Author: vanko
•12:38 PM

http://ovan.be/images

အချစ်၏ဒဿန
ရှယ်လီ

ရေပန်းကနေ ဖြာကျလာတဲ့ရေတွေဟာ
မြစ်ရေနဲ့ ပေါင်းစည်းသွားကြသတဲ့။
တသွင်သွင်စီးနေတဲ့ နဒီရေအလျဉ်ကတော့
ပင်လယ်ပြင်နဲ့ ပေါင်းဆုံစည်းသတဲ့။
ကောင်းကင်သုခဘုံမှာ တိုက်ခတ်နေတဲ့လေပြေဟာ
အမြဲထာဝရ ချိုမြတဲ့စိတ်ခံစားမှုနဲ့ ရောယှက်နေသတဲ့။
ဒီကမ္ဘာကြီးပေါ်မှာ ...
ဘယ်တစ်ခုမှ အထီးကျန်မဆန်ပါ။
(နတ်ဘုရားတို့ရဲ့)
အံ့သြစရာ ဆန်းကျယ်တဲ့ဥပဒေသအတိုင်း
အရာရာတိုင်းမှာ
ရောယှက်ပေါင်းဖက်စရာရှိစမြဲပါ။
ချစ်သူရေ ...
ဘာလို့များ မင်းနဲ့ငါ မပေါင်းဖက်နိုင်ရတာလဲကွယ် ...။

ကြည့်လိုက်စမ်းပါ ...
တောင်တန်းတွေက ကောင်းကင်နတ်ဘုံကို
ထိနမ်းနေကြတယ်။
ရေလှိုင်းတွေက အချင်းချင်း
တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကြတယ်။
သူတို့ရဲ့နောင်တော်ပန်းပွင့်တွေကို
အဖက်မတန်သလို ဆက်ဆံမယ်ဆိုရင်
နှမငယ်ပန်းပွင့်လေးတွေကို
ခွင့်လွတ်စရာ လမ်းမမြင်ပေဘူးပေါ့။
နေရောင်ခြည်က ကမ္ဘာမြေကြီးကို
တင်းတင်းကြပ်ကြပ် ပွေ့ဖက်လွှမ်းခြုံထားသလို
လမင်းအလင်းရောင်ကလည်း
ပင်လယ်ပြင်အမှောင်ညကို
ယုယုယယနမ်းရှုံ့လို့ပေါ့။
ချစ်သူရေ ...
တကယ်လို့သာ
မင်းရဲ့အနမ်းကို ငါခံယူခွင့်မရခဲ့ရင်
အဲဒီအနမ်းတွေအားလုံးဟာ
ဘာများတန်ဖိုးရှိပါဦးမလဲကွယ် ...။

ဒီကဗျာလေးက အင်္ဂလိပ်ကဗျာဆရာ Percy Bysshe Shelley (August 4, 1792 – July 8, 1822) ရဲ့ Love's Philosophy ကဗျာလေးကို ကျနော် ဘာသာပြန်ထားတာပါ။ ညီမလေးမက်မက်က ၄ ရက်အတွင်း ရေးပေးရမယ်လို့ tag ထားလို့ ကမန်းကတန်းဘာသာပြန်လိုက်ရပါတယ်။ (နို့မဟုတ်ရင် သူပြောသလို မပေါင်းရရင် ဒွက်ခ အဟိ)။ မူရင်းကို မဆုပ်ကိုင်မိရင် ကျနော်ရဲ့ ချို့ယွင်းအားနည်းချက်သာ ဖြစ်ပါတယ်။ အောက်မှာ မူရင်း ကဗျာလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။ နှစ်သက်တဲ့ကဗျာတွေက အများကြီးရှိပေမယ့် အများစုက အိမ်မှကျန်ခဲ့လေတော့ အင်တာနက်မှာ ကမန်းကတန်း ရှာလို့တွေ့သမျှလေးတွေက အချို့ဖြစ်ပါတယ်။ ကဲ...မက်မက် ကျေနပ်တော့နော်။ နောက်တစ်ခါ ဒွက်ခတွေ ပေးနဲ့တော့။ :)



Love's Philosophy

Percy Bysshe Shelley

The fountains mingle with the river,
And the rivers with the ocean;
The winds of heaven mix forever
With a sweet emotion;
Nothing in the world is single;
All things by a law divine
In another's being mingle--
Why not I with thine?

See, the mountains kiss high heaven,
And the waves clasp one another;
No sister flower could be forgiven
If it disdained its brother;
And the sunlight clasps the earth,
And the moonbeams kiss the sea;--
What are all these kissings worth,
If thou kiss not me?

ဒီတစ်ပုဒ်ကတော့ ဆရာကြီးဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာ အမှတ် ၃၈ ဖြစ်ပါတယ်။ ဒီကဗျာလေးကို လူတိုင်းလိုလိုသိကြတဲ့ ”အမှတ် ၁၀၊ ပန်းပန်လျက်ပဲ” ထက်ကို ကျနော်ပိုကြိုက်ပါတယ်။

ဒီရေသမီး
ဇော်ဂျီ

ဒီချောင်းမှာနေ၊ ဒီရေမှာကြီး။
ပီပေသည်ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။

ဒီတက်ချိန်တန်၊ မဆန်ဟုသူမငြင်း။
ဗေဒါဆွေဒီရေဦးမှာ၊ မြူးတက်လေခြင်း။

ဒီတက်ချိန်ကုန်၊ မစုန်ဟုသူမငြင်း။
ဗေဒါဆွေဒီရေကျမှာ၊ လှတက်လေခြင်း။

မတွေ့ချင်မမြင်ချင်၊ မ၀င်လိုသော်လည်း။
ဝင်လိုက်တယ်မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။

မကွဲချင်မကွာချင်၊ မခွာချင်သော်လည်း။
ခွာလိုက်တယ်မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။

ဆန်သူလည်းမဗေဒါ။
စုန်လိုက်သူဆိုလျှင်လည်း၊ သင်းပဲဗေဒါ။

အဆန်ရဲအမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည်ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။

ဝင်သူလည်းမဗေဒါ။
ခွာလိုက်သူဆိုလျှင်လည်း၊ သင်းပဲဗေဒါ။

အ၀င်ရဲအမြဲသာ၊ အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည်ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။

ငွေတာရီ၊ အမှတ် ၁၁၂၊ အောက်တိုဘာ ၁၉၆၉။


ဒီတစ်ပုဒ်ကတော့ ဆရာမောင်ချောနွယ်ရဲ့ ကဗျာလေးပါ။

ရေခဲပန်းနု
မောင်ချောနွယ်

ခလုပ်ကလေးနှိပ်လိုက်ရင်
တိပ်ကြိုးခွေက သီချင်းထွက်လာမယ်
“မင်းလက်ကလေးကို ကိုင်ချင်စမ်းလှတယ်”။

စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။

သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇ၀င်တွေ
ထင်ဟပ်ရဲပနေတယ်။

ရဲဘော်တို့သွေးဖြင့်
ချယ်ရီမွှေးလှပေရဲ့။

ထိုအတွေ့အမြင်
ဤယနေ့တွင်
သြော် .. ရင်ခုန်သံများ
ကြားပါစေ။

ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး။

ဒီလောက
ဒီမြေကြီးပေါ်မှာပဲ
နှစ်နှစ်ချိုက်ချိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။

ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။

သိရိခေတ္တရာမှ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့ .. အိုအမေ။

ယန်စီမြစ်ရိုးမှ
လှေထိုးသူ့တေးသံကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်စရာကောင်းလှပေတယ်။
Links to this post
Author: vanko
•7:30 PM

www.flickr.com

အကာလညအခါရဲ့ အတိတ်ဆိတ်ဆုံး အချိန်မှာပေါ့… ကျနော် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတုံး…။ အဲဒီအချိန်မှာ ကျနော့်ရဲ့ အတ္တခုနှစ်ခုဟာ စုဖွဲ့ထိုင်ပြီး တီးတိုးစကားလက်ဆုံကြနေကြတယ်။

ပထမအတ္တ - “ဒီမှာ… ဒီအရူးကိုယ်ထဲမှာ ကျနော်နေလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နေ့ခင်းဘက်မှာ သူ့ရဲ့ ၀မ်းနည်းနာကျင်မှုတွေကို အသစ်ဖြစ်အောင်လုပ်.. ညဘက်မှာ သူ့ရဲ့ ကြေကွဲမှုတွေ ဖန်တီး .. ဒါကလွဲလို့ ကျနော့်မှာ တခြားလုပ်စရာမရှိဘူး။ ကျနော့်ရဲ့ ကံကြမ္မာကို ဆက်ပြီးသည်းမခံနိုင်တော့ဘူးဗျာ။ ကျနော် ပုန်ကန်တော့မယ်။”

ဒုတိယအတ္တ - “ခင်ဗျားက ကျုပ်နဲ့စာရင် အများကြီးတော်ပါသေးတယ် ညီအစ်ကိုတော်ရယ်။ သူ့ရဲ့ ပျော်ရွှင်မှုအတ္တ ဖြစ်နေရတဲ့ ကျုပ်အဖြစ်က ပိုဆိုးပါတယ်။ သူ့ရယ်သံတွေကို လိုက်ရယ်ရတယ်။ သူပျော်ရွှင်နေတဲ့အချိန်မှာ တေးသံကို သီဆိုပေးရတယ်။ သူ့အတွေးတွေ ကွန့်မြူးလာပြီဆိုရင် ကျုပ်မှာ ခြေထောက်တွေကို အတောင်ပံတပ်ပြီး ကခုန်ရပြန်တယ်။ ဒီပင်ပန်းငြီးငွေ့စရာကောင်းတဲ့ ဘ၀က တော်လှန်ချင်နေပြီဗျာ။”

တတိယတ္တ - “ဒါဆိုရင် ကျနော်ကရော။ အချစ်အတ္တလေ။ ရိုင်းစိုင်းတဲ့ ရမ္မက်နဲ့ ဆန်းပြားတဲ့ စိတ်ကူးတွေရဲ့ တောက်လောင်နေတဲ့ အထိမ်းအမှတ်တစ်ခုသက်သက်ပဲလား။ ဒီအရူးကို တကယ်တော်လှန်မယ့်သူက ဒီ..အချစ်နာကျနေတဲ့ အတ္တပဲဗျ။”

စတုတ္ထအတ္တ - “ခင်ဗျားတို့အားလုံးထဲမှာ ကျနော်က စိတ်အဆင်းရဲရဆုံးပါဗျာ။ စက်ဆုပ်စရာ အမုန်းတရားနဲ့ မသတီစရာ ဖျက်လိုဖျက်ဆီးမှုတွေပဲ ကျနော့်ကို ပေးထားတယ်။ ဒါတွေကလွဲလို့ တခြားမရှိ။ အဲဒါ ကျနော်လေ.. မုန်တိုင်းလိုပြင်းထန်တဲ့ အမုန်းအတ္တပေါ့။ ငရဲပြည်ရဲ့ လှိုင်ခေါင်းနက်ထဲက မွေးဖွားလာတဲ့ အတ္တပဲ။ ဒီလူကို ကျနော် နောက်ထပ် အလုပ်အကျွေးမပြုနိုင်တော့ဘူးဗျာ။”

ပဉ္စမအတ္တ - မဟုတ်သေးပါဘူး။ တကယ် ပုန်ကန်ရမယ်သူက ခင်ဗျားတို့ မဟုတ်ဘူး ကျနော်ဗျ.. ကျနော်။ အတွေးအတ္တ၊ စိတ်ကူးယဉ်အတ္တလေ။ နားမလည်သေးတဲ့အရာတွေ ဘယ်သူမှ မဖန်တီးရသေးတဲ့ အရာတွေအတွက် မနားမနေ လှည့်လည်ရှာဖွေနေရတဲ့ ဂြိုလ်ဆိုး ကြမ္မာဆိုးဝင်နေတဲ့ အတ္တပါ။”

ဆဌမအတ္တ - “ကျုပ်လည်း ရှိပါသေးတယ်။ အလုပ်အတ္တလေ။ သနားစရာ အလုပ်ကြမ်းသမားပေါ့။ စိတ်ရှည်သည်းခံရတဲ့ လက်တွေ၊ မျှော်လင့်တောင့်တနေတဲ့ မျက်လုံးတွေနဲ့ နေ့တစ်နေ့ကို ပုံဖော်နေရတယ်။ ဘာမှ ပုံသဏ္ဍန်အတည်တကျ မရှိသေးတဲ့ အရာဝတ္ထုတွေကနေ အတောမသတ်နိုင်တဲ့ အသစ်အသစ်တွေကို ထုတ်လုပ်ပေးနေရတယ်။ ကျုပ်ကမှ ဒီမနားမနေ အလုပ်လုပ်နေတဲ့ အရူးကို တော်လှန်မယ့် အထီးကျန်နေတဲ့ အတ္တဗျ။”

သတ္တမအတ္တ - “ခင်ဗျားတို့တွေ ဒီအရူးကို တော်လှန်ကြမယ် ပုန်ကန်ကြမယ်နဲ့ ပြောနေကြတာ နဲနဲတော့ ထူးဆန်းမနေဘူးလားဗျာ။ ဟင်..။ ခင်ဗျားတို့အားလုံး တစ်ယောက်ချင်းစီမှာ ဖြည့်ဆည်းစရာ လုပ်စရာ ကြိုတင်သတ်မှတ်ပေးထားပြီးသား ကံကြမ္မာတွေရှိတယ်လေ။ ကျနော်လည်း ခင်ဗျားတို့လို ဘ၀ရည်ရွယ်ချက်ခိုင်မာတဲ့ အတ္တတစ်ခု ဖြစ်လိုက်ချင်ပါရဲ့။ ဒါပေမယ့် ကျုပ်မှာ ဘာတစ်ခုမှမရှိဘူး။ ကျုပ်ဟာ လက်မဲ့ပဲ။ ကျုပ်က ဘာမှမလုပ်တဲ့ အတ္တတစ်ခုပဲ။ ခင်ဗျားတို့တစ်တွေက ဘ၀ကို အသစ်အသစ်ပြန်ပြီး ဖန်ဆင်းနေတဲ့အချိန်မှာ ကျုပ်ကတော့ ဆွံ့အပြီးထိုင်နေရတယ်။ ဘယ်နေရာ ဘယ်အခါဆိုတာမရှိ .. နတ္ထိပဲ။ ကဲ… ပြောကြစမ်းပါဦး။ အဲဒါ ခင်ဗျားတို့လား.. ကျုပ်လား.. တကယ်တမ်း တော်လှန်ပုန်သင့်တဲ့သူက။ ပြောကြစမ်းပါ။”

သတ္တမအတ္တက အဲလိုပြောလိုက်တဲ့အခါမှာ ကျန်တဲ့အတ္တတွေအားလုံးဟာ သူ့ကို သနားစာနာစိတ်နဲ့ ၀ိုင်းကြည့်နေကြပြီး တစ်ယောက်မှ နောက်ထပ်စကားမဆိုကြတော့..။ ညဟာလည်း တဖြည်းဖြည်း နက်နက်လာတာနဲ့အမျှ အတ္တတွေဟာ တစ်ခုပြီးတစ်ခု အသီးသီးအိပ်ပျော်သွားကြတယ်။ ပျော်ရွှင်ကျေနပ်စရာ နာခံမှုအသစ်တွေနဲ့ လွှမ်းခြုံရင်းပေါ့။

ဒါပေမယ့် သတ္တမအတ္တကတော့ အရာအားလုံးရဲ့ နောက်ကွယ်က အနှစ်သာရမဲ့ခြင်း နတ္ထိတရားကို ငေးမောစောင့်ကြည့်ရင်းနဲ့ပဲ ကျန်နေခဲ့လေရဲ့…။

လက်ဘနွန် စာရေးဆရာ Kahil Gibran ရဲ့ The Seven Selves ကို ပြန်ဆိုပါတယ်။
Links to this post
Author: vanko
•7:59 PM

တခါကပေါ့ ကျနော်က စာခြောက်ရုပ်ကို ပြောမိတယ်ဗျာ။ “ခင်ဗျားတော့ ဒီအထီးကျန်ဆန်တဲ့ ကွင်းပြင်ကြီးထဲမှာ ပျင်းနေမှာပေါ့နော်။”

သူပြန်ပြောပုံက “သူတစ်ပါးကို ခြောက်လှန့်ရတဲ့ ပျော်ရွှင်မှုဆိုတာ နက်ရှိုင်းပြီး ကြာရှည်ခံတဲ့ အရာတစ်ခုပဲ။ ကျုပ်ဘယ်တော့မှ ဒီဘ၀ကို ငြီးငွေ့သွားမှ မဟုတ်ဘူး။”

တစ်မိနစ်လောက် စဉ်းစားနေပြီးမှ ကျနော်က ပြောမိပြန်တယ်။ “အင်း… ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်လည်း အဲဒီပျော်ရွှင်မှုကို ခံစားဖူးပါတယ်။”

သူပြန်ပြောပုံက “ကောက်ရိုးနဲ့ပုံသွင်းထားတဲ့သူတွေပဲ ဒါကိုသိနိုင်တယ်” တဲ့။

သူပြောတာ ကျနော့်ကို မြှောက်ပြောတာလား ဒါမှမဟုတ် အရေးမပါတဲ့သူတစ်ယောက်လို သဘောထားပြောတာလားဆိုတာ ဝေခွဲမရပဲ သူ့ကိုထားခဲ့ပြီး ထွက်လာခဲ့တယ်။

တစ်နှစ်ဆိုတဲ့ အချိန်ကုန်သွားတယ်။ အဲဒီအချိန်အတွင်းမှာ စာခြောက်ရုပ်လဲ တွေးခေါ်ပညာရှင် တစ်ယောက်ဖြစ်လာခဲ့တယ်။

ကျနော်သူ့ဘေးက ဖြတ်သွားရင်းတွေ့တာကတော့ ကျီးကန်း ၂ ကောင်ဟာ သူ့ဦးထုပ်ထဲမှာ အသိုက်ဖွဲ့နေကြသဗျ။

လက်ဘနွန်စာရေးဆရာ Kahil Gibran ရဲ့ The Scarecrow ကို ပြန်ဆိုပါတယ်။
Links to this post
Author: vanko
•2:12 AM

ရုရှားနဲ့ သဘောတူညီချက်တွေဟာ နှစ်အတန်ကြာ ရပ်တန့်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ မေလမှာ ရုရှားနူကလီးယား အေဂျင်စီ Rosatom က နူကလီးယားသုတေသန ဓါတ်ပေါင်းဖိုတစ်ခု တည်ဆောက်မယ့်အကြောင်း ကြေငြာခဲ့ပါတယ်။ ဒီဓါတ်ပေါင်းဖိုမှာ ပလူတိုနီယံအစား စွမ်းအားနိမ့် ယူရေနီယံကို အသုံးပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၁ ခုနှစ် သဘောတူညီချက်ရဲ့ ကနဦးအဖြစ် စစ်တပ်က အများစုပါဝင်တဲ့ မြန်မာလူမျိုး ၃၅၀ လောက်ကို ရုရှားမှာ လေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရာနဲ့ချီပြီး ရုရှား တက္ကသိုလ်တွေမှာ လေ့ကျင့်ပေးနေပါတယ်။

၂၀၀၇ မေ ၁၅ ရက်နေ့မှာ ဦးသောင်းနဲ့ Rosatom ရဲ့ အကြီးအကဲ Sergey Kiriyenko တို့ဟာ မော်စကိုမှာ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ နူကလီးယားလေ့လာရေး စင်တာတစ်ခု တည်ထောင်ဖို့ နှစ်ဖက်စလုံးက သဘောတူညီကြပါတယ်။ (ဒီပရောဂျက်ရဲ့ ကန်ထရိုက်တာက Atomstroyexport ဖြစ်မှာပါ) ဒီစင်တာမှာ စွမ်းအား ၂၀ ရာခိုင်နှုန်းရှိ ယူရေနီယံ-235 အသုံးပြုမယ့် ၁၀ မဂ္ဂါဝပ် ရေပေါ့သုံး ဓါတ်ပေါင်းဖိုတစ်လုံး၊ Activation analysis ဓါတ်ခွဲခန်းတစ်ခု၊ ဆေးဘက်ဆိုင်ရာ အိုင်ဆိုတုပ် ထုတ်လုပ်ရေး ဓါတ်ခွဲခန်းတစ်ခု၊ Silicon ပေးသွင်းဖို့ စနစ်တစ်ခု၊ နူကလီးယားစွန့်ပစ်ရေ သန့်စင်စနစ်တစ်ခုနဲ့ စွန့်ပစ်ပစ္စည်းတွေမြုတ်နှံဖို့ တွေပါဝင်မယ်လို့ ဆိုပါတယ်။ ဒီစင်တာဟာ IAEA နိုင်ငံတကာ အနုမြူအေဂျင်စီရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ ရှိမယ်လို့ ဆိုပါတယ်။

အဲဒီလို ကြေငြာခဲ့ပေမယ့်လည်း International Atomic Energy Agency (IAEA) က ၂၀၀၇ မေ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ရာမှာ မြန်မာပြည်ဟာ နူကလီးယား ဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ကိစ္စကို သတင်းပေးခဲ့ခြင်းမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ နူကလီးယား မပြန့်ပွားရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ မြန်မာနိုင်ငံဟာ ဘယ်နူကလီးယား အဆောက်အဦကိုမဆို စစ်ဆေးခံဖို့ ခွင့်ပြုရမှာဖြစ်ပါတယ်။

စောစောက သဘောတူညီချက်မှာ မြောက်ကိုရီးယားကို ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် ၂၀၀၃ နိုဝင်ဘာမှ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံက မြန်မာစစ်တပ်အရာရှိ ၈၀ ဟာ နူကလီးယားစွမ်းအင် နည်းပညာလေ့လာဖို့ မြောက်ကိုရီးယားကို ထွက်ခွာသွားကြောင်း သတင်းပေးခဲ့ပါတယ်။

သတင်းဇစ်မြစ်က မတိကျတဲ့အတွက် ဒီသတင်းကို အခုထိ အတည်မပြုနိုင်သေးပါဘူး။ တကယ်လို့သာ မြန်မာစစ်သားတွေ မြောက်ကိုရီးယားကို သွားခဲ့တယ်ဆိုရင် ဒုံးပျံတွေကို ထိမ်းသိမ်းဖို့ လေ့ကျင့်သင်ကြားဖို့သာ ဖြစ်ဖို့များပါတယ်။ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားဆီက ဒုံးပျံတွေကို ၀ယ်ယူချင်နေပါတယ်။ အခုထိတော့ အကောင်အထည်ပေါ်မလာသေးပါဘူး။

၂၀၀၈ သြဂုတ်လမှာတော့ အချက်ပေးသံတွေ မြည်လာပါတယ်။ အိန္ဒိယက သူ့ရဲ့ လေပိုင်နက်အပေါ်ကနေ အီရန်ကိုသွားတဲ့ မြောက်ကိုရီးယား လေယဉ်တွေကို ပျံသန်းခွင့်မပေးတော့ပါဘူး။ မြောက်ကိုရီးယားလေယဉ်တွေဟာ အီရန်ကို မသွားခင် မန္တလေးမှာ ခရီးတစ်ထောက်နားပါတယ်။ အမျိုးအမည်မသိရတဲ့ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်လေယဉ် Ilyushin-62 ဟာ မန္တလေးမှာ ရပ်နားပြီး ဘယ်ဆက်သွားမယ်ဆိုတာကို ဘယ်သူမှသေချာမသိရပါဘူး။

မြန်မာ၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ရဲ့ ပူးပေါင်းနေမှုသတင်းတွေဟာ မြန်မာပြည်က ထွက်ခွာလာကြတဲ့ မြန်မာလူမျိုးတစ်ဦး၊ စစ်တပ် အရာရှိတစ်ဦးနဲ့ သိပ္ပံပညာရှင်တစ်ဦးတို့ဆီက ရတဲ့သတင်းတွေ ဖြစ်ပါတယ်။ သူတို့အဆိုအရဆိုရင် ရုရှားကထောက်ပံ့ထားတဲ့ ၁၀ မဂ္ဂါဝပ် နူကလီးယားဓါတ်ပေါင်းဖိုဟာ ပခုက္ကူမြောက်ဖက် မြိုင် မှာရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဘက်ပြောင်းလာကြတဲ့ သူတစ်ချို့အဆိုအရ ပြင်ဦးလွင်အနီးမှာ နောက်ထပ် ဓါတ်ပေါင်းဖိုတစ်ခု ရှိသေးတယ်လို့ ဆိုကြပါတယ်။ ရုရှားလူမျိုးသုံးဦး အဲဒီမှာ ရှိနေပြီး မြောက်ကိုရီးယား အချို့လည်း ဥမင်လှိုင်ခေါင်းတည်ဆောက်ခြင်းနဲ့ ရေအေးပေးစနစ်တွေ တည်ဆောက်ရာမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ၂၀၀၇ ခုနှစ်မှာ Mushavi လို့ပဲ သိကြတဲ့ အီရန်ထောက်လှမ်းရေး အရာရှိတစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ မြန်မာပြည်ကို လာရောက်ခဲ့တယ်လို့လည်း အခိုင်အမာပြောဆိုကြပါတယ်။ သူဟာ နူကလီးယား နည်းပညာတွေ ဝေမျှခဲ့တဲ့အပြင် ကွန်ပျူတာထိန်းချုပ်တဲ့ ဒုံးပျံစနစ် နဲ့ပတ်သတ်တဲ့ အကြံဥာဏ်တွေလည်း ပေးသွားတယ်လို့ ဆိုကြပါတယ်။

မြန်မာပြည်မှာ ယူရေနီယံထွက်တဲ့နေရာတွေရှိပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက ယူရေနီယံရိုင်းထွက်ရှိတဲ့ နေရာ ငါးနေရာကို တွေ့ရှိထားပါပြီ။ အားလုံးဟာ အဆင့်နိမ့်သူရေနီယံတွေဖြစ်ပြီး စစ်ရေးအသုံးအတွက်တော့ မသင့်တော်ပါဘူး။ ဒါပေမယ့် ဘက်ပြောင်းလာသူတွေ အဆိုအရ တရားဝင် သတင်းထုတ်ပြန်မထားတဲ့ ယူရေနီယံမိုင်း နှစ်ခုရှိသေးတယ်လို့ ဆိုပါတယ်။ တစ်ခုက ကချင်ပြည်နယ် မိုးညှင်းမှာဖြစ်ပြီး တစ်ခုကတော့ မန္တလေးတိုင်း မိုးကုတ် တစ်ဝိုက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာနှစ်ခုက ယူရေနီယံရိုင်းတွေကို အဲဒီနေရာနှစ်ခုကြားမှာရှိတဲ့ သပိတ်ကျင်း သန့်စင်စက်ရုံကို ပို့ပေးနေပါတယ်။

ဒီသတင်းတွေ အတည်မပြုနိုင်ခင် ဒါမှမဟုတ် မချေပနိုင်ခင်အထိတော့ ထင်မြင်မှန်းဆချက်တွေကတော့ ရှိနေဦးမှာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံသာ နူကလီးယားပိုင်ဆိုင်သွားခဲ့ရင် အိမ်နီးချင်းတိုင်းပြည်တွေအတွက် အိပ်မက်ဆိုးတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်း ပါဝါချိန်ခွင်လျှာလည်း မတည်မငြိမ် ကပြောင်းကပြန် ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်တွေအရတော့ မြန်မာပြည်မှာ နူကင်္လယား အစီအစဉ်ရှိတယ်ဆိုတာ သေချာနေပါတယ်။ မြန်မာဟာ နူကလီးယားလက်နက် ပိုင်ဆိုင်လာဖို့ နှစ်ပေါင်း အတန်ကြာချင်ကြာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေ နူကလီးယားနဲ့ လက်တည့်စမ်းကစားချင်နေတဲ့အချက်က စိုးရိမ်ပူပန်စရာ အကြောင်းရင်းဖြစ်ပါတယ်။

YaleGlobal, 3 December 2008 မှာ ဖော်ပြထားတဲ့ Bertil Lintner ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ အချို့နည်းပညာဆိုင်ရာ စကားလုံးတွေမှာ မှားယွင်းချွတ်ချော်ခဲ့ရင် ကျနော့်ရဲ့ အားနည်းချက်သာဖြစ်ပါတယ်။
Links to this post
Author: vanko
•1:57 AM


Bertil Lintner
YaleGlobal, 3 December 2008

လွန်ခဲ့တဲ့နှစ်တွေကဆိုရင် အရှေ့တောင်အာရှ သံတမန်အသိုင်းအ၀ိုင်းဟာ ဒေသတွင်းမှာ အထီးကျန်အဆန်ဆုံးနဲ့ အလျှို့ဝှက်ဆုံး တိုင်းပြည်တစ်ခုဖြစ်တဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ မရေရာတဲ့ သတင်းတွေကို စိစစ်ဖို့ ကြိုးစားနေခဲ့ကြတာပါ။ ရုရှားက အကူအညီပေးနေတဲ့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးစ နူကလီးယား အစီအစဉ်၊ မြောက်ကိုရီးယားနဲ့ အသိရခက်တဲ့ ဆက်သွယ်မှုတွေနဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ ရည်ရွယ်ချက်အပေါ်မှာ စိုးရိမ်မှုတွေ တိုးပွားလာပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအတိုက်အခံတွေရဲ့ အဆိုအရ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ မြန်မာစစ်အစိုးရကို နူကလီးယားပိုင်ဆိုင်နိုင်ဖို့ အကူအညီပေးနေကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က အီရတ်ရဲ့ စွမ်းအားပြင်းလက်နက်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေလို ဖြစ်မှာကိုလည်း သတိထားနေကြပါတယ်။ အဲဒီတုံးက အီရတ်သတင်းတွေဟာ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီသတင်းတွေအပေါ် သံသနဲ့စောင့်ကြည့်နေတုံးပါပဲ။ Griffith University က လတ်တလောထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ သြစတြေးလျှပညာရှင် Andrew Selth ကတော့ ဒီသတင်းတွေကို ပယ်ချထားပါတယ်။

ဘာပဲပြောပြော သံသယဖြစ်စရာမလိုတဲ့ သေချာတဲ့ အချက်အလက်တွေလည်း ရှိပါသေးတယ်။ မြန်မာရဲ့ ပထမဆုံ နူကလီးယားအစီအစဉ်ကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အဲဒီတုံးက ဒီမိုကရေစီအစိုးရဟာ ဗမာ့နူကလီးယားစွမ်းအင် ဗဟိုဌာန Burma Atomic Energy Center, UBAEC ကို ရန်ကုန်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီးမှာတော့ ဒီအစီအစဉ်လည်း ရပ်တန့်သွားခဲ့ပါတယ်။ အာဏာရှင် နေ၀င်းဟာ UBAEC ရဲ့ အကြီးအကဲဖြစ်သူ လှညွန့်ကို ယုံကြည်မှု မရှိခဲ့ပါဘူး။

၂၀၀၁ ဖေဖော်ဝါရီ မှာတော့ SPDC ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ နူကလီးယားအစီအစဉ်ကို ပြန်အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရုရှားနူကလီးယားစွမ်းအင် ၀န်ကြီးဌာနကလည်း မြန်မာပြည်အလယ်ပိုင်း တစ်နေရာမှာ ၁၀ မဂ္ဂါဝပ် နူကလီးယား သုတေသန ဓါတ်ပေါင်းဖိုတစ်ခု တည်ဆောက်မယ်လို့ ကြေငြာခဲ့ပါတယ်။ ၂၀၀၁ ဂျူလိုင်မှာ နူကလီးယားစွမ်းအင်ဌာနကို တည်ထောင်လိုက်ပါတယ်။ ဒီဌာနဟာ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းရဲ့ အစီအမံလို့ ယုံကြည်ကြပါတယ်။ ဦးသောင်းဟာ စစ်တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ မြန်မာနူကလီးယားနည်းပညာအတွက် အမေရိကန်နိုင်ငံမှာ နူကလီးယားဘာသာရပ်ကို သင်ကြားခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သိန်းပိုစောက အဓိကပံ့ပိုးသူဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

၂၀၀၂ ဇန်န၀ါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ စစ်တပ်ထောက်လှမ်းရေးရဲ့ ဒုအကြီးအကဲဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ဝင်းက ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုဖို့ နူကလီးယား ဓါတ်ပေါင်းဖိုတစ်ခု တည်ဆောက်ဖို့ စဉ်းစားနေကြောင်း ပြောသွားပါတယ်။ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ခေတ်မီနည်းပညာတွေရရှိဖို့၊ ရေဒီယိုအိုင်ဆိုတုပ် ထုတ်လုပ်နိုင်ခြေ၊ ပညာရှင်တွေ လေ့ကျင့်ရေးနဲ့ လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်ရေးတွေအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ဟာ လျှပ်စစ်စွမ်းအင် မလုံလောက်မှု နာတာရှည်ရောဂါကြီးကို ခံစားနေရတာပါ။ နူကလီးယားဓါတ်ပေါင်းဖိုကို ဆေးပညာအတွက် အသုံးပြုမှာလားဆိုတာလည်း မရေရာပါဘူး။ ရေဒီယိုအိုင်ဆိုတုပ်အသုံးပြုပြီး ဦးနှောက်၊ အရိုး၊ ကိုယ်တွင်းအင်္ဂါတွေ၊ အဆုပ် နဲ့ သွေးစီးဆင်းမှုတွေကို ပုံဖော်နိုင်ပါတယ်။ မြန်မာ့ဆေးလောကအတွက် အဆင့်မြင့် နည်းပညာတစ်ခုဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လေ့လာသူတွေကတော့ ရုရှားအကူအညီနဲ့ ရယူဖို့ကြိုးစားနေတဲ့ မြန်မာရဲ့ နူကလီးယားဓါတ်ပေါင်းဖိုဟာ ယခင် ဆိုဗီယက်ယူနီယံက မြောက်ကိုရီးယားကို တည်ဆောက်ပေးခဲ့တဲ့ ၅ မဂ္ဂါဝပ် Yongbyon ဓါတ်ပေါင်းဖိုနဲ့ ဆင်တူတယ်လို့ ထောက်ပြကြပါတယ်။ မြောက်ကိုရီးယားဟာ နောက်ပိုင်းမှာ အဲဒီဓါတ်ပေါင်းဖိုကနေ နူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယံကို ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားဟာ သူ့ရဲ့ နူကလီးယားအစီအစဉ်ကြောင့် အမေရိကန်ကို အံတုတင်းခံပြီး ရပ်တည်နေနိုင်တာကို ဂရုမပြုမိပဲ မနေကြပါဘူး။

အဲဒီနောက်ပိုင်းမှာ သတင်းတွေက ရေရာမှု မရှိခဲ့ပါဘူး။ ၁၉၈၃ ကတည်းက အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှုနဲ့ ပတ်သတ်ပြီး သံတမန်အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ပြန်ဆက်သွယ်ပြီး ရက်ပိုင်းမျှအကြာ ၂၀၀၇ ဧပြီမှာတော့ မြောက်ကိုရီးယား ကုန်တင်သင်္ဘော Kang Nam I သီလ၀ါဆိပ်ကမ်းကို ရောက်လာပါတယ်။ မြန်မာအစိုးရကတော့ မြောက်ကိုရီးယား သင်္ဘောဟာ မုန်တိုင်းခိုဖို့ ၀င်ရောက်လာတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သတင်းထောက်လှမ်းဖို့သွားခဲ့တဲ့ ဂျပန်သတင်း အေဂျင်စီတစ်ခုရဲ့ မြန်မာသတင်းထောက်နှစ်ဦးဟာ ခေတ္တမျှ အထိန်းသိမ်းခံခဲ့ရပါတယ်။ ဒါဟာ တခြားလှို့ဝှက်ချက်တွေ ရှိဦးမယ်ဆိုတဲ့ ဖြစ်နိုင်ခြေတွေကို ညွှန်ပြနေပါတယ်။

ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ ၂၀၀၇ ဂျူလိုင် သတင်းမှာ “ထူဆန်းတဲ့ တိုက်ဆိုင်မှုအဖြစ် တန် ၂၉၀၀ ရှိတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘော MV Bong Hoafan ဟာ မုန်တိုင်းရှောင်ဖို့ မြန်မာဆိပ်ကမ်းမှာ လွန်ခဲ့တဲ့ နိုဝင်ဘာက ဆိပ်ကပ်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ သင်္ဘောပေါ်မှာ သံသယဖြစ်စရာပစ္စည်း သို့မဟုတ် စစ်လက်နက်ပစ္စည်းတွေ မတွေ့ရှိရဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်ရှိ သတင်းသမားတွေနဲ့ သံရုံးတွေကတော့ သံသယရှိနေကြပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းလောက်မှာပဲ တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap က “အမေရိကန်က စောင့်ကြည့်နေတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်းဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာဆိပ်ကမ်းတစ်ခုမှ ချပေးခဲ့တယ်လို့ ယုံကြည်ရတယ်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Links to this post
Author: vanko
•8:16 PM
www.kristyblunt.com

အိန္ဒိယရဲ့ မြန်မာ့ပေါ်လစီဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီလို့ ဆိုကြပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ချဉ်ဖတ်ဖြစ်နေတဲ့ မြန်မာစစ်အစိုးရကို မီးလေးတို့ပေးလိုက် ရေလေးလောင်းပေးလိုက် လုပ်နေတဲ့ အိန္ဒိယအပေါ် နိုင်ငံတကာကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ အိန္ဒိယအတွက်ကတော့ မဟာဗျူဟာနေနဲ့ရော စီးပွားရေးတွက်ကိန်းအရရော သူ့ဆင်ခြေနဲ့သူ ရှိပါတယ်။

၈၈ အရေးအခင်းအပြီးမှာ ဒုက္ခသည်ရာပေါင်းများစွာ အိန္ဒိယဘက်ကို ၀င်ရောက်လာခဲ့ကြပါတယ်။ ၁၉၈၈ ကနေ ၁၉၉၂ ခုနှစ်အထိ အိန္ဒိယရဲ့ မြန်မာ့ပေါ်လစီဟာလည်း ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံသလိုလို၊ သံတမန် အဆက်အသွယ်ဖြတ်ပစ်လိုက်မလိုလို နဲ့ ဗျာများနေခဲ့တာပါ။ ၁၉၉၁ မှာ P.V. Narasimha Rao အိန္ဒိယ ၀န်ကြီးချုပ်ဖြစ်လာပြီး မြန်မာနိုင်ငံအပေါ်ထားတဲ့ အိန္ဒိယပေါ်လစီဟာ အခြေခံကျကျ ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ Look East Policy အရှေ့မျှော်ပေါ်လစီ အရ မြန်မာနိုင်ငံအပေါ်လည်း အပြုသဘောဆောင်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံဖို့ မူချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ့် အပြောင်းအလဲကတော့ ၂၀၀၄ ကနေ ၂၀၀၇ အထိ အုပ်ချူပ်သွားခဲ့တဲ့ Atal Bihari Vajpayee ဗာ့ဂ်ျပါယီး လက်ထက်မှာပါ။

အဓိကအကြောင်းရင်း နှစ်ခုရှိပါတယ်။ တရုတ်ပြည်ရဲ့ မဟာဗျူဟာအရ လွှမ်းမိုးမှုကြီးထွားလာတာကို တန်ပြန်ဖို့ရယ် နောက်တစ်ခုက မြန်မာပြည်နဲ့ ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသက သူပုန်ကိစ္စပါ။ စီးပွားရေးအကျိုးအမြတ်ကလည်း အကြောင်းတစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ဒီနှစ်ချက်မှာ အဓိကအလေးထားတဲ့အချက်က တရုတ်ပြည်ရဲ့ ဒေသတွင်းသြဇာလွှမ်းမိုးလာမှုပါ။ ၁၉၆၂ တရုတ်-အိန္ဒိယ စစ်ပွဲရဲ့ ခါးသီးတဲ့အတွေ့အကြုံက တရုတ်သြဇာကျယ်ပြန့်လာခြင်းဟာ အိန္ဒိယအတွက်တော့ မလုံခြုံမှုနဲ့ ခြိမ်းခြောက်ခံနေရသလို ခံစားရပါတယ်။

စီးပွားရေးအရကြည့်မယ်ဆိုရင်တော့ တရုတ်ဟာ မြန်မာရဲ့ ပိုပြီးကြီးမားတဲ့ ကုန်သွယ်ဖက် ပါတနာပါ။ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၀၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၀၅၇ ဘီလီယံ ရှိပါတယ်။ ၂၀၀၆ ခုနှစ်နဲ့စာရင် ၄၀.၉ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။ ၂၀၀၇ မှာ တရုတ်ကနေ မြန်မာကို တင်ပို့မှုဟာ ယူအက်စ်ဒေါ်လာ ၁.၆၈၆ ဘီလီယံဖိုးရှိပြီး မြန်မာနိုင်ငံက တင်ပို့မှုကတော့ ယူအက်စ်ဒေါ်လာ ၃၇၁ သန်းဖိုး ရှိပါတယ်။ ဒီကုန်သွယ်မှုမှာ တရုတ်က အမေရိကန်ဒေါ်လာ ၁.၃၁၅ ဘီလီယံ အသာစီးရနေပါတယ်။

အလားတူပဲ ၂၀၀၇-၂၀၀၈ အတွင်းမှာ အိန္ဒိယကနေ မြန်မာကို တင်ပို့မှုဟာ ဒေါ်လာ ၁၈၅ သန်းဖိုးရှိပြီး မြန်မာဖက်က တင်ပို့မှုကတော့ ဒေါ်လာသန်း ၈၁၀ ခန့်ရှိပါတယ်။ တမူး-ကလေး-ကလက်ဝ အဝေးပြေးလမ်း အဆင့်မြှင့်တင်ခြင်းနဲ့ သဘာဝဓါတ်ငွေ့နဲ့ စွမ်းအင်ရှာဖွေရေး လုပ်ငန်းတွေမှာ အိန္ဒိယက ရင်းနှီးမြုတ်နှံမှုတွေ ရှိပါတယ်။ အိန္ဒိယရဲ့ လတ်တလော အကူအညီကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်တဲ့ အိုင်တီပရောဂျက်တစ်ခုပါ။

ဒါတွေဟာ အာရှစူပါပါဝါ နှစ်ဦးရဲ့ ပါဝါပြိုင်ဆိုင်မှုရဲ့ တိုက်ရိုက်အကျိုးဆက်တွေ ဖြစ်ပါတယ်။ အိန္ဒိယအတွက်တော့ အနည်းဆုံး လက်ရှိအနေအထားအရ စစ်အစိုးရနဲ့ ရင်းနှီးဆက်ဆံနေခြင်းဟာ တရုတ်ရဲ့ သြဇာလွမ်းမိုးလာမှုကို ကျဉ်းမြောင်းသွားစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အိန္ဒိယအရှေ့မြောက်ပိုင်းက တိုးတက်ကြီးထွားလာတဲ့ ပုန်ကန်မှုတွေပါ။ အဖွဲ့အစည်းပေါင်းစုံက သောင်းကျန်းသူ ၂၀,၀၀၀ လောက်ဟာ မြန်မာနိုင်ငံကို ခြေကုပ်ယူထားကြပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်း အနောက်မြောက်ဒေသတွေမှာပါ။ အိန္ဒိယနဲ့ မြန်မာ လုံခြုံရေးတပ်တွေ သောင်းကျန်းသူတန်ပြန်စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေဟာလည်း အခုနှစ်ပိုင်းတွေမှာ အရှိန်ရလာပါတယ်။ ၂၀၀၄ ခုနှစ်က နယူးဒေလီခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေကို မြန်မာပြည်တွင်းမှာ လှုပ်ရှားခွင့်မပြုဖို့ အာမခံခဲ့ပါတယ်။

သိကြတဲ့အတိုင်း တခါတခါမှာ စားပွဲဝိုင်းက သဘောတူညီချက်တွေဟာ လက်တွေ့မှာ အကောင်အထည်ပေါ်မလာတာတွေလည်း ရှိပါတယ်။ မြန်မာစစ်အစိုးရက အတိုက်အခံတွေကို လှုပ်ရှားခွင့်မပေးဖို့ အိန္ဒိယကို အကြိမ်ကြိမ်တောင်းဆိုနေပေမယ့်လည်း နယူးဒေလီအစိုးရကတော့ အင်းမလုပ် အဲမလုပ် မရေမရာ မပြတ်မသားပဲ တုန့်ပြန်ခဲ့ပါတယ်။ ထို့အတူပဲ နေပြည်တော်စစ်အစိုးရကလည်း မြန်မာပြည်အတွင်းက အိန္ဒိယသူပုန် အခြေစိုက်စခန်းတွေကို ဖျက်သိမ်းဖို့ကိစ္စမှာ စိတ်ပါလက်ပါ အပြည့်အ၀ လုပ်ဆောင်ပေးခြင်း မရှိပါဘူး။

အိန္ဒိယအနေနဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေကို မထောက်ခံပဲ လုံးလုံး လစ်လျှူရှုထားတာမျိုးတော့ မဟုတ်ပါဘူး။ မြင်သာတဲ့ အထောက်အထားပြရရင်တော့ အိန္ဒိနိုင်ငံတွင်းမှာ မြန်မာဒုက္ခသည်ပေါင်း ၅၀,၀၀၀ ကျော်ရှိနေတာပါ။ (ဒါဟာ တရားဝင် စာရင်းအချက်အလက်တော့ မဟုတ်ပါဘူး) အဲဒီထဲက တစ်ချို့တွေဟာ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တွေ ဖြစ်ပါတယ်။

အိန္ဒိယဟာ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ လုံခြုံရေးကို အတိုင်အဖောက်ညီညီ ကိုင်တွယ်နေတဲ့ သဘောရှိပါတယ်။ မြန်မာစစ်အစိုးရနဲ့ ရင်းနှီးဆက်ဆံနေခြင်းအားဖြင့် တရုတ်ရဲ့ သြဇာကို ကျဉ်းမြောင်းစေပြီး စိတ်သက်သာရာရစေပါတယ်။ အများအမြင်ကတော့ အိန္ဒိယအနေနဲ့ မြန်မာအပေါ် စံနှစ်မျိုးထားတဲ့ ပေါ်လစီကို ကျင့်သုံးနေတယ်လို့ မြင်ကြပါတယ်။

အကယ်၍များ မြန်မာနိုင်ငံဟာ ဒီမိုကရေစီတိုင်းပြည်တစ်ခု ဖြစ်လာခဲ့မယ်ဆိုရင် အိန္ဒိယဟာ မြန်မာပြည်ကို ပထမဆုံးထောက်ခံမယ့် တိုင်းပြည်တွေထဲက တစ်ခုဖြစ်မယ်လို့ မျှောလင့်ထားကြပါတယ်။ အခုလက်ရှိ အနေအထားမှာတော့ အိန္ဒိယဟာ တရုတ်ကြီးနဲ့ ဆက်လက် ယှဉ်ပြိုင်ရဦးမှာပါ။ (ဒါဟာ မြန်မာနိုင်ငံအပေါ် ပျော့ပျောင်းတဲ့ သဘောထားနဲ့ ဆက်ဆံနေဦးမယ်လို့ အဓိပ္ပါယ်ရပါတယ်။) အနောက်နိုင်ငံတွေကတော့ သူတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုပဲ ဆက်လက်ဆောင်ရွက်သွားဖို့ အလားအလာရှိပါတယ်။

AsiaSentinel မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် Nehginpao Kipgen ရဲ့ ဆောင်းပါးဖြစ်ပါတယ်။

Links to this post
Author: vanko
•6:30 PM

အချစ်တဲ့လား
မင်းရဲ့သစ္စာတရား
ငါ ဟားတိုက်လို့ ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ...
လည်ချောင်းဝမှာ လျှံတက်လာတယ်...။

မြတ်နိုးခဲ့ရတဲ့
မင်းနာမည်ကို
ငါ ဟ,ဟ တောင် မရွတ်ရဲတော့ဘူး
မင်းကိုချစ်စိတ်နဲ့
တဆတ်ဆတ်တုန်နေတဲ့နှလုံးသား
ပါးစပ်ကနေအပြင်ကိုခုန်ထွက်သွားပြီး
ကွဲသွားမှာကြောက်လို့....။

ငါ့ထွက်သက်ဝင်သက်တိုင်းမှာ
မင်းနာမည်...
အိပ်မက်တိုင်းမှာ
မင်းအကြောင်း...
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့
စတေးခဲ့ရတဲ့ နေ့တွေ...

အဲဒီအချိန်တွေမှာ
မင်းသူနဲ့...
ချစ်စကားပြောနေတယ်။

မင်းရဲ့သစ္စာတရား..
ငါ ဟားတိုက်လို့ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ..
လည်ချောင်းဝမှာ လျှံတက်လာတယ်...။
Links to this post
Author: vanko
•7:48 PM

ကမ္ဘာသစ်တေး
စိုင်းခမ်းလိတ်

ကမ္ဘာသစ်တစ်ခုကို ငါမြင်မက်ခဲ့တယ်၊
ဘယ်သူမှ ခြေမချသေးတဲ့ နယ်မြေပေါ့၊
ကောင်းကင်တစ်ခုလုံးကလည်း ကြည်လင်နေတယ်၊
ရေအလျဉ်ကလည်း
တသွင်သွင် စီးဆင်းနေတယ်၊
ဒါပေမယ့် အဲဒီနယ်မြေဟာ ဘယ်မှာလဲဆိုတာ
ငါမမှတ်မိတော့ဘူး။
တဒင်္ဂသာ မြင်မက်ခဲ့ရတဲ့
အိပ်မက်ထဲက ကမ္ဘာသစ်ကို ပြန်လည်ရောက်ချင်ပေမယ့်
ဘယ်မှာလဲဆိုတာ
ငါစဉ်းစားလို့ မရတော့ဘူး။
သယံဇာတ ပေါကြွယ်ဝတဲ့
ဒီဒေသရဲ့ အမည်ကိုလည်း
ငါမမေးမိခဲ့ဘူး။
ငါမှတ်မိတာတစ်ခုတော့ ရှိတယ်
ငါ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။
“ညီညီညွတ်ညွတ်နဲ့ အားလုံးအတူတူလာပါ
ဒါမှ မဟုတ်၊ တစ်ယောက်မှ မလာနဲ့” တဲ့။

ဆရာစိုင်းခမ်းလိတ်ရဲ့ ရှမ်းဘာသာနဲ့ ရေးထားတဲ့ ကဗျာလေးပါ။ စိုင်းနွတ်(ပညာရေးတက္ကသိုလ်)က ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ပိတောက်ပွင့်သစ် (နိုဝင်ဘာ) မဂ္ဂဇင်းထဲက ကူးထားတာပါ။ ပြန်ဖတ်မိပြီး စိတ်ထဲမှာ တစ်ခုခု ခံစားရလို့ ပို့စ် တင်ပေးလိုက်တာပါ။ သက်ဆိုင်သူတွေကို ခွင့်မတောင်းနိုင်တာကိုတော့ နားလည်ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ်။
Links to this post
Author: vanko
•7:45 AM

လောကကြီးရဲ့ မတရားပုံများ
ငါ့နှလုံးသားကို ငါပြန်စားပြီး အသက်ရှင်နေရတယ်။

ပရိုမီးသီးယပ်စ်က လူသားတွေအတွက်
မီးကိုခိုးယူပေးလို့တဲ့...
နေ့စဉ်နေ့တိုင်း အသည်းကို
ဖောက်ထုတ်စားသောက်ခံရ...
အဲဒီဝေဒနာပြင်းပြင်းကို
အသစ်သစ်ထပ်ခံရဖို့ ...
သူ့အသည်းဟာ ညမှာ အသစ်တဖန်ပြန်ဖြစ်
မဆုံးနိုင်တဲ့ နာကျင်မှုဝဋ်ကြွေး
ပေးဆပ်နေရရှာတယ်။

ငါကကော....

ပရိုမီးသီးယပ်စ်ရေ
ခင်ဗျားထက် ကျွန်တော်ကဆိုးပါတယ်။

သူ့ကိုချစ်နေလို့တဲ့..
ရှင်သန်နေရင်း
တနေ့ခင်းလုံး
ကိုယ့်နှလုံးသားကို ကိုယ်ပြန်စားလို့
ကိုယ့်နှလုံးသွေးကို ကိုယ်ပြန်သောက်ရ...
ညဘက်ရောက်တော့
မဟန်နိုင်တော့တဲ့ ခန္ဓာကို
ဝေဒနာအိပ်မက်တွေထဲကို ပစ်ချ...
ခံစားစရာ နှလုံးသား
ကုန်ဆုံးသွားပြီလားလို့ ...

ဒါပေမယ့်
နောက်တစ်နေ့မနက်မိုးလင်းတိုင်း
ဝေဒနာအသစ်သစ်တွေခံစားဖို့
နှလုံးသားက အသစ်ရောက်လာပြန်ပေါ့၊
ဒီလိုနဲ့ ...
အဲဒီနှလုံးသားကို စားသောက်
သွေးတောက်တောက်ကျရပြန်ပေါ့၊

မဆုံးနိုင်တော့တဲ့ဝဋ်ကြွေးလား
ဒီဘ၀မှာတင် ပြေပါစေတော့...။
Links to this post
Author: vanko
•10:05 PM


မနေ့က တန်ဆောင်မုန်းလပြည့်နေ့မှာ ကျွန်တော်နေတဲ့အနားက တံတားအောက်မှာ မီးပုံးလေးတွေမျှောတဲ့ပွဲကို သွားကြည့်ခဲ့ပါတယ်။ မြန်မာပြည် တန်ဆောင်တိုင်ပွဲတော်လိုပဲပေါ့။ လူတွေကြိတ်ကြိတ်တိုးပါပဲ။ Stage Show လည်း ၃ ခုတွေ့ခဲ့တယ်။ ကျွန်တော်နဲ့ သူငယ်ချင်းက တံတားကြီးပေါ်ကတက်ပြီး မီးပုံးမျှောကြတာကို တက်ကြည့်ကြတယ်။ တံတားပေါ်ကငုံ့ကြည့်ရင် အောက်ကလူတွေကို ကောင်းကောင်းမြင်ရတယ်လေ။ နောက်သူတို့မျှောလိုက်တဲ့ မီးပုံးလေးတွေ မျောသွားတာကိုလည်း မြင်ရတယ်။

ထိုင်းတွေက မီးပုံးလေးတွေမျှောပြီး လက်အုပ်ကလေးတွေချီဆုတောင်းကြတယ်။ ဆုတောင်းပြည့်တယ်လို့ ဆိုတာပဲ။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကျောင်းသားကျောင်းသူကလေးတွေ၊ နောက်တော့ ချစ်သူစုံတွဲကလေးတွေပေါ့။ မီးပုံးဆိုတာက ကျွန်တော်မပြောတက်လို့ မီးပုံးလို့ပြောတာပါ။ တကယ်က ငှက်ပျောရွက်နဲ့ ကြာပန်းပုံအောက်ခံလေးချိုးထားပြီး ပန်းရောင်စုံလေးတွေ ထိုးထားတယ်။ အလယ်မှာ ဖယောင်းတိုင်နဲ့ အမွှေးတိုင်ရှိတယ်။ တစ်ချို့ကလည်း ဘာနဲ့ ကြာပန်းပုံချိုးထားမှန်းမသိဘူးဗျ။ ထိုင်းတွေကတော့ Krathong လို့ ခေါ်တယ်။ တချို့မီးပုံးလေးတွေက ကြာပန်းကမုန့်နဲ့တူလို့ သူငယ်ချင်းကိုမေးကြည့်တော့ ပေါင်မုန့်နဲ့လုပ်ပြီးအပေါ်က ဆန်ကော်ရည်ဖြန်းထားတာတဲ့။ ငါးတွေစားလို့ရအောင်ပေါ့။

ချစ်သူစုံတွဲကလေးတွေ လက်အုပ်ကလေးတွေချီပြီးဆုတောင်းကြတယ်။ ဒီချစ်သူနဲ့ သေအတူရှင်မကွာ ရိုးမြေကျ ချစ်ချစ်ခင်ခင်ပေါင်းရပါစေလို့ ဆုတောင်းကြတာဖြစ်မှာပေါ့နော်။ ကျွန်တော်လည်း တံတားပေါ်က ငုံ့ကြည့်ပြီး သူတို့လေးတွေအတွက် တကယ်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ၀ိုင်းပြီးဆုတောင်းပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အဝေးတစ်နေရာက ကျွန်တော်မဆိုင်တော့ပြီဖြစ်သော ချစ်သူကလေးကိုသာရည်မှန်းပြီး သူစိတ်ချမ်းသာပျော်ရွှင်စေဖို့ လမင်းကြီးကို မော့ကြည့်ပြီး ဆုတောင်းပေးခဲ့ပါတယ်။

ကျွန်တော်ပြောချင်တာက မီးပုံးလေးတွေထက် လူတွေအကြောင်းပါ။ မီးပုံးမျှောတဲ့အခါ တစ်ချို့က မိသားစုမှာ မိန်းမလုပ်သူက ဆိပ်ခံဘောပေါ်ကနေ ရေထဲကို လှမ်းပြီးမျှောရတယ်။ ယောက်ျားလုပ်သူကတော့ မဆိုင်သလိုပဲ။ တစ်ချို့ကြတော့လဲ ယောက်ျားလေးက မီးပုံးကလေးကိုမျှောပြီး မိန်းလေးက လက်အုပ်ကလေးချီလို့ပေါ့။ တစ်ချို့ကြတော့လဲ မောင်နှံစုံ အတူတူဗျ။ သူတို့က မီးပုံးလေးကိုနှစ်ယောက်သားကိုင်ပြီး အတူတူမျှောကြတယ်။ တစ်ချို့ကြတော့လဲ မြစ်ထဲမျောသွားတဲ့ မီးပုံးလေးကို သံယောဇဉ်မကုန်နိုင်ရှာဘူး။ မျက်စိတစ်ဆုံးငေးလို့။ တစ်ချို့ကြတော့လဲ ရေထဲရောက်ပြီးတာပဲ သဘောထားသလားတောင် ထင်ရတယ်။ ဘောတံတားပေါ်ကရေထဲကို ချရတာ နည်းနည်းတော့ခက်ပုံရတယ်။ မြစ်ရေကလည်း စီးနေတော့ ဘောတံတားမှာ ပြန်ကပ်မနေအောင်လဲ ဂရုစိုက်ရသေးတယ်။ အဲဒီမှာ ကောင်ကလေးတွေရှိတယ်။ သူတို့လက်ထဲမှာ ပိုက်လုံးရှည်တစ်ချောင်း။ ပိုက်လုံးထိပ်မှာ မုန့်ဆယ်တဲ့ စကာခွက်လို ခွက်ကြီးကြီးတပ်ထားတယ်။ မီးပုံးကို အဲဒီခွက်ထဲမှာထည့် ပိုက်နဲ့ လှမ်းမျှောတော့ ဘောတံတားနဲ့ဝေးဝေး ရောက်တာပေါ့။ သူတို့ကို ပိုက်ဆံပေးရသလားဆိုတာတော့ ကျွန်တော် သတိမထားမိလိုက်ဘူး။ တစ်ချို့ကြတော့လဲ အဲဒီကောင်ကလေးတွေကို မျှောခိုင်းတာပေါ့။ ပြီးရင် ကင်မရာလေးတွေထုတ်ပြီး အမှတ်တရ မီးပုံးကလေးကို ဓါတ်ပုံရိုက်ပေါ့။

အဲဒီဓါတ်ပုံရိုက်တဲ့ စုံတွဲတစ်တွဲပေါ့ ကျွန်တော်သတိထားမိတာ။ ယောက်ျားလေးကင်မရာက တကယ့်အကောင်းစား DSLR ဗျ။ ကျွန်တော့အထင် Nikon D90 လောက်ဖြစ်လိမ့်မယ်။ ကင်မရာရူးလေးထင်ပါတယ်။ ကောင်မလေး မီးပုံးလေးကိုင်ပြီးလာတာကို ဓါတ်ပုံရိုက်တယ်။ နောက် မီးပုံးကလေးကို မီးညှိတော့လည်း ရိုက်တယ်။ ဒါပေမယ့် မီးညှိဖို့ မီးခြစ်မပါဘူးထင်ပါတယ်။ မီးခြစ်ကို ကောင်မလေးက လိုက်ငှားရတယ်။ ကိုယ်တော်လေးကတော့ ကင်မရာနဲ့ပဲ အလုပ်ရှုပ်နေတာ။ အမွှေးတိုင်အတူတူထွန်းဖို့တောင် ကောင်မလေးက မနည်းခေါ်ရတယ်။ နောက်မီးပုံးကလေးကို ရေထဲချပါပြီ။ ကောင်မလေးခင်ဗျာ ဘောတံတားကို ကာထားတဲ့ သံလက်ရန်းအောက် ခေါင်းဝင်ပြီး (သူ့အနေနဲ့တော့) ခက်ခက်ခဲခဲ ရေထဲရောက်အောင်ပို့ရရှာတယ်။ အဲဒီပုံကလေးကိုလည်း ဓါတ်ပုံရိုက်။ ပြီးတော့ ကောင်မလေးခင်ဗျာ သံလက်ရန်းအောက်ကပြန်ထွက်ဖို့ သူ့စလင်းဘတ်အိတ်ကလေး ညိနေတာကိုတောင် သတိမထားနိုင်အားဘူး မျှောသွားတဲ့ မီးပုံးနောက်ကို အပြေးလိုက်ရိုက်ပြန်တယ်။ ပြီးတော့မှ အဲဒီဝေးဝေးကနေ ကောင်မလေးကိုရပ်စောင့်နေပြီး မောင်နှံစုံ လက်ချင်းချိတ်သွားကြပါလေသတည်းပေါ့ဗျာ။ ကျွန်တော့စိတ်ထဲမှာတော့ ဒီကောင်ကလေးဟာ သိပ်တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်မိတယ်။ နောက် မီးပုံးမျှောတာ ဓါတ်ပုံရိုက်ရမယ်ဆိုတဲ့ ကိုယ့်တာဝန်ပြီး ပြီးရောသဘောမျိုးထားတယ်လို့ ထင်မိတယ်။ ကောင်မလေး ဘာဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်အားဘူး။ အဲဒီလို ငါ့အလုပ်ပြီး ပြီးရောဆိုတဲ့လူမျိုးနဲ့သာ အိမ်ထောင်ကျသွားရင် ဒီအိမ်ထောင်ရေး သာယာနိုင်ပါ့မလားလို့ တွေးမိတယ်။ ကျွန်တော် အထင်မှားတာဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ။ သူတို့အတွက် ဒီမီးပုံးလေးရဲ့ မှတ်တမ်းဓါတ်ပုံကလေးက အင်မတန်အရေးကြီးလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့နော့။

Links to this post
Author: vanko
•8:10 AM
ကံပစ်ချရာအတိုင်း
ဘ၀ကို ရေစုန်မျှောခဲ့တာ များပြီ...။
တိုက်ရဲသူတို့အတွက်အောင်ပွဲ
လွဲခဲ့ရပေါင်းများပြီ...။

အချစ်ကြောင့် ကြေကွဲရတာ
တစ်ခါမကတော့ဘူး...။
ပထမဆုံးဒါးချက်က အနက်ဆုံးဆိုရင်...
ဒုတိယဒါးချက်က...
နှလုံးသားကို ဟက်တက်ခွဲသွားခဲ့ပေါ့..။

အခုတော့ငါ...

အနိမ့်အမြင့်လောကဓံကို
ဗေဒါပျံလို အံကြိတ်ငုံ့မခံတော့ဘူး...။
တွေဝေမိုက်မဲမှုကို
ငါ့ကိုယ်ပေါ်မှာ ဆက်ပြီးထမ်းပိုးမထားတော့ဘူး...။
လေးလံနာကျင်တဲ့နှလုံးသားကြောင့်
ငါ့ဒူးတွေ ကွေးညွှတ်မကျစေရဘူး...။

ဆယ်လမွန်ငါးတွေလို
ရေဆန်ကိုကူးခပ်မယ်...။
အရှေ့ပင်လယ်ကို ရွက်လွှင့်ဖို့
ပျင်းရိခြင်းကျောက်ဆူးကို
ဆွဲဖြတ်ခဲ့ပြီ...။
နာကျင်တဲ့အတိတ်ကို
စက္ကူစုတ်လို လုံးခြေပစ်လိုက်ပြီ...။

ဟေ့ ဒီမှာ...
အထင်သေးတဲ့မျက်လုံးတွေရှေ့မှာ
မတ်မတ်ရပ်ပြီး လောကကြီးကို စိန်ခေါ်တယ်...။

ငါလေ ပေဖြစ်တုံး ခံခဲ့ပြီးပြီ..။
အခု...
ယောနသံဇင်ယော်ရဲ့ တောင်ပံပြင်းပြင်းနဲ့
ကံကြမ္မာကို နင်းခြေအလဲထိုးဖို့...
လောကဓံကြိုးဝိုင်းထဲက
ငါ ပြန်ထလာပြီ..။

ဟေ့ လောကကြီး...
ငါ ပြန်လာပြီ ဟေ့......။
Links to this post
Author: vanko
•9:27 PM



နအဖစစ်အစိုးရဟာ မကြာသေးမီလေးကပဲ မြန်မာသတင်းမီဒီယာများကို သတင်းထုတ်ပြန်ရာမှာ လိုက်နာဖို့ ခြိမ်းခြောက်ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ ဒီ တရားဝင်ပုံနှိပ်ထုတ်ဖော်ပြခြင်းမရှိတဲ့ စာပေစီစစ်ရေးကထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ အယ်ဒီတာတွေ လိုက်နာဖို့ အချက် ၁၀ ချက်ပါဝင်ပြီးတော့ မလိုက်နာခဲ့ရင် ထောင်ဒဏ်အထိ အပြစ်ပေးအရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ Reporters Without Borders နဲ့ ပူးတွဲအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Burma Media Association တို့တော့ မြန်မာပြည်မှာ သတင်းအမှောင်ချဖြတ်တောက်မှုတွေ ကြီးစိုးနေပြီး စစ်အစိုးရဟာ သူတို့အရှက်ရစေမယ့် သတင်းတွေကို ဆင်ဆာပိုက်ကွန်ထဲက လွတ်ထွက်မသွားရအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒီသတင်းချုပ်ချယ်ကန့်သတ်မှုကြောင့် ပုဂ္ဂလိကပိုင် သတင်းဌာနတွေအနေနဲ့ အများပြည်သူကို သတင်းပေးရာမှာ ပိုမိုပြီးအခက်အခဲတွေ တွေ့လာစေပါတယ်။

နအဖ စစ်အစိုးရဟာ အခုလို တစ်ဖက်က သတင်းမီဒီယာတွေကို ချုပ်ကိုင်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေသလို ပြည်ပသတင်းဌာနတွေရဲ့ မီဒီယာဝက်ဘ်ဆိုက်တွေကိုလည်း အင်တာနက်အဖျက်သမားတွေ ငှားရမ်းပြီး နှောက်ယှက်နေပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီမိုကရေစီရေး ရှေ့နေလိုက်ပေးကြတဲ့ ဥပဒေအကျိုးဆောင်တွေကိုလည်း ထောင်ချခြင်း၊ တရားစွဲဆိုခြင်းများနဲ့ ခြိမ်းခြောက်နေပါတယ်။

အခုလက်ရှိမှာပဲ နိုင်ငံရေးအမှုတွေမှာ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ကိုညီညီထွေးနဲ့ ကိုစောကျော်ကျော်မင်းတို့ကို ထောင်ဒဏ် ၆ လစီ အပြစ်ပေးခဲ့ပြီး NLD ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရွှေတို့ကိုလည်း တရားရုံးကိုမထီမဲ့မြင်မှု ပုဒ်မ ၃ နဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ တကယ်တော့ နိုင်ငံတော် တရားစီရင်ရေးတစ်ခုလုံးဟာ တရားဥပဒေနဲ့ ပြည်သူပြည်သားတွေရဲ့ ဆန္ဒကို မထီမဲ့မြင်ပြုပြီး နအဖ အလိုကျ ကြိုးဆွဲရာကနေတဲ့ မတရားရုံးတွေသာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနီးလာလေ နအဖရဲ့ ဖုံးမနိုင်ဖိမရ အာဏာငမ်းငမ်းတက်မှုဟာ ပိုပြီးပေါ်လွင်ထင်ရှားလာလေပါပဲ။ (ဆရာမောင်စူးစမ်း စကားအရ) ဒီမိုကရေစီ ရွေးကောက်ပွဲရဲ့ စပွန်ဆာဆိုပြီး နာမည်ကောင်းရဖို့ အသံလွင့်နေချိန်မှာပဲ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေး အနှစ်သာရတွေကို ပိုမိုပြီးဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာပါတယ်။ မီဒီယာတွေကို ဖိနှိပ်၊ တရားစီရင်ရေးစနစ်ကို ဖျက်ဆီးပြီး ပြည်သူလူထုကို ရန်သူလိုစောင့်ကြည့်လာပါတယ်။ နိုင်ငံမှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာပြီး ပြည်သူ့ရဲတပ်ဖွဲ့ကတော့ လူဆိုးဖမ်းမယ့်အစား ပြည်သူကို မျက်လုံးထောက်ထောက်ကြည့်နေတဲ့ အနေအထားဖြစ်နေပါတယ်။

ပြောရမယ်ဆိုရင်တော့ စစ်အစိုးရဟာ တိုင်းပြည်နဲ့ လူထုအတွက် ဘာမှအလေးထားတာမဟုတ်ပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရေးကိုသာ သဲကြီးမဲကြီး လုံ့လစိုက်နေတာပါ။ ဒီလို စေတနာမမှန်တဲ့ စစ်အစိုးရက စစ်ကျွန်သက်ရှည်ဖို့ ရေးဆွဲထားတဲ့ ဥပဒေအတိုင်းသာ သွားရင်တော့ တိုင်းပြည်ဟာ လုံးလုံးကို ချောက်ထဲကျမှာ မလွဲပါပဲ။ နအရဲ့ စစ်ကျွန်ပြုရေး ဥပဒေနဲ့ ရွေးကောက်ပွဲကို အားလုံး ၀ိုင်းဝန်းဆန့်ကျင်ကြပါစို့။
Links to this post
Author: vanko
•11:26 PM


အမေရိကန် သမ္မတရွေးကောက်ပွဲကို အခု နိုဝင်ဘာ ၄ ရက်နေ့မှာ ကျင်းပတော့ပါမယ်။ အခုရွေးကောက်ပွဲကနေ အမေရိကန်ပြည်ထောင်စုရဲ့ ၅၆ ကြိမ်မြောက်ရွေးကောက်ပွဲကနေ ၄၄ ဦးမြောက် သမ္မတကို ရွေးချယ်မှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရီပက်ဘလစ်ကန်ပါတီက ဂျွန်မက်ကိန်းကို သမ္မတလောင်းအဖြစ် အမည်တင်သွင်းထားပြီး ဒီမိုကရက်တစ်ပါတီကတော့ အိုဘားမားကို အမည်တင်သွင်းထားပါတယ်။ အကြိုကောက်ယူထားတဲ့ စစ်တမ်းများအရ အိုဘားမားက ဂျွန်မက်ကိန်းထက် နှာတစ်ဖျား အသာရနေတယ်လို့ ဆိုပါတယ်။ အကယ်၍ အိုဘားမားသာ အနိုင်ရခဲ့ရင် အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးလူမည်းသမ္မတ ဖြစ်လာမှာပါ။ အမေရိကန် သမ္မတသစ်ရဲ့ ပေါ်လစီသစ်ဟာ အာရှနိုင်ငံတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲလို့ မှန်းဆချက်တွေလည်းပေါ်ထွက်နေပါတယ်။

တကယ်တော့ ဂျွန်မက်ကိန်းရော အိုဘားမားပါ အာရှနဲ့ပတ်သက်တဲ့ မတူညီတဲ့ အတွေ့အကြုံတွေ ရှိကြပါတယ်။ ဗီယက်နမ်စစ်ပြန် သူရဲကောင်းဆုတံဆိပ်တွေရထားတဲ့ ဂျွန်မက်ကိန်းဟာ စစ်ပွဲအတွင်းမှာ သူ့ရဲ့ ဗုံးကြဲလေယဉ် ပစ်ချခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ "Hanoi Hilton" အကျဉ်းထောင်မှာ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားခြင်းခံခဲ့ရပြီး ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။

အိုဘားမားကတော့ ငယ်ရွယ်စဉ်ဘ၀မှာ အင်ဒိုနီးရှား ဂျကာတာမှာရှိတဲ့ မွတ်စလင်ကျောင်းတစ်ကျောင်းမှာ ၁၉၆၉ ကနေ ၁၉၇၁ အထိ ပညာသင်ကြားခဲ့ဘူးပါတယ်။ တကယ့်ကို မတူညီတဲ့ အာရှအတွေ့အကြုံနှစ်ခုပါ။ လေ့လာသူတစ်ချို့ကတော့ အိုဘားမားရဲ့ အာရှအတွေ့အကြုံဟာ ကနေ့အမေရိကန်နိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပိုပြီးစပ်ဆက်မှုရှိတယ်လို့ ယူဆကြပါတယ်။ အိုဘားမားရဲ့ မွတ်စလင်ကျောင်းအတွေ့အကြုံကနေ war on terrorism လို့ သမ္မတဘုရှ်သုံးစွဲခဲ့တဲ့ စစ်ပွဲကို ချဉ်းကပ်ပုံအသစ်နဲ့ ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ပြောရရင်တော့ ၁၀ နှစ်သားကလေးတစ်ယောက်ရဲ့ မွတ်စလင်ကျောင်းတော် အတွေ့အကြုံကနေ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲကြီးကို အိုဘားမားအနေနဲ့ တကယ်ပဲ ချဉ်းကပ်မှုအသစ်တွေ ဖေါ်ထုတ်ကိုယ်တွယ်နိုင်ပါ့မလားဆိုတာ သံသယရှိစရာပါ။

တကယ်ကတော့ သမ္မတသစ်ကို သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် အာရှမှာစွမ်းဆောင်ခဲ့တာတွေနဲ့ပဲ ယှဉ်ထိုးပြီး အာရှက အကဲဖြတ်ကြမှာပါ။ သမ္မတဘုရှ်ဟာ ငွေကြေးဈေးကွက် ထိုးကျမှု၊ မမျှော်လင့်တဲ့ စီးပွားရေးအကျပ်အတည်း ပေါ်ပေါက်လာမှုတွေကြောင့် ပြည်တွင်းမှာ သိပ်နာမည်ကောင်းမရပေမယ့် အာရှမှာတော့ သူ့အစိုးရအဖွဲ့အနေနဲ့ အထင်ကြီးလောက်စရာ စွမ်းဆောင်မှုတချို့ လုပ်ပြခဲ့ပါတယ်။

ဥပမာပြောရရင် သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ နှစ်ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲစွဲမြဲမြဲ ထောက်ခံတဲ့သူတွေ ဖြစ်ပါတယ်။ ဒီပေါ်လစီဟာ နောက်တက်မယ့် သမ္မတ ဘယ်သူပဲဖြစ်ဖြစ် ပြောင်းလဲသွားစရာ မမြင်သေးပါဘူး။ ဒါနဲ့ပတ်သက်လို့ US Campaign for Burma ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်ဒင်က အခုလိုပြောပါတယ်။
“မြန်မာ့အရေးဟာ နှစ်ပါတီစလုံးက အမြင်တူကြတဲ့ ရှားရှားပါးပါး ကိစ္စတစ်ခုဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်တစ်ကပါ မြန်မာပြည်နဲ့ပတ်သက်လို့ ပြင်းထန်တဲ့ ပေါ်လစီထားရှိဖို့ သဘောတူကြပါတယ်။ စစ်အစိုးရကို ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဖို့၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအပေါ်မှာ ပြင်းထန်တဲ့ သံတမန်ရေးရာ ဖိအားတွေပေးပြီး မြန်မာပြည်အရေးအတွက် အမေရိကန်နဲ့ ပူးပေါင်းလုပ်ကိုင်ကြဖို့၊ နောက် ကုလလုံခြုံရေးကောင်စီအနေနဲ့ ပိုမိုထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ စတာတွေအပေါ်မှာ သဘောထား တူညီကြပါတယ်။ နောက်ပြီး ဂျွန်မက်ကိန်းရော အိုဘားမားရော နှစ်ယောက်စလုံးဟာ အမေရိကန် စီးနိတ်လွှတ်တော်ရဲ့ မြန်မာစစ်အစိုးရပေါ် အရေးယူဖို့ ဆုံးဖြတ်ချက်တွေမှာ အဓိကပံ့ပိုးထောက်ခံသူတွေ ဖြစ်ကြပါတယ်။”

အလားတူပဲ တရုတ်-အမေရိကန် ဆက်ဆံရေးဟာလည်း သိပ်ပြောင်းလဲမှုတွေ ရှိလာမှာမဟုတ်ပါဘူး။ တရုတ်ကြီးဟာ အမေရိကန်ရဲ့ လောလောလတ်လတ် ထိုင်ဝမ်ကို လက်နက်ရောင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွဲမြီးတိုနေပေမယ့် အခုလက်ရှိ ဆက်ဆံရေးကိုတော့ ကျေနပ်နေပုံရပါတယ်။ ဘယ်သူပဲ သမ္မတဖြစ်လာဖြစ်လာ လက်ရှိဆက်ဆံရေးကိုတော့ ပြောင်းလဲသွားနိုင်စရာမရှိပါဘူး။

“သမ္မတလောင်းနှစ်ဦးမှာ မတူညီမှုတွေရှိနေပေမယ့် ကျွန်တော်တို့အမြင်ကတော့ နှစ်ယောက်စလုံးအနေနဲ့ လက်ရှိ ကောင်းမွန်နေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားကြမယ်လို့ မျှော်လင့်ပါတယ်။ အိုဘားမားက ကုန်သွယ်ရေးမှာ နိုင်ငံသားပိုင်လုပ်ငန်းတွေကို အကာအကွယ်ပေးရေး ပေါ်လစီကို ကျင့်သုံးဖို့ အလားအလာရှိပြီး မက်ကိန်းကတော့ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ပိုပြီးပြင်းထန်တဲ့ ပေါ်လစီရှိပါတယ်။” လို့ ဘေဂျင်းပြည်သူ့တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ Shi Yinhong က ပြောပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယနဲ့ ဆက်ဆံရေးပါ။ သမ္မတဘုရှ်လက်ထက်မှာ အိန္ဒိယ-အမေရိကန်ဆက်ဆံရေးဟာ အစဉ်အလာမဟုတ်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ စစ်အေးခေတ်ကာလက ခပ်တင်းတင်းရှိခဲ့တဲ့ ကမ္ဘာအကြီးဆုံး ဒီမိုကရေစီ နှစ်နိုင်ငံဟာ စစ်အေးခေတ်ရဲ့ ခါးသီးမှုတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဘုရှ်အစိုးရနဲ့ ဆင်း (Singh) အစိုးရတွေဟာ သူတို့ရာထူးသက်တမ်းမှာ တကယ့်ထင်ရှားတဲ့ နိုင်ငံခြားရေး ပေါ်လစီရေးရာ အောင်မြင်မှုတစ်ခုအနေနဲ့ အရပ်ဘက်သုံး နူကလီးယားအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါပဲ။

ဂျွန်မက်ကိန်းသာ သမ္မတဖြစ်လာခဲ့ရင် ဘုရှ်အစိုးရပေါ်လစီအတိုင်းပဲ အိန္ဒိယ-အမေရိကန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်နိုင်ပေမယ့် အိုဘားမားသာ အနိုင်ရခဲ့ရင်တော့ အိန္ဒိယအတွက် အချို့အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယမှာ အမေရိကရဲ့ outsourcing ခေါ်တဲ့ ပြင်ပမှာရင်းမြစ်ရှာတဲ့ လုပ်ငန်းတွေ အများအပြား အခြေကျနေပြီး အိုဘားမားအနေနဲ့ ဒီ outsourcing ကို မျက်စိစပါးမွှေးစူးနေတဲ့ပုံ ပေါ်ပါတယ်။ outsourcing ကြောင့် အမေရိကန်ပြည်သူတွေ အလုပ်အကိုင် ရှားပါးလာရတယ်လို့ သူကယူဆထားပါတယ်။ သူသာ သမ္မတဖြစ်လာခဲ့ရင် ဒီလုပ်ငန်းတွေကို ကန့်သတ်ချုပ်ကိုင်မှုတွေ လုပ်လာမှာပါ။ ဒါဟာ အိန္ဒိယအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

နောက်ပြီး အိုဘားမားဟာ အိန္ဒိယ-အမေရိကန် အရပ်ဘက်သုံးနူကလီးယားအစီအစဉ် သဘောတူညီချက်ကိုလည်း ပိတ်ပင်ဖို့ ကြိုးစားခဲ့ဘူးပါတယ်။ ဒီကဏ္ဍမှာလည်း ရာသီဥတုအခြေအနေ ဆိုးရွားကောင်း ဆိုးရွားသွားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူပဲ သမ္မတဖြစ်လာဖြစ်လာ အိန္ဒိယအပေါ်တော့ ရန်လိုမယ့် အလားအလာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ အိန္ဒိယ-အမေရိကန် ဆက်ဆံရေးဟာ သူ့ဟာနဲ့သူ အရှိန်ရနေပြီဖြစ်လို့ပါပဲလို့ အမည်မဖော်လိုတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦးကပြောပါတယ်။

အာရှအစိုးရတွေကတော့ လွတ်လပ်တဲ့ကုန်သွယ်ရေးကိစ္စတွေနဲ့ ဒီမိုကရက်တစ် အိုဘားမားအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတစ်ခုလုံးမှာ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ပိုပြီးစိုးရိမ်ကြပါတယ်။

“မက်ကိန်းရဲ့ စီးပွားရေးပေါ်လစီက ပွင့်လင်းပါတယ်။ ပြင်ပမှာရင်းမြစ်ရှာဖွေခြင်း outsourcing နဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးတွေမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ အိုဘားမားကတော့ outsourcing လုပ်ငန်းတွေကို တားမြစ်မယ်လို့ ပြောထားပါတယ်။ နောက်ပြီး ကန့်သတ်ချုပ်ချယ်မှု စည်းမျဉ်းတွေကို အသုံးပြုပြီး အမေရိကရဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးမယ်လို့ ပြောပါတယ်။ ဒါဟာ အိန္ဒိယအတွက်တော့ ဘယ်လိုမှ အကျိုးအမြတ်ဖြစ်မလာနိုင်ပါဘူး” လို့ နယူးဒေလီအခြေစိုက် မဟာဗျူဟာ လေ့လာသုံးသပ်ရေးဌာနတစ်ခုရဲ့ ဒါရိုက်တာ Mr. Deepankar Bannerjee ကပြောပါတယ်။ ဒါပေမယ့် အိုဘားမားဟာ အိန္ဒိယပြည်သူအများစုအကြားမှာ ပိုပြီးရေပန်းစားနေတယ်လို့လည်း သူကထပ်ပြောပါတယ်။

နောက်ထပ် နယူးဒေလီအခြေစိုက် strategic think tank တစ်ခုဖြစ်တဲ့ Institute of Defence Studies and Analyses က Mr. Cherian Samuel ကတော့ အခုလို ပြောပါတယ်။ “ အိုဘားမား အနိုင်ရခဲ့ရင် ကမ္ဘာအတွက်ရော အိန္ဒိယအတွက်ပါ ပိုပြီးအပြုသဘောဆောင်လာနိုင်ပါတယ်။”

ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကတော့ ဂျွန်မက်ကိန်းကို ထောက်ခံတယ်လို့ ပြောပါတယ်။ “မက်ကိန်းက မြန်မာပြည်အရေးကို တော်တော်လေး စိတ်ဝင်စားတယ်။ ပြီးတော့ သူက မြန်မာပြည်ကိုလည်း ရောက်ဖူးတယ်။ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့တဲ့ ကိစ္စတွေမှာလည်း သူက အားတက်သရော ဦးဆောင် ခဲ့တာ” (ဧရာဝတီ သတင်း)

၁၉၉၀ ပြည့်နှစ်က ဂျွန်မက်ကိန်းသည် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် လွှတ်တော်အမတ်အဖြစ် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ်က “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တွေ့ဆုံဖူးသမျှထဲမှာ အကြီးမြတ်ဆုံး လူသားပဲ” ဟု ပြောဆိုခဲ့သည်။

လက်ရှိ အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်၏ ဇနီးဖြစ်သူ လော်ရာဘုရှ်ကဲ့သို့ပင် ဂျွန်မက်ကိန်း၏ ဇနီးသည် စင်ဒီ မက်ကိန်းသည်လည်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချသူ တဦးဖြစ်သည်။ ဇွန်လက ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်ရင်း မြန်မာအစိုးရသည် လူ့အဖွဲ့အစည်းအတွက် တန်းဖိုးမရှိဟု စင်ဒီမက်ကိန်းက ဝေဖန်ခဲ့သေးသည်။ (ဧရာဝတီ သတင်း)

သို့ရာတွင် အမေရိကန်နိုင်ငံသား မြန်မာတဦးဖြစ်သူ ကိုရွှေ၏ အမြင်ကမူ ကိုမိုးသီးဇွန်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက လာမည့် နိုဝင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် အိုဘားမားကို သမ္မတအဖြစ် မဲပေးမည်ဟု ဆို၏။

“သမ္မတ ကလင်တန်လက်ထက်က ကျနော် အမေရိကားကို စရောက်တာ။ အဲဒီတုန်းက အလုပ် အလွယ်တကူ ရခဲ့တယ်။ ဒါပေမယ့် သမ္မတဘုရှ်လည်း တက်လာရော နိုင်းအလဲဗင်း (9/ 11) ပြဿနာဖြစ်ရော။ အဲဒီ နောက်ပိုင်းမှာ ကျနော်တို့ တော်တော်လေး ရုန်းကန်ကြရတယ်။ ရီပတ်ဘလစ်ကန် သမ္မတ သက်တမ်း ၂ ဆက်အတွင်း စီးပွားရေး လုံးဝ ကျဆင်း တာကို ပြတာပဲ။ ဒီအကျိုးဆက်ကို အမေရိကန်မှာ နေတဲ့သူတွေ အားလုံး ခံနေရတာ” ဟု ကိုရွှေက ပြောပြသည်။ (ဧရာဝတီ သတင်း)

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဂျွန်မက်ကိန်းနှင့် အိုဘားမား ၂ ဦးစလုံးပင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထား အတူတူပင်ဖြစ် သောကြောင့် မည်သူအနိုင်ရသည်ဖြစ်စေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အရေးမကြီးလှဟု ဆိုသည်။
ရန်ကုန်တွင် နေထိုင်သည့် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးချန်ထွန်းက “အိုဘားမား အနိုင်ရရင် ကမ္ဘာကြီး အတွက် ကောင်းတယ်။ ဂျွန်မက်ကိန်းနိုင်ရင်တော့ မြန်မာပြည်အတွက် ကောင်းတယ်” ဟု သုံးသပ်သည်။ (ဧရာဝတီ သတင်း)

Bangkok Post ပါ Deutsche Presse-Agentur (dpa) သတင်းကို မှီငြမ်းပါသည်။

Links to this post
Author: vanko
•9:25 PM
ဒီကာတွန်းလေးတွေက ကိုလူလရဲ့ ဘလော့ဂ်ကနေ ကူးယူဖော်ပြတာပါ။ သူလည်း ရေးဆွဲသူဘယ်သူမှန်းမသိပါဘူးတဲ့။ အီးမေးလ်က တဆင့်ရတာလို့ ပြောပါတယ်။ ကျွန်တော်ကာတွန်းလေးတွေကို သဘောကျလွန်းလို့ ပြန်ပြီးဝေမျှလိုက်တာပါ။ မြန်မာ့ပညာရေး ခေတ်ပြိုင်ပုံရိပ်လွှာလေးတွေပေါ့ဗျာ။ ပထမတစ်ခါကြည့်ပြီးရင် သဘောကျပြီး ဟုတ်လှချည်ရဲ့လို့ ခေါင်းတစ်ညိမ့်ညိမ့်ဖြစ်မယ်။ နောက် စေ့စေ့တွေးမိရင်တော့ မြန်မာ့ပညာရေးအတွက် ရင်လေးလာမယ်။ ပြီးရင် ဘယ်သူ့လက်ချက်ဆိုတာတွေးမိလို့ ဒေါသထွက်လာမယ်။ ခံစားမှု tempo လေးတွေပေါ့နော်။ ကိုယ်တိုင် ခံစားကြည့်လိုက်ကြပါဦး။











Links to this post
Author: vanko
•7:50 AM

UK အခြေစိုက် New Statesman သတင်းဝက်ဘ်ဆိုဒ်မှာ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုနဲ့ ပါတ်သက်တဲ့ သတင်းတစ်ပုဒ် ဖော်ပြထားပါတယ်။ မြန်မာ့ကျောက်စိမ်းနဲ့ လက်ဝတ်ရတနာတွေဟာ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာသန်းနဲ့ ချီပြီးရောင်းချနေရပါတယ်။ ဒါပေမယ့် မြန်မာ့ကျောက်စိမ်း ကုန်သွယ်ရေးကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေရမှုတွေ ရှိပါတယ်တဲ့။ အတင်းအဓမ္မခိုင်းစေမှုတွေ၊ ကလေးအလုပ်သမားတွေ၊ အဓမ္မနေရာဖယ်ရှားခံရတာတွေ၊ မူးယစ်ဆေးဝါးနဲ့ လိင်မှုကိစ္စအရှုပ်အထွေးတွေနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံ ၂၀၀၀၀ ထက်မနည်းဟာ နေရာတွေက ရွေ့ပြောင်းခံရပြီးတော့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အပေါင်းအပါ ကုမ္ပဏီတွေအတွက် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ခံနေရပါတယ်။ ကျောက်စိမ်းတူးဖော်တာ၊ သွေးတာ၊ ရောင်းဝယ်ဖောက်ကားတာတွေ အားလုံးကို စစ်ဗိုလ်ချုပ်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ အကျိုးအမြတ် အကြီးအကျယ်ရနေတဲ့ ဒီကုန်သွယ်ရေးရဲ့ အမြတ်ငွေတွေအားလုံးဟာ စစ်ဗိုလ်ချုပ်တွေအတွက် ဖြစ်နေပါတယ်။ နအဖဟာ လက်နက်ဝယ်ယူဖို့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း၃၃၀ ခန့်သုံးနေပါတယ်။ ဒီပမာဏဟာ တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲမှုစုစုပေါင်းထက် နှစ်ဆမကပိုပါတယ်။ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပြီး သာမန်လူတစ်ယောက်ရဲ့ ၀င်ငွေဟာ တစ်နေ့ကို ၁ ဒေါ်လာထက်နည်းပါတယ်။

အသက် ၃၀ ခန့်ရှိပြီဖြစ်တဲ့ ကျောက်စိမ်းတွင်းတူး အလုပ်သမားတစ်ယောက်က အခုလိုပြောပါတယ်။ “ကျွန်တော်တို့ ဘ၀တွေဟာ ပင်ပန်းဆင်းရဲပြီး စိတ်ပျက်စရာပါ။ ကျွန်တော်ဆို မူးယစ်ဆေးဝါးကို အမျိုးစုံအောင် သုံးစွဲပါတယ်။ ဘိန်းဖြူတို့ အရက်တို့ပေါ့။ ဘိန်းဖြူကို ဖားကန့်မှာရှိတဲ့ ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ စစ်တပ်နဲ့ အာဏာပိုင်တွေကို ပိုက်ဆံပေးထားတဲ့အတွက် သူတို့ကို ဘယ်သူကမှ ပိတ်ခိုင်းမယ့်သူ မရှိပါဘူး။” မူးယစ်ဆေးဝါးသုံးထားခြင်းအားဖြင့် မနှစ်က ကျောက်စိမ်းခိုးဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူ့သူငယ်ချင်းအကြောင်းကို မေ့ထားနိုင်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော်တို့ ဘ၀တွေက ခက်ခဲကြမ်းတမ်းတယ်ဗျာ။ ကျွန်တော်လည်း စိတ်ညစ်ပျောက်ချင်တာနဲ့ ဘိန်းဖြူကို စသုံးမိသွားတာပါပဲ” လို့ပြောပါတယ်။

ကျောက်စိမ်းတွင်းတွေမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မကြားချင် မမြင်ချင်အဆုံးပါပဲလို့ နယူးယောက်အခြေစိုက် ရှေ့နေအဖွဲ့တစ်ဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုထဲမှာ ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ အကြမ်းဖက်မှုတွေကို စစ်အစိုးရက ကျူးလွန်နေပါတယ်။ ကျောက်စိမ်းအပယ်စ ဖြတ်စလေးတွေကို ယူမိတဲ့ ဒေသခံတွေဟာ အရိုက်အနှက်ခံရ၊ တခါတရံ အသက်ပါဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

နအဖစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေပိုင်တဲ့ ကုမ္ပဏီတွေနဲ့ ဒေသခံအာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လိင်ကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ ဒါဟာ ဒေသတွင်းမှာ HIV/AIDS ရောဂါကို ကပ်ရောဂါတစ်ခုလို ပြန့်ပွားစေတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ UNAIDS ရဲ့ခန့်မှန်းချက်မှာ မနှစ်က မြန်မာပြည်မှာ AIDS ရောဂါကူးစက်ခံထားရသူပေါင်း ၂၄၀၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်ပြည်ရဲ့ ကျောက်စိမ်းလိုအပ်ချက်ကလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စိတ်ပူစေပါတယ်။ ဘေဂျင်းအစိုးရဟာ မြန်မာစစ်အစိုးရကို လက်နက်ရောင်းနေပြီး တရုတ်ကုမ္ပဏီ ၆၉ ခုဟာလည်း နအဖနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နေပါတယ်။ စည်းမျဉ်းဥပဒေတွေအရ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်ကျောက်စိမ်းတူးဖော်ခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာကုမ္ပဏီနဲ့ဖြစ်ဖြစ် စစ်အစိုးရနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ခွင့်ရှိပါတယ်။ မြန်မာပိုင်ကုမ္ပဏီဆိုတာကလည်း နအဖဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါတွေသာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာ့သဘာဝဓါတ်ငွေ့ကိုလည်း မျက်စောင်းထိုးနေပါတယ်။

“တရုတ်ပြည်ရဲ့ မြန်မာအပေါ်ချည်းကပ်မှုကို နားလည်ချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရပါမယ်။ တရုတ်ပြည်ရဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ကုမ္ပဏီတွေကို မြန်မာ့သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ တွန်းအားပေးနေပါတယ်” လို့ Burma Project at EarthRights International ရဲ့ project co-coordinator, Matthew Smith ကပြောပါတယ်။ ဒါဟာ အပြန်အလှန်အားဖြင့်တော့ တရုတ်ပြည်ရဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးပေါ်လစီဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကျိုးသက်ရောက်စေတဲ့ ၀ိရောဓိဖြစ်စဉ်တစ်ခုပဲလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပါတ်သက်ပြီး မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ တရုတ်ပြည်ကို တိုက်တွန်းနေပေမယ့်လည်း တရုတ်ပြည်အနေနဲ့ ပေါ်ပေါ်ထင်ထင် နိုင်ငံရေးအရ ဖိအားပေးမှာမဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒါပေမယ့် တရားမ၀င် တိုက်တွန်းမှုတွေတော့ ရှိပါတယ်။ ဒါဟာလည်း မြန်မာပြည်အတွင်းမှာ တိုးတက်လာနေတဲ့ တရုတ်လူမျိုးဦးရေနဲ့ တရုတ်ပြည်ရဲ့ အကျိုးစီးပွားအပေါ်မှာသာ အခြေခံပါတယ်။

တရုတ်အနေနဲ့ မြန်မာပြည်နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှာကို လိုလားတဲ့ လက္ခဏာမရှိပါဘူး။ တရုတ်နဲ့ အိန္ဒိယတို့ဟာ မြန်မာပြည်တည်ငြိမ်ရေးနဲ့ ပါတ်သက်လို့ ယူဆထားတာတစ်ခုရှိပါတယ်။ စစ်အစိုးရရှိနေမှသာ မြန်မာပြည်ဟာ ခုပုံစံအတိုင်း တည်ငြိမ်နေနိုင်ပြီး စစ်အစိုးရပြုတ်ကျသွားခဲ့ရင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာပြီး မတည်မငြိမ်ဖြစ်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးရဲ့ ကိုယ်ကျိုးစီးပွားသက်သက်သာ ကြည့်မှုနဲ့ မြန်မာပြည်သူတွေကို အထင်သေးနှိမ့်ချတဲ့ သဘောထားကလွဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။
Links to this post
Author: vanko
•6:48 PM
မနေ့က တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အနားက လုံခြုံရေးတွေကို လျှော့ချလိုက်တယ်လို့ ဒီကနေ့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။ သံဆူးကြိုးအတားအဆီးတွေနဲ့ လုံခြုံရေးတွေကို ဖယ်ရှားထားတယ်လို့ ဆိုပါတယ်။ ကားတွေ လူတွေလည်း လမ်းမှာလွတ်လွတ်လပ်လပ် သွားလို့ရပြီလို့ သိရပါတယ်။ ဒီသတင်းကို NLD က ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုပါတယ်။ အရပ်ဝတ် လုံခြုံရေး ၃ ၄ ဦးတော့ ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ စစ်အစိုးရနေနဲ့ သဘောထားပျော့ပြောင်းလာတာလား ဆိုတာကိုတော့ ဦးဥာဏ်ဝင်းက “မှတ်ချက်ပေးဖို့ စောပါသေးတယ်” လို့ ပြောပါတယ်။

ဒီလို လုံခြုံရေးတွေကို လျှော့ချပေးတာဟာ စနေနေ့က ကျင်းပခဲ့တဲ့ ASEM အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ ဖိအားပေးတောင်းဆိုခဲ့တာနဲ့လည်း ပတ်သက်နိုင်တယ်လို့ ယူဆကြပါတယ်။ အာဆီယံနဲ့ ဥရောပ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ၇ ကြိမ်မြောက် ASEM ထိပ်သီအစည်းအဝေးကို စနေနေ့က ဘေဂျင်းမှာ ကျင်းပခဲ့ပါတယ်။ တရုတ်ကြီးအနေနဲ့ မြန်မာအစိုးရကို နိုင်ငံတကာကို လှည့်စားဖို့အတွက် ဒီလိုလုပ်ဖို့ တိုက်တွန်းကောင်း တိုက်တွန်းပါလိမ့်မယ်။ သူ့မြေပေါ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတောင်းဆိုချက်ကို သူ့သြဇာခံနောက်မြီးဆွဲနိုင်ငံတစ်ခုက လုံးဝဂရုတစိုက်မရှိဘူးဆိုရင် သူ့ရဲ့ နိုင်ငံရေးသိက္ခာကို ထိပါးမှာ စိုးတယ်ထင်ပါတယ်။

အခုလို လုံခြုံရေးလျှော့ချပေးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကောင်းပေးမယ်ဆိုတဲ့ မျှော်လင့်ချက်အတုပေးပြီး နိုင်ငံတကာ ဖိအားတွေကို လျော့ပါးသွားအောင် လုပ်တာပဲဖြစ်မယ်ထင်ပါတယ်။ နအဖဟာ ဒါမျိုးတွေလုပ်လာတာ ကြာပါပြီ။ စိတ်ရင်းစေတနာမှန်နဲ့ မဟုတ်တာတော့ မြေကြီးလတ်ခတ်ရင်သာ လွဲချင်လွဲပါလိမ့်မယ်။ ကျွန်တော့အထင်တော့ နအဖ ကိုယ်တိုင်လည်း အကျဉ်းအကျပ်ထဲမှာ ချောင်ပိတ်မိနေပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်ကွင်တားနားကလည်း နအဖဟာ အရပ်သားအစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့ ဘာမှပြင်ဆင်ထားမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ အမျိုးသားညီလာခံဟာလည်း အတုအယောင်သာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အီးယူနဲ့ သြစတြေးလျတို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းသိပ်မပြောကြတော့ပဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဦးတည်ပြီး ဖိအားပေးနေတဲ့အတွက် စစ်အစိုးရရဲ့ (ငရဲသို့) လမ်းပြမြေပုံဟာ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမယ့်ကိန်းဆိုက်နေပြီလားလို့ တွေးမိစရာပါ။ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရင်လွတ်ပေး၊ တိုင်းရင်းသားလူမျိုးစုတွေပါအပါအ၀င် တွေ့ဆုံဆွေးနွေး၊ အခြေခံဥပဒေကို ဒီမိုကရေစီစံနဲ့ ကိုက်ညီမှသာ ကုလသမဂ္ဂနဲ့နိုင်ငံတကာက လက်ခံမယ့် အနေအထားမျိုးကို ဦးတည်နေပါတယ်။

အခုတစ်လောမှာလည်း အရပ်သားအစိုးရတက်လာတဲ့အခါ ဘိုသန်းရွှေက သမ္မတရာထူး၊ ဘိုမောင်အေးက ဒုသမ္မတ၊ တင်အောင်မြင့်ဦးက ၀န်ကြီးချုပ်ရာထူးတွေ ယူမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ နအဖအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အပိုင်တွက်ချက်ထားကြတာပါ။ ဒီသတင်းတွေ ထွက်ပေါ်လာတာကြောင့် သူတို့ရဲ့ အောက်တန်းကျမှု၊ ညစ်ပတ်မှုတွေကို ပိုသိလာပြီး နအဖအတွက် ကုလနဲ့နိုင်ငံတကာကို ဖျောင်းဖျလှည့်စားဖို့ ပိုခက်လာတဲ့ သဘောရှိပါတယ်။ နအဖရဲ့ အပိုင်တွက်ကိန်းဟာ အထစ်အငေါ့လေးတွေ တွေ့လာရပါပြီ။ ၆၂ ခုနှစ်ကစလို့ စစ်အစိုးရအနေနဲ့ အကြိမ်ကြိမ်း ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ဘူးပေမယ့် ဒီမိုဘက်တော်သားများက ဘယ်အခါမှ အခွင့်ကောင်းမယူနိုင်ခဲ့ကြပါဘူး။ အကြောင်းကြောင်းတွေကြောင့် ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ စစ်အစိုးရပြုသမျှ နုခဲ့ကြရတာပါ။ ဒီကနေ့ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများအနေနဲ့ရော Plan A တွေ၊ Plan B တွေ တိတိကျကျ ရှိကြရဲ့လားလို့ သိချင်ပါတယ်။
Links to this post
Author: vanko
•11:47 PM

လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရုတ်တရက် ဆုံးပါးသွားပါတယ်။ အခုလထဲမှာပဲ ကျွန်တော့်အစ်မရဲ့ခင်ပွန်း သင်္ဘောအရာရှိဟာ အာဖရိကငှက်ဖျားပိုးကြောင့် ဆုံးသွားပြီလို့ အီးမေးလ်ရပါတယ်။ ကိုယ်နဲ့ သိပ်မသက်ဆိုင်လှသူတွေ နာရေးကို သတင်းစာထဲဖတ်ရပေမယ့်လည်း ပြီးပြီးပျောက်ပျောက် ဖြစ်သွားတက်ပါတယ်။ အများစုကလည်း အသက်ကြီးမှ သေကြတာဆိုတော့ သေခြင်းတရားဟာ ကိုယ်နဲ့ သိပ်မဆိုင်သလိုပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားသူတွေ တွေ့ရတော့လည်း အင်း.. သနားပါတယ် ဆိုတဲ့အတွေးထက် သိပ်ပိုမတွေးမိပါဘူး။ အများအားဖြင့် ပြောပါတယ်...။ ငါလည်းသူ့လို ငယ်ငယ်ရွယ်ရွယ်မှာ သေသွားနိုင်တယ်ဆိုတဲ့ အတွေးမျိုး တစ်ခါတစ်လေမှသာ ရှားရှားပါးပါး တွေးမိတာပါ။ အများအားဖြင့်တော့ အမှတ်မဲ့ ကျော်ဖြတ်သွားလိုက်ကြတာပါပဲ။

ဆရာဦးအောင်သင်းပြောသလိုပဲ လူဆိုတာများ သူများထီပေါက်ရင်တော့ ငါလည်း ပေါက်နိုင်ကောင်းရဲ့ဆိုပြီး တွေးတက်ကြပေမယ့် သူများကားတိုက်သေသွားရင် ငါလည်းသူ့လိုအတိုက်ခံရနိုင်တယ်လို့ တွေးမိတဲ့သူ နည်းပါတယ်တဲ့။ အော်.. ခမျာများ ကံဆိုးလိုက်တာလို့ပဲ တွေးတက်ကြပါတယ်။ ကိုယ်လည်း ကံဆိုးသွားနိုင်တယ်ဆိုတာကိုတော့ မေ့ထားကြပါတယ်တဲ့။ ကိုယ့်အတွက် တစ်ကွက်ချန်ထားတဲ့ သဘောပေါ့နော်..။

အခုလို ကိုယ်နဲ့ နီးနီးစပ်စပ်လူတွေ ဆုံးသွားတဲ့အခါကြတော့လည်း သေခြင်းတရားကို ဆင်ခြင်မိပြန်ပါတယ်။ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီဆိုသလို မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်း သေသွားနိုင်တာပဲကိုး..။ တရားရိပ်သာတွေကတော့ “အသေမဦးမီ ဥာဏ်ဦးအောင် အားထုတ်ပါမည်” လို့ ၀ိပဿနာတရားအားထုတ်ဖို့ encourage လုပ်ကြပါတယ်။ အခုတော့ တရားအကြောင်း ခဏထားပြီး ဆက်စပ်တွေးမိတွေးရာလေးတွေ ရေးချင်ပါတယ်။

ကျွန်တော်တို့ ရာဇ၀င်မှာထင်ရှားတဲ့ စာတိုငညိုခေါ် ၀န်ဇင်းမင်းရာဇာနဲ့ မွန်ပညာရှိက ဗညားဒလ ထင်ပါတယ်။ မှားရင်လည်း သည်းညီးခံကြပါ။ ငယ်ငယ်က၊ လေးတန်းမှာထင်ပါတယ် သင်ခဲ့ရတဲ့စာပါ။ ထားပါတော့ အဲဒီပညာရှိနှစ်ယောက် တွေ့ဆုံကြတဲ့အခါ မွန်အမတ်က ငယ်တဲ့အတွက် နိမ့်ရာမှာနေပါတယ်တဲ့။ မင်းရာဇာက ကြီးသူဆိုတော့ မြင့်ရာပေါ့လေ။ အဲဒီမှာ မွန်ပညာရှိက မြန်မာပညာရှိကို ကြံတစ်ချောင်း ကပ်ပါတယ်တဲ့။ မင်းရာဇာလည်း ကြံကို အဖျားကနေ စပြီးသုံးဆောင်ပါသတဲ့။ အဲဒီအခါမှာ မွန်အမတ်က မေးပါတယ်။ “အဘိုး ဘာကြောင့် ကြံကို အဖျားက စပြီး သုံးဆောင်ရပါသလဲ” လို့ပေါ့။ ၀န်ဇင်းမင်းရာဇာက ပြန်ဖြေပါတယ်။ လောကနီတိအရ အရသာကို တဖြည်းဖြည်းသာ တိုး၍သုံးဆောင်ရာ၏လို့ ဆိုတဲ့အတွက် အဖျားကနေ စပြီး သုံးဆောင်ရခြင်းဖြစ်ပါတယ် ပေါ့။ အဲဒီအခါမှာ မွန်ပညာရှိက “အဘိုး မြတ်စွာဘုရား ဟောကြားထားသလို သေခြင်းတရားဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး ရောက်လာနိုင်တယ် မဟုတ်ပါလား။ ချိုသောအရသာရှိတဲ့ ကြံအရင်းပိုင်းမရောက်မီ အဘိုးသေသွားရင် အရသာကို မခံစားလိုက်ရ ဖြစ်သွားမှာပေါ့” လို့ ပြောတဲ့အခါမှ ဘိုးရာဇာက “ဟုတ်လှပေသည်။ သင့်စကားသည် ငါ့စကားထက်ပိုပြီး မြတ်ပေသည်။ ငါကား နီတိဆရာစကားကို ကိုးကားပေမယ့် သင်ကတော့ မြတ်စွာဘုရားရဲ့ စကားဖြစ်တဲ့အတွက် သင့်စကားသည် ပိုမြတ်ပါသည်” လို့ ပြောသတဲ့။ ဒီနေရာမှာ ၀န်ဇင်းမင်းရာဇာရဲ့ မှားတာကိုမှားတယ်လို့ ရဲရဲဝံ့ဝံ့ ၀န်ခံရဲတဲ့သတ္တိကို သိပ်သဘောကျစရာ ကောင်းပါတယ်။

ကျွန်တော်ပြောချင်တာက ဒီလိုပါ။ ကျွန်တော်တို့လည်း ဘိုးရာဇာလို မကြာခဏဖြစ်တက်ပါတယ်။ လောကသစ္စာတရားကို ဖော်ထုတ်ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေ ရှိပါလျက် တခြားအရာတွေကို အထင်တကြီးဖြစ်နေတက်တာပါ။ ပလေတိုးကြီးကတော့ ဘယ်လိုပြောတယ်၊ ဆော့ကရထိက ဘယ့်နှယ့်၊ နစ်ရှေးကတော့ ဘယ်ပုံ၊ ဟေဂယ်ကတော့ ဘယ်လိုစသည်ဖြင့် အထင်တကြီးပြောတက်ကြပါတယ်။ အနောက်တိုင်း ဖလော်ဆော်ဖီကို မလေ့လာရဘူး ပြောတာမဟုတ်ပါဘူး။ ကျွန်တော်လည်း လက်လှမ်းမီသလောက်တော့ ဖတ်ကြည့်တာပါပဲ။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာရဲ့ သစ္စာလေးပါးတရားကို ဖုံးကွယ်လောက်အောင်တော့ သူတို့ကို မဆည်းကပ်သင့်ဘူး ပြောတာပါ။ ကျွန်တော် ဥပမာ တစ်ခုပေးချင်ပါတယ်။ ကျွန်တော် လေးစားတဲ့ ဆရာကြီး ပါရဂူရဲ့ ၀တ္ထုတစ်ပုဒ်ပါ။ အိန္ဒိယ စာရေးဆရာတစ်ဦး (ကျွန်တော် နာမည်မမှတ်မိတော့ပါဘူး) ရဲ့ ၀တ္ထုကို ဘာသာပြန်ထားတဲ့ “စိတ္တရလေခါ” ဆိုတဲ့ ၀တ္ထုပါ။ ကချေသည်မတစ်ဦးအကြောင်းပါ။ အဓိဇာတ်ဆောင်က သိပ်မများပါဘူး။ ကချေသည်မရယ်၊ ရသေ့ရယ်၊ အင်း.. ရှင်ဘုရင်ရယ်ပေါ့။ ကောင်းမှု မကောင်းမှုဆိုတာ ဘာလဲလို့ ရှာဖွေတဲ့ ဇာတ်လမ်းပါပဲ။ ၁၅ နှစ်လောက်ရှိပြီမို့ ကျွန်တော်လည်း ဇာတ်လမ်းကို အသေးစိတ်မမှတ်မိတော့လို့ အတိုချုပ်ရရင်တော့ ကချေသည်မဟာ အမြတ်ဆုံးသဘော ရေးထားတယ်လို့ထင်ပါတယ်။ ရသေ့ဟာလည်း ကချေသည်မကို စိတ်နဲ့ ဖောက်ပြန်မိတဲ့အတွက် အပြစ်ရှိတဲ့အတွက် ရသေ့ရဟန်းဘ၀ဟာလည်း သစ္စာတရားနဲ့ မနီးစပ်သယောင်ရေးထားပါတယ်။ ကချေသည်မကတော့ သူ့အလုပ်ကိုသူလုပ်တယ် ရသေ့ကို မြူဆွယ်စရာရှိလည်း သူ့အလုပ်ဖြစ်တဲ့အတွက် သူလုပ်တာကြောင့် သူသာမြင့်မြတ်သူသဘောမျိုးရေးထားတာပါ။ (အဲလိုလုပ်ဖို့အတွက် ဘုရင်က ခိုင်းပါတယ်။) ကောင်းမှု မကောင်းမှုဆိုတာ လူအပေါ်မှာ အခြေအနေပေါ်မှာ မူတည်တယ်။ တကယ့်ပကတိတရားမဟုတ်ပဲ relative သဘောမျိုးလို့ ယူဆထားပါတယ်။ ကျွန်တော် မှတ်မိသလောက်ပါ။ မှားနေရင်လည်း ပြင်ပေးကြပါ။

ဗုဒ္ဓတရားတော်အရ ကောင်းမှု၊ မကောင်းမှု၊ ကုသိုလ် အကုသိုလ်မှာ ပကတိတရားပါ။ သူခိုးမို့ ခိုးတဲ့အလုပ်ကိုလုပ်တာ ကောင်းမှုလို့ ပြောမရပါဘူး။ သူခိုးပဲ ခိုးခိုး၊ ရှင်ဘုရင်ပဲ ခိုးခိုး အကုသိုလ်ဟာ အကုသိုလ်ပါပဲ။ အဲဒီတော့ အဲလို အတွေးအခေါ်နဲ့ ၀တ္ထုတစ်ပုဒ်ကို ဆရာကြီးပါရဂူအနေနဲ့ ဘာကြောင့် ဘာသာပြန်ခဲ့သလဲလို့ ဘ၀င်မကျခဲ့ပါဘူး။ စာဖတ်ပရိတ်သတ်အတွက် အကျိုးတစ်စုံတစ်ရာ ရမယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ အဲဒီစာအုပ်ဟာ အဲဒီအချိန်က အတော်နာမည်ကြီးခဲ့ပါတယ်။ အဲဒီအယူအဆတွေလည်း မရင့်ကျက်သေးတဲ့ လူငယ်တွေ၊ လူကြီးတွေကြားမှာ အထိုက်အလျှောက်တော့ သြဇာသက်ရောက်ခဲ့ပါတယ်။ တစ်ခုရှိတာကတော့ မြန်မာ့ထုံးစံအတိုင်းပဲ ကြာတော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာကတော့ တစ်ပိုင်းပေါ့လေ။ ကျွန်တော်အနေနဲ့ကတော့ စပြီးဖတ်ရကတည်းက ဘ၀င်မကျခဲ့ပါဘူး။ အခုနေ ပြန်ဖတ်ရမယ်ဆိုရင်တော့ ပြန်ဖတ်ကြည့်ချင်ပါသေးတယ်။ တခြားတစ်ခုခုများ ထပ်ထွက်လာမလားလို့ မျှော်လင့်ကြည့်ချင်ပါသေးတယ်။

စိတ်ပညာနဲ့ ပတ်သက်ရင်လည်း စိတ်ခွဲပညာရှင် ဖရွိုက်ကတော့ ဘယ်လို ခွဲခြမ်းထားတယ်ဆိုတာမျိုး ပြောကြပါတယ်။ ကျွန်တော်သိသလောက်တော့ ဗုဒ္ဓလောက် ဘယ်သူမှ ဒီလောကထဲမှာ စိတ်ကို ခွဲခြမ်းစိတ်ဖြာပြီး ဟောပြောနိုင်သူမရှိပါဘူး။ နောင်လဲ ရှိလာမှာမဟုတ်ပါဘူး။ စိတ်ဆိုတာ အာရုံကို သိတက်တဲ့ သဘောတရား၊ အရေအတွက်အားဖြင့် အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါး။ စိတ်ကိုမှီပြီး ဖြစ်တက်တဲ့ စေတသိတ်တရား ၅၂ ပါး။ ဒါတွေကို ဘယ်တွေးခေါ်ပညာရှင် ဘယ်စိတ်ပညာရှင်မှ မဟောပြောနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အဖိုးအနဂ္ဂထိုက်တဲ့ ပတ္တမြားရတနာကို ပစ်ပြီး ရောင်စုံကျောက်စရစ်ခဲကို တရှိုက်မက်မက်ရှာဖွေနေသူတွေ မဖြစ်ကြအောင်၊ ဖီလိုဆိုဖာတွေကို အလွန်အကျူး မကိုးကွယ်မိဖို့ သတိထားမိဖို့ တွေးမိသမျှလေးတွေပါ။ ကျွန်တော့် အယူအဆကိုလည်း လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ရှိပါတယ်။

စောစောက အကြောင်းပြန်ကောက်ရရင် “ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ” ဆိုသလိုပဲ သေခြင်းတရားဟာ ဘယ်အချိန် ဘယ်အခါ ရောက်လာမယ်ဆိုတာ ဘုရား ရဟန္တာမှတစ်ပါး မသိနိုင်လို့ အသေမဦးခင် ဥာဏ်ဦးအောင် ၀ိပဿနာတရားကို အရွယ်သုံးပါးမရွေး အားထုတ်ထားကြမှသာ တကယ်ကြုံလာတဲ့အခါ မတုန်မလှုပ်ပဲ ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လောကမှာ ပုထုဇဉ်တွေအနေနဲ့ ကြိုတင်မသိနိုင်တဲ့ တရားငါးပါး ရှိပါတယ်တဲ့။ အဲဒါတွေကတော့ ..
၁။ ဇီဝိတ - ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး။
၂။ ဗျာဓိ - ဘယ်အနာရောဂါမျိုးနဲ့ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး။
၃။ ကာလ - မနက်လား၊ နေ့လား၊ ညလား၊ ဘယ်အချိန်ဘယ်ကာလမှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး။
၎။ ဒေဟနိက္ခေပနံ - ဘယ်နေရာ၊ ဘယ်ဒေသမှာ သေရမယ်။ ဘယ်သုဿာန်မှာ သင်္ဂြိုဟ်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး။
၅။ ဂတိ - သေပြီးရင် ဘယ်ဘုံ ဘယ်ဘ၀ရောက်ရမယ်ဆိုတာလည်း ကြိုမသိနိုင်ပါဘူးတဲ့။

ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ)က “ဒီလောက် ဘ၀အာမခံချက်မရှိတဲ့ ပုထုဇဉ်ဘ၀မှာ ဒိဋ္ဌိပြုတ်ကြောင်းတရားကို နာကြားအားထုတ်မထားပဲ ပေါ့ပေါ့တန်တန် နေရဲကြသူတွေအတွက် အင်မတန်မှ ရင်လေးစရာကောင်းပါတယ်” တဲ့။

မြတ်စွာဘုရားကလည်း ဗုဒ္ဓကသံယုတ်ပါဠိတော်မှာ -
သတ္တိယာ ၀ိယသြမဋ္ဌော၊
ဒယှမာနောဝမတ္တကေ။
သက္ကာယ ဒိဋ္ဌိပဟာနာယ၊
သတောဘိက္ခုပရဗ္ဗဇေ။
လို့ ဟောကြားထားပါတယ်။ အဓိပ္ပါယ်ကတော့ ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်ခံနေရသူတို့ဟာ လှံကို မြန်မြန်နုတ်၊ မီးကို မြန်မြန်ငြိမ်းရသလို ၀ိပဿနာသတိတရားရှိသူဟာလည်း သက္ကာယဒိဋ္ဌိကို မြန်မြန်နုတ်ပစ်ပါလို့ ဆိုလိုပါတယ်။

ကျွန်တော်တို့လည်း သက္ကာယဒိဋ္ဌိတွေပြုတ်ပြီး တရားထူးတွေရသည့်အထိ မဟုတ်တောင်မှ အထုံပါရမီလေးရအောင်၊ တရားအရသာလေးကို နည်းနည်းဖြစ်ဖြစ် သိရအောင် အချိန်ရတိုင်း ၀ိပဿနာတရားကို အားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော်ကတော့... အဟဲ.. အခုထိ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘူးသေးပါဘူးဗျာ။ သူများကိုပဲ ဆရာလုပ်တတ်တာ။ ကိုယ်တိုင်ကျင့်ဖို့ကျတော့ အတော်ခက်တာကလား..။
Links to this post
Author: vanko
•7:59 PM
Part three (The End)

တရုတ်ပြည်ရဲ့ ဒီကနေ့ ပြဿနာက ပြင်ပကမ္ဘာမှာ တရုတ်အနေနဲ့ ဘာကို ကိုယ်စားပြုနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖော်နိုင်တဲ့ စကားလုံးမရှိသေးတာပါပဲ။ ဘေဂျင်းအစိုးရဲ့ အာဏာရှင်အစိုးရပုံစံနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ရောသမမွှေထားတဲ့ ပေါ်လစီဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာ ပေါ်ပြူလာဖြစ်နေပါတယ်တဲ့။ ဘေဂျင်းရဲ့ အုပ်ချုပ်မှုအောက်မှာ အစိုးရခေါင်းဆောင်တွေဟာ အကျိုးအမြတ်ရဖို့ စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအကြောင်း ပိုင်စိုးပိုင်နင်းနဲ့ သြဇာအပေးခံရတာမျိုးလဲ မရှိပါဘူးတဲ့။ (မကြာသေးမီကမှ တီဗွီမှာ အခကြေးငွေယူပြီး လက်စွမ်းပြ ချက်ပြုတ်ပြခဲ့လို့ ရာထူးကနုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း စမတ်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ အခုလက်ရှိ ၀န်ကြီးချုပ်ဟာလဲ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ဆုံမှုအတွက် တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်ဖို့ ဖိအားအပေးခံနေရပါတယ်။)

ဒါပေမယ့် တရုတ်ကြီးရဲ့ မိုဒယ်လ်ဟာ သူနဲ့ ယဉ်ကျေးမှုစရိုက်တန်ဖိုး ဆင်တူတဲ့ အရှေ့အာရှနိုင်ငံတွေမှာသာ အလုပ်ကောင်းကောင်း ဖြစ်နိုင်ပါတယ်တဲ့။ တရုတ်ဧကရာဇ်တွေခေတ်မှာ ဘုရင့်အာဏာကို ထိန်းချုပ်ကန့်သတ်မှု လုံးဝမရှိပါဘူး။ အဲဒီအစားကို ရှင်ဘုရင်လုပ်သူရဲ့ ကိုယ်ကျင့်တရားဆိုင်ရာအသိပညာနဲ့ ပြည်သူ့လုပ်ငန်းတွေကို ဇောင်းပေးအာရုံစိုက်ကြတဲ့ ထိပ်တန်း ဗျူရိုကရက် အလ်လိ(တ်) (elite ကို အီလစ်တွေလို့ အတော်များများက အသံဖလှယ်ကြပါတယ်။ ကျွန်တော်ကတော့ အလ်လိ(တ်) လို့ပဲကြားပါတယ်။) တွေကပဲ (အများပြည်သူအတွက်) တာဝန်ရှိတယ်လို့ ခံစားရတဲ့အသိကို တွန်းအားပေးပါတယ်တဲ့။ ဒီအမွေဟာ ခေတ်သစ်ဂျပန်ကို ထူထောင်ခဲ့တဲ့ မေဂျီမင်းမျိုးမင်းနွယ် အထက်တန်းလွှာတွေကနေ ဒီနောက်ပိုင်းခေတ် အာဏာရှင်တွေဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ပတ်ချုံဟီး၊ စင်္ကပူရဲ့ လီကွမ်ယူးနဲ့ အခုလက်ရှိ တရုတ်ခေါင်းဆောင်တွေအထိ သြဇာသက်ရောက်မှု ရှိပါတယ်တဲ့။ (လီကွမ်ယူးကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သူ authoritarian ruler စာရင်းမှာ ထည့်ထားတာ ဘာကြောင့်လဲဆိုတာ ကျွန်တော် သြဂုတ်လမှာရေးခဲ့တဲ့ A Two Headed Horse Blocking Burma's Way To Democracy ပို့စ်ကို ဖတ်ကြည့်ရင် ရေးရေးတော့ ဆ၀ါးမိမယ်ထင်ပါတယ်။)

ဒီ ဖခင်ကြီးပုံစံ အုပ်ချုပ်မှုဟာ (ဖခင်ကြီးပုံစံ အုပ်ချုပ်မှုဆိုတာ လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်ပေးမယ် ဒါပေမယ့် ငါထားသလိုနေ၊ ပြန်မပြောနဲ့ အခွင့်အရေးမတောင်းဆိုနဲ့ဆိုတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မပေးတဲ့ အုပ်ချုပ်မှုပုံစံပါ) အာဖရိ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက အုပ်ချုပ်မှုပုံစံတွေနဲ့တော့ စပ်ဆက်မရလောက်အောင်ကို ကွဲပြားပါတယ်တဲ့။ အဲဒီတိုင်းပြည်တွေမှာ အများပြည်သူအတွက် ထည့်သွင်းစဉ်းစားတဲ့ အာဏာရှင်ပုံစံနဲ့ အလွန်အလှမ်းဝေးပါတယ်လို့ ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာတွေကို ခိုးဝှက်ယူဖို့ သူခိုးဇာတာပါတဲ့ ဇိုင်ယာနိုင်ငံရဲ့ Mobutu Sese Seko ၊ လိုင်ဘေးရီးယားရဲ့ စစ်အာဏာရှင် Charles Taylor ၊အကျင့်ပျက်ခြစားမှုတွေနဲ့ နိုင်ဂျီးရီးယား တို့လို တိုင်းပြည်တွေပဲ အာဖရိကမှာ တွေ့နိုင်ပါတယ်တဲ့။

ဒါတွေကို ကြည့်ရင် ကမ္ဘာကြီးဟာ ပိုပြီးလုံခြုံလာသလို တစ်ချိန်တည်းမှာပဲ ပိုပြီး အန္တရာယ်ရှိလာပါတယ်တဲ့။ ပိုပြီးလုံခြုံလာရတဲ့ အကြောင်းကတော့ အင်အားကြီးနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားဟာ ကမ္ဘာစီးပွားရေး ဖွံ့ဖြိုးစည်ပင်မှုနဲ့ အများကြီး စည်းနှောင်ထားတဲ့အတွက် တည်ငြိမ်နေတဲ့ အခြေအနေကို ကပြောင်းပြန်မလုပ်မိဖို့ ကန့်သတ်ထားသလိုဖြစ်နေတဲ့ အတွက်ပါပဲ။ ပိုပြီး အန္တရာယ်ရှိလာရတဲ့ အကြောင်းကတော့ အရင်းရှင်စနစ်ကို ကျင့်သုံးနေတဲ့ အာဏာရှင်နိုင်ငံတွေဟာ သူတို့နဲ့တန်းတူ အာဏာရှင် ကွန်မြူနစ်တိုင်းပြည်တွေထက်ပိုပြီးချမ်းသာ ပိုပြီး ပါဝါကောင်းလာနိုင်တဲ့အတွက်ပါပဲတဲ့။ စီးပွားရေး ဆင်ခြင်တုံတရားက နိုင်ငံရေး ရမ္မက်ဆန္ဒကို အနိုင်မယူနိုင်တော့တဲ့အခါမှာ အပြန်အလှန်မှီခိုနေကြတဲ့ ကမ္ဘာတစ်ခုလုံး ထိခိုက်လာမယ်လို့ ဆိုပါတယ်။ (အတိတ်မှာ ဒါမျိုးတွေ ဖြစ်ခဲ့ဘူးပါတယ်တဲ့။ စီးပွားရေးအင်အားတောင့်တင်းလာတဲ့အခါ နိုင်ငံရေးဘက်မှာလည်း လွမ်းမိုးချယ်လှယ်ချင်လာတဲ့ သဘောတွေရှိပါတယ်တဲ့။)

အာဏာရှင်ဝါဒ ပြန်ရှင်သန်လာမလားဆိုတဲ့ ထင်ကြေးတွေဟာ ကျွန်တော်တို့ကို တကယ့်အရေးတကြီး ကိစ္စတွေကနေ အာရုံပြောင်းသွားစေတာမျိုးလည်း မဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။ တကယ့် အရေးတကြီးကိစ္စတွေဆိုတာက ကမ္ဘာကြီးရဲ့ ထုတ်လုပ်နိုင်စွမ်းအားဟာ မရှိမဖြစ်ကုန်တွေဖြစ်တဲ့ ရေနံ၊ အစားအစာနဲ့ ရေ တွေကို တောင်းဆိုချက် လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်မလားဆိုတာမျိုးတွေပါတဲ့။ တကယ်လို့သာ ဒီလိုမထုတ်လုပ်နိုင်ဘူးဆိုရင်တော့ တစ်ယောက်သာရင် တစ်ယောက်နာရမယ့် အနေအထားကို ရောက်သွားပါမယ်တဲ့။ တစ်နိုင်ငံရဲ့ အကျိုးစီးပွားဟာ တခြားတစ်နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်လာပါမယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ ကောင်းမွန်တဲ့ အင်စတီကျူးရှင်းတွေ ရှိ မရှိ ဆိုတာထက် သဘာဝအရင်းအမြစ်တွေနဲ့ ပထ၀ီဝင် အနေအထားအသာစီးရမှုတွေပေါ်မှာ ပိုပြီးတည်မှီလာမယ်လို့ ဆိုပါတယ်။ (ကျွန်တော်တော့ ဒီလို ၁၇ ၁၈ ရာစုနှစ်လောက်က အခြေအနေမျိုး ပြန်မရောက်နိုင်ဘူးလို့ ထင်တာပဲ။)

ဖူကူယားမားအနေနဲ့ သူ့ရဲ့ လစ်ဘရယ်ဒီမိုသာ ပြိုင်ဘက်မရှိ အိုင်ဒီအိုလော်ဂျီတစ်ခု ဖြစ်တယ်ဆိုတဲ့ အယူအဆကိုပဲ ထပ်ပြီးသက်သေပြဖို့ ကြိုးစားတာပါပဲ။ အော်တိုကရေစီဟာလည်း ဒီမိုရဲ့ လောက်လောက်လားလား ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအရေးထက် အနာဂတ်စွမ်းအင်ပြဿနာလို ကိစ္စတွေကို အာရုံစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကနေ့ ရင်ဆိုင်နေရတာက ဒီမိုကရေစီဟာ ပြိုင်ဘက်မရှိ အိုင်ဒီအိုလော်ဂျီ ဖြစ်မဖြစ်ဆိုတာထက် ဒီမိုကမ္ဘာကို နှစ်သိမ့်နိုင်ဖို့ အော်တိုကရက်တွေရဲ့ အတုအယောင် ဒီမိုကရေစီပြဿနာသာဖြစ်ပါတယ်။ ဒီမိုဟာ အများလက်ခံထားတဲ့ အိုင်ဒီအိုလော်ဂျီတစ်ခုဆိုရင် အဲဒီအများနဲ့ ရောယောင်ပြီး ရှင်သန်နိုင်ဖို့ အော်တိုကရက်တွေဟာ ကလီစာထုတ်ထားတဲ့ ဒီမိုအခွံကို ချပေးပြီး သူတို့ကိုယ်သူတို့ အင်အားကြီးထွားအောင် လုပ်နေတာပါပဲလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကို ဘယ်လိုတားဆီးမလဲဆိုတာကို အဖြေရှာသင့်နေပါပြီ။

(ဒီဆောင်းပါးကို ဘာသာပြန်တဲ့နေရာမှာ political terms တွေအများကြီးပါတဲ့အတွက် အခက်အခဲတွေ့ရပါတယ်။ နောက်ပြီး ကျွန်တော် လက်လှမ်းမမှီတဲ့ သမိုင်းအဖြစ်အပျက်တွေလည်း ပါလို့အခက်အခဲရှိပါတယ်။ ကျွန်တော်သေချာမသိတဲ့ အချို့ အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့ပါတယ်။ မသိပဲ မပြောချင်လို့ပါ။ ဒီစာဟာ အစီအစဉ်မကျ ကမောက်ကမနဲ့ အဓိပ္ပါယ်မပေါက်ခဲ့ရင် ကျွန်တော့်ရဲ့ ချို့ယွင်းအားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။)
Links to this post
Author: vanko
•7:04 PM
Part 2

အိုင်ဒီယာနဲ့ အိုင်ဒီအိုလော်ဂျီ အကြောင်းပြောကြမယ်ဆိုရင်တော့ ဒီကနေ့ခေတ် အော်တိုကရက်တွေဟာ ဒီအပိုင်းမှာ အံအားသင့်လောက်စရာကို အားနည်းကြပါတယ်တဲ့။ နာဇီဂျာမနီ၊ ဆိုဗီယက်ယူနီယံနဲ့ မော်စီတုန်းရဲ့ တရုတ်ပြည်တို့ဟာ တကယ်ပဲ ကမ္ဘာကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီတိုင်းပြည်တွေဟာ အင်အားကောင်းတဲ့ အိုင်ဒီယာတွေအပေါ်မှာ အခြေခံထားပြီး ကမ္ဘာ့နိုင်ငံတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ အလားအလာတွေရှိခဲ့ပါတယ်တဲ့။ (တကယ်လည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစမှာ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံအများအပြားဟာ ရဲရဲနီခဲ့ကြတာကို မှတ်မိကြမှာပါ။) အဲဒါကြောင့်လည်း နိုင်ကာရာဂွာနဲ့ အန်ဂိုလာ တွေမှာ ဆိုဗီယက်လက်နက်တွေနဲ့ စစ်အကြံပေးတွေကို တွေ့ကြရတာပါတဲ့။ အခုချိန်မှာတော့ ဒီလို အာဏာရှင်တိုင်းပြည်တွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မရှိတော့ပါဘူးတဲ့။ အခု အာဏာရှင်လက်သစ်တွေ ရှေ့ထွက်လာကြပေမယ့် လစ်ဘရယ်ဒီမိုကရေစီသာ အင်အားအကောင်းဆုံး ဆွဲဆောင်မှုအရှိဆုံး အိုင်ဒီယာတစ်ခု ဖြစ်နေတုံးပါပဲလို့ သူကဆိုပါတယ်။ ပူတင်နဲ့ ချာဗက် အပါအ၀င် အော်တိုကရက် အများစုဟာ သူတို့အနေနဲ့ အပြင်ကမ္ဘာရဲ့ ဒီမိုကရေစီထုံးတမ်းဓလေ့တွေနဲ့ လိုက်ညှိမှ ရပ်တည်နိုင်မယ်လို့ ခံစားမိကြပါတယ်။ ဒါကြောင့်တစ်ချိန်ထဲမှာပဲ ဒီမိုကရေစီရဲ့ တကယ့်အနှစ်သာရကို ထုတ်နုတ်ထားတဲ့ ဒီမိုကရေစီအခွံကို ပေးဖို့ကြိုးစားကြပါတယ်တဲ့။ တရုတ်သမ္မတ ဟူကျင်းတောင်ကလဲ ဘေဂျင်းအိုလံပစ်မှာ ဒီမိုကရေစီအကြောင်းပြောကြတာကို အကျပ်ကိုင်ခံရသလို ခံစားရပါတယ်တဲ့။

ရုရှားနဲ့ တရုတ်တို့ဟာ ခေါင်းနဲ့ပန်းလိုဖြစ်တဲ့ ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒနှစ်ခုအနက် အရင်းရှင်စီးပွားရေးဝါဒကို ကျေကျေနပ်နပ်ကြီး လက်ခံနေကြတာကိုကြည့်ရင် စစ်အေးခေတ်ကိုပြန်သွားနေတယ်ဆိုတဲ့ အဆိုကို လက်ခံဖို့ခက်ပါလိမ့်မယ်တဲ့။ (စတာလင်နဲ့ မော်စီတုံးတို့ဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး တံခါးပိတ်စီးပွားရေးစံနစ် self-defeating, autarkic economic policies ကို ကျင့်သုံးခဲ့ကြတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။) အခုတရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ တရားဝင်ရပ်တည်နိုင်မှုဟာ အန္တရာယ်ဖြစ်လောက်အောင် အတက်ကြမ်းနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဆက်ထိန်းထားနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ သဘောပေါက်ကြပါတယ်တဲ့။ ရုရှားမှာတော့ အရင်းရှင်ဝါဒကို ထွေးပွေ့ထားဖို့ စီးပွားရေးဆိုင်ရာလှုံ့ဆော်မှုက ပုဂ္ဂိုလ်ရေးပိုဆန်ပါတယ်တဲ့။ ပူတင်နဲ့ ရုရှားရဲ့ ထိပ်တန်းအခွင့်ထူးခံတွေဟာ နိုင်ငံရဲ့ သဘာဝရင်းမြစ်တွေနဲ့ တခြားအဖိုးတန် သယံဇာတတွေကနေ ဧရာမအကျိုးအမြတ်တွေရနေလို့ပါပဲတဲ့။

အိုင်ဒီယာကမ္ဘာထဲမှာတော့ ဒီမိုကရေစီရဲ့ အဓိကတစ်ခုတည်းသော ပြိုင်ဘက်က အစွန်းရောက် အစ္စလမ်ဝါဒပါပဲတဲ့။ ဒီကနေ့ ကမ္ဘာပေါ်မှာ အန္တရယ်အရှိဆုံးတိုင်းပြည်ကတော့ အစွန်းရောက် ရှီးယိုက်ဘာသာရေးခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့ အီရန်နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်တို့ကတော့ အမျိုးသားရေးဝါဒကနေ ဆင်းသက်လာကြပြီး တစ်ယောက်နဲ့ တစ်ယောက်လဲ ပုံသဏ္ဍာန်မတူကြပါဘူးတဲ့။ ကံမကောင်းစွာပဲ ရုရှားဟာ သူ့ရဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့နိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ အစပ်အဟပ်မတည့်လှတဲ့ အမျိုးသားရေးဝိသေသဗားရှင်းကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ဒီကနေ့ရုရှားဟာ အရင်ဆိုဗီယက်ပြည်ထောင်စုနဲ့ အများကြီး ခြားနားပါတယ်တဲ့။ ပူတင်ကို ခေတ်သစ် ဇာဘုရင်လို့ ခေါ်ကြပါတယ်။

ဘေဂျင်းအိုလံပစ်မှာ ဂုဏ်ယူစွာ ခင်းကျင်းပြသသွားခဲ့တဲ့ တရုတ်အမျိုးသားရေးဝါဒကတော့ ပိုပြီး ရှုပ်တွေးပါတယ်တဲ့။ တရုတ်ဟာ သူ့ရဲ့ နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲတွင်းကဆွဲထုတ်နိုင်ခဲ့တာကို အသိအမှတ်ပြုခံလိုပါတယ်။ ဒါပေမယ့် ဒီအမျိုးသားရေးဂုဏ်ရဲ့ အဓိပ္ပါယ်ကို တရုတ်ရဲ့နိုင်ငံခြားရေးဝါဒအဖြစ် ဘယ်လို ဘာသာပြန်မလဲဆိုတာကို မသိနိုင်ကြသေးပါဘူးတဲ့။ ပေါက်ကွဲလုလု တိုင်ဝမ်အရေးကလွဲရင် တရုတ်ကြီးမှာ လွန်ကဲပြင်းထန်တဲ့ နာကျည်းချက်တွေ မရှိပါဘူးတဲ့။ ရုရှားလိုမျိုး နေတိုးက အရင်ဆိုဗီယက်ယူနီယံထဲက နိုင်ငံတွေအထိ ချဲ့ထွင်လာလို့ သူ့အင်ပါယာကြီး ကျုံ့လာတာကို စိတ်ထဲက နာသာခံခက်ဖြစ်နေရတာမျိုး မရှိပါဘူးတဲ့။ နောက်ပြီးတော့ ဘေဂျင်းအစိုးရအနေနဲ့ ရှောင်လွဲမရတဲ့ စီးပွားရေးလေးအီမှုနဲ့ ကြုံလာရတဲ့အခါ သူ့ပြည်တွင်းကို တည်ငြိမ်အောင် ကြိုးစားနေရတာနဲ့ ယားလို့တောင် ကုတ်အားမှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

နောက်နေ့မှဆက်မယ်နော်...

Links to this post
Author: vanko
•9:50 PM
ကမ္ဘာကြီးမှာ အော်တိုကရက်တွေ ပြန်ပြီးခေါင်းထောင်လာနေပြီလား။ စစ်အေးတိုက်ပွဲကာလကို ပြန်သွားနေပြီလား ဆိုတဲ့ မေးခွန်းတွေ ကြိုကြားကြိုကြား ပေါ်ထွက်နေတာ ကြာပါပြီ။ ဟိုတစ်လောက ရုရှားရဲ့ ဂျော်ဂျီယာကျူးကျော်စစ်ကို ထောက်ပြကြပြီး ဒီမေးခွန်းတွေ ပိုပြီးကျယ်လောင်လာပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Johns Hopkins University's School of Advanced International Studies က ပရော်ဖက်ဆာ Francis Fukuyama ရဲ့ ဆောင်းပါးလေးကို ကိုးကားပြီး ဖော်ပြချင်ပါတယ်။ ဒီဆောင်းပါးကို The Washington Post မှာ ဖေါ်ပြခဲ့တာ သြဂုတ်လကတည်းကပါ။ ရေးမယ်ရေးမယ်နဲ့ တေးထားတာ ကြာပါပြီ။ အခုစာတွေပြန်ဖတ်ရင်း တွေ့မိလို့ ကောက်ရေးလိုက်ပါတယ်။ နို့မို့ဆိုရင် ရေးကိုရေးဖြစ်မှာ မဟုတ်တော့ဘူး။ အပျင်းကလဲ ထူတာကိုး...။

ဖူကူယာမားကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုဘူး ထင်ပါတယ်။ The End of History အက်ဆေးနဲ့ ပွဲဆူအောင် လုပ်ခဲ့သူပေါ့။ ဖူကူယားမားက ကမ္ဘာပေါ်က ကြီးနိုင်ငယ်ညှင်းနိုင်ငံတွေ၊ world's bullies လို့ သူကသုံးပါတယ်။ ကိုယ့်ထက်အားနည်းတဲ့ ပြည်သူတွေ၊ တိုင်းပြည်တွေကို အနိုင်ကျင့်တက်တဲ့ တိုင်းပြည်တွေကို ပြောတာပါ။ အဲဒီတိုင်းပြည်တွေဟာ သူတို့ကို အများကအင်အားရှိတဲ့ သူတွေလို့ အထင်ရောက်အောင် မာဆယ်တွေ ထုတ်ပြနေကြပါတယ်တဲ့။ ဒါပေမယ့် သူတို့ ဘယ်လောက်အထိများ သွားနိုင်မလဲ၊ သူတို့ သွားနိုင်သလောက်ဟာ အခုလက်ရှိ အနေအထားထက် မပိုပါဘူးလို့ ကောက်ချက်ချပါတယ်။ သမိုင်းက သူတို့ဘက်မှာ မရှိပါဘူးတဲ့။

ကျွန်တော်တို့ အော်တိုကရက်ခေတ်ကို ၀င်ရောက်လာပြီလားလို့ သူကမေးခွန်းထုတ်ပါတယ်။ လတ်တလော ရုရှားရဲ့ ဂျော်ဂျီယာကို နှိပ်ကွပ်ခဲ့မှုက ဒီလိုတွေးဖြစ်အောင် မီးလောင်ရာလေပင့်စေပါတယ်တဲ့။ ဒီကျူးကျော်မှုဟာ ကမ္ဘာ့နိုင်ငံရေးရဲ့ အဆင့်သစ်တစ်ခုကို ရောက်လာပြီဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်စေပါတယ်တဲ့။ ဒါပေမယ့် ဒါဟာ ကမ္ဘာကြီးရဲ့အနာဂတ်ကို ရုရှားရဲ့ strongman ပူတင်အနေနဲ့ ချုပ်ကိုင်နိုင်မယ့် အနေအထားလို့ယူဆမယ်ဆိုရင်တော့ မှားပါလိမ့်မယ်တဲ့။

ဖူကူယားမားဟာ ၁၉၈၉ ခုနှစ်က သူ့ရဲ့ ကမ္ဘာကျော်အက်ဆေး The End of History မှာ စစ်အေးတိုက်ပွဲအပြီးမှာ (အိုင်ဒီအိုလိုဂျီတိုက်ပွဲမှာ) လစ်ဘရယ်ဒီမိုကရေစီဟာ အောင်ပန်းဆွတ်ခူးခဲ့ပြီဆိုတာ မငြင်းသာအောင်ပါပဲလို့ ရေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အမေရိကန်ရဲ့ လွမ်းမိုးမှုလက်ထဲက ကမ္ဘာကြီးဟာ လျှောထွက်နေပါပြီ။ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဝါဒနဲ့ ခေတ်မီတိုးတက်အောင် ပြုလုပ်ရေးဝါဒနှစ်ခုကို ရောသမမွှေရင်းသူတို့ကိုယ်သူတို့ စံနမူနာထားစရာ တိုင်းပြည်တွေအဖြစ် ဖန်တီးလာကြပါတယ်။ ဒီဝါဒဟာ လစ်ဘရယ်ဒီမိုကရေစီ ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လာပါပြီတဲ့။ သူတို့ကို လိုက်ပြီး ပုံတူကူးကျင့်သုံးလာကြတဲ့ တိုင်းပြည်တွေလည်း ရှိလာပါတယ်တဲ့။

ဂျော်ဂျီယာ အကျူးကျော်ခံရမှု၊ ဇင်ဘာဘွေမှာ သမ္မတ မူဂါဘီက ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပေမယ့် အာဏာလွဲပြောင်းပေးဖို့ ငြင်းဆန်တာ၊ (အခုအချိန်မှာတော့ ဇင်ဘာဘွေမှာ Power Sharing Deal ကို လက်မှတ်ထိုးပြီးနေပါပြီ) တောင်အမေရိကဗင်နီဇွဲလားရဲ့ ဒီမိုနည်းနဲ့ ရွေးချယ်ခံထားရတဲ့ လူပြိန်းကြိုက်သမ္မတ Hugo Chávez ဟူဂိုချာဗက် လက်အောက်မှာ ဒီမိုကရေစီ အခွင့်အရေးတွေ တစ်ဖြည်းဖြည်း လုံးပါးပါးလာတာ၊ (နောက် ရုရှားရဲ့ သြဇာကို တောင်အမေရိကအထိ ချဲ့ထွင်ဖို့ ကြိုးစားလာတာ)၊ အဲဒါတွေကို ကြည့်ပြီး စစ်အေးတိုက်ပွဲခေတ်ကို ပြန်ဝင်ရောက်လာပြီလို့ တစ်ချို့ကလဲ ထင်ကြပါတယ်။ သမိုင်း တစ်ပတ်လည်ခြင်းလား..။ အနည်းဆုံးတော့ ၁၉ ရာစုရဲ့ သင်္ကေတ အင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေ့ဆုံတဲ့ အနေအထားကို ပြန်ဦးတည်နေတယ်လို့ ယူဆကြပါတယ်တဲ့။

သေချာတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ဖာရီးဒ် ဇာကရီးယား Fareed Zakaria (Newsweek မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင် တစ်ယောက်ပါ) ၀ိသေသပြုတဲ့ “အမေရိကန်အလွန်” Post-American ကမ္ဘာကြီးကို ရောက်နေတာပါပဲတဲ့။ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ ခုနင်က world's bullies တွေက ပါဝါပြနေပေမယ့်လည်း ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒမှာ အရေးထားလောက်စရာပြိုင်ဘက် မရှိသေးပါဘူးတဲ့။ အရင်ခေတ်တွေတုံးက အာဏာရှင်အစိုးရတွေဟာ နိုင်ငံတကာမှာ ရန်လိုတက်ကြွတဲ့၊ ပြည်တွင်းမှာတော့ ကြမ်းကြုတ်ရက်စက်တဲ့ အာဏာရှင်နိုင်ငံတော်ကို ထူထောင်ကြပြီး ကမ္ဘာကြီးအတွက် အမှန်တကယ်ပဲ အန္တရာယ် ရှိပါတယ်တဲ့။ ဒီကနေ့ခေတ် အာဏာရှင်တိုင်းပြည်တွေမှာတော့ တူညီတဲ့အချက်က ဒီမိုကရေစီ ထုံးတမ်းဓလေ့တွေကို ဆက်လက်ဖျောက်ဖျက်ထားဖို့ ကြိုးစားနေကြတာပါပဲတဲ့။ ကမ္ဘာကြီးကို လွမ်းမိုးဖို့ အမှန်တကယ်လိုအပ်တဲ့ အင်အား၊ စုစည်းကျစ်လစ်မှုနဲ့ အိုင်ဒီယာတွေကို ပိုင်ဆိုင်တဲ့ အာဏာရှင်တိုင်းပြည်ကတော့ အင်မတန် နည်းပါးပါတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အရှေ့မှာ ဖြေချထားတဲ့ ကမ္ဘာကြီးကို နားလည်ဖို့ဆိုရင် ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ အော်တိုကရက်တွေရဲ့ ကွဲပြားခြားနားမှုကို သိထားရမယ်လို့ ဆိုပါတယ်။ ပထမဆုံးအနေနဲ့ အင်အားကြီးပြီး စုစည်းကျစ်လစ်တဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ အားပျော့ပြီး အရည်အချင်းမရှိတဲ့၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေကြားမှာ ကြီးမားတဲ့ ကွဲပြားခြားနားမှုရှိတာကို သိထားရပါမယ်တဲ့။ မူရှာရက်ဟာ ပါကစ္စတန်ကို ဆယ်စုနှစ်တစ်ခုနီးပါး ချုပ်ကိုင်နိုင်ခဲ့တဲ့ အဓိအကြောင်းရင်းကတော့ သူ့ရဲ့ အခြေခံအထောက်အပံ့ဖြစ်တဲ့ တိုင်းပြည်တွင်းမှာ တစ်ခုတည်းသော စုစည်းကျစ်လစ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပါကစ္စတန်စစ်တပ်ကြောင့်ပါလို့ သုံးသပ်ပါတယ်။ ဇင်ဘာဘွေကတော့ ပိုပြီး ဆိုးရွားပါသတဲ့။ မူဂါဘီဟာ ပုံပျက်ပန်းပျက် ချို့ယွင်းပြိုကွဲနေတဲ့ စီးပွားရေးကို ဦးဆောင်နေပါတယ်တဲ့။ ဇင်ဘာဘွေလို အားနည်းချည့်နဲ့တဲ့ အော်တိုကရေစီတိုင်းပြည်အနေနဲ့ သူရဲ့ အိမ်နီးချင်းတွေအပေါ် အများဆုံး ခြိမ်းခြောက်နိုင်မှာက မိုးထိုးခေါင်ခိုက်နေတဲ့ ငွေဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့ ထွက်ပြေးကြမယ့် ဒုက္ခသည်ပြဿနာသာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ (ကျွန်တော်တို့ မြန်မာပြည်နဲ့ ဇင်ဘာဘွေကို ဖူကူယားမားအနေနဲ့ တစ်တန်းစားထဲ ထားမယ်ထင်ပါတယ်။ ဇင်ဘာဘွေကတော့ အာဏာကို ခွဲဝေဖို့ သဘောတူညီချက်ရသွားပါပြီ။ )

ပထမတော့ ဒီနေ့အပြီးရေးမလို့ပါပဲ။ အလုပ်ပြန်တာလဲနောက်ကျတာနဲ့ ပြီးအောင်မရေးနိုင်တော့ပါဘူး။ နောက်နေ့ဆက်ရန်ပေါ့.....။
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်.. ကိုယ်ရေးချင်တာလေး ရေးနေရတာလဲ လွတ်လပ်မှုတစ်မျိုးပါပဲနော်....။

Links to this post
Author: vanko
•9:41 PM


အမေ့ရဲ့ ဒီမိန့်ခွန်းကောက်နုတ်ချက်ကလေးကို အစ်မမေအိခင်ဆီက ပြန်လည်ဝေမျှပါတယ်။ အမေစုရဲ့ မိန့်ခွန်းကို ဖတ်ရတော့ သူ့ရဲ့ လူငယ်များအပေါ် သဘောထား၊ မျှော်လင့်ချက်၊ ဦးဆောင်မှုတွေကို အင်မတန်လေးစားရပါတယ်။ အမေ့ရဲ့ အမျှော်အမြင်ကြီးတဲ့၊ ပြတ်သားပွင့်လင်းတဲ့ စကားလုံး၊ ခွန်အားရှိတဲ့ စကားလုံးတွေဟာ ဘာကြောင့် မြန်မာ့နိုင်ငံရေးမှာ အစားထိုးမရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းကို ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။ အမေစုလို အမျှော်အမြင်ကြီးမားတဲ့၊ ပြတ်သားပြီး ရဲရင့်တဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ခေတ်မှာ တစ်ခြားတစ်ယောက် မတွေ့ဘူးသေးပါဘူး။ နိုင်ငံ့ဖခင် ကျွန်တော်တို့ မြန်မာပြည် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးပီသပါပေတယ်လို့ ရင်ထဲက လေးလေးနက်နက် ဂုဏ်ပြုဦးညွတ်လိုက်ပါတယ်။ အမေ အသက်ရာကျော်ရှည်ပြီး နိုင်ငံကို စစ်ဖိနပ်အောက်က ကယ်တင်နိုင်ပါစေ..။


Links to this post
Author: vanko
•9:07 PM
NLD လူငယ်တွေနုတ်ထွက်ခဲ့ကြတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ခွပ်ဒေါင်းသွေး ဘလော့ဂ်က ပြန်လည်ရှင်းလင်းထားတာကို ဖော်ပြလိုက်ပါတယ်။ နိုင်ငံ့အရေးအတွက် စည်းလုံးမှု အရေးတကြီးလိုအပ်နေချိန်မှာ အခုလို အကွဲအပြဲသတင်းတွေ မကြားချင်တာအမှန်ပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ NLD အနေနဲ့လည်း ပြည်သူကို အဖြစ်မှန်ကို ရှင်းလင်းတင်ပြသင့်တယ် ထင်ပါတယ်။ တကယ်လို့ ဒီကိစ္စဟာ သွေးခွဲသပ်လျှိုလို့ဖြစ်ရတာဆိုရင်လည်း အမြန်ဆုံးဖော်ထုတ် ရှင်းလင်းသင့်ပါတယ်။

ခွပ်ဒေါင်းသွေး ဘလော့ဂ်မှာဖော်ပြထားတာကို ပြန်လည်တင်ပြလိုက်ပါတယ်။

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင် စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက် မှတ်ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င် ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင် ပင် မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။ ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည် အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စ ကို ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ် များဖြစ်ပါသည် ။

မီဒီယာများတွင် ပါရှိလာသည့်  လူငယ်( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ် လူငယ်ပါတီ ၀င် များမဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များအကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အားယုတ်လျှော့ စေ ရန် သပ်လျှိုသွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများအနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင် သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။
Links to this post
Author: vanko
•10:26 PM
ဒီကနေ့ဖတ်ရတဲ့ NLD လူငယ် ၁၀၀ ကျော်နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းကတော့ ဘယ်လိုမှမျှော်လင့်မထားတဲ့ သတင်းမို့ ဘာကို ဘယ်လို ကောက်ချက်ချရမှန်းကို မသိဖြစ်ရပါတယ်။ နုတ်ထွက်သွားကြတဲ့ လူငယ်များကတော့ လူကြီးပိုင်း (အထူးသဖြင့် ဥက္ကဌ ဦးအောင်ရွှေဟာ) လူငယ်တွေရဲ့ တင်ပြချက်တွေ သဘောဆန္ဒတွေကို လစ်လျှူရှုခဲ့တယ်လို့ စွတ်စွဲကြပါတယ်။ နုတ်ထွက်သွားကြတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ သဘောတရားရေးရာခံယူချက်တွေ နိုင်ငံရေးအတွေးအခေါ်တွေ ဘယ်လိုရှိတယ်ဆိုတာ မသိလို့ ဘယ်သူကမှန်တယ် မှားတယ်လို့လဲ ရမ်းသမ်းထင်မြင်ချက် မပေးလိုသေးပါဘူး။ သတင်းဌာနများက ဖေါ်ပြထားတဲ့ သူတို့တွေရဲ့ စကားသံတွေကိုပဲ လောလောဆယ်ဆယ်မှာ ပြန်ဖောက်သည်ချလိုက်ပါတယ်။

ဒီကိစ္စဟာ ငယ်ငယ်က ကြားဖူးတဲ့ သီချင်းထဲကလို “နှစ်ဆတိုးတာဟာလေ.. ဗမာ့တန်ခိုးပါဗျ..” ဆိုတာလို တစ်မွှာက နှစ်မွှာ၊ နှစ်မွှာက လေးမွှာ၊ နောက် အစိတ်စိတ်အမွှာမွှာ ကွဲကြမယ့် အက်ကွဲကြောင်းရဲ့ အစမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

Mizzima News
"ကျနော်တို့ အနာဂတ်ကို ဦးဆောင်မယ့်သူကို ကျနော်တို့ အများသဘောတူ ရွေးချယ်ချင်တယ်။ ကျနော်တို့ကို ဦးဆောင်မယ့် လူငယ်က မြန်မာပြည်သူတွေကို ဦးဆောင်နိုင်ရမယ်။ နိုင်ငံရေး စိတ်ဓာတ်ရှိဖို့ လိုတယ်။ ဒါကြောင့် နှုတ်ထွက်မယ်" ဟု ယခင်က လူငယ်လုပ်ငန်းအဖွဲ့ (ဗဟို) မှ သတင်းနှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ကိုနေခြည်ဝင်းက ပြောသည်။

"ကျနော်တို့ကို တချို့က ပါတီကို ပြိုကွဲအောင် လုပ်တယ်လို့ ဝေဖန်တာတွေ ရှိမှာပါ။ ခံနိုင်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ အမြင်မှာ အလုပ်မဖြစ်တဲ့ စက်ခေါင်းကို တွန်းနေမယ့်အစား ကိုယ့်ခြေထောက်ပေါ် လျှောက်တာပဲ ကောင်းမယ်လို့ ယူဆလို့ လမ်းခွဲပါတယ်"

နှုတ်ထွက် လူငယ်အများစုမှာ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန်၊ တွံတွေး၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့် စသည့်မြို့နယ်များမှ ဖြစ်ကြသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယခုလို အစုလိုက် အပြုံလိုက် နုတ်ထွက်ကြခြင်းနှင့် ပတ်သက်ပြီး ပါတီဌာနချုပ် အနေဖြင့် မည်သည့် သဘောထားကိုမှ မဆုံးဖြတ်သေးကြောင်း ပြောသည်။

"လူငယ်တွေ နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီးတော့လည်း အန်ကယ်တို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေလေ။ သူတို့အနေနဲ့ အခုချိန် မပြောချင်သေးဘူးလို့ ပြောပါတယ်။ အခုချိန် ဘာမှ မသိရသေးဘူး။ သတင်း မထုတ်ပြန်သေးနဲ့လို့ ပြောထားလို့ မပြောပါရစေနဲ့" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

နှုတ်ထွက်ရာတွင် ပါဝင်သူ ရှေ့နေ စောကျော်ကျော်မင်းက လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား ပါတီ ဥက္ကဌ ဦးအောင်ရွှေက မျက်ကွယ်ပြုခဲ့ခြင်းကြောင့် နှုတ်ထွက်ကြခြင်း ဖြစ်သည်ဟု ပြောသည်။

"ကျနော်တို့ မူဝါဒအရ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဖွဲ့ချုပ်ကနေ လူငယ်တွေ စောင့်ဆိုင်းနေတာကို ပယ်ချလိုက်တယ်။ အဖွဲ့ချုပ်ရဲ့ အပြန်အလှန် ပြန်လည် လေးစားလိုက်နာရေး ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်တယ်။ ချိုးဖောက်လိုက်ခြင်း၊ ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်။ လူငယ်တွေကို အရေးမထားဘူးလို့ ခံစားချက်နဲ့ နားလည်တာ မဟုတ်ဘူး။ အသိတရားနဲ့ ခံယူလိုက်ခြင်း ဖြစ်ပါတယ်"


The Irrawaddy News
နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။

နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ်တာဝန်ခံတယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံလုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ်မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေးအောက်မြန်မာပြည်တာဝန်ခံဖြစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေးအဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လူငယ်အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်းရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။

လူငယ်အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေးတာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင်ပါဝင်ကြောင်း သိရသည်။

“လူငယ်အဖွဲ့သစ်ဖွဲ့တာကို ဘယ်သူမှစိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထုစိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကိုဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှုပြန်လည်ရ ရှိအောင် လုပ်ရမယ့်အချိန်ဖြစ်တယ်လို့ ကျနော်အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။

ဥပဒေဘောင်အတွင်းမှနေ၍ တနိုင်တပိုင်လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။

“လက်ရှိဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။
Links to this post
Author: vanko
•7:26 PM
အစ်မမေအိခင်ထံမှ တဆင့်ဖော်ပြပါသည်။


Links to this post
Author: vanko
•7:16 PM
NEJ News 16 Oct 2008

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လူငယ်ဆိုင်ရာ ဆုံးဖြတ်ချက်ကို သဘောမတူသည့် အတွက် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး ယနေ့ အဖွဲချုပ်သို့ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင်များက နုတ်ထွက်လွှာတင်သွင်းချိန်တွင် မြို့နယ်လူငယ်များ၏ သဘောထား (သတင်းအပြီး သီးခြားဖော်ပြထားသည်) ကိုပါ အန်အယ်လ်ဒီသို့ တင်သွင်းခဲ့သည်ဟု တွံတေးမြို့နယ်မှ ကိုနေခြည်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထား မပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့နုတ်ထွက်ရာတွင် ပါဝင်သည့် လူငယ်တဦးဖြစ်သူ ကိုနေခြည်ဝင်းက “ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ လူငယ်အများစုရဲ့ သဘောထားမပါဘဲ ဖွဲ့စည်းရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီးပြုလုပ်မယ်ဆိုရင် နုတ်ထွက် မယ်ဆိုတာ ကြိုတင်အသိပေးခဲ့ပါတယ်။ အဲဒီလို တင်ပြခဲ့ပေမယ့် ကျနော်တို့ကို အခုကြေညာချက်ထွက်သည်အထိအောင် မည်သည့်သဘောထားမှ တင်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ကြိုတင်အသိပေးထားတဲ့အတိုင်း အခုလို နုတ်ထွက် တာပါ” ဟု ရှင်းလင်းပြောကြားသည်။

သို့သော် အန်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ၎င်းတို့နှစ်ဦး ထုတ်ပြန်သည့်အမိန့်ကို လိုက်နာသင့်ကြောင်း အန်အယ်လ်ဒီ အလုပ်အမှုဆောင်တဦးဖြစ်သူ ဦးလွန်းတင်က ပြောသည်။

“၁၉၉၅ ခုနှစ် အမျိုးသားညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နုတ်ထွက်လာပြီးနောက်မှာ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရှေ့ဆက်ပြီး အာဏာပိုင်တွေရဲ့ ဘယ်လိုဖိဆီးနှိပ်စက်မှုမျိုးကို ခံရဦး မလဲဆိုတာ မသိနိုင်တာကြောင့် အဲဒီကတည်းက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလည်း ပြင်ဆင်တဲ့ အနေနဲ့  ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့တယ်။ ဒီအာဏာဟာ စစ်ရေးအရ ပြောရမယ်ဆိုရင် အမိန့်ပေးနိုင်တဲ့ အာဏာပင်ဖြစ်တယ်။ ဒီ (၂) ယောက်ဟာ စစ်တပ်မှာဆိုရင် အမိန့်ပေးနိုင်သူ (ကွန်မန်ဒါ) များပင်ဖြစ်တယ်။ သူတို့ ပေးလာတဲ့အမိန့်ဆိုရင် လက်ခံပြီးဆောင်ရွက်ပေးရမှာ ဖြစ်သလို အမိန့်ကို မလိုက်နာသူတွေကိုလည်း အရေးယူရမှာဖြစ်တယ်။ အခုလည်း ဥက္ကဋ္ဌအနေနဲ့ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ စီမံဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ လိုက်နာရမှာဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ချုပ်က အောက်တိုဘာ (၁၅) ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်တွင် လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးပြီး ယခင်ကရှိခဲ့သည့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့စည်းရေး တာဝန်ခံများကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးသည့်ကိစ္စမှာ လူငယ်အများစု သဘောထားကို မယူဘဲ ဆုံးဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှ မျက်ကွယ်ပြုခဲ့ခြင်းကြောင့် ဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်မှ နုတ်ထွက်ခြင်း

(၁) ၂၉-၇-၂၀၀၈ နေ့တွင် မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လူငယ်ပေါင်း (၄၅) ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အရေးကိစ္စများတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထားမပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြပြီးဖြစ်သည်။

(၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ ထိုတင်ပြချက်အား လက်ခံရရှိကြောင်း အသိအမှတ်ပြုစာကို (၂၉-၇-၂၀၀၈) ရက်နေ့က ရရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

(၃) ၁-၈-၂၀၀၈ ရက်နေ့က ပြုလုပ်ခဲ့သော မြို့နယ်လူငယ်များ၊ ဆက်သွယ်ရေးလူငယ်များနှင့် လူငယ်ပြန်လည် ဖွဲ့စည်းရေး အဖွဲ့ အစည်းအဝေးတွင် လူငယ်များဆန္ဒကို မမေးမြန်းဘဲ လူငယ်ဖွဲ့ စည်းပုံအတွင်း မည်သည့်ပြုပြင် ပြောင်းလဲမှုကိုမှ မပြုလုပ်ရန် လူငယ်များက တင်ပြခဲ့ကြသည်။

(၄) ထို့အပြင် ၁၁-၉-၂၀၀၈ နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဆောင်ကျင်းပသော အစည်းအဝေးတွင် တက်ရောက်ဆွေးနွေးကြမည့်သူ (၁၄) ဦးထံသို့ လူငယ်များဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေး တစုံတရာ ပြုလုပ် မည်ဆိုပါက မြို့နယ်လူငယ်များ အများစုအနေဖြင့် သဘောထားပေးလိုကြောင်း မြို့နယ်ပေါင်း (၁၁) မြို့နယ်နှင့်  လူငယ်လုပ်ငန်းအဖွဲ့ဝင်စုစုပေါင်း (၃၁) ဦးတို့ မှ လက်မှတ်ရေးထိုး အသိပေးခဲ့ကြသည်။

(၅) အစည်းအဝေးကျင်းပနေစဉ်တွင် ဥက္ကဋ္ဌအား သဘောထားပေးလိုသော လူငယ်များ စောင့်ဆိုင်းနေသည်ကို အစည်းအဝေးတက်ရောက်သူများမှ တင်ပြခဲ့သော်လည်း ဥက္ကဋ္ဌမှ ပယ်ချခဲ့သဖြင့် အဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ် တရပ် ဖြစ်သော “အပြန်အလှန်လေးစားလိုက်နာရေး” ဆိုသည့် အချက်နှင့် ဖွဲ့စည်းပုံမူကြမ်း စာအုပ်၊ စည်းကမ်းချက်များ (အခန်း-၅) အပိုဒ် (၁၀)၊ အပိုဒ်ခွဲ(ဂ) ပါ “ဆုံးဖြတ်ချက်တိုင်းသည် ဒီမိုကရေစီနည်းလမ်းဖြင့် အများသဘောတူ ဆုံးဖြတ်ချက်မျိုးသာလျှင် ဖြစ်စေရမည်” ဆိုသည့်အချက်တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် မထီမဲ့မြင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(၆) ထိုသို့ အဖွဲ့အစည်းအတွင်းမှာပင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှုကို မလိုလားသော ခေါင်းဆောင်တဦးသည် ဗမာပြည်နိုင်ငံရေးတပ်ဦးတွင် ရှိနေသော်လည်း ပြည်သူလူထုတရပ်လုံး၏ လိုလားမှုကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ဟု ယုံကြည်သဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်မှု အောက်မှ အောက်ပါအဖွဲ့ ချုပ်လူငယ်များက နုတ်ထွက် လိုက်သည်။
Links to this post
Author: vanko
•5:48 PM

အမှန်တော့ ကျွန်တော် အခုတစ်လော စာရေးရမှာ သိပ်စိတ်မပါပါဘူး။ ဘလော့ဂ် တွေတောင် သိပ်မကြည့်ဖြစ်ဘူး။ ဒါပေမယ့်ပေါ့လေ... ညီမလေး Draem က tag ထားတယ်ဆိုတော့လည်း ရေးဖို့ ဈာန်ဝင်အောင် မနဲကြိုးစားရပါတော့တယ်။ ဒီကောင်မလေးကလဲ ကလေးပီပီ ကလေးလိုမနေ အားကြီးစပ်စုတာကိုး....။ အနားမှာရှိရင်တော့ ခေါင်းကို နာနာခေါက်ပစ်ချင်တယ်။ ကဲဟယ်... ကဲဟယ်.... စိတ်ထဲကနေ ခေါက်ပစ်လိုက်ပြီ။ :p

အဲဒီ အချစ်ဆိုတာကြီးကို ဘယ်ကစ ရေးရပါ့....။ အချစ်ဆိုတာ ဘာလဲလို့ မေးရင် တော်တော်ကို ဖြေရခက်တဲ့ မေးခွန်းပါ။ “ကိုရေ.. မောင်ရေ... ချစ်တယ်ဆိုတာ ဘာလဲဟင်..” လို့ ချစ်သူကမေးလာရင် ယောက်ျားလေး တော်တော်များများကတော့ ခေါင်းကုတ်မိမှာပါ။ ကမ္ဘာဦးကနေ ဒီနေ့ထက်ထိတိုင်အောင် တဖွဖွပြောလာကြ တဖွဖွမေးလာကြတဲ့ အချစ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဘယ်သူမှ ဘယ်ပညာရှိမှ တိတိပပ အဖြေမပေးနိုင်သေးပါဘူး။ ကိုယ်ထင်ရာ မြင်ရာတွေပဲ ပြောခဲ့ကြတာပါ။ အဲဒီမေးခွန်းကြီး ကိုယ့်ခေါင်းလာဆောင့်တော့ ခမျာများမှာ ခေါင်းကုတ်မိမှာပေါ့ဗျာ။

တစ်ချို့ကတော့ အချစ်ဆိုတာကို မီးတောက်နဲ့ တင်စားကြသလို တစ်ချို့ကလည်း သီတာရေကြည်ပါတဲ့။ တစ်ချို့အတွက်ကတော့ အချစ်ဟာ ကံကောင်းခြင်းလက်ဆောင်ဖြစ်ပြီး တစ်ချို့အတွက်ကြတော့လည်း ကျိန်စာတစ်ခုပါပဲတဲ့။ ဘယ်လိုပဲ အဓိပ္ပါယ်အမျိုးမျိုး ခံစားမှုအမျိုးမျိုး ကွဲပြားကြပါစေ သေချာတာတစ်ခုကတော့ အဲဒီ အချစ်ဆိုတာကြီးဟာ လူသားမျိုးနွယ်တည်ရှိနေသ၍ ထာဝရမီးတောက် တစ်ခုလို လောင်ကျွမ်းနေမှာပါပဲ။

“အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ” လို့ ကိုငှက်ကြီးက သီဆိုသွားပါတယ်။ အချစ်ဆိုတာ တခါတရံမှာ အသိရခက်တယ်၊ လျှို့ဝှက်တယ်၊ အားမလိုအားမရဖြစ်ရတာတွေရှိတယ်၊ မျှော်တော်ဇောနဲ့ မောရတက်တယ်။ တခါတရံမှာတော့ တက်ကြွပျော်ရွင်မှုတွေ၊ ကြည်နှုးစိတ်ချမ်းသာမှုတွေ၊ ယုယကြင်နာမှုတွေနဲ့ ထုံလွှမ်းနေတက်တယ်။ တခါတလေလည်း စိတ်ဆိုးစိတ်ကောက်ရတာတွေ၊ မနာလိုဝန်တို ဖြစ်ရတာတွေ၊ မယုံသင်္ကာဖြစ်မှုတွေနဲ့ ကျွမ်းလောင်နေတက်ပြီး တခါတလေတော့ ကိုယ်ချင်းစာနာမှု၊ နားလည်သိတက်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ညှိနှိုင်းမှုတွေနဲ့ သိပ်ကို သာယာနေတက်ပြန်တယ်။ တခါတလေများကြတော့လဲ “ငါမင်းကို သတ်ချင်တယ်”ဆိုတဲ့ အထိ အချစ်ကြီးလို့ အမျက်ကြီးတက်ပြန်ရောဗျ။

အဲဒီအချစ်ဆိုတာကြီးကို လူအမျိုးမျိုးက ကောင်း၏ဆိုး၏ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတော့ စဉ်းစားမိတာ အချစ်ဆိုတာ ရေလိုပါပဲ။ ထည့်ရာခွက်ရဲ့ ပုံသဏ္ဍာန်အတိုင်းနေမယ်။ ဆိုးတဲ့အရောင်အတိုင်း အရောင်ပြောင်းမယ်။ ခင်ဗျားက အချစ်ဆိုတာ မီးတောက်ပါပြောခဲ့ရင် မီးတောက်ပေါ့ဗျာ။ စမ်းချောင်းရေ ကြည်အေးအေးလေးပါဆိုရင်လည်း ခင်ဗျားသဘောပါပဲ။ အချစ်ဆိုတာကြီးကတော့ သူ့ဘာသာသူ သူ့သဘောသူဆောင်နေမှာပါပဲ။ အချစ်ဆိုတာ စွန့်လွတ်အနစ်နာခံခြင်းလို့ ယူဆရင် ကိုယ့်ခံယူချက်နဲ့ကို ရဲရဲကြီးစွန့်လွတ်လိုက်ပေါ့။ ဒါမှ ငါသူ့ကို တကယ်ချစ်တာပဲလို့ ခင်ဗျား ဖြေသိမ့်နိုင်မယ်။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ကောက်ရင် ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေါ့ဗျာ။ အဲဒီအတွက် ရခဲ့ရင် ခင်ဗျား သိပ်ပျော်ရွှင်ရမယ်။ ဒီကိစ္စဟာ လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားမှုနဲ့ပဲ ဆိုင်ပါတယ်။ ခင်ဗျားက လက်ဖ၀ါးမြင်ရင် လက်ဖ၀ါး၊ လက်ဖမိုးလို့ မြင်ခဲ့ရင် လက်ဖမိုးပေါ့ဗျာ။ ဒီအမြင်တွေဟာ တကယ်တော့ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေက အများဆုံး ဆုံးဖြတ်ပေးတာပါ။ အချစ်ဆိုတာကို ကိုယ်ထင်ကုတင်ရွှေနန်း ကြိုက်သလို ယူဆနိုင်ပါတယ် တစ်ခုပဲရှိတာက သူများအပေါ် မထိခိုက်ဖို့ပါပဲ။

ဒါက အချစ်အပေါ် အကောက်အယူ ကွဲပြားပုံကို ပြောတာပါ။ ကျွန်တော့် အမြင်ကတော့ အချစ်ဆိုတာ ပင်ကိုယ်သဘောကိုက အေးမြပါတယ်။ မိဘရဲ့ သားသမီးတွေအပေါ် ထားတဲ့ အချစ်ကို ကြည့်ပါ၊ မိဘတွေဟာ သားသမီးတွေအပေါ်မှာ unconditionally ချစ်တာပါ။ ဘာမှ ပြန်ရလိုတဲ့ မျှော်လင့်ချက်မရှိပါဘူး။ မိဘနဲ့ ချစ်ဖို့ negotiate လုပ်စရာမလိုပါဘူး။ ကျွန်တော်တို့ လူငယ်အချင်းချင်း ဖိုမသဘာဝ ချစ်ကြပြီဆိုတဲ့အခါကြတော့ condition တွေရှိလာပါပြီ။ သူ့အပေါ် ဂရုစိုက်ရတော့မယ်။ shopping ထွက်ရင် လိုက်ရတော့မယ်။ မွေးနေ့တွေ Valentine day တွေမှာ လက်ဆောင်ပေးရမယ်။ သူ့ရဲ့ စကားလေးတွေ၊ အကြိုက်တွေ၊ အရေးကြီးတဲ့ နေ့စွဲတွေကို အလွတ်ကျက်ရတော့မယ်။ ဒီ condition တွေကို မလိုက်နာရင် ခင်ဗျား ကောင်းကောင်း ဒုက္ခရောက်သွားနိုင်ပါတယ်။ နောက်ပြီး သူ့အကြိုက် ကိုယ့်အကြိုက် negotiate လုပ်ရတော့မယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ အနိုင်ယူနိုင်တယ် ဘယ်လောက်အထိ လျှော့ပေးနိုင်တယ်ဆိုတာတွေ ညှိနှိုင်းရတော့မယ်။ ဘာတွေဘာတွေကတော့ သူ့အတွက် အင်မတိအင်မတန် အထိမခံ ကြွေပန်းကန် ကိစ္စတွေဖြစ်တယ်ဆိုတာ မမေ့မလျော့ နေ့ညမပြတ် နှလုံးသွင်းဆင်ခြင်ရမယ်။ ထို့အတူ ကိုယ့်ဘက်က ဘာတွေ ဘယ် condition တွေ သတ်မှတ်ချင်တယ်ဆိုတာ ပြောပြရတော့မယ်။ အမှန်တော့ Deal လုပ်နေတာပါပဲ။ ပွင့်လင်းမှုမရှိရင် နောက်ပိုင်းကျမှ ငါကို ဒီလိုဆက်ဆံတာ မကြိုက်ဘူးတို့၊ အစက ဒီလိုမှန်းသိရင် ဆိုတာတွေဖြစ်လာရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမှာပါ။ ဒီ deal ကို အောင်အောင်မြင်မြင် သစ္စာရှိရှိ တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွတ်မှုတွေ၊ အပြန်အလှန် ညှိနှိုင်းမှုတွေ၊ သာတူညီမျှသဘောထားနိုင်မှုတွေ၊ မျှဝေခံစားမှုတွေ၊ ဆိုးတူကောင်းဘက် တိုက်ပွဲဝင်စိတ်ဓါတ်တွေနဲ့ တည်ဆောက်နိုင်သူတွေကတော့ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြမှာပါ။ (ဒီ deal မှာ အဓိကအကျဆုံးက တစ်ဦးအပေါ်တစ်ဦးထားတဲ့ တကယ်စစ်မှန်တဲ့ အချစ်ပါပဲဆိုတာ ထည့်ပြောစရာတောင် မလိုပါဘူးနော်..။) ဒီ deal ကို အစကတည်းက တိကျပွင့်လင်းမှုတွေနဲ့ ကတိသစ္စာနဲ့ မတည်ဆောက်ခဲ့ပဲ မျက်တောင်မွှေးတစ်ဆုံး အမြင်နဲ့ပဲ လက်တွဲခဲ့ရင်တော့ သစ္စာမဲ့မှုတွေ၊ သံသယတွေ၊ နင့်ကြောင့်ငါ့ကြောင့်ဆိုတဲ့ အပြန်အလှန်စွပ်စွဲမှုတွေ၊ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်ဆိုတဲ့ ပဋိပက္ခတွေနဲ့ လုံးချာလယ်ပြီး ကျဆုံးသွားကြမှာပါ။

ဒါကတော့ ယေဘုယျသဘောပါ။ ဒီအထဲမှာမှ ချွင်းချက်တွေရှိဦးမှုာပါ။ တစ်ယောက်ကို တစ်ယောက်က မေတ္တာကတိမပျက်ကြပါတယ် ဆိုသော်လည်း အမိအဖတွေကြောင့် ကွဲရတာလည်း ရှိဦးမှာပါ။ ဟိုတုန်းကတော့ မျက်တောင်မွှေးတစ်ဆုံးကြည့်ပြီး မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးရာလိုက်ပြေး၊ အိမ်ထောင်သက်ဆိုးမရှည်လောက်ပါဘူး ထင်ထားလည်း တကယ့်ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ မောင်တစ်ထမ်းမယ်တစ်ရွက် သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းသွားကြသူတွေလည်း မနည်းပါဘူး။ အချစ်ဆိုတာ ပင်ကိုယ်က အေးမြပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းရတဲ့ လမ်း၊ ရင်ဆိုင်ရတဲ့ ကံကြမ္မာ၊ ကျွန်တော်တို့ရဲ့ ကိုယ်ခံစွမ်းအား အသိအမြင်တွေကသာ ကျွန်တော်တို့အပေါ်ကို အချစ်က ဘယ်လိုသက်ရောက်သလဲလို့ ဆုံးဖြတ်တာပါ။

တစ်ချို့ကြတော့လည်း အချစ်ဦးနဲ့ ပေါင်းရတာ ကံသိပ်ကောင်းတယ်လို့ ပြောကြတယ်။ တစ်ချို့ကြတော့လည်း သူချစ်ကိုရှာတဲ့။ ပြောရခက်ပါတယ်ဗျာ။ ကျွန်တော်ကြားဘူးတဲ့ ဂရိပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်။ ဆရာနန္ဒာသိန်းဇံ စာအုပ်ထဲကပါ။ သိပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပါ။ ဟိုတုန်းက လူဟာ မျက်နှာနှစ်ခု၊ ကိုယ်လုံးကနှစ်ခု၊ လက်လေးဘက် ခြေလေးဘက်နဲ့တဲ့၊ သိပ်လည်း ခွန်အားကြီးတယ်လို့ ဆိုပါတယ်။ လူဟာသိပ်ပြီး ခွန်အားကြီးလာတဲ့အခါကြတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး နတ်တွေရဲ့ နေရာကို လုယူဖို့တောင် ကြံစည်လာသတဲ့။ အဲဒါကို နတ်ထောက်လှမ်းရေးတွေသိတော့ ဇုနတ်မင်းကြီးကိုတင်ပြ အရေးပေါ်အစည်းအဝေး လုပ်ပြီး လူတွေရဲ့အရေးကို ဘယ်လိုလုပ်ရမလဲလို့ ဆွေးနွေးကြသတဲ့။ နတ်တစ်ပါးကတော့ လူတွေကို အကုန်သာသတ်ပစ်လိုက်တဲ့။ အန္တရာယ်လွယ်ထားတာ မကောင်းဘူးပေါ့။ လူလယ်ခေါင်ကြမှ မအောင့်နိုင်မအည်းနိုင်ဖြစ်လာရင် ခက်ရချည်ရဲ့ လို့ ပြောသတဲ့။ မဟုတ်သေးပါဘူး ဘယ်ရောက်သွားတာပါလိမ့်...။ ပြန်ဆက်မယ်နော်..။ အဲဒီအဆိုကို တခြားနတ်တစ်ပါးက ကန့်ကွက်သတဲ့။ လူတွေအကုန်လုံးသာ သတ်ပစ်လိုက်ရင် ဒို့ကို ပူဇော်ပသမယ့်သူမရှိဖြစ်သွားမှာပေါ့ လို့ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသတဲ့။ အဲဒါနဲ့ နတ်မင်းတွေ ခေါင်းခြင်းရိုက်လိုက်ကြတာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်တဲ့။

အဲဒီဆုံးဖြတ်ချက်ကတော့ လူတွေကို နှစ်ခြမ်းခွဲပစ်လိုက်ဖို့ပါပဲတဲ့။ လူတွေကို နှစ်ခြမ်းခွဲလိုက်တဲ့အတွက် လူဟာ အခုလက်ရှိထက် အားနည်းသွားမှာဖြစ်တဲ့အတွက် သူ့အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ နောက်တစ်ခုက လူတစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာတဲ့အတွက် လူဦးရေပိုများလာပြီး ပူဇော်ပသကြတဲ့ လာဘ်ပဿကာတွေလည်း ပိုများလာဦးမယ်...။ အမယ်... အတော်အကြံပိုင်တဲ့ နတ်တွေပါလား။ အဲဂလို အစည်းအဝေးဆုံးဖြတ်ချက်ကိုလည်း အကောင်အထည်ဖော်လိုက်ရော လူတွေ နှစ်ဆပွားလာတာပေါ့။ အင်း...အဲဒီမှာ လူအတွက် ပြဿနာပေါ်တော့တာပဲ။ လူဟာ သူ့ကိုယ်ထဲက ခွဲထုတ်ပေးလိုက်တဲ့ အခြမ်းကို အမြဲတမ်း လိုက်ရှာနေသတဲ့။ ရှာလို့တွေ့တဲ့အခါကြတော့လည်း “အိုး... မင်းဟာ ငါ့ရဲ့ အခြမ်းလေးပါပဲ” ဆိုပြီး ယုယုယယနဲ့ ထွေးပိုက်ထားကြပါသတဲ့။ အခြမ်းအချင်းချင်း သိပ်ချစ်ကြဆိုပဲ။ တခါတလေများကြတော့လဲ ကိုယ့်အခြမ်းမှတ်လို့ မြတ်မြတ်နိုးနိုးနဲ့ ထွေးပွေ့ထားပေမယ့် နောက်တော့ သူက “ကိုယ်ဟာ မင်းရဲ့ အခြမ်းမဟုတ်ပါဘူး” ဆိုပြီး ပစ်ပြေးသွားကြသတဲ့။ အင်း... ကိုယ့်အခြမ်းကို ကိုယ်ပြန်ရသူတွေကတော့ မဟာကံထူးရှင်လို့ ပြောရမလားပဲ။ အခြမ်းပျောက်တဲ့သူတွေလည်း လမ်းပေါ်မှာ ယောင်လည်လည်နဲ့ ဒီနေ့ထက်ထိတိုင် အခြမ်းပျောက်ရှာပုံတော် ဖွင့်ဆဲပေါ့နော်..။ အားလုံးပဲ ကိုယ့်အခြမ်းလေးကို ရှာတွေ့နိုင်ပါစေဗျာ။

နိဂုံးချုပ်ရရင်တော့ အချစ်ဆိုတာ လူနှစ်ဦး သို့မဟုတ် ဒိထက်ပိုတဲ့ လူသားအချင်းချင်းကြားမှာ ပေါက်ဖွားလာတက်တဲ့အရာပါ။ ခွေးလေး ကြောင်ကလေးတွေ တိရိစ္ဆာန်လေးတွေကို ချစ်တာကလည်း အချစ်တစ်မျိုးပါပဲ။ ချစ်တယ်ဆိုတဲ့ နေရာမှာလည်း စောစောကပြောသလိုပဲ ပုံစံအမျိုးမျိုးကွဲပြားကြပါတယ်။ ဆန့်ကျင်ဘက် ဖိုမသဘာဝအချင်းချင်း တဏှာပေမ နောက်ခံထားတဲ့ အချစ်။ (တို့အချစ်က သန့်ရှင်းတယ် တဏှာမရှိဘူး မပြောနဲ့နော် ... လိုချင်တာ တပ်မက်တာ သူ့မျက်နှာလေးမြင်ချင်တာ သူ့အသံလေး ကြားချင်တာ အဲဒါတွေ အားလုံးဟာ တဏှာပါ.... ဟဲ.. ဟဲ... ဘဘုန်းကြီးလေသံနဲ့ )။ သားသမီးနဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာ။ သူ့ကြတော့ ချစ်တာတောင် မေတ္တာဆိုတာလေးက နောက်ကတွဲပါသေးသဗျ။ မေတ္တာအကြောင်း ဆက်ရှင်းရင်တော့ တရားတော်တွေဘက် ရောက်ကုန်တော့မယ်။ ဒီစကား ဒီမှာတင်ရပ်...။ ဆရာတပည့် ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်းအချစ်၊ သမီးယောက်မအချစ်၊ ဟိုအချစ် ဒီအချစ်... ဆက်ရေးရင်တော့ အချစ် ၁၂ မျိုးဂျင်းသုပ် ဖြစ်တော့မှာပဲ။

ဘာပဲဖြစ်ဖြစ် အဲဒီ အချစ်ဆိုတာကြီးက ခုနင်ကပြောတဲ့ လူတွေကို ပေါင်းစည်းထား Bond လုပ်ထားတာပေါ့ဗျာ။ အဲဒီလို အချစ်နဲ့ bond လုပ်ထားခြင်းအားဖြင့် တစ်ဦးကိုတစ်ဦး နားလည်ဖို့ ကြိုးစားကြမယ်။ တစ်ဦးအကျိုးစီးပွားကို တစ်ဦးကစောင့်ရှောက်မယ်။ ဘုံရည်မှန်းချက်တွေ ရှိလာမယ်။ အစားကောင်းလေး စားရရင် ချစ်တဲ့သူကို သတိရတယ်ဆိုသလိုပဲ ကောင်းကျိုးဆိုးပြစ်တွေကို မျှဝေခံစားချင်လာမယ်။ သာယာပျော်ရွှင်တဲ့ community လေးတစ်ခုဖြစ်လာမယ် အဲလိုမဟုတ်လားဗျာ။ အဲဒီ community လေး ကြီးထွားသထက် ကြီးထွားလာရင် ...။ ကမ္ဘာကြီးတစ်ခုလုံး အပြန်အလှန် လေးစား ချစ်ခင်လာကြရင်၊ တစ်ဦးအပေါ် တစ်ဦး မေတ္တာရှေ့ထားတဲ့စိတ်နဲ့ ဆက်ဆံလာကြရင် သာယာဝပြောတဲ့ လောကနိဗ္ဗာန်လေးတစ်ခု ဖြစ်လာမှာမလွဲပါဘူး။ “အချင်းချင်း အမျက်ဒေါသမရှိ ချစ်သောမျက်စိဖြင့်သာ ကြည့်ကြကုန်လေသတည်း” ဆိုတဲ့ နေ့ကို မျှော်လင့်လျှက်....။
Links to this post