Author: vanko
•5:51 PM
အပိုင်း ၃ ...


Michelangelo's Pieta



Sistine Chapel ceiling

ပန်းချီသင်သော ဆရာမလေးက Horizontal line မိုးကုတ်စက်ဝိုင်းမျဉ်းကို ကားချပ်၏အလယ်တည့်တည့်တွင် ထားမဆွဲရဟု သင်ပါတယ်။ ကျွန်တော်က မထားရဆိုတာထက် ထားရင်ဘယ်လိုနေမလဲလို့ ကလေးများကို စဉ်းစားစေချင်ပါသည်။ ထားရင်ဘာဖြစ်မလဲဆရာမဟု တစ်ယောက်ယောက်က ထမေးစေချင်ပါသည်။ အခြေတူ၊ ထိပ်တူ၊ အကွာအဝေးတူ မဆွဲရဟု သင်ပါသည်။ ဆွဲလိုက်ရင်ဘာဖြစ်မလဲ ကိုယ့်ဘာသာကိုယ် ဆွဲတယ်ကွာ ဆိုသည့်ကလေးမျိုးတွေ့ချင်ပါသည်။ ကလေးတွေမှာ Creative thinking ရှိစေချင်၍ဖြစ်ပါတယ်။ ကလေးရဲ့ အတွေးကို စဟေ့ ဆိုကတည်းက ဘောင်ခတ်လိုက်တာမျိုး မလိုချင်ပါ။ တခြားနည်းလမ်းတစ်ခုခု ရှာဖွေတွေ့ရှိစေချင်ပါသည်။ Lateral Thinking (ကိုတာ၏ စကားနှင့်ဆိုလျှင်) ဖြန့်ထွက်တွေးစေချင်ပါသည်။ တစ်ချို့က ကန့်လန့်တွေးတာဟု ဆိုသလို၊ သူငယ်ချင်းတစ်ယောက်ကတော့ ချောတောငေါ့တွေးနည်းပါကွာဟု ထောပနာပြုပါသည်။ ရှိစေတော့ ပါရာဒိုင်း Paradigm အသစ်နှင့် အဟောင်းများသည် အမြဲပဲ ပဋိပက္ခသဘောကို ဆောင်ပါသည်။ ကန့်လန့်ပဲဖြစ်ဖြစ်၊ ချော်တောငေါ့တာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ တွေးစေချင်ပါသည်။

အီတလီမှ ကမ္ဘာကျော် ပန်းပု၊ ပန်းချီ၊ ဗိသုကာ ဆရာကြီး မိုက်ကယ်အိန်ဂျလို Michelangelo (1475 – 1564) ကို ကြားဖူးကြမည်ထင်ပါတယ်။ သူရဲ့ အထင်ကရလက်ရာ များစွာထဲက ကျွန်တော် အနှစ်သက်ဆုံးနှစ်ခုကို ပြပါဆိုလျှင်၊ ဘီလူးကြီး ဂေါလိုက်ယက် Goliath ကို အောင်နိုင်ခဲ့တဲ့ သူရဲကောင်း ဒေးဗစ် David ၏ပုံ စကျင်ကျောက်သားရုပ်ထုနှင့် စစ်စတိုင်းဘုရားရှိခိုးကျောင်း Sistine Chapel မျက်နှာကျက်ရှိ ပန်းချီလက်ရာများဖြစ်ပါလိမ့်မည်။ အခြားတန်ဖိုးမဖြတ်နိုင်သော စကျင်ကျောက်သားလက်ရာများလည်း များစွာထုလုပ်ခဲ့ပါသည်။ ပန်းချီကျော် လီယိုနာဒိုဒါဗင်ချီ Leonardo da Vinci နှင့် ခေတ်ပြိုင်ဖြစ်ပါတယ်။ မိုက်ကယ်ကလေး ငယ်ငယ်က ပန်းချီကျောင်းတက်တော့ ဆရာများက အစဉ်အလာအတိုင်း ဂဲသြမေတြီနည်းဖြင့် အကွက်ချထားတဲ့ပုံစံထဲမှာ လူပုံတွေရေးဆွဲခိုင်းပါတယ်။ မိုက်ကယ်ကလေးခမျာ ကြိုးစား၍တော့ ဆွဲရှာပါသည်။ သို့သော် မသာအခေါင်းထဲ လူသေတွေသွင်းရသလို သူ့စိတ်ကျဉ်းကျပ်လှသောကြောင့် ကြာကြာဆက်မဆွဲနိုင်တော့ဟု ဆိုပါသည်။ ပန်းပုပညာကို လေ့လာတဲ့အခါမှာလည်း အစဉ်အလာတွေကို ချိုးဖောက်ပြီး လမ်းသစ်ထွင်ခဲ့ပါတယ်။ လူပုံကို ထုဆစ်တဲ့အခါ အထဲကကြွက်သားဆိုင်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိခဲ့ရင် ပိုပြီးပီပြင်အောင်ထုဆစ်နိုင်မယ်လို့ တွေးမိပြီး ဘုရားကျောင်းက လူသေတွေထားရာနေရာမှာ ညဘက် ဖယောင်းတိုင်မီးနဲ့ အချိန်မှတ်ပြီး (ဖယောင်းတိုင်မီးနဲ့ အချိန်မှတ်ရတာက မိုးမလင်းခင် လူသေကို ပြန်ပြီးအ၀တ်စပတ်၊ ဘယ်သူမှမတွေ့ခင် အိမ်ကို အမြန်ပြန်ပြေးရမှာကြောင့်ပါ။) လူကိုယ်ထဲကို ခွဲစိတ်ပြီး ကြွက်သားတွေ အလုပ်လုပ်ပုံကို လေ့လာခဲ့ပါတယ်။ အဲဒီခေတ်အခါမှာတော့ လူသေကို ဒီလိုခွဲစိတ်တယ်ဆိုတာ ဧရာမပြစ်မှုကြီးပါ။ ဘာသာရေးရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေက သေဒဏ်အထိပေးနိုင်ပါတယ်။ ဆရာဝန်တွေတောင် ဘုန်းကြီးတွေရဲ့ ခွင့်ပြုချက်ရမှ လူသေကို ခွဲစိတ်ခွင့်ရှိပါတယ်။

အဲဒီ မိုက်ကယ်ကလေးရဲ့ လက်ရာများဟာ အခုအချိန်မှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာများဖြစ်နေပါပြီ။ ကျွန်တော်တို့ မြန်မာများထဲကလဲ “သူလိုလူ” တွေထွက်ပေါ်မလာဘူးဟု ဘယ်သူမှမပြောနိုင်ပါ။ ကလေးများကို အခွင့်အရေးပေးကြပါ။ သူတို့ဆီက အကောင်းဆုံးတွေကို ကူညီပြီး ဆွဲထုတ်ပေးကြပါဟု အကြံပြုလိုပါသည်။ ပညာရေးဆိုတာ ကလေးခေါင်းထဲကို စာတွေရိုက်သွင်းတာမဟုတ်၊ စာမေးပွဲမှာ အဆင့်ကောင်းကောင်းရရုံမဟုတ်၊ တီထွင်ဖန်တီးမှု ဥာဏ်ရည်ဥာဏ်သွေးနှင့် ကိုယ်ကျင့်သိက္ခာကို ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးကူညီပဲ့ကိုင်ပေးသော လုပ်ငန်းစဉ်ဟု မိဘဆရာများကိုယ်တိုင် ရင်ထဲအသည်းထဲက ခံယူထားစေချင်ပါသည်။ လိုင်းကောင်းကောင်းရဖို့ ဆိုတာထက် ပိုပြီး အမြင်ကျယ်စေချင်ပါသည်။ ကလေးများ၏ ပင်ကိုယ်စွမ်းရည်၊ ဖန်တီးတီထွင်စွမ်းအားများကို မိဘဆရာများ၏ တောင်လိုပုံသော မျှော်လင့်ချက်များအောက်တွင် ကြေမွပျက်စီး မသွားစေရန် အားလုံးက ၀ိုင်းဝန်းကူညီကြပါဟု တိုက်တွန်းလိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
This entry was posted on 5:51 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On 6:06 AM , မင်းညို said...

ရောမက ပုပ်ရဟန်းမင်းကြီးနေတဲ့ စိန့်ပီတာ ဘုရားကျောင်းကို သွားလည်ဖြစ်တာ မကြာသေးဘူး..အရင်ကဖတ်ဖူးတဲ့ မိုက်ကယ်အိန်ဂျလို အထုပ္ပတ္တိ ကိုပြန်မှတ်မိပြီး မိုက်ကယ်အိန်ဂျလိုရဲ့ ပီယေတာကို ဓါတ်ပုံတော့ ရိုက်ယူခဲ့တယ်..
ခြုမှ ပြန်ဖတ်ချင်လာလို့ မိုက်ကယ်အိန်ဂျလိုရဲ့ Biography စာအုပ်လေးရှိရင် မျှဖို့ မျှော်လင့်ပါတယ်

 
On 10:26 PM , vanko said...

ကိုမင်းညိုရေ ကျွန်တော့် စာအုပ်တွေအားလုံးလိုလိုက မြန်မာပြည်မှာ ကျန်ခဲ့ပါတယ်။ အဆင်ပြေလို့ ပြန်ယူလို့ ရခဲ့ရင် file hosting လုပ်ပေးပါ့မယ်။

 
On 2:45 AM , နတ်လူ said...

မိုက်ကယ် အိမ်ဂျယ်လို အကြောင်း ကျွန်တော်လည်း ဖတ်ဖူးတယ်။ သူ anatomy ကို လေ့ လာပုံက ဆရာဝန်တွေ ရှုံးလောက်တယ်။ သူငယ်ငယ် မအောင်မြင်ခင်က အရုပ်တစ်ခုထုပြီး ရွှံ့ တွေလူးလို့  antique ဆိုပြီး လိမ်ရောင်းဖူးတယ်လို့ လဲ ပြောသေးတယ်။ မိုနာလီဇာကိုဆွဲတဲ့ လီယိနာဒို ဒါဗင်ချီနဲ့  ခေတ်ပြိုင်တစ်ယောက်ဖြစ်ပြီး သူတို့ နှစ်ယောက် ပန်းချီပြိုင်ဆွဲဖူးတယ်ဆို လို့ လဲ အံသြခဲ့ရသေးတယ်