Author: vanko
•9:32 PM
image source: http://www.englishexercises.org

မည်းမှောင်နေတဲ့ ထင်းရူးတောတန်းနှစ်ခုက ချောင်းရဲ့ တစ်ဖက်တစ်ချက်ကနေ မျက်မှောင်ကုတ်ကြည့်နေသလို ထင်ရသည်။ လေတိုက်ထားလို့ ပင်စည်တွေပေါ်မှာ ကပ်နေတဲ့ နှင်းဖတ်တွေမှာ အစင်းအစင်းတွေဖြစ်နေတယ်။ ထင်းရူးပင်တွေက တစ်ပင်ကိုတစ်ပင် မှီထားသလိုလို။ အလင်းရောင်ဖျော့ဖျော့အောက်မှာ မှောင်မည်းပြီး မကောင်းဆိုးဝါး အရိပ်တွေလိုမျိုး။ နက်ရှိုင်းတဲ့ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်တခုလုံးကို စိုးမိုးထားသည်။ အသက်ဝိညာဉ်မဲ့ ရှင်သန်လှုပ်ရှားမှုမဲ့နေသည့် ပတ်ဝန်းကျင်တခုလုံးသည် စိတ်ချောက်ခြားအားငယ်စရာ။ တောအုပ်ရဲ့ ကြေကွဲဝမ်းနည်းနေတဲ့ ဝိညာဉ်ထက်ကိုပိုပြီး အေးခဲအထီးကျန်နေသည်။ ဒီတောအုပ်ရဲ့ ဝိညာဉ်ထဲမှာ ရယ်သံရဲ့ အရိပ်အယောင်ရှိနေသည်။ ဝမ်းနည်းကြေကွဲမှုတိုင်းထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ရယ်သံ- စဖင့်ရုပ်ထုရဲ့ အပြုံးလို ဟာသဓါတ်ခံကင်းမဲ့တဲ့ ရယ်သံ- ဒီတောအုပ်လိုပဲ အေးစက်ပြီးတော့ မြဲမြံခိုင်ကျည်ခြင်းကို အားဖြည့်ထားတဲ့ ရယ်သံ။ ဘဝရဲ့ အချည်းနှီးဖြစ်ရမှုနဲ့ ရုန်းကန်ရမှုတွေကို လှောင်ပြောင်နေတဲ့ တန်ခိုးသြဇာကြီးမားပြီး ဆုပ်ကိုင်မရတဲ့ ဥာဏ်ပညာရဲ့ ထာဝရရယ်သံ။ ဒါဟာ သဘာဝအရိုင်း၊ တောအရိုင်း- ရက်စက်ကြမ်းကြုတ်ပြီး အေးခဲနေတဲ့နှလုံးသားနဲ့ မြောက်ပိုင်းနယ်မြေတောအရိုင်း။

ဒါပေမယ့် အဲဒီမှာ ရှင်သန်ခြင်းရှိနေတယ်။ သဘာဝရိုင်းကို အာခံဖီဆန်နေတဲ့ တခြားအရပ်ကလာတဲ့ ရှင်သန်ခြင်း။ ရေခဲနေတဲ့ ချောင်းရိုးအတိုင်း ဝံပုလွေနဲ့တူတဲ့ ခွေးတွေ အတန်းလိုက် တအိအိဆင်းလာနေသည်။ သူတို့ရဲ့ အမွေးကြမ်းတွေမှာ နှင်းတွေနဲ့ သီးခဲနေတယ်။ သူတို့ ပါးစပ်ထဲက အသက်ရှုပြီး မှုတ်ထုတ်လိုက်တဲ့လေဟာ လေထဲမှာပဲ အေးခဲသွားပြီး ရေခဲမှုန်လေးတွေက သူတို့အမွေးကြမ်းတွေအဖျားမှာ သွားပြီး သီးခဲနေတယ်။ ခွေးတွေမှာ သားရေသိုင်းကြိုးတွေချည်ထားပြီး စွတ်ဖားလှည်းတစီးကို ဆွဲလာကြသည်။ စွတ်ဖားလှည်းမှာ အောက်ခံခြေထောက်တွေမပါပဲ သစ်မာသားနဲ့လုပ်ထားတဲ့ ကိုယ်ထည်တခုလုံးက နှင်းပြင်ပေါ်မှာ အပြားလိုက်ရှိနေသည်။ စွတ်ဖားပေါ်မှာကတော့ ခပ်ရှည်ရှည်မျောမျော လေးထောင့်သေတ္တာတလုံးကို ကြိုးနဲ့သေသေချာချာတုပ်ချည်ထားသည်။ တခြားပစ္စည်းပစ္စယတွေလည်း စွတ်ဖားလှည်းပေါ်မှာ ပါတယ်။ စောင်တွေရယ်၊ ပုဆိန်တစ်လက်ရယ်၊ ကော်ဖီအိုးတစ်လုံး၊ အကြော်ဒယ်အိုးတစ်ခု။ ဒါပေမယ့် ထင်ရှားမြင်သာပြီး စွတ်ဖားလှည်းတစ်ခုလုံးရဲ့ နေရာအများစုကိုယူထားတာကတော့ အဲဒီ လေးထောင့်သေတ္တာရှည်ပဲဖြစ်သည်။



ခွေးတွေရဲ့ အရှေ့မှာက လူတစ်ယောက်။ နှင်းတောစီးဖိနပ် အပြားအကြီးကြီးနဲ့။ နှင်းတောထဲမှာ ခက်ခက်ခဲခဲ လျှောက်လာနေသည်။ စွတ်ဖားလှည်းရဲ့ အနောက်မှာလည်း လူတစ်ယောက်။ စွတ်ဖားပေါ်က သေတ္တာရှည်ထဲမှာကတော့ တတိယလူတစ်ယောက်- လဲလျှောင်းပြီးပါလာတယ်။ နောက်ထပ်ဘယ်တော့မှ မလှုပ်ရှား မရုန်းကန်နိုင်တော့အောင် သဘာဝရိုင်းက အနိုင်ယူသွားခြင်းကို ခံလိုက်ရတဲ့ လူတစ်ယောက်။ သဘာဝရိုင်းက လှုပ်ရှားမှုတွေကို မနှစ်သက်ဘူး။ ရှင်သန်ခြင်းဆိုတာ သူ့ကို ဆန့်ကျင်မှုပဲ။ ရှင်သန်နေခြင်းဆိုတာ လှုပ်ရှားနေခြင်းဖြစ်တယ်။ ဒီသဘာဝရိုင်းက လှုပ်ရှားမှုတိုင်းကို ဖျက်ဆီးပစ်ဖို့ အမြဲအားထုတ်နေတယ်။ ရေတွေကို ပင်လယ်ထဲ စီးဆင်းမသွားနိုင်အောင် အေးခဲပစ်သည်။ သစ်ပင်တွေက သစ်စေးရည်တွေ စီးထွက်လာပြီး အေးခဲသွားအောင် သေဆုံးသွားအောင် လုပ်ပစ်သည်။ အရက်စက်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံးကတော့ လူသားကို ဒူးထောက်အရှုံးပေးလာအောင် အဆက်မပြတ် လိုက်လံခြေမှုန်းနေခြင်းပဲဖြစ်သည်။ လူဆိုတာကလည်း ဆောက်တည်ရာမရ မနားမနေ အလှုပ်ရှားရဆုံး ဘဝတစ်ခု- ရှင်သန်လှုပ်ရှားမှုတိုင်းဟာ ရပ်နားခြင်းနဲ့အဆုံးသတ်ရမယ်ဆိုတဲ့ အဆိုကို တော်လှန်ဖို့ အမြဲကြိုးစားနေတဲ့ ဘဝတစ်ခုပေပဲကိုး။

စွတ်ဖားလှည်းအရှေ့နဲ့ အနောက်မှာတော့ အသက်ရှင်သန်နေဆဲ လူနှစ်ယောက်ဟာ အရှုံးမပေးစတမ်း ခရီးကြမ်းနှင်နေဆဲ။ ကိုယ်ပေါ်မှာ သိုးမွေးနဲ့ သားရည်ထည်တွေကို ဝတ်ထားတယ်။ သူတို့ အသက်ရှုထုတ်လိုက်တဲ့ လေတွေက ခဲပြီး မျက်တောင်တွေ ပါးတွေ နှုတ်ခမ်းတွေမှာ ရေခဲမှုန်တွေကပ်နေလို့ မျက်နှာပုံတောင် ဖမ်းမရတော့ဘူး။ ပြဇာတ်ထဲက သူရဲတွေ ပုံစံမျိုးဖြစ်နေတယ်။ ပရလောကထဲက တစ္ဆေသူရဲတစ်ကောင်ရဲ့ အသုဘကို လိုက်ပို့ဆောင်ပေးနေတဲ့ သူရဲနှစ်ကောင်နဲ့တူတယ်။ တကယ်ကတော့ သူတို့ဟာ အေးခဲပြီး လူသူကင်းမဲ့ခြောက်ခြားစရာ နယ်မြေကို ထိုးဖောက်သွားနေတဲ့ လူသားနှစ်ယောက်သာ။ ဝေးလံသီခေါင်ပြီး အကျွမ်းတဝင်မရှိလှတဲ့ နယ်မြေ၊ အာကာသချောက်နက်ကြီးလို နက်ရှိုင်းအေးခဲနေတဲ့ နယ်မြေကျယ်ကြီးကို အံတုဖို့ ကြီးကျယ်လှတဲ့ စွန့်စားခန်းကြီးကို စွန့်စားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ သေးငယ်လှတဲ့ လူစွန့်စားနှစ်ဦးမျှသာ။

သူတို့ဟာ ခွန်အားနဲ့ အသက်ရှုနှုန်းကို ခြွေတာပြီး စကားတစ်ခွန်းမှ မပြောပဲ ခရီးနှင်နေကြတယ်။ တိတ်ဆိတ်မှုက ဘက်ပေါင်းစုံကနေ သိသိသာသာကြီး ဖိစီးထားသည်။ ရေငုတ်သမားတွေ ရေနက်ထဲမှာ ရေဖိအားဒဏ်ကို ခံနေရသလို သူတို့စိတ်ထဲမှာလည်း တိတ်ဆိတ်မှုရဲ့ ဖိအားကို ခံနေရသည်။ မဆုံးနိုင်အောင် ကြီးမားကျယ်ပြန့် လေးလံတဲ့ တိတ်ဆိတ်မှုက သူတို့ကို ဖိညှစ်နင်းခြေနေသည်။ လူရဲ့ တလွဲမာန်မာနတွေ ကိုယ့်ဘာသာကိုယ် ချီးမြှောက်ပြီး ဘဝင်ခိုက်နေတာတွေ ကိုယ့်တန်ဖိုးကို ပိုပိုသာသာ သက်မှတ်ထားတဲ့အဖြစ်တွေကနေ  လူဆိုတာ မမြင်နိုင်တဲ့ ကြီးကျယ်တဲ့ ဓါတ်သဘာဝတွေနဲ့ စွမ်းအင်တွေရဲ့ အပြန်အလှန် သက်ရောက်မှု တုံ့ပြန်မှု ဖြစ်စဉ်တွေကြားမှာ မဖြစ်စလောက် အသိဥာဏ်လေးနဲ့ လှုပ်ရှားရှင်သန်နေရတဲ့ ဘဝပါလားလို့ ကိုယ့်ဘာသာကိုယ် သတိပြုမိတဲ့စိတ်ကလေး  မသိစိတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံး ချောင်ကြိုချောင်ကြားနေရာကနေ မထွက် ထွက်လာအောင် စပျစ်သီးကိုအရည်ညှစ်သလို ဖိညှစ်နေသည်။

သူတို့ခရီးဆက်နေခဲ့တာ တစ်နာရီရှိပြီ။ နောက်ထပ် တစ်နာရီ ထပ်ပြီး ကုန်လွန်သွားပြန်တယ်။ နေမထွက်တဲ့နေ့ရဲ့ ဖျော့တော့တဲ့ အလင်းရောင်ကလေးက တဖြည်းဖြည်းနဲ့ ပိုပိုပြီး မှောင်စပြုလာသည်။ အဲဒီအချိန်မှာပဲ ဟိုးအဝေးတနေရာက အော်သံတခုဟာ ငြိမ်သက်နေတဲ့လေထုထဲက ခပ်သဲ့သဲ့ ပေါ်ထွက်လာသည်။ အော်သံက စူးစူးရှရှ မြင့်တက်လာပြီး အမြင့်ဆုံးရောက်ချိန်မှာ တခဏမျှ တုန်ခါဆွဲငင်နေပြီးမှ တဖြည်းဖြည်းခြင်း ဖျော့တော့ ပျောက်ကွယ်သွားသည်။ လမ်းပျောက်နေတဲ့ ဝိညာဉ်တစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင် အော်သံဖြစ်ကောင်းဖြစ်လိမ့်မည်။ ရှေ့က သွားနေတဲ့လူက သူ့နောက်ကလူကို မျက်လုံးခြင်းဆုံမိသည်အထိ နောက်လှည့်ကြည့်သည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် (အလယ်က သေတ္တာရှည်ကိုကျော်ပြီး) ခေါင်းဆတ်ပြလိုက်ကြသည်။

နောက်ထပ် အော်သံတစ်ခု ကြားရပြန်သည်။ စူးစူးဝါးဝါးအော်လိုက်သံက အပ်တစ်ချောင်းလို တိတ်ဆိတ်မှုကို ထွင်းဖောက်သွားသည်။ အော်သံက အနောက်ဘက်ကလာတာဖြစ်သည်။ အခုတင်ပဲ သူတို့ ဖြတ်သန်းလာခဲ့တဲ့ နှင်းပြင်ကျယ်ကြီးထဲက လာတဲ့အသံဖြစ်သည်။ ခုနကအသံကို တုန့်ပြန်တဲ့ တတိယအော်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ အနောက်ဘက်ကပဲ ဖြစ်သည်။ ဒုတိယအော်သံရဲ့ ဘယ်ဘက်ကဖြစ်သည်။

"ဒီကောင်တွေ တို့နောက်ကို လိုက်လာနေကြတာ ဘီလ်"

အရှေ့ကလူက ပြောလိုက်ခြင်းဖြစ်သည်။

Author: vanko
•10:51 PM


Image source: http://apod.nasa.gov/apod/ap060619.html

ကြယ်တွေစုံတဲ့ည...
ကတ္တီပါအနက်စပေါ်က စိန်ပွင့်လေးတွေကို ငေးရင်းတွေးနေဆဲ
ကျွန်တော့်ရင်ထဲမှာ လင်းလက်လာတဲ့ ကြယ်စင်လေးတစ်ပွင့်အကြောင်း..

× × × × ×

အဲဒီည ခြံထဲက ဒန်းကလေးပေါ် ထိုင်ရင်း ကြယ်တွေကို ငေးမောဆဲ
သူလာပြီး အနားမှာ ငြင်ငြင်သာသာထိုင်ခဲ့တယ်
ဘယ်တော့မှ နားထောင်မဝနိုင်တဲ့ သူ့စကားသံ တီတီတာတာလေးနဲ့ ချွဲနွဲ့နေခဲ့တာ
ပြီးတော့…
ကလေးလေးတစ်ယောက်လို သီချင်းတွေ စိတ်လွတ်ကိုယ်လွတ် ဟစ်ဆိုလို့
သူဆိုတဲ့ သီချင်းတွေထက် သူဆိုတဲ့ အသံကလေးကို ပိုပြီးနှစ်သက်ခဲ့တာ…
ရိုးသားမှု ပွင့်လင်းမှု လွပ်လပ်မှုတွေနဲ့ သူ့အသံ သူ့အမူအယာလေးတွေကို ချစ်လို့မဝ ဖြစ်ခဲ့ရတာ…

ကလေးတစ်ယောက်လို ချွဲနွဲ့တက်ပေမယ့်
တခါတခါမှာ လက်တွေ့ဆန်ပြီး အကျိုးအကြောင်းသင့် တွေးခေါ်တက်တာ
စိတ်ညစ်တဲ့အခိုက်တွေမှာ နားလည်နှစ်သိမ့်ပေးတက်တာလေးတွေကိုလည်း ချစ်မိတာပဲ…။

‘အပြင်မှာ အေးတယ်ကွယ်’
အနွေးဓါတ်ရစေဖို့ သူ့ကိုယ်လုံးလေးကို ပွေ့ဖက်မိတော့
လက်ကလေးနှစ်ဖက်ချိတ် ပခုံးလေးတွေကျုံ့ပြီး ရင်ခွင်ထဲ အသာအယာ မှေးစက်ခဲ့တာ
နားထင်စပ်က ဆံစလေးတွေကို ငြင်ငြင်သာသာ နမ်းရှိုက် ရင်ထဲမှာ လှိုက်ဖိုလာအောင်
ချစ်တယ် ကလေးရယ်…

ခြံထဲမှာ စံပယ်ပန်းရနံ့လေးတွေ သင်းနေတယ်။
လေပြေလေး တစ်ချက်အဝေ့မှာ ချိုအီမွေးတဲ့ ညမွှေးပန်းရနံ့လေးတွေကို ရှုရှိုက်မိတယ်။
kiss me quick ပန်းကလေးတွေက အချင်းချင်း လက်တို့ပြီး ကျွန်တော်တို့ နှစ်ယောက် အကြောင်း ပြောနေကြတယ်။
ကြယ်ကလေးတွေက အချင်းချင်းမျက်စပစ်လို့… လမင်းကြီးကတော့ ခပ်ပြုံးပြုံးပဲ ငုံ့ကြည့်နေတယ်။ ကျွန်တော်ကတော့ သူ့ကိုယ်လုံးလေးကို ပိုပြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်လို့…
ဒီ တဒင်္ဂလေးတွေသာ ထာဝရဖြစ်ခဲ့ရင်…။

ညဥ့်နက်တော့ အတော်အေးလာပြီ
‘အိမ်ထဲ ဝင်ကြရအောင်နော်’ ပြောတော့ လက်ကလေးနှစ်ဖက် ဆန့်တန်းကမ်းပေးတယ်။ အလိုက်တသိပဲ သူ့ကိုယ်လုံးလေးကို ပွေ့ချီပြီး အိမ်ထဲဝင်ခဲ့ကြတာပေါ့။ မချီရင် နုတ်ခမ်းလေးစူပြီး စိတ်ကောက်ဟန်ဆောင်ဦးမှာ သိနေတယ်လေ။

အိမ်ထဲရောက်တော့ တီဗွီရှေ့ ဆိုဖာပေါ်တင်ပေးပြီး စာအုပ်စင်က ပုံပြင်စာအုပ်ကလေး ပြေးယူရသေးတယ်။ မအိပ်ခင် ပုံပြင်ဖတ်ပြရဦးမှာလေ။ ငယ်ငယ်က အဖွားရဲ့ အိပ်ယာဝင်ပုံပြင်တွေနဲ့ အိပ်စက်ခဲ့ရတဲ့ ကျွန်တော် အခုတော့ ပုံပြောသူပြန်ဖြစ်လို့ပေါ့။ သူ့ဆံနွယ်လေးတွေကို ယုယုယယ ပွတ်သပ်ပြီး ပုံပြင်လေးတစ်ပုဒ်ကို တိုးတိုးလေးဖတ်ပြလို့…

အဲဒီည
သူနဲ့ကြည်နူးစရာ ညလေးတစ်ညကို ဖြတ်သန်းခဲ့တယ်
ဒါဟာ အိပ်မက်လား တကယ်လား…
ဟင့်အင်း၊ အခု ကျွန်တော် မသိချင်သေးဘူး
အိပ်မက်ကလေးဖြစ်နေခဲ့ရင်…
မနက်မိုးလင်းတဲ့အခါ ဒီအိပ်မက်လေး ပျောက်ကွယ်သွားမှာကို စိုးထိတ်မိတယ်။
ဘယ်တော့မှ မခွဲပဲ တစ်သက်လုံး အတူနေကြရအောင် ကလေးရယ်…။

× × × × ×

အဲဒီနေ့က
လှေကားထစ်လေးမှာ ထိုင်ရင်း ရှေ့လမ်းမမှာ စီးမျောသွားနေတဲ့ ကားတွေ လူတွေကို ကြားထဲမှာ အရိပ်ကလေးတစ်ခုကို ရှာနေခဲ့တာပေါ့။
ကားတစ်စီးပေါ်မှာ ဖျပ်ကနဲ အရိပ်ကလေးတစ်ခု တွေ့လိုက်တယ်
ဦးနှောက်က စဉ်းစားချိန် တောင်မရလိုက်ဘူး နှလုံးသားက ချက်ချင်းသိခဲ့တယ်…
အဲဒါ ကျွန်တော့်ရဲ့ ကြယ်စင်လေး
ညစဉ်ညတိုင်း အိပ်မက်လို ဝိုးတဝါးကမ္ဘာထဲက ကျွန်တော့်ရဲ့ ကြယ်စင်လေး။

နှစ်လိုဖွယ်အပြုံးကလေး နှုတ်ခမ်းလွှာက ပွင့်ဖူးအလာ ကမ္ဘာလောကကြီး တစ်ခုလုံး လင်းလက်သွားသလားလို့ ထင်မိတယ်။ ကျွန်တော့်ရင်ထဲမှာ လင်းလက်ခဲ့တဲ့ ကြယ်စင်လေး…
တခြားတစ်ယောက်အတွက် မင်းလေးရဲ့အလင်းတွေ အဆုံးရှုံးမခံပါနဲ့တော့ ကြယ်စင်လေးရယ်
ကိုယ့်တစ်ယောက်ထဲအတွက် ထာဝရ လင်းလက်ပေးပါနော်…
တိုးတိုးလေး ဆုတောင်းမိတယ်…

× × × × ×

တိုးတိုးလေး ဆုတောင်းနေဆဲပဲ
ညစဉ် အိပ်ယာထက်မှာ တစ်ယောက်ထဲ
ကြယ်စင်လေးနဲ့ တီးတိုးစကားတွေပြောလို့
သီချင်းတွေဆိုလို့
ပုံပြင်တွေဖတ်ပြလို့
ယုယထွေးပွေ့လို့
ဆံနွယ်လေးတွေကို ပွတ်သပ်ပေးလို့
တီးတိုးဆုတောင်းနေဆဲ...
ကိုယ့်အတွက်
ထာဝရ လင်းလက်ပေးပါတော့နော်...။


Author: vanko
•11:24 PM

image source: http://www.khitpyaing.org

Author: vanko
•11:57 PM

auntbubbiesfakefood.com

အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်
ဘဝကို
ငါရောင့်ရဲနိုင်ပါတယ်...

သောကရွက်ကြွေ
မျက်ရည်မိုးစက်တွေ
အညှာအတာကင်းတဲ့နှင်းတွေကြား
ဘဝခရီးပြင်းကို
တွန်းထိုးရုန်းကန်ခဲ့ပြီ...

ဒီနေရာမှာ
ခြေစုံရပ်ပြီး
ဘဝကို ပြန်ငေးကြည့်မိတော့
ငါပိုင်ဆိုင်သမျှဟာ
ပေါင်မုန့်တစ်ပိုင်းနဲ့
အချစ်သုညသာ...။
Author: vanko
•10:57 PM


Image Source: http://students.umf.maine.edu/wagenabm/public.www/artproject.html

7 Eleven ဆိုင်ထဲမှာ…
Bottle Cooler ထဲက ဘီယာဘူးလေးကို လှမ်းအယူ… တစ်စုံတစ်ယောက် ပုခုံးကိုလာဖက်လို့ လှည့်ကြည့်လိုက်တော့ ခင်မင်နှစ်လိုဖွယ် မပြောင်းလဲတဲ့အကြည့်နဲ့ ပြုံးကြည့်နေတဲ့ ကျွန်တော့် ငယ်ဆရာ။ ဆရာ့ကို မထင်မှတ်တဲ့နေရာမှာ တွေ့လိုက်ရလို့ အံ့သြသလိုဖြစ်မိရဲ့…

“မင်းခံယူချက်တွေ အရင်အတိုင်းပဲလား။ မပြောင်းလဲသေးဘူးပေါ့။”
ဘယ်ဆီကိုဦးတည်နေမှန်း မရေရာတဲ့ လမ်းကလေးပေါ်မှာ အတူလျှောက်လာရင်း အဆုံးမရှိ အစမရှိ ဆရာ့ရဲ့အမေး။
“ဟုတ်ကဲ့ဆရာ။ မပြောင်းလဲသေးပါဘူး။ ဒါပေမယ့် ယုံကြည်ချက်အတွက် အရာရာကို စတေးမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမရှိတော့တာတော့ အသေအချာပဲဆရာ။ ငယ်ငယ်ကလို ကြည်လင်တဲ့မျက်လုံးတွေနဲ့ အနာဂတ်ကို မျှော်မကြည့်နိုင်တော့သလိုပဲ။ သေချာတာတစ်ခုကတော့ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော် ပိုပြီးတွေဝေတက် ပိုကြောက်တက်လာတယ်။”
“မင်းပြောင်းတော့ပြောင်းလဲလာသားပဲ။ အရင်လို ပိုးဟပ်ဖြူလေးတော့ မဟုတ်တော့ဘူးထင်တယ်။”
ကျွတ်ကျွတ်အိတ်ထဲ ထည့်ဆွဲလာတဲ့ ဘီယာဘူးလေးတွေကို အတူတူသောက်ရင်း.. မာလ်ဘိုလို စီးကရက်ကိုယ်စီဖွာရင်း ပြုံးစစနဲ့ ဆရာ့မှတ်ချက်စကား။
“ဟုတ်ကဲ့ဆရာ။ ဒါပေမယ့် ကျွန်တော်ဘယ်ဟာမှ အလွန်အကျွံမဖြစ်ပါဘူး။”

ငယ်ငယ်က ကျွန်တော်က ဖြူဖြူပိန်ပိန် ခပ်နွဲ့နွဲ့ အကောင်သေးသေး။ ဆရာက ပိုးဟပ်ဖြူလို့ ချစ်စနိုးနာမည်ပေးခဲ့သည်။ ယောက်ျားလေးတို့ တပ်အပ်တဲ့ပညာတွေ ကျွန်တော်မတက်။ ဘောလုံးကောင်းကောင်းမကန်တက်၊ စက်ဘီးမစီးတက်၊ သစ်ပင်မတက်တက်၊ ရေမကူးတက်၊ ဆေးလိပ်အရက်ဆို ဝေလာဝေး။ ဆရာက အခြောက်ကလေးဖြစ်မှာလို့တောင် ထင်မိတယ်ဆိုပဲ။

“အေးပါကွာ။ ငါယုံပါတယ်။ မင်းကတော့ ဘယ်တော့မှ အစွန်းမရောက်ဘူးဆိုတာ ငါယုံပါတယ်။ ဒါပေမယ့် အလယ်မှာ မျှောလိုက်နေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ကွာ။ အစွန်းမရောက်တာနဲ့ easy going နဲ့က မတူဘူးလေကွာ။ ဘဝမှာ တစ်ခုခုအတွက်တော့ ပြင်းပြင်းပြပြရှိရမယ်ကွ။ ဘာတစ်ခုကိုမှ ပြင်းပြတဲ့ဆန္ဒ မရှိဘူးဆိုရင် လုံ့လဝိရိယလည်း မရှိတော့ဘူး။ မင်း အလယ်အလတ်ဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။ အခန့်မသင့်ရင် ကျဆုံးသွားနိုင်တယ်။ ဘဝမှာ တစ်ခုခုကိုတော့ မြဲမြဲကိုင်ထားကွ။ အဲဒီတစ်ခုခုအတွက် မင်းရဲ့ ဆန္ဒတွေ ခွန်အားတွေ ဥာဏ်ပညာတွေကို devote လုပ်ရမှာ။”

ဆရာကတော့ တစ်သက်လုံး သူချစ်တဲ့ စာပေအပေါ်မှာ ဘဝတစ်ခုလုံး devote လုပ်လာခဲ့သူ။ ဆရာ့ကျေးဇူးနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ စာတွေဖတ်ဖြစ်လာခဲ့သည်။ ကမ္ဘာကျော် ဂရင်းညီနောင်ပုံပြင်များ၊ သူခိုးအာမက်တို့လို ပုံပြင်တွေကစလို့ ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာများ၊ သခင်တင်မြ၊ ဆရာမောင်ထင်၊ ဆရာမြသန်းတင့်၊ ဆရာထင်လင်း၊ ဆရာနတ်နွယ် စသော စာရေးဆရာများ၏ ပင်ကိုယ်ရေးဝတ္ထုများ၊ ဘာသာပြန် ကမ္ဘာ့ဂန္ထဝင်ဝတ္ထုရှည်များကို မြည်းစမ်းခွင့်ရခဲ့သည်။ အိမ်က အဖေ့စာအုပ်စင်ကလေးမှာ သန္ဓေတည်ခဲ့သော စာပေမျိုးစေ့ကို ဆရာတည်ထောင်သော ‘ရေအလျဉ်’ စာကြည့်တိုက်ကလေးမှာ ရှင်သန်စေခဲ့သည်။ နောက်တော့ ဆရာကိုယ်တိုင် ကျွန်တော့အိမ်က အဖေစုဆောင်းထားတဲ့ စာအုပ်စင်ကလေးက စာအုပ်တစ်ချို့လာရောက် ငှားရမ်းဖတ်ရှုခဲ့သည်။

ကျွန်တော်တို့တစ်တွေ စာသင်ကြားရာ ဆရာ့ကျူရှင်ခန်းလေးဆီသို့ ဆိုင်ကယ်လေးတစ်စီးနှင့် လာရောက်လည်ပတ်တက်သော စာပေနယ်မှာ နာမည်တစ်လုံးရဖို့ ရုန်းကန်ခါစ အသားမည်းမည်းနှင့် ဆရာနေဝင်းမြင့်၊ အတန်းကြီးသမား ဆယ်တန်းကျောင်းသားတွေကို အင်္ဂလိပ်စာ ကဗျာတွေ လာရောက်သင်ကြားပေးတက်သော ခေါင်းဖြူဖြူနှင့် ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)၊ ကျွန်တော်ခပ်ငယ်ငယ် ခုနှစ်တန်းကျောင်းသားဘဝက ထိတွေ့ခဲ့သော နိုင်ငံကျော်စာရေးဆရာကြီးများ၏ ဝိုးတစ်ဝါးပုံရိပ်များ။

“မင်းအရင်လို ကဗျာတွေရော ရေးဖြစ်သေးလား”
ဆရာ့အမေးက ကျွန်တော့အတွေးတွေကို ဖြတ်တောက်လိုက်သည်။
“ဟုတ်ကဲ့ဆရာ ရံဖန်ရံခါပေါ့။ အရင်လိုတော့ မရေးဖြစ်တော့ပါဘူး။”
“အေးပေါ့ကွာ ငယ်ငယ်ကလိုတော့ လွတ်လပ်ပေါ့ပါးတဲ့ဘဝ မဟုတ်တော့တဲ့အခါကျတော့ ဘယ်ရေးနိုင်ပါတော့မလဲ။ မင်းက ကဗျာ၊ စာပေအပေါ်မှာ ဘဝမြုတ်နှံမယ့်လူမှ မဟုတ်တာပဲ။ မဆန်းပါဘူးလေ။”
ဆရာက ဒါလောက်ပဲပြောသည်။ သူပြောချင်တာကို ကျွန်တော်ဖြည့်ပြီးနားလည်ပါသည်။ ကျွန်တော်က စာပေကို ဘဝတစ်ခုလုံးပေးဆပ်ပြီး လုပ်မယ့်သူမဟုတ်တာကြောင့် စိတ်ပါရင်ရေးလိုက် မပါရင်ပစ်ထားလိုက် ရေတက်ငါးဇင်ရိုင်းလိုလုပ်နေတာကြောင့် စာပေနယ်မှာ ဘယ်တော့မှ လောက်လောက်လားလားဖြစ်လာမှာမဟုတ်ဟု ဆိုပါသည်။ ဒါပေမယ့် ဆရာရည်ရွယ်သည်က ကျွန်တော့်ကို စာရေးဆရာဖြစ်ဖို့မဟုတ်။ တစ်ခုခုကို မြဲမြဲကိုင်ပြီး အဲသည်တစ်ခုခုအတွက် ကြိုးစားပါဟု ပြောချင်ပုံရပါသည်။ ကျွန်တော့်အတွေးကို ဆရာ့နောက်ဆက်တွဲစကားက သေချာစေပါသည်။
“ဘဝရည်မှန်းချက်တစ်ခုတော့ သေသေချာချာထားကွာ။ ဘဝရည်မှန်းချက်မရှိရင် life plan လဲမရှိဘူး။ ပဲ့မပါတဲ့လှေလို မျှောချင်ရာမျောနေဦးမှာပဲ။ အလွန်ကံကောင်းရင်တော့ ရတနာကျွန်းရောက်ချင် ရောက်ပေမပေါ့ကွာ။ ဒါပေမယ့် ကမ်းမမြင်လမ်းမမြင်နဲ့ ဆုံးပါးသွားဖို့အခွင့်အလမ်းကတော့ ပိုများတယ်ကွ။”
“ဟုတ်ကဲ့ပါဆရာ။”

ဘယ်ဆီကို ဦးတည်နေမှန်းမသိနိုင်သော ဝိုးတဝါးလမ်းလေးပေါ် လျှောက်ရင်း ဆရာ့စကားကို ကျွန်တော် ခေါင်းညိတ်ခဲ့သည်။ ဆရာပြောသလို တစ်ခုခုကို မြဲမြဲကိုင်ပြီး အဲသည်တစ်ခုခုအတွက် devote လုပ်ရမည်။ ဆရာ့စကားသံက ကျွန်တော့ခေါင်းထဲမှာ Alarm တစ်ခုလို မြည်ပြီးကျန်ခဲ့သည်။

ဟုတ်သည်။ Alarm မြည်နေသည်….
နာရီကြည့်တော့ မနက် ၇ နာရီ…
အလုပ်သွားဖို့ အိပ်ယာထရမည်။
မနက်အိပ်ယာထ အလုပ်သွား၊ ညနေပြန်လာ ထမင်းစား၊ စာဖတ်၊ အိပ်၊ မနက်အလုပ်သွား….
နိစ္စဓူဝ သံသရာထဲမှာ လည်ပတ်နေရင်း မြဲမြဲကိုင်ရမည့် တစ်ခုခုကို ရှာဖွေရဦးမည်။
ငယ်ရွယ်တက်ကြွပျော်ရွှင်ခဲ့သော၊ မျှော်လင့်ချက်တွေ ကောင်းကင်ထက်မှာ တောက်ပနေခဲ့သော ကျောင်းသားဘဝကို လွမ်းဆွတ်မိသည်။

အချိန်စက်ဝိုင်းထဲမှာ အတိတ်သည် အိပ်မက်တစ်ခုပမာ…
ဆရာနဲ့ ဆုံတွေ့ခဲ့ခြင်းသည်လည်း အိပ်မက်တစ်ခုမျှသာ….

မြန်မာပြည်မှ ကျွန်တော့်ဆရာဦးစိုးညွှန့်သို့ အမှတ်တရ…..
Author: vanko
•1:09 AM

www.thecolor.com

အဲဒီ
ပြာလဲ့လဲ့အခန်းထဲက
ခရမ်းနုရောင်စားပွဲမှာထိုင်လို့
တတိယမြောက်ဝိုင်ခွက်ကို
ငေးမောနေရင်းပေါ့
ငါ့ညနေခင်းထဲကနေ
ကြယ်လေးတစ်စင်းကို
မြင်မိတယ်

နာရီတွေကရပ်တန့်
ပန်းချီကားထဲက
နှင်းဆီပန်းရနံ့
အခန်းထဲမှာ သင်းပျံ့နေခဲ့ပေါ့
သံစဉ်ဆွံ့အနေတဲ့
တေးသွားတစ်ပုဒ်ကတော့
တစ်ပိုင်းတစ်စစီပြန့်ကျဲလို့

စက္ကူငှက်တွေက
ကောင်းကင်ထဲမှာတေးဆို
သစ်ပင်အိုတွေက
နာကြည်းတာလား
ရောင့်ရဲတာလား
ဝေခွဲမရနိုင်တဲ့အပြုံးနဲ့
ဟိုးအဝေးဆီက
တောင်ကုန်းတွေကိုငေးမောလို့..

ငါ့နှလုံးသားထဲကိုရော
မြင်နိုင်ကြပါ့မလား..

ဘ၀အမောတွေနဲ့
အံသေနေတဲ့လက်တစ်စုံထဲကနေ
ခဏခဏလွတ်ကျကွဲတက်တဲ့
မျှော်လင့်ခြင်းတွေ..
ဖယောင်းတိုင်တစ်ချောင်းလို
တမြေ့မြေ့ကျွမ်းလောင်ရင်း
အရည်ပျော်ကျနေတဲ့
အိပ်မက်တွေ..

မေမေရေ
ယုံကြည်ချက်လမ်းမပေါ်မှာ
သားတော့
ခေါင်းမဖော်နိုင်အောင်
မူးခဲ့ပေါ့

ချစ်သူရေ..
မင်းရောက်လာတာ
နောက်ကျလိုက်တာကွယ်

လာပါ
ပန်းရနံ့သင်းတဲ့
စိမ်းလန်းမြက်ခင်းပြင်မှာ
ခြေဗလာနဲ့
လျှောက်ကြရအောင်လေ
ဘယ်အထိ
အတူရှိနေနိုင်မယ်မသိတဲ့
တစ်ချိန်အထိပေါ့

ငှက်ကလေးတွေရဲ့
ငြိမ်းချမ်းရေးတေးသွား
မင်းနှလုံးသားထဲအထိ
စီးဆင်းသွားပါစေလေ

ကြည့်စမ်းပါ
တိမ်ညိုရိုင်းတွေက
ဟိုးအဝေးမိုးကုတ်စက်ဝိုင်းမှာ
ကဆုန်ဆိုင်းလို့

မိုးသားရှေ့က
လေနုအေးကလေးကို
ခံစားမိရဲ့လားအချစ်ရေ

အို..
မိုးတွေရွာတော့မှာပဲ
တို့တွေအိမ်ပြန်ဖို့
အချိန်တန်ခဲ့ပေါ့
မလှပတော့မယ့်
ငါ့ရဲ့ညခင်းတွေကို
မင်းအတွက်ဆို မပေးချင်..

ကြွေမကျချင်ပါနဲ့
တကယ်တော့မင်းဟာ
ကောင်းကင်မှာတောက်ပနေရမယ့်
ကြယ်လေးတစ်စင်းပါ
ငါ့ရဲ့ညခင်းတွေထဲကနေ
မင်းရဲ့အလင်းတွေကိုငေးကြည့်ရင်း
ကျေနပ်ခွင့်ပေးပါ
(ငါ့ရဲ့)ကြယ်စင်လေးရေ...။
Author: vanko
•9:45 PM

"နှစ်လနာရီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါသလေ.."

ဒေါ်မေလှမြိုင်ရဲ့ 'အလေးပြုပါသည်' သီချင်းသံကို ကြားတိုင်း ယူကြုံးမရစိတ်နဲ့ မျက်ရည်ဝိုင်းခဲ့ရတဲ့ 'အာဇာနည်နေ့'ကို ရောက်ပြန်ပါပေါ့။ ဒီနေ့ဒီရက်တိုင်း မပြောင်းလဲတဲ့ခံစားချက်တွေ အသစ်အသစ်ဖြစ်မြဲပါပဲ။ အခုတစ်လော အလုပ်ကများ၊ စိတ်ကလဲပင်ပန်းတာကြောင့် အသစ်မရေးဖြစ်ပါဘူး။ မနှစ်ကရေးခဲ့တဲ့ ပို့စ်လေးကိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိရောက်ကြပါစေ...။


MusicPlaylistRingtones
MySpace Music Playlist at MixPod.com



အဖေသို့ ... သခင်အောင်ဆန်းသို့

အဖေ...။ ၁၉ ဂျူလိုင်ရောက်ပြန်တော့မယ် အဖေ...။ အဖေတို့ အသက်ပေးခဲ့ရတဲ့ နေ့၊ တစ်တိုင်းပြည်လုံး ယူကြုံးမရ ကြိမ်မီးအုံးခဲ့ရတဲ့ နေ့ ...။ လက်တစ်ကမ်းမှာ ရောက်နေပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အသီးအပွင့်လေးတွေကို အဖေ မခံစားသွားခဲ့ရဘူး။ စကောလောက်မှစောက်မနက်တဲ့ အကြံနဲ့၊ ကိုယ့်ဖို့ တစ်ဘို့ထဲကြည့်တက်တဲ့ ပုဇွန်ဦးနှောက်တွေကြောင့် လွတ်လပ်ရေးရဲ့ ဗိသုကာတွေ တစ်ပြိုင်တည်း ကျဆုံးခဲ့ရတယ်။ ဗမာပြည်ကို အာရှမှာ မဟာအင်အားကြီးနိုင်ငံ တစ်ခု ဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် ဗိသုကာတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီအကြံ ပက်စက်မှု၊ အမျော်အမြင်ကင်းမဲ့မှုရဲ့ အကျိုးဆက်ကို ခုချိန်ထိ ကျွန်တော်တို့ ခံစားနေရတုံးပဲ အဖေ...။
၈၈ တုန်းက ကျွန်တော်တို့ ကြွေးကျော်ခဲ့ကြတယ်။ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” လို့ပေါ့...။ ဒါပေမယ့် အဲဒီစစ်တပ်ရဲ့ သေနတ်ပြောင်းဝ ရှေ့မှာပဲ ကျွန်တော်တို့ ကျောင်းသားတွေ ကျဆုံးခဲ့ရတယ်။ ပြည်သူတွေ အသက်ပေးခဲ့ရတယ်။ ကျွန်တော် နားမလည်ခဲ့ဘူးအဖေ...။ တပ်မတော်ဟာ ပြည်သူ့အတွက် မဟုတ်ဘူးလား...။ အမိန့်ပေးရင် ဘာမဆိုလုပ်မယ့် ဦးနှောက်မရှိတဲ့ စစ်တပ်လား...။ လက်တစ်ဆုပ်စာ စစ်အာဏာရှင်တွေ ကောင်းစားဖို့ ပြည်သူကို ပြန်သတ်မယ့် စစ်တပ်လား...။ ပြည်သူ့တပ်မတော်သား ဆိုတဲ့ နာမည်ကို ခံယူဖို့ ရော ထိုက်တန်ကြသေးရဲ့လား...။

သမိုင်းမှာ ကျွန်တော်တို့ သင်ခဲ့ရပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အကြောင်းပေါ့။ အဲဒီတုန်းက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ကျောင်းသားတွေကို နယ်ချဲ့အစိုးရရဲ့ မြင်းစီးပုလိပ်တွေက မြင်းနဲ့တိုက်၊ ဒုတ်နဲ့ရိုက်လို့ ရဟန်းရှင်လူ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတယ်တဲ့...။ ကျွန်တော်တို့ ပြည်သူ့တပ်မတော်ရဲ့ သေနတ်ပြောင်းဝမှာ ကျဆုံးခဲ့ကြရတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းရှင် လူ အာဇာနည်တွေ... ၁၇၀ လည်းမကဘူး...။ ၁၇၀၀ လည်း မကဘူး...။ ၁၇၀၀၀ လည်း မကတော့ဘူးအဖေ...။ တွေးမိတိုင်း အသည်းနာတယ် အဖေ...။
အဖေ...။ အဖေမျှော်မှန်းခဲ့တဲ့ တပ်မတော်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ အဖေ...။ ဒီနေ့ အဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ ဘယ်လမ်းကို လျှောက်နေသလဲဆိုတာ အဖေ သိပါရဲ့လား...။ အဖေ စက်ဆုပ်ရွံရှာခဲ့တဲ့ စစ်အာဏာရှင် အစိုးရမျိုးကို အကာအကွယ်ပေးနေတယ် အဖေ...။ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားဖို့အတွက် ပြည်သူတွေဘက်ကို သေနတ်ပြောင်းလှည့်နေတယ် အဖေ...။
အဖေ...။ အဖေပြောခဲ့ဘူးတဲ့ စကား ကျွန်တော် ကြားယောင်နေတယ်။ အဖေ ဒီလို ပြောခဲ့တယ်...။

” I went to Japan to save my people who were struggling like bullocks under the British. But now we are treated like dogs. We are far from our hope of reaching the human stage, even to get back the bullock stage we need to struggle more.”

အဖေ... ကျွန်တော်တို့လည်း မဆလ တစ်ပါတီအာဏာရှင် လက်အောက်က၊ နွားလိုဘ၀တွေက လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အခု နအဖ စစ်အာဏာရှင် လက်အောက်မှာ အဖေပြောသလိုပဲ ခွေးတွေလို အနိုင်ကျင့်ခံနေရပြန်ပြီအဖေ...။ ကျွန်တော်တို့ လိုလားတဲ့ လူ့အခွင့်အရေးတွေ မပြောနဲ့၊ မဆလ ခေတ် အခြေအနေ ပြန်ရောက်ဖို့တောင် မလွယ်လှတော့ဘူး အဖေ...။
အဖေ...။ အဖေမွေးထုတ်လိုက်တဲ့ တပ်မတော်ရဲ့သား၊ အဖေ နေရာကို ဆက်ခံခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေဟာ အဖေ့ရဲ့ သမိုင်းပုံရိပ်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတယ် အဖေ...။ “လွတ်လပ်ရေးရဲ့ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း” ဆိုတဲ့ စကားဟာ သူတို့နားမှာ ဘာကြောင့် ခါးနေရတာလဲ။ ဒီတစ်ချက်နဲ့တင် ဒီစစ်အာဏာရူးတွေရဲ့ သရုပ်ကို သိလောက်ပါပြီ။ နိုင်ငံတိုင်းမှာ လေးစားလောက်တဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်ကို ငွေစက္ကူပေါ်မှာ ပုံနှိပ်မြဲပါ။ ကျွန်တော်တို့ကြမှ တိရိစ္ဆာန် အုပ်ချုပ်တဲ့ တိုင်းပြည်လို တိရိစ္ဆာန်ရုပ်ကို ငွေအမှတ်နဲ့ သုံးနေရတယ် အဖေ...။ ကျွန်တော်ငယ်ငယ်က မှောင်ခိုတွေ ခေတ်စားချိန်ပေါ့။ ဆရာသာဂဒိုးရဲ့ “ဖမ်းပါ၊ မဖမ်းဘူး” ဆိုတဲ့ ၀တ္ထုတိုလေးထဲက စကားတစ်ချို့ကို ကျွန်တော် သဘောကျဘူးတယ်။ “ဗိုလ်ချုပ်ဟာ သိပ်တန်ခိုးထွားတာကွ...။ ဗိုလ်ချုပ်ပုံလေးများ ပုတ်ပြလိုက်ရင် တစ်ခါတည်း ဦးညွတ်သွားတော့တာပဲ” တဲ့။ ပိုက်ဆံပြလိုက်ရင် ရဲဝန်ထမ်းတွေ ဦးညွတ်သွားတယ်လို့ ဆိုလိုတာပေါ့။ အင်းလေ... ပိုက်ဆံဆိုတာ လူတိုင်း သည်းခြေကြိုက်ပဲမဟုတ်လား...။
အခုတော့ အဖေ့ စစ်သားတွေက အဖေတို့ကို ဦးမညွတ်ချင်ကြတော့ဘူး အဖေ...။ မဆလ ခေတ်မှာတောင် အာဇာနည်နေ့ ဆိုတာ တခမ်းတနား ကျင်းပမြဲပါ။ အခုတော့ အာဇာနည်နေ့ကို ဖျောက်ဖျက်ချင်နေကြပြီ အဖေ...။ တပ်မတော် ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဖေ့ ဂူဗိမာန်မှာ တစ်ခါဘူးမှ လာပြီး ဂါရ၀မပြုဖူးဘူး အဖေ...။ တပ်မတော် စစ်သမိုင်းပြတိုက်ဆိုတဲ့ အဆောက်အဦးမှာ “တပ်မတော်ရဲ့ ဖခင်ကြီး၊ လွတ်လပ်ရေးရဲ့ ဗိသုကာကြီး” သခင်အောင်ဆန်းရဲ့ပုံဟာ ခန့်ခန့်ညားညားမရှိရဘူး အဖေ...။ မထင်မရှား နေရာတစ်နေရာမှာ မတက်သာလို့ ပြထားရတဲ့ အဖေ့ရဲ့ ပုံ ကိုမြင်မိရင် ရင်ထဲမှာ မချိအောင် ခံစားရတယ် အဖေ...။
၈၈ တုန်းက အဖေ့ကို ကျွန်တော်တို့ တမ်းတမိတုန်း အဖေ့ရဲ့ ရင်သွေး၊ အဖေ့သွေး ပီသတဲ့ သွေး... အန်တီစုကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အဖေ့သွေး ပီသတဲ့ သွေး လို့ ပြောတာက အဖေ့သွေး မပီသတဲ့ သွေးလည်း ရှိသေးလို့ပါ။ အဖေ့ရဲ့ သားကြီး သြရဿ **ဦး အကြောင်းကိုတော့ လေကုန်ခံပြီးတော့တောင် မပြောပြချင်တော့ဘူး အဖေ..။ အဖေ့ နာမည် အောင်ဆန်းတောင် ရှေ့ကထည့်ဘို့ မထိုက်တန်ပါဘူး။ အဖေ့သွေးစစ် အန်တီစုရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်၊ သူ့လုပ်ရပ်နဲ့ စိတ်ဓါတ်၊ နံ့သာဆီနဲ့ အီးလို ကွာတယ် အဖေ...။ ဟိုတုန်းက ရေနစ်ပြီး ကွယ်လွန်ခဲ့ရတာ အဖေ့သားလတ် အောင်ဆန်းလင်း မဟုတ်ပဲ **ဦး ဖြစ်ခဲ့ရင် ကောင်းမယ် လို့တောင် ကျွန်တော်တို့ တွေးမိတယ် အဖေ...။
အခုတော့ အဖေ့ရင်သွေး အန်တီစုလည်း ရိုင်းစိုင်းယုတ်မာတဲ့ စစ်အာဏာရူးတွေရဲ့ လက်ထဲမှာ ဘယ်တော့မှ လွတ်မယ်မှန်း မသိရဘူးအဖေ...။
အဖေ...။ အဖေ့ သွေးလည်း ပင်ပန်းလှပါပြီ။ ပြည်သူတွေ လည်း ပင်ပန်းလှပါပြီ။ ကျောင်းသား ကျောင်းသူတွေ၊ ရဟန်းရှင်လူ တွေရဲ့ အသက်တွေလည်း အမြောက်အများ စတေးခဲ့ရပါပြီ။ ကျွန်တော်တို့ ဆက်ပြီး မခံစားနိုင်တော့ဘူး အဖေ...။
“ဒီ လူသတ်ကောင်၊ စစ်အာဏာရူး တွေရဲ့ လည်ကို အဖေ့လက်ထဲက ဂျပန်ဓါးနဲ့သာ တအားခုတ်လှည့်ပါတော့ အဖေ...။”
Author: vanko
•12:15 AM

blog.webshots.com

To The One I Love

And if eternity is the time I must wait
Than I will wait all eternity
For as the earth crumbles away
My feelings are indestructible
And if you keep going on your way
I'm afraid to say
I may always be trapped in this game
For as long as the sun rises
And the stars shine
My feeling for you will stay the same

Love Hurts
Author: vanko
•11:38 AM


Fable of the Mermaid and the Drunks

All those men were there inside,
when she came in totally naked.
They had been drinking: they began to spit.
Newly come from the river, she knew nothing.
She was a mermaid who had lost her way.
The insults flowed down her gleaming flesh.
Obscenities drowned her golden breasts.
Not knowing tears, she did not weep tears.
Not knowing clothes, she did not have clothes.
They blackened her with burnt corks and cigarette stubs,
and rolled around laughing on the tavern floor.
She did not speak because she had no speech.
Her eyes were the colour of distant love,
her twin arms were made of white topaz.
Her lips moved, silent, in a coral light,
and suddenly she went out by that door.
Entering the river she was cleaned,
shining like a white stone in the rain,
and without looking back she swam again
swam towards emptiness, swam towards death.

Pablo Neruda


Pablo Neruda (July 12, 1904 – September 23, 1973)ပါဘလိုနီရူးဒါးရဲ့ ကဗျာတစ်ပုဒ်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ ပုံပြင်လေးတစ်ပုဒ်လို ရေးဖွဲ့ထားတာပါ။ လမ်းပျောက်နေရှာတဲ့ ရေသူမလေးတစ်ယောက် အင်း.. ဒါမှမဟုတ်လည်း ရေသူမလေးတစ်ကောင်ပေါ့လေ အရက်မူးနေတဲ့လူတွေကြားထဲကို ရောက်လာရှာသတဲ့။ မြစ်ထဲကလာတဲ့ သူမအတွက်တော့ ဒီလောကမှာ အသစ်ဖြစ်နေတာပေါ့။ လောကကြီးအကြောင်းကို ဘာမှမသိရှာပါဘူးတဲ့။ အရက်သမားတွေက သူမကို တံတွေးတွေနဲ့ထွေးကြတယ်။ ရုန့်ရင်းကြမ်းတမ်းစွာ၊ ညစ်ညမ်းယုတ်မာစွာ စော်ကားကြတယ်။ သူမရဲ့ ကြည်လင်တောက်ပတဲ့ အသားအရေနဲ့ ရွှေရောင်ရင်သားအစုံမှာ အဲဒီ ညစ်ညမ်းမှုတွေနဲ့ ဖုံးလွမ်းသွားခဲ့ရပေါ့။ မျက်ရည်ဆိုတာကို မသိတဲ့ သူမကတော့ မျက်ရည်မကျခဲ့ပါဘူး။ မီးကျွမ်းထားတဲ့အရက်ပုလင်းဆို့တွေ စီးကရက်တိုတွေနဲ့ သူမတစ်ကိုယ်လုံးကို ညစ်ပေမည်းမှောင်သွားအောင် လုပ်ပစ်ခဲ့ကြတယ်။ ပြီးတော့ အဲဒီအရက်ဘား ကြမ်းပြင်ပေါ်မှာပဲ အရူးတွေလို လူးလှိမ့်ရယ်မောကြသေးသတဲ့။

သူမကတော့ ပြောစရာစကားဆိုတာ မရှိတဲ့အတွက် အစော်ကားခံရမှုတွေအတွက် စကားတစ်ခွန်းတောင် မပြောခဲ့နိုင်ရှာပါဘူးတဲ့။ နောက်ဆုံးမှာတော့ ၀င်လာတဲ့တံခါးကပဲ ပြန်ထွက်သွားခဲ့ရှာတယ်။ သူမရဲ့ကိုယ်ပေါ်က ညစ်ထေးမှုတွေကို မိုးရေထဲက ကျောက်ဖြူတုံးလေးတစ်ခုလို ဖြူဖွေးတောက်ပသွားအောင် ဆေးကြောပေးမယ့် မြစ်ထဲကိုပဲပေါ့။ နောက်ကိုပြန်လှည့်မကြည့်တော့ဘူး။ ရေထဲမှာကူးခပ်သွားခဲ့တယ်။ အနှစ်မဲ့တဲ့ ဗလာဟင်းလင်းပြင်ဆီကို ကူးခပ်သွားခဲ့တယ်။ နောက်ဆုံးတော့ သေခြင်းတရားဆီကို ကူးခပ်သွားခဲ့ရှာတယ်။

ဒီကဗျာလေးကို ဖတ်ပြီးတော့ ရေသူမလေးကို သနားမိပါတယ်။ အရက်မူးသမားတစ်စုရဲ့ ရက်စက်စွာစော်ကားတာကို ခံခဲ့ရပြီး မြစ်ထဲမှာ သေဆုံးသွားရရှာတယ်။ ဒီကဗျာလေးနောက်ကွယ်မှာ ပုံပြင်လေးထက်ပိုတဲ့ အဓိပ္ပါယ်တွေ အများကြီးရှိတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ပထမဆုံးကတော့ မိန်းမသားတွေဟာ ခေတ်အဆက်ဆက်မှာ ယောင်္ကျားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတာပါတဲ့။ အထူးသဖြင့် စစ်ပွဲကာလတွေဆိုရင် အောင်နိုင်သူစစ်သားတွေဟာ မိန်းမသားတွေကို အနိုင်အထက်ကျူးလွန်တာဟာ တရားဝင်အခွင့်အရေးလို ဖြစ်နေပုံပေါ့။

နောက်တစ်ခုကတော့ နီရူးဒါးက လူတွေရဲ့ အရိုင်းအစိုင်းသာသာ အဆင့်အတန်းကို ပြောချင်တာပါတဲ့။ လူတွေဟာ တူရာတူရာစုပေါင်းမိရင် အထိန်းအကွပ်မဲ့တဲ့အခြေအနေရောက်ရင် လူ့ကျင့်ဝတ်တွေ ယဉ်ကျေးမှုတွေနဲ့ ထိန်းချုပ်ထားရတဲ့ အရိုင်းအစိုင်းစိတ်ဟာ ပေါက်ကွဲထွက်လာတက်တာကို ပြောချင်တာလို့ဆိုပါတယ်။ အရက်သေစာမူးယစ်ပြီး လူစိတ်ပျောက်ပြီး တိရိစ္ဆာန်သာသာစိတ်နဲ့ လမ်းပျောက်ရင်းရောက်လာရှာတဲ့ လှပအပြစ်ကင်းစင်တဲ့၊ ကုန်ကုန်ပြောရရင် လူသားမဟုတ်တဲ့ တိရိစ္ဆာန်မလေးတစ်ကောင်ကိုတောင် ၀ိုင်းပြီးစော်ကားလိုက်ကြတာကို ပုံဖော်ထားတာလို့ ဆိုပါတယ်။

တတိယကတော့ သဘာဝတရားနဲ့ လူ့ယဉ်ကျေးမှုထွန်းကားလာခြင်းရဲ့ ထိပ်တိုက်ဖြစ်မှုကိုပြောချင်တာပါတဲ့။ လူတွေရဲ့ နေထိုင်မှုစရိုက် ယဉ်ကျေးမှု အတက်ပညာတွေ ထွန်းကားလာလေလေ သဘာဝတရားနဲ့ ဆန့်ကျင်လာလေလေ ဖြစ်လာတဲ့ အနေအထားကို ပြောချင်တာပါ။ သဘာဝအရင်းအမြစ်တွေကို မဆင်မခြင် ထုတ်ယူသုံးစွဲမှု၊ သိလို့ပဲဖြစ်စေ မသိလို့ပဲဖြစ်စေ ဖျက်လိုဖျက်ဆီးပြုမှုတွေကြောင့် ရာသီဥတုတွေဖောက်ပြန်လာရတယ်။ ဒီနေ့ခေတ်အနေနဲ့ဆိုရင် စက်မှုအတက်ပညာထွန်းကားလာခြင်းနဲ့အတူ ကမ္ဘာမြေကြီးပိုမို ပူနွေးလာတယ်။ အိုဇုန်းလွှာပေါက်ပြဲမှုတွေ ဖြစ်လာတယ်။ ဒါတွေဟာ ကမ္ဘာမြေကြီးကို စော်ကားနေတာနဲ့ အတူတူပဲလို့ ပြောချင်ပုံရပါတယ်တဲ့။ ဒီပုံပြင်မှာတော့ သဘာဝဖြစ်တဲ့ ရေသူမလေးဟာ အရက်မူးသမားတွေကြောင့် သေဆုံးခဲ့ရတယ်။ တစ်နေ့နေ့မှာ သဘာဝတရားကြီးလဲ လူတွေကြောင့် ပျက်စီးသေဆုံးရမလား..။ နီရူးဒါးရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတွေးဟာ ဒီနေ့အထိ လူသားတွေကို သတိပေးနေဆဲပဲလို့ ဆိုကြပါတယ်။

ဖတ်မိတဲ့ ကဗျာလေးတစ်ပုဒ်အကြောင်းကို ဝေမျှခံစားကြည့်ခြင်းပါခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•1:08 PM

http://www.alloy.com

ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။ ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့ ကာလတစ်ခုကပဲလို့ ထားပါတော့ဗျာ။ မယားလေးယောက်ရှိတဲ့ ကုန်သည်တစ်ယောက်အကြောင်းပါ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပေါ့။ မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်။

ဒီလိုပါ။ စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။ အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။ သူလေးအတွက်ဆိုရင် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ဆင်တယ်။ သူလေးကို အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ်။ သူ့မှာ ရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။

တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက် ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား ပွဲတက်ရတာ အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့ စိုးရိမ်နေရပါတယ်တဲ့။

ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။ သူလေးကတော့ သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း သည်းခံတက်တယ်။ တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။ ကြမ်းတမ်းခက်ခဲမှုတွေ ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတက်သူပါတဲ့။

ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့ စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့ ကိစ္စ၀ိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင် အမှတ်မထား ဂရုမစိုက်မိတက်ပါဘူးတဲ့။

တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့ သူ့ဘ၀အကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့ မယားလေးယောက်အကြောင်းလဲ ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။ ဒါပေမယ့် ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။

အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။ အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။

ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။ ကုန်သည်ဟာ သိပ်ကို ၀မ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်” “ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘ၀ဆိုတာ ရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင် ကျမကတော့ နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။

သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ် အကူအညီလိုတဲ့အခါတိုင်း မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။ ကိုယ်သေသွားတဲ့အခါ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး” တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကတော့ အစ်ကို့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်ပြီး သူဟာ ၀မ်းနည်းပက်လက်နဲ့ ယူကြုံးမရဖြစ်သွားပါတယ်တဲ့။

အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။ ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို ပိန်လှီပြီး အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို တွေ့လိုက်ရပါတယ်တဲ့။ အဲဒီတော့မှ ကုန်သည်ဟာ ၀မ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။ “ကိုယ် ဂရုစိုက်နိုင်တဲ့အချိန်တုံးက မင်းကို အခုထက်အများကြီး ပိုပြီး ဂရုစိုက်ခဲ့သင့်တာပါကွယ်”

အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ လိုက်သွားလောက်ရောပေါ့ဗျာ။

တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘ၀မှာ မယားလေးယောက်စီ ရှိပါသတဲ့

၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။

၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေပါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို ရောက်သွားမယ့် အရာတွေပါတဲ့။

၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသင်္ဂဟတွေပါတဲ့။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိကြပေမယ့် သူတို့တစ်တွေ အလွန်ဆုံး အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။

၎။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း အမြဲလိုလို မေ့လျှော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။

စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့် အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင် လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဥာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။

(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။ တကယ်တော့ ဒါဟာ အစ္စလမ်ပုံပြင်တစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စိတ်ဝိညာဉ် ဆိုတဲ့နေရာမှာ ‘ကမ္မ’ သို့မဟုတ် ‘ကံ’ လို့ အစားထိုး မှတ်ယူနိုင်ပါတယ်။)
မူရင်းကိုဖတ်ချင်ရင်တော့ ဒီလင့် ကိုသွားကြည့်ပါ။


ပျော်ရွှင်ချမ်းမြေ့ကြပါစေ။