွန်ဘ၀ရောက်ရတာဟာ လက်နက်အင်အား၊ လူအင်အားမမျှလို့ ဆိုတဲ့ စကားလုံးတွေပဲ ထပ်တလဲလဲ သင်ခဲ့ရပါတယ်။ မှန်မှန်ကန်ကန်သုံးသပ်မှုတွေကို ကျွန်တော်တို့ရဲ့ ပညာရေးက သင်မပေးလိုက်ဘူး။ အပြင်စာတွေ ဖတ်မိတဲ့အခါမှသာ အော် ... ဒို့ဗမာတွေ ပညာမတတ်ခဲ့လို့ပါလား ဆိုတာ ရေးရေးသိလာတယ်။ ဆီးပန်းနီ ဆရာတော်ကတော့ “မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ခဲ့ပြီ” လို့ ရေးပါတယ်။ စည်းကမ်းမဲ့တာလည်းမှန်ပါတယ်။ ဆရာအောင်သင်းပြောတဲ့ စကားလေးကတော့ ကျွန်တော်မမေ့နိုင်တဲ့ စကားပါ။ “မဟာဗန္ဒုလလောက် သတ္တိရှိတာ ဘယ်သူရှိဦးမလဲ။ ဒါပေမယ့် ဟိုက “ထုန်း” ဆိုတော့ သေရော။ ကိုယ်ကမှ ပြန် မ“ထုန်း” နိုင်ပဲ။ ခံပေါ့” တဲ့။ ဟုတ်တယ်။ အင်္ဂလိပ်အမြောက်ကို ယှဉ်ပစ်နိုင်တဲ့ အမြောက် ဗမာတွေမှာ မရှိလို့။ ဘာလို့ မရှိလဲ ဆိုတော့ မလုပ်တတ်လို့။ ဘာကြောင့်မလုပ်တတ်သလဲ ပညာမတတ်လို့ပေါ့ဗျာ။ ရှင်းရှင်းလေးပဲ။

ရွှေမြန်မာတွေ သူများအောက်မကျရအောင်၊ ကျွန်တော်တို့ ဗိုလ်ချုပ်ပြောခဲ့သလို သူများတစ်လှမ်း လှမ်းချိန်မှာ ကိုယ်က လေးငါးခြောက်လှမ်း လှမ်းနိုင်အောင် အဓိကလုပ်ဆောင်ရမှာက ပညာရေးကဏ္ဍ (Educational Sector) ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျန်တာတွေ နောက်ကျချင်သလောက် ကျပါစေ။ ပညာရေးမှာ အောက်မကျရင် အားလုံးကို ပြန်ကုစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ဂျပန်ရဲ့ ဥပမာလေးကို ကျွန်တော်ပြောချင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ (၁၉၄၅)မှာ ဂျပန်ဟာ ပြာပုံဘ၀နဲ့ ကျန်ခဲ့တာပါ။ သို့သော်လည်း သူတို့မှာ ဆရာတွေရှိပါသေးတယ်၊ ကျောင်းသားတွေရှိပါသေးတယ်၊ ကောင်းမွန်တဲ့ ပညာရေး စံနစ်လည်း ကျန်ခဲ့ပါသေးတယ်။ သူတို့တွေနဲ့ နိုင်ငံကို ပြန်တည်ဆောက်ကြတယ်။ အစိုးရ ဘတ်ဂျက်ခွဲဝေမှုမှာ တခြားဝန်ကြီးဌာနတွေ အားလုံးနောက်ဆုတ်ပေးပြီး ပညာရေးမှာ ပုံအောပြီးတော့ သုံးပါတယ် (Massive Investment in Education)။ အဲဒီရလဒ်ကတော့ ဂျပန်ဟာ ၁၉၅၀ ပြည့်လွန် ၁၉၆၀ နှစ်များမှာ ပြန်ပြီးတော့ တန်းမှီတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါပဲ။

ဒီလောက် အချိန်တိုတိုနဲ့ ဂျပန်နိုင်ငံ ပြန်ပြီးတိုးတက်လာတာဟာ ဟိုးအရင် မေဂျီခေတ် (Meiji Period 1868-1912) ကတည်းက ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ အကျိုးကြောင့်ဆိုရင်လည်း မမှားပါဘူး။ ဟိုအရင်က တံခါးပိတ်ပြီး အိပ်ပျော်နေတဲ့ ဂျပန်တွေဟာ အမေရိကန်စစ်သင်္ဘောတွေ ရောက်လာပြီး အတင်းအကျပ် တံခါးဖွင့်ခိုင်းလို့ ၁၈၅၄ Perry Convention အရ ဖွင့်ပေးလိုက်ရချိန်မှာ ကမ္ဘာကြီး (အထူးသဖြင့် အနောက်ပေါ့) ကို တွေ့ပြီး shock ရသွားလို့ အဲဒီ မေဂျီခေတ်မှာပဲ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်ပါတယ်။ အဲဒီရဲ့ အကျိုးဆက်က ရုရှား-ဂျပန် စစ်ပွဲ Russo-Japanese War 1904-1905 မှာ ရုရှားကို အနိုင်ရပြီး ခေတ်သစ်သမိုင်း Modern Times မှာ ဥရောပနိုင်ငံတစ်နိုင်ငံကို အနိုင်ရခဲ့တဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။

ကျွန်တော်တို့ မြန်မာတွေရော။ ရှေးရှေးကမြန်မာတွေ မညံ့ခဲ့ကြပါဘူး။ နှိုင်းယှဉ်ကြည့်ရင် အံ့သြမိလိမ့်မယ်။ မေဂျီခေတ်ထက်ကို အနည်းငယ်စောပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြပါတယ်။ မင်းတုန်းမင်းတြားကြီး (၁၈၅၃-၁၈၇၈) လက်ထက်မှာ ဒီအတိုင်းနေလို့ မရတော့ဘူးဆိုတာ သိလို့ ပညာရေးနဲ့ စက်မှုလက်မှုကဏ္ဍတွေမှာ တိုးတက်ခေတ်မီဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာ နိုင်ငံတစ်ဝက်က အင်္ဂလိပ်လက်ထဲ ရောက်နေပါပြီ။ အလာကောင်းသော်လည်း အခါနှောင်းခဲ့ပြီလို့ ပြောရမလိုပါပဲ။ မင်းတုန်းမင်းကို ဆက်ခံတဲ့ သီပေါမင်းလက်ထက်မှာ နိုင်ငံရေးအကွဲအပြဲတွေကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အရှိန်ယုတ်သွားခဲ့ပြီး နိုင်ငံတကာရေးရာ မကျွမ်းကျင်မှု၊ မဟာဗျူဟာ မှားယွင်းမှုတွေကြောင့် နောက် စည်းကမ်းဖောက်တာတွေကြောင့် တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ရောက်ခဲ့ရပါတယ်။ Geopolitical အရ အင်္ဂလိပ်က မြန်မာနိုင်ငံကို မရမနေသိမ်းမှာ ဖြစ်တယ်လို့ သမိုင်းကဆိုပါတယ်။ သို့သော်လည်း အင်္ဂလိပ်မှတ်တမ်းများအရ ဗြိတိသျှတွေဟာ အထက်မြန်မာနိုင်ငံကို အနည်းဆုံးအားဖြင့်တော့ ခေတ္တခဏဖြစ်စေ လက်ရှောင်ထားပြီး လာအို၊ ဗီယက်နမ်နဲ့ ယူနန်ဒေသတွေမှာ ပြင်သစ်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် အာရုံစိုက်ချင်ကြပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာလွှတ်တော်ကနေ ပြင်သစ်ကို ပေးပို့တဲ့ စာတစ်စောင်ကို ဗြိတိသျှတွေ ရရှိသွားပြီး အင်္ဂလိပ် မြန်မာ ဆက်ဆံရေးဟာ အဆိုးဝါးဆုံးအဆင့် ရောက်ခဲ့ပါတယ်။ နောက်တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ အပြစ်ရှာနေတဲ့ ၀ံပုလွေလက်ထဲ ရောက်သွားရတာပါပဲ။

ဆိုလိုချင်တာကတော့ ကျွန်တော်တို့ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ နောက်ကျခဲ့တာကြောင့် နိုင်ငံတကာရေးရာ၊ အသိပညာ၊ နည်းပညာ အားလုံးနောက်ကျပြီး ဒါတွေဟာ သူ့ကျွန်ဘ၀ရောက်ရခြင်း အကြောင်းရင်းများစွာထဲက အဓိကျတဲ့ အကြောင်းရင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ထို့ကြောင့် ပညာရေးမှာ နောက်မကျအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။
This entry was posted on 5:52 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: