Author: vanko
•7:04 PM
Part 2

အိုင်ဒီယာနဲ့ အိုင်ဒီအိုလော်ဂျီ အကြောင်းပြောကြမယ်ဆိုရင်တော့ ဒီကနေ့ခေတ် အော်တိုကရက်တွေဟာ ဒီအပိုင်းမှာ အံအားသင့်လောက်စရာကို အားနည်းကြပါတယ်တဲ့။ နာဇီဂျာမနီ၊ ဆိုဗီယက်ယူနီယံနဲ့ မော်စီတုန်းရဲ့ တရုတ်ပြည်တို့ဟာ တကယ်ပဲ ကမ္ဘာကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီတိုင်းပြည်တွေဟာ အင်အားကောင်းတဲ့ အိုင်ဒီယာတွေအပေါ်မှာ အခြေခံထားပြီး ကမ္ဘာ့နိုင်ငံတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ အလားအလာတွေရှိခဲ့ပါတယ်တဲ့။ (တကယ်လည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစမှာ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံအများအပြားဟာ ရဲရဲနီခဲ့ကြတာကို မှတ်မိကြမှာပါ။) အဲဒါကြောင့်လည်း နိုင်ကာရာဂွာနဲ့ အန်ဂိုလာ တွေမှာ ဆိုဗီယက်လက်နက်တွေနဲ့ စစ်အကြံပေးတွေကို တွေ့ကြရတာပါတဲ့။ အခုချိန်မှာတော့ ဒီလို အာဏာရှင်တိုင်းပြည်တွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မရှိတော့ပါဘူးတဲ့။ အခု အာဏာရှင်လက်သစ်တွေ ရှေ့ထွက်လာကြပေမယ့် လစ်ဘရယ်ဒီမိုကရေစီသာ အင်အားအကောင်းဆုံး ဆွဲဆောင်မှုအရှိဆုံး အိုင်ဒီယာတစ်ခု ဖြစ်နေတုံးပါပဲလို့ သူကဆိုပါတယ်။ ပူတင်နဲ့ ချာဗက် အပါအ၀င် အော်တိုကရက် အများစုဟာ သူတို့အနေနဲ့ အပြင်ကမ္ဘာရဲ့ ဒီမိုကရေစီထုံးတမ်းဓလေ့တွေနဲ့ လိုက်ညှိမှ ရပ်တည်နိုင်မယ်လို့ ခံစားမိကြပါတယ်။ ဒါကြောင့်တစ်ချိန်ထဲမှာပဲ ဒီမိုကရေစီရဲ့ တကယ့်အနှစ်သာရကို ထုတ်နုတ်ထားတဲ့ ဒီမိုကရေစီအခွံကို ပေးဖို့ကြိုးစားကြပါတယ်တဲ့။ တရုတ်သမ္မတ ဟူကျင်းတောင်ကလဲ ဘေဂျင်းအိုလံပစ်မှာ ဒီမိုကရေစီအကြောင်းပြောကြတာကို အကျပ်ကိုင်ခံရသလို ခံစားရပါတယ်တဲ့။

ရုရှားနဲ့ တရုတ်တို့ဟာ ခေါင်းနဲ့ပန်းလိုဖြစ်တဲ့ ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒနှစ်ခုအနက် အရင်းရှင်စီးပွားရေးဝါဒကို ကျေကျေနပ်နပ်ကြီး လက်ခံနေကြတာကိုကြည့်ရင် စစ်အေးခေတ်ကိုပြန်သွားနေတယ်ဆိုတဲ့ အဆိုကို လက်ခံဖို့ခက်ပါလိမ့်မယ်တဲ့။ (စတာလင်နဲ့ မော်စီတုံးတို့ဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး တံခါးပိတ်စီးပွားရေးစံနစ် self-defeating, autarkic economic policies ကို ကျင့်သုံးခဲ့ကြတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။) အခုတရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ တရားဝင်ရပ်တည်နိုင်မှုဟာ အန္တရာယ်ဖြစ်လောက်အောင် အတက်ကြမ်းနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဆက်ထိန်းထားနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ သဘောပေါက်ကြပါတယ်တဲ့။ ရုရှားမှာတော့ အရင်းရှင်ဝါဒကို ထွေးပွေ့ထားဖို့ စီးပွားရေးဆိုင်ရာလှုံ့ဆော်မှုက ပုဂ္ဂိုလ်ရေးပိုဆန်ပါတယ်တဲ့။ ပူတင်နဲ့ ရုရှားရဲ့ ထိပ်တန်းအခွင့်ထူးခံတွေဟာ နိုင်ငံရဲ့ သဘာဝရင်းမြစ်တွေနဲ့ တခြားအဖိုးတန် သယံဇာတတွေကနေ ဧရာမအကျိုးအမြတ်တွေရနေလို့ပါပဲတဲ့။

အိုင်ဒီယာကမ္ဘာထဲမှာတော့ ဒီမိုကရေစီရဲ့ အဓိကတစ်ခုတည်းသော ပြိုင်ဘက်က အစွန်းရောက် အစ္စလမ်ဝါဒပါပဲတဲ့။ ဒီကနေ့ ကမ္ဘာပေါ်မှာ အန္တရယ်အရှိဆုံးတိုင်းပြည်ကတော့ အစွန်းရောက် ရှီးယိုက်ဘာသာရေးခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့ အီရန်နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်တို့ကတော့ အမျိုးသားရေးဝါဒကနေ ဆင်းသက်လာကြပြီး တစ်ယောက်နဲ့ တစ်ယောက်လဲ ပုံသဏ္ဍာန်မတူကြပါဘူးတဲ့။ ကံမကောင်းစွာပဲ ရုရှားဟာ သူ့ရဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့နိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ အစပ်အဟပ်မတည့်လှတဲ့ အမျိုးသားရေးဝိသေသဗားရှင်းကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ဒီကနေ့ရုရှားဟာ အရင်ဆိုဗီယက်ပြည်ထောင်စုနဲ့ အများကြီး ခြားနားပါတယ်တဲ့။ ပူတင်ကို ခေတ်သစ် ဇာဘုရင်လို့ ခေါ်ကြပါတယ်။

ဘေဂျင်းအိုလံပစ်မှာ ဂုဏ်ယူစွာ ခင်းကျင်းပြသသွားခဲ့တဲ့ တရုတ်အမျိုးသားရေးဝါဒကတော့ ပိုပြီး ရှုပ်တွေးပါတယ်တဲ့။ တရုတ်ဟာ သူ့ရဲ့ နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲတွင်းကဆွဲထုတ်နိုင်ခဲ့တာကို အသိအမှတ်ပြုခံလိုပါတယ်။ ဒါပေမယ့် ဒီအမျိုးသားရေးဂုဏ်ရဲ့ အဓိပ္ပါယ်ကို တရုတ်ရဲ့နိုင်ငံခြားရေးဝါဒအဖြစ် ဘယ်လို ဘာသာပြန်မလဲဆိုတာကို မသိနိုင်ကြသေးပါဘူးတဲ့။ ပေါက်ကွဲလုလု တိုင်ဝမ်အရေးကလွဲရင် တရုတ်ကြီးမှာ လွန်ကဲပြင်းထန်တဲ့ နာကျည်းချက်တွေ မရှိပါဘူးတဲ့။ ရုရှားလိုမျိုး နေတိုးက အရင်ဆိုဗီယက်ယူနီယံထဲက နိုင်ငံတွေအထိ ချဲ့ထွင်လာလို့ သူ့အင်ပါယာကြီး ကျုံ့လာတာကို စိတ်ထဲက နာသာခံခက်ဖြစ်နေရတာမျိုး မရှိပါဘူးတဲ့။ နောက်ပြီးတော့ ဘေဂျင်းအစိုးရအနေနဲ့ ရှောင်လွဲမရတဲ့ စီးပွားရေးလေးအီမှုနဲ့ ကြုံလာရတဲ့အခါ သူ့ပြည်တွင်းကို တည်ငြိမ်အောင် ကြိုးစားနေရတာနဲ့ ယားလို့တောင် ကုတ်အားမှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

နောက်နေ့မှဆက်မယ်နော်...

This entry was posted on 7:04 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: