Author: vanko
•7:59 PM
Part three (The End)

တရုတ်ပြည်ရဲ့ ဒီကနေ့ ပြဿနာက ပြင်ပကမ္ဘာမှာ တရုတ်အနေနဲ့ ဘာကို ကိုယ်စားပြုနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖော်နိုင်တဲ့ စကားလုံးမရှိသေးတာပါပဲ။ ဘေဂျင်းအစိုးရဲ့ အာဏာရှင်အစိုးရပုံစံနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ရောသမမွှေထားတဲ့ ပေါ်လစီဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာ ပေါ်ပြူလာဖြစ်နေပါတယ်တဲ့။ ဘေဂျင်းရဲ့ အုပ်ချုပ်မှုအောက်မှာ အစိုးရခေါင်းဆောင်တွေဟာ အကျိုးအမြတ်ရဖို့ စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအကြောင်း ပိုင်စိုးပိုင်နင်းနဲ့ သြဇာအပေးခံရတာမျိုးလဲ မရှိပါဘူးတဲ့။ (မကြာသေးမီကမှ တီဗွီမှာ အခကြေးငွေယူပြီး လက်စွမ်းပြ ချက်ပြုတ်ပြခဲ့လို့ ရာထူးကနုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း စမတ်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ အခုလက်ရှိ ၀န်ကြီးချုပ်ဟာလဲ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ဆုံမှုအတွက် တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်ဖို့ ဖိအားအပေးခံနေရပါတယ်။)

ဒါပေမယ့် တရုတ်ကြီးရဲ့ မိုဒယ်လ်ဟာ သူနဲ့ ယဉ်ကျေးမှုစရိုက်တန်ဖိုး ဆင်တူတဲ့ အရှေ့အာရှနိုင်ငံတွေမှာသာ အလုပ်ကောင်းကောင်း ဖြစ်နိုင်ပါတယ်တဲ့။ တရုတ်ဧကရာဇ်တွေခေတ်မှာ ဘုရင့်အာဏာကို ထိန်းချုပ်ကန့်သတ်မှု လုံးဝမရှိပါဘူး။ အဲဒီအစားကို ရှင်ဘုရင်လုပ်သူရဲ့ ကိုယ်ကျင့်တရားဆိုင်ရာအသိပညာနဲ့ ပြည်သူ့လုပ်ငန်းတွေကို ဇောင်းပေးအာရုံစိုက်ကြတဲ့ ထိပ်တန်း ဗျူရိုကရက် အလ်လိ(တ်) (elite ကို အီလစ်တွေလို့ အတော်များများက အသံဖလှယ်ကြပါတယ်။ ကျွန်တော်ကတော့ အလ်လိ(တ်) လို့ပဲကြားပါတယ်။) တွေကပဲ (အများပြည်သူအတွက်) တာဝန်ရှိတယ်လို့ ခံစားရတဲ့အသိကို တွန်းအားပေးပါတယ်တဲ့။ ဒီအမွေဟာ ခေတ်သစ်ဂျပန်ကို ထူထောင်ခဲ့တဲ့ မေဂျီမင်းမျိုးမင်းနွယ် အထက်တန်းလွှာတွေကနေ ဒီနောက်ပိုင်းခေတ် အာဏာရှင်တွေဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ပတ်ချုံဟီး၊ စင်္ကပူရဲ့ လီကွမ်ယူးနဲ့ အခုလက်ရှိ တရုတ်ခေါင်းဆောင်တွေအထိ သြဇာသက်ရောက်မှု ရှိပါတယ်တဲ့။ (လီကွမ်ယူးကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သူ authoritarian ruler စာရင်းမှာ ထည့်ထားတာ ဘာကြောင့်လဲဆိုတာ ကျွန်တော် သြဂုတ်လမှာရေးခဲ့တဲ့ A Two Headed Horse Blocking Burma's Way To Democracy ပို့စ်ကို ဖတ်ကြည့်ရင် ရေးရေးတော့ ဆ၀ါးမိမယ်ထင်ပါတယ်။)

ဒီ ဖခင်ကြီးပုံစံ အုပ်ချုပ်မှုဟာ (ဖခင်ကြီးပုံစံ အုပ်ချုပ်မှုဆိုတာ လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်ပေးမယ် ဒါပေမယ့် ငါထားသလိုနေ၊ ပြန်မပြောနဲ့ အခွင့်အရေးမတောင်းဆိုနဲ့ဆိုတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မပေးတဲ့ အုပ်ချုပ်မှုပုံစံပါ) အာဖရိ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက အုပ်ချုပ်မှုပုံစံတွေနဲ့တော့ စပ်ဆက်မရလောက်အောင်ကို ကွဲပြားပါတယ်တဲ့။ အဲဒီတိုင်းပြည်တွေမှာ အများပြည်သူအတွက် ထည့်သွင်းစဉ်းစားတဲ့ အာဏာရှင်ပုံစံနဲ့ အလွန်အလှမ်းဝေးပါတယ်လို့ ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာတွေကို ခိုးဝှက်ယူဖို့ သူခိုးဇာတာပါတဲ့ ဇိုင်ယာနိုင်ငံရဲ့ Mobutu Sese Seko ၊ လိုင်ဘေးရီးယားရဲ့ စစ်အာဏာရှင် Charles Taylor ၊အကျင့်ပျက်ခြစားမှုတွေနဲ့ နိုင်ဂျီးရီးယား တို့လို တိုင်းပြည်တွေပဲ အာဖရိကမှာ တွေ့နိုင်ပါတယ်တဲ့။

ဒါတွေကို ကြည့်ရင် ကမ္ဘာကြီးဟာ ပိုပြီးလုံခြုံလာသလို တစ်ချိန်တည်းမှာပဲ ပိုပြီး အန္တရာယ်ရှိလာပါတယ်တဲ့။ ပိုပြီးလုံခြုံလာရတဲ့ အကြောင်းကတော့ အင်အားကြီးနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားဟာ ကမ္ဘာစီးပွားရေး ဖွံ့ဖြိုးစည်ပင်မှုနဲ့ အများကြီး စည်းနှောင်ထားတဲ့အတွက် တည်ငြိမ်နေတဲ့ အခြေအနေကို ကပြောင်းပြန်မလုပ်မိဖို့ ကန့်သတ်ထားသလိုဖြစ်နေတဲ့ အတွက်ပါပဲ။ ပိုပြီး အန္တရာယ်ရှိလာရတဲ့ အကြောင်းကတော့ အရင်းရှင်စနစ်ကို ကျင့်သုံးနေတဲ့ အာဏာရှင်နိုင်ငံတွေဟာ သူတို့နဲ့တန်းတူ အာဏာရှင် ကွန်မြူနစ်တိုင်းပြည်တွေထက်ပိုပြီးချမ်းသာ ပိုပြီး ပါဝါကောင်းလာနိုင်တဲ့အတွက်ပါပဲတဲ့။ စီးပွားရေး ဆင်ခြင်တုံတရားက နိုင်ငံရေး ရမ္မက်ဆန္ဒကို အနိုင်မယူနိုင်တော့တဲ့အခါမှာ အပြန်အလှန်မှီခိုနေကြတဲ့ ကမ္ဘာတစ်ခုလုံး ထိခိုက်လာမယ်လို့ ဆိုပါတယ်။ (အတိတ်မှာ ဒါမျိုးတွေ ဖြစ်ခဲ့ဘူးပါတယ်တဲ့။ စီးပွားရေးအင်အားတောင့်တင်းလာတဲ့အခါ နိုင်ငံရေးဘက်မှာလည်း လွမ်းမိုးချယ်လှယ်ချင်လာတဲ့ သဘောတွေရှိပါတယ်တဲ့။)

အာဏာရှင်ဝါဒ ပြန်ရှင်သန်လာမလားဆိုတဲ့ ထင်ကြေးတွေဟာ ကျွန်တော်တို့ကို တကယ့်အရေးတကြီး ကိစ္စတွေကနေ အာရုံပြောင်းသွားစေတာမျိုးလည်း မဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။ တကယ့် အရေးတကြီးကိစ္စတွေဆိုတာက ကမ္ဘာကြီးရဲ့ ထုတ်လုပ်နိုင်စွမ်းအားဟာ မရှိမဖြစ်ကုန်တွေဖြစ်တဲ့ ရေနံ၊ အစားအစာနဲ့ ရေ တွေကို တောင်းဆိုချက် လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်မလားဆိုတာမျိုးတွေပါတဲ့။ တကယ်လို့သာ ဒီလိုမထုတ်လုပ်နိုင်ဘူးဆိုရင်တော့ တစ်ယောက်သာရင် တစ်ယောက်နာရမယ့် အနေအထားကို ရောက်သွားပါမယ်တဲ့။ တစ်နိုင်ငံရဲ့ အကျိုးစီးပွားဟာ တခြားတစ်နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်လာပါမယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ ကောင်းမွန်တဲ့ အင်စတီကျူးရှင်းတွေ ရှိ မရှိ ဆိုတာထက် သဘာဝအရင်းအမြစ်တွေနဲ့ ပထ၀ီဝင် အနေအထားအသာစီးရမှုတွေပေါ်မှာ ပိုပြီးတည်မှီလာမယ်လို့ ဆိုပါတယ်။ (ကျွန်တော်တော့ ဒီလို ၁၇ ၁၈ ရာစုနှစ်လောက်က အခြေအနေမျိုး ပြန်မရောက်နိုင်ဘူးလို့ ထင်တာပဲ။)

ဖူကူယားမားအနေနဲ့ သူ့ရဲ့ လစ်ဘရယ်ဒီမိုသာ ပြိုင်ဘက်မရှိ အိုင်ဒီအိုလော်ဂျီတစ်ခု ဖြစ်တယ်ဆိုတဲ့ အယူအဆကိုပဲ ထပ်ပြီးသက်သေပြဖို့ ကြိုးစားတာပါပဲ။ အော်တိုကရေစီဟာလည်း ဒီမိုရဲ့ လောက်လောက်လားလား ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအရေးထက် အနာဂတ်စွမ်းအင်ပြဿနာလို ကိစ္စတွေကို အာရုံစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကနေ့ ရင်ဆိုင်နေရတာက ဒီမိုကရေစီဟာ ပြိုင်ဘက်မရှိ အိုင်ဒီအိုလော်ဂျီ ဖြစ်မဖြစ်ဆိုတာထက် ဒီမိုကမ္ဘာကို နှစ်သိမ့်နိုင်ဖို့ အော်တိုကရက်တွေရဲ့ အတုအယောင် ဒီမိုကရေစီပြဿနာသာဖြစ်ပါတယ်။ ဒီမိုဟာ အများလက်ခံထားတဲ့ အိုင်ဒီအိုလော်ဂျီတစ်ခုဆိုရင် အဲဒီအများနဲ့ ရောယောင်ပြီး ရှင်သန်နိုင်ဖို့ အော်တိုကရက်တွေဟာ ကလီစာထုတ်ထားတဲ့ ဒီမိုအခွံကို ချပေးပြီး သူတို့ကိုယ်သူတို့ အင်အားကြီးထွားအောင် လုပ်နေတာပါပဲလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကို ဘယ်လိုတားဆီးမလဲဆိုတာကို အဖြေရှာသင့်နေပါပြီ။

(ဒီဆောင်းပါးကို ဘာသာပြန်တဲ့နေရာမှာ political terms တွေအများကြီးပါတဲ့အတွက် အခက်အခဲတွေ့ရပါတယ်။ နောက်ပြီး ကျွန်တော် လက်လှမ်းမမှီတဲ့ သမိုင်းအဖြစ်အပျက်တွေလည်း ပါလို့အခက်အခဲရှိပါတယ်။ ကျွန်တော်သေချာမသိတဲ့ အချို့ အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့ပါတယ်။ မသိပဲ မပြောချင်လို့ပါ။ ဒီစာဟာ အစီအစဉ်မကျ ကမောက်ကမနဲ့ အဓိပ္ပါယ်မပေါက်ခဲ့ရင် ကျွန်တော့်ရဲ့ ချို့ယွင်းအားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။)
This entry was posted on 7:59 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: