•6:48 PM
ဒီလို လုံခြုံရေးတွေကို လျှော့ချပေးတာဟာ စနေနေ့က ကျင်းပခဲ့တဲ့ ASEM အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ ဖိအားပေးတောင်းဆိုခဲ့တာနဲ့လည်း ပတ်သက်နိုင်တယ်လို့ ယူဆကြပါတယ်။ အာဆီယံနဲ့ ဥရောပ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ၇ ကြိမ်မြောက် ASEM ထိပ်သီအစည်းအဝေးကို စနေနေ့က ဘေဂျင်းမှာ ကျင်းပခဲ့ပါတယ်။ တရုတ်ကြီးအနေနဲ့ မြန်မာအစိုးရကို နိုင်ငံတကာကို လှည့်စားဖို့အတွက် ဒီလိုလုပ်ဖို့ တိုက်တွန်းကောင်း တိုက်တွန်းပါလိမ့်မယ်။ သူ့မြေပေါ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတောင်းဆိုချက်ကို သူ့သြဇာခံနောက်မြီးဆွဲနိုင်ငံတစ်ခုက လုံးဝဂရုတစိုက်မရှိဘူးဆိုရင် သူ့ရဲ့ နိုင်ငံရေးသိက္ခာကို ထိပါးမှာ စိုးတယ်ထင်ပါတယ်။
အခုလို လုံခြုံရေးလျှော့ချပေးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကောင်းပေးမယ်ဆိုတဲ့ မျှော်လင့်ချက်အတုပေးပြီး နိုင်ငံတကာ ဖိအားတွေကို လျော့ပါးသွားအောင် လုပ်တာပဲဖြစ်မယ်ထင်ပါတယ်။ နအဖဟာ ဒါမျိုးတွေလုပ်လာတာ ကြာပါပြီ။ စိတ်ရင်းစေတနာမှန်နဲ့ မဟုတ်တာတော့ မြေကြီးလတ်ခတ်ရင်သာ လွဲချင်လွဲပါလိမ့်မယ်။ ကျွန်တော့အထင်တော့ နအဖ ကိုယ်တိုင်လည်း အကျဉ်းအကျပ်ထဲမှာ ချောင်ပိတ်မိနေပါပြီ။
ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်ကွင်တားနားကလည်း နအဖဟာ အရပ်သားအစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့ ဘာမှပြင်ဆင်ထားမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ အမျိုးသားညီလာခံဟာလည်း အတုအယောင်သာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အီးယူနဲ့ သြစတြေးလျတို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းသိပ်မပြောကြတော့ပဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဦးတည်ပြီး ဖိအားပေးနေတဲ့အတွက် စစ်အစိုးရရဲ့ (ငရဲသို့) လမ်းပြမြေပုံဟာ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမယ့်ကိန်းဆိုက်နေပြီလားလို့ တွေးမိစရာပါ။ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရင်လွတ်ပေး၊ တိုင်းရင်းသားလူမျိုးစုတွေပါအပါအ၀င် တွေ့ဆုံဆွေးနွေး၊ အခြေခံဥပဒေကို ဒီမိုကရေစီစံနဲ့ ကိုက်ညီမှသာ ကုလသမဂ္ဂနဲ့နိုင်ငံတကာက လက်ခံမယ့် အနေအထားမျိုးကို ဦးတည်နေပါတယ်။
အခုတစ်လောမှာလည်း အရပ်သားအစိုးရတက်လာတဲ့အခါ ဘိုသန်းရွှေက သမ္မတရာထူး၊ ဘိုမောင်အေးက ဒုသမ္မတ၊ တင်အောင်မြင့်ဦးက ၀န်ကြီးချုပ်ရာထူးတွေ ယူမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ နအဖအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အပိုင်တွက်ချက်ထားကြတာပါ။ ဒီသတင်းတွေ ထွက်ပေါ်လာတာကြောင့် သူတို့ရဲ့ အောက်တန်းကျမှု၊ ညစ်ပတ်မှုတွေကို ပိုသိလာပြီး နအဖအတွက် ကုလနဲ့နိုင်ငံတကာကို ဖျောင်းဖျလှည့်စားဖို့ ပိုခက်လာတဲ့ သဘောရှိပါတယ်။ နအဖရဲ့ အပိုင်တွက်ကိန်းဟာ အထစ်အငေါ့လေးတွေ တွေ့လာရပါပြီ။ ၆၂ ခုနှစ်ကစလို့ စစ်အစိုးရအနေနဲ့ အကြိမ်ကြိမ်း ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ဘူးပေမယ့် ဒီမိုဘက်တော်သားများက ဘယ်အခါမှ အခွင့်ကောင်းမယူနိုင်ခဲ့ကြပါဘူး။ အကြောင်းကြောင်းတွေကြောင့် ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ စစ်အစိုးရပြုသမျှ နုခဲ့ကြရတာပါ။ ဒီကနေ့ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများအနေနဲ့ရော Plan A တွေ၊ Plan B တွေ တိတိကျကျ ရှိကြရဲ့လားလို့ သိချင်ပါတယ်။
0 comments: