Author: vanko
•10:47 PM


ခုတစ်လော ဘာကိုမှသိပ်စိတ်မ၀င်စားသလို ဖြစ်နေတာနဲ့ ပို့စ်အသစ်လဲမရေးဖြစ်၊ ရောက်နေကြဘလော့ဂ်တွေလဲ မလည်ဖြစ်ပါဘူး။ အလုပ်ရှုပ်နေတာ၊ စိတ်ရှုပ်နေတာလဲ တစ်ကြောင်းပါပါတယ်။ ကျွန်တော် စိတ်တွေ၊ အတွေးတွေ ထုံထိုင်းလာပြီဆိုရင် လုပ်နေကြကတော့ စာအုပ်ဟောင်းတွေ ရှာဖွေဖတ်တာပါပဲ။ အခုတော့ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့နေတယ်။ စာအုပ်တွေ၊ မှတ်စုတွေ အားလုံးလိုလိုက မြန်မာပြည်မှာ ကျန်ခဲ့တာကိုး။ ပြန်ယူဖို့လဲ အဆင်မပြေလှဘူး။ အဲဒါနဲ့ပဲ ကံကောင်းချင်တော့ ကျွန်တော် ကွန်ပျူတာနဲ့ စာရိုက်ပြီးသိမ်းထားမိတဲ့ စာတိုပေစလေးတွေတော့ CD တစ်ချပ်ပါလာလို့ ပြန်ပြီး ဖွင့်ဖတ်ကြည့်ပါတယ်။ ကံဆိုးချင်တော့ ကျွန်တော်သိပ်ကြိုက်တဲ့ ebooks တွေ၊ စာအုပ်ပေါင်းများစွာထဲက ကြိုက်တာလေးတွေ လက်အညောင်းခံ၊ ဇာတ်ကြောအတက်ခံပြီး ရိုက်ထားရတဲ့ စာတွေကပါမလာဘူးဗျာ။ အင်း... ကံကောင်းချင်တော့ ၂၀၀၅ ခုနှစ်လောက်က ကျွန်တော်ရေးထားတဲ့ (ဘယ်မဂ္ဂဇင်းမှ မပို့ခဲ့တဲ့၊ ပို့လည်း ပါမှာမဟုတ်တဲ့) ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်ဖတ်မိတယ်။ ပညာရေးနဲ့ ပတ်သက်လို့ ရေးထားတာပါ။ ပညာရေးနဲ့ ပတ်သက်တယ်ဆိုလို့ ကျွန်တော်က ဆရာလည်းမဟုတ်၊ ပညာရှင်လည်းမဟုတ်၊ ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပါ။ သို့သော်လည်း ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာပေါ့ဗျာ။ ကျွန်တော် ပြောချင်တာလေးတွေကို အခု ဘယ်သူမှ edit မလုပ်၊ ကတ်ကျေးမသုံးတဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ ဖော်ပြလိုက်ပါတယ်။ သည်းညည်းခံပြီး ဖတ်ရှုတော်မူကြပါ။

မြန်မာတွေ ပညာရေးကို ဘယ်လိုသဘောထားကြသလဲ။

၅.၅.၂၀၀၅

တနေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက်၏ သင်တန်းကျောင်းကလေးသို့ ရောက်သွားခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီပုံဆွဲ စသည်ဖြင့် သင်ပေးသောကျောင်းကလေးပါ။ Summer School ပေါ့ဗျာ။ ခုခေတ်ကလေးတွေဟာ ကျွန်တော်တို့ ငယ်ငယ်ကလို နွေကျောင်းပိတ်ရက်ကျရင် လူကြီးမိဘတွေ မျက်စိနောက်အောင် ဆော့မယ်၊ ဘော်လုံးကန်မယ်၊ ဂွေလှိမ့်မယ်တို့ စိတ်မကူးနိုင်ကြပါ။ သူတို့အဖို့ကတော့ စာပြီးရင်စာပဲ ဖြစ်နေကြပါသည်။ ကျွန်တော်တို့ငယ်ငယ်နဲ့ ကွာခြားတာကတော့ မိဘတွေ အတင်းအကျပ်တက်ခိုင်းလို့ လာတက်တာမျိုးမဟုတ်ပဲ သူတို့ကိုယ်တိုင် စိတ်ပါလက်ပါ၊ လိုလိုလားလား လာတက်နေကြတာပါ။ ကျောင်းသားမိဘတစ်ယောက်က “ကလေးက အခုအတန်းပြီးရင် နောက်တစ်တန်းသွားရဦမှာ၊ အိမ်မှာလဲ ဆရာခေါ်ထားတယ်” လို့ ပြောသံကိုလည်း ကြားရပါတယ်။ အင်း... ဒီကနေ့ခေတ်ကလဲ Life-long Learning လို့ဆိုပါတယ်။ “စာဖတ်ချိန်မှာ စာဖတ်ပါ၊ ကစားချိန်မှာ ကစားပါ၊ နားချိန်မှာ နားပါ” ဟူသော စံဟောင်းများသည် ယနေ့ခေတ်နှင့် အံမ၀င်တော့ဘူးလားဟု စဉ်းစားချင်စရာ ဖြစ်လာပါသည်။

ကျွန်တော်ဖတ်ဖူးတဲ့ ဆရာကိုတာရဲ့ စာတစ်ပုဒ်က ခေါင်းထဲရောက်လာပါတယ်။ Doughnut Principle လို့ဆိုပါတယ်။ မူရင်းကတော့ Charles Handy ရဲ့ The Empty Raincoat ထဲကဖြစ်ပါတယ်။ ကိုတာကတော့ မုန့်ကတိုးကို ဥပမာပေးပါတယ်။ ကျွန်တော်က မုန့်ကတိုးကို မမြင်ဘူးတော့ မူရင်းအတိုင်း Doughnut ပဲထားလိုက်ပါတော့။ အဲဒီ J Donut ကရောင်းတဲ့ donut ကို စားဘူးကြမှာပါ။ Lemon Donut ဆိုရင် အလယ်အနှစ်သား Lemon Cream နဲ့ အဲဒါကို ၀န်းရံထားတဲ့ ဘေးအကာသားရှိပါတယ်။ ချားလ်ဟန်ဒီက ကျွန်တော်တို့ ဘ၀ကြီးဟာလည်း အဲဒီ ဒိုးနပ်မုန့်လိုပဲ အလယ်အနှစ်သားနဲ့ ဘေးသား ပေါင်းစပ်ထားတာပါလို့ ဆိုပါတယ်။ အလယ်အနှစ်သားက ဘ၀မှာ လုပ်ကိုလုပ်ရမယ့် အရာများ (must)၊ မလုပ်လျှင် သင်ကျဆုံးမည့် အရာများ ဖြစ်ပါတယ်တဲ့။ တနည်းအားဖြင့် ဆိုရင်တော့ ဘ၀ပေးတာဝန်များလို့ ပြောရမယ် ထင်ပါတယ်။

သို့သော်လည်းတဲ့၊ အဲ...တဲ့၊ ဘ၀ဆိုတာ တာဝန်များဖြင့်သာ ပြည့်နှက်နေလျှင် ဟန်မကျလှပါတဲ့။ သင်ဆန္ဒရှိလျှင် လုပ်နိုင်သော ကိစ္စများ (may)၊ ၀တ်ကျေတန်းကျေထက် ပိုပြီးလုပ်နိုင်သော၊ အများထက် တမူထူးအောင် သင့်ကိုယ်သင်ဖန်တီးနိုင်သော ဘေးသားနေရာလေးလည်း ရှိရပါမည်တဲ့။ Donut တစ်ခုလုံး ရယူနိုင်ရင် အကောင်းဆုံးပါ။ သို့သော် အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တစ်ခုဖြစ်ဖို့ အနှစ်သားနှင့် ဘေးသား ဟန်ချက်ညီဖို့ လိုပါသည်။ အနှစ်သားချည်းပဲဆို ငြီးငွေ့စရာ၊ ဘေးသားချည်းပဲဆိုရင်တော့ မဟန်ပါ။

"A poor life this if full of care
We have no time to stand and stare" လို့ အင်္ဂလိပ်ကဗျာဆရာကြီး William Henry Davies ကရေးဖွဲ့ပါသည်။ ဘ၀မှာ ခေတ္တခဏမျှ ရပ်နားငေးမောချိန်လေးလဲ ရှိသင့်တယ်လို့ ဆိုပါတယ်။ ကလေးများအတွက် အနှစ်သားနှင့် ဘေးသား ဟန်ချက်ညီဖို့ စဉ်းစားတော်မူနိုင်ကြရန် ဖြစ်ပါသည်။

ကျွန်တော်တို့ခေတ်က Life-long Learning ဆို၍ ကလေးများကလည်း ကြိုးစားကြပါသည်။ ဤနေရာတွင် ကလေးများအား အနှစ်သားမည်မျှ ပေးမည်နည်း။ မည်သည့်ပုံစံရအောင် ပုံသွင်းကြမည်နည်း။ ပညာရေးဟူသည် လိုရာပုံသွင်းခြင်းလားဟု စဉ်းစားစရာ ကောင်းပါသည်။ မြန်မာနိုင်ငံမှာ ကလေးစာပေထွန်းကားရေးနဲ့ ကလေးတွေအတွက် ပညာရေးတိုးတက်ဖို့ တစိုက်မတ်မတ် ကြိုးစားသွားခဲ့တဲ့ ဒေါက်တာမောင်ဖြူး (၁၉၀၄-၁၉၇၀) ကတော့ “အလုပ်သည် အကစား၊ အကစားသည် ဘ၀၊ သုံးခုသည် တစ်ခုပ၊ တစ်ခုသည် သုံးခုဗျ” လို့ ဆိုပါတယ်။ (ဒီနေရာမှာ အလုပ်ဆိုတာကတော့ ကျောင်းသားအရွယ် ကျောင်းစာသည် ကျောင်းသားအလုပ်ပေါ့ဗျာ။ ထို့အတူပါပဲ သူ့အရွယ်နဲ့သူ တန်ရာတန်ရာ အလုပ်ကို ပြောချင်ပုံရပါတယ်။) ကလေးတွေ ကစားချိန်မရှိ စာတွေပဲ ခေါင်းထဲကို အတင်းရိုက်သွင်းနေတာမျိုးကို ဒေါက်တာမောင်ဖြူးက လက်မခံပါဘူး။ အလုပ်ချိန်အလုပ်၊ ကစားချိန်ကစား ဆိုတဲ့ စံဟောင်းကိုလည်း သူသဘောမကျပါဘူး။ အလုပ်ရယ်၊ အကစားရယ်၊ ဘ၀ရယ် သုံးခုပေါင်းဟာ တစ်ခုတည်းဖြစ်ရမယ်လို့ ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ်။ သူ့အယူအဆတွေဟာ သင်ယူလေ့လာစရာတွေ မကုန်နိုင်လောက်အောင်များပြားတဲ့ ကနေ့ခေတ်အခါနဲ့ အတိုင်းအတာတစ်ခုအထိတော့ အံဝင်မယ်လို့ ထင်ပါတယ်။ အသိပညာတွေ ကလေးတွေခေါင်းထဲကို အတင်းရိုက်ထည့်ပေးတာ၊ အတင်းပုံသွင်းယူတာ၊ ကြက်တူရွေးစာအံသလို စာတွေနှုတ်တိုက်ရပေမယ့် တကယ့်နှလုံးသားထဲကို အသိမရောက်တာမျိုးတွေများလာရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေအတွက် မကောင်းလှပါ။

ဆက်လက်ဖေါ်ပြပါမည်။
This entry was posted on 10:47 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: