Author: vanko
•11:55 PM
အစ်မမေအိခင်က tag ထားတယ်နော် ဆိုလို့ tag တယ်ဆိုတာ ဘယ်လိုကြီးလဲလို့ ကြောက်နေတာ။ အိမ်အောက်က သူခိုးက ဒေဝေါဆိုတာ ဘာကြီးမှန်း မသိသလိုပဲ။ (ဥပမာကလဲ မကောင်းလိုက်တာနော် ...). ခုတော့ အစ်မက ကိုယ့်စိတ်ထဲရှိတာတွေ အကုန်ရေးဆိုလို့ ရေးလိုက်ပြီဗျာ။ အစ်မရေ သည်းခံပြီးသာ ဖတ်ပေတော့။ :P

ပထမဆုံး.... ပထမဆုံးဘာရေးရပါ့မလဲ...?။
၁။ အင်း.... ပထမဆုံး နေခဲ့တဲ့အိမ်... ကျွန်တော်တို့အပြင် အဖိုးကြီး၊ အဖွားကြီးနှစ်ယောက်ထဲရှိတဲ့ အိမ်ကလေးပဲ။ အဖေနဲ့ အမေ အိမ်ထောင်ကျခါစမှာ အိမ်ငှားနေတယ်လေ..။ အဖွားကြီးက ကန်စွန်းဥပြုတ်လေးတွေ သူ့အိမ်ရှေ့ဖွင့်ထားတဲ့ မုန့်ဆိုင်ကလေးမှာ ရောင်းတယ်။ မနက်လေးနာရီလောက် ထပြီး ကန်စွန်းဥပြုတ်ရင် ကျွန်တော်လည်း ထပြီး မီးဖိုဘေးထိုင်စောင့်ရင်း ကဗျာတွေရွတ်တာမှတ်မိတယ်။ နှစ်နှစ်သားလောက်ပေါ့။ အဲဒီအဖိုးကြီး၊ အဖွားကြီးက ကျွန်တော်တို့ မိသားစုကို သိပ်ခင်တွယ်တာ။ သူတို့အိမ်မှာ ငှားနေတာ ၃ ၄ နှစ်လောက်ပဲရှိမှာပါ။ ဒါပေမယ့် သူတို့ သေတဲ့အထိ ကျွန်တော်တို့ကို သားသမီးမြေးတွေထက် ပိုခင်တွယ်ကြတယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပဲ ဖြစ်မယ်ထင်ပါတယ်။

၂။ ပထမဆုံး အိမ်ကနေ အဝေးကြီး (အဝေးကြီးလို့ အဲဒီတုန်းကတော့ ထင်တာပဲ) တက်ရတဲ့ ကျောင်း.... “မြတ်” မူကြို။ မူကြိုကျောင်းကားက အိမ်အထိ လာကြိုတယ်ဗျ။ ကျောင်းကားလာခါနီးဆို ကျွန်တော်ကတော့ ငိုတာပဲ။ ဟိုမှာက နေ့ခင်းဘက် အိပ်ရတာကိုး။ ကျွန်တော်က ဆော့နေရမှ...။

၃။ ပထမဆုံး ရတဲ့ဆု သူငယ်တန်း တတိယဆု။

၎။ ပထမဆုံး သူငယ်ချင်း... သုံးယောက်တောင်ရှိတယ်။ ပထမဆုံးလို့ထင်တာပဲ။ ဘသန်းရယ်၊ မိငယ်ရယ်၊ သန္ထာရယ် ပေါ့။ ကျွန်တော်တို့ လေးယောက်က အတန်းတိုင်းမှာ ပထမ၊ ဒုတိယ၊ တတိယကို အမြဲ လုနေကြမို့ထင်ပါတယ်။ သူတို့ သုံးယောက်ပဲ မူလတန်းသူငယ်ချင်းတွေထဲမှာ မှတ်မှတ်ရရရှိတယ်။ ထူးဆန်းတာက ကျွန်တော်နေတဲ့ ကျောင်းက တတိယဆုကို အမြဲပဲ နှစ်ယောက်တွဲပေးတယ်ဗျ။ အင်း... ကျွန်တော်ကလဲ တတိယပဲ ရတာများပါတယ်။ ဆရာမက ကျွန်တော့်ကို သိပ်လျှမ်းတယ်တဲ့။

၅။ ပထမဆုံး အမှတ်တရရှိတဲ့ဆု...။ ကျွန်တော်တို့ အတန်းပိုင်ဆရာမအိမ်မှာ လေးတန်းအစိုးရစစ် စာမေးပွဲအတွက် အကြို စာမေးပွဲလုပ်ပေးတုံးက ရတဲ့ ပထမဆု။ ပထမဆုကို အမှတ်ရတာမဟုတ်ဘူး။ ဆရာမက ကျွန်တော် လျှမ်းတက်မှန်းသိလို့ ဆုအဖြစ်ပေးတဲ့ လေယဉ်ပျံရုပ်ကလေးမှာ ဒီလိုရေးပေးတယ်။ “မြင်းကောင်းခွာလိပ် မဖြစ်စေနဲ့” တဲ့။ ခုထိ အဲဒီ စကားလေးကို အမှတ်ရတုံးပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမြဲ အဲဒီလိုဖြစ်တက်လို့ပါ။

၆။ ပထမဆုံး တကယ့်စိတ်တူကိုယ်တူ သူငယ်ချင်း....။ သူနာမည်က ထူးဆန်းတယ်ဗျ။ သူ့စိတ်ကလဲ ထူးဆန်းတယ်။ သူ့နာမည်ကိုပြောရင် စိတ်ဆိုးမှာ ကျွန်တော်သိလို့ မပြောတော့ပါဘူး။ သူက tourist guide လုပ်တယ်။ အောင်မြင်တဲ့ ဂိုက်အနည်းငယ်ထဲက တစ်ယောက်ပါ။ သူနဲ့ ကျွန်တော် နှစ်ယောက်သား ညဘက် လမ်းလျှောက်ရင်း၊ မြစ်ကမ်းက ဆိပ်ခံဘောတံတားမှာ သွားထိုင်ရင်း အယူအဆတွေ ငြင်းကြခုံကြတာ အခုထိ အမှတ်ရတုံးပဲ။ ခြောက်တန်းကျောင်းသားဘ၀မှာ စပြီးခင်ခဲ့ကြတာပါ။ ခုဆိုရင်နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့။ ခင်မင်ဆဲပါပဲ။

၇။ နောက် ပထမဆုံး... ပထမဆုံး ဘာပါလိမ့်...။ အစ်မရေ ကျွန်တော်က အမှတ်သည်းခြေနည်းတယ်ဗျ။ ပထမဆုံး ဆိုတာတွေ သိပ်မမှတ်မိဘူး။ အင်း.. ပထမဆုံး ကြည့်ဖူးတဲ့ တီဗွီဇာတ်လမ်းတွဲ... Six Million Dollar Man ။ အဲဒီတုန်းက တစ်ရပ်ကွက်လုံးမှ... လက်ချိုးရေရင် တီဗွီရှိတဲ့ အိမ်က လက်တစ်ဖက်မပြည့်ဘူးထင်တယ်။ ရပ်ကွက်ထဲမှာ တစ်ချို့အိမ်တွေက ကောင်စီရုံးကနေ တီဗွီငှားပြီး လမ်းထဲမှာ ပြတယ်။ အလကားပေါ့။ information/ entertainment အလှူလို့ ပြောရမလားမသိပါဘူး။ အဲဒီလို ပြတဲ့နေ့ဆိုရင် အိမ်တွေအသီးသီးက ဖျာတွေ ခုံတွေ ယူလာကြပြီး လမ်းထဲမှာ နေရာအစောကြီး ကြိုယူကြတာပေါ့။ အင်း... ပြန်စဉ်းစားကြည့်ရင် ပျော်စရာကြီးပဲ။ အဲဒီမှာ The Six Million Dollar Man ဇာတ်လမ်းကို စကြည့်မိပြီး ကြိုက်သွားတာပဲ။ တိုက်လေယဉ်ပျံပျက်ကျတဲ့ ပိုင်းလော့ကို စတီးရိုးတွေ စက်တွေ ပြန်ပြီး အစားထိုးထားတော့ သူက စက်ရုပ်တစ်ပိုင်းဖြစ်နေတာပေါ့။ ဒီနေ့ခေတ် Robo Cop ဇာတ်ကားတွေရဲ့ ရှေ့ပြေးလို့တောင် ပြောလို့ရမယ်ထင်တယ်။ အဲဒီတော့ သူက ဒေါ်လာခြောက်သန်းတောင် တန်သတဲ့။ ခုခေတ် ဘောလုံးသမားတွေကတော့ ဒေါ်လာခြောက်သန်းလောက်များ ပျင်းတောင်ပျင်းသေး နော်...။

၈။ ပထမဆုံး လေယဉ်ပျံစီးဘူးတာ....။ ဟီး... ဟီး... လွတ်လပ်ရေးကွင်းထဲမှာ...။ ဂျစ်ကားဘော်ဒီမှာ လေယဉ်ပျံပုံစံ အတောင်ပံတွေတပ်ထားတာပေါ့။ အဲဒါ ကွင်းထဲက ပြေးလမ်းထဲမှာ ပါတ်မောင်းတယ်။ ကျွန်တော်တို့ ကလေးတွေဆို သိပ်ပျော်တာပေါ့။ လေယဉ်တောင်ပံနှစ်ဖက်က မီးတဖျပ်ဖျပ်နဲ့...။

၉။ ပထမဆုံး ကျောင်းပြေးဖူးတာ...။ ရှစ်တန်းကျောင်းသားဘ၀..။ အမှန်တော့ ကျောင်းပြေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်ရယ် သူငယ်ချင်း သူရချစ်ရယ် နှစ်ယောက်သား ကျောင်းမတက်ခင် လွတ်လပ်ရေးကွင်းက ကန်ထဲမှာ လှေသွားစီးကြတယ်။ လှေခက တစ်နာရီ ၅ ကျပ်ပေးရတယ်။ နာရီပြည့်သွားရင် လှေငှားတဲ့ရုံကနေ လော်စပီကာကြီးနဲ့ လှေနံပါတ်ကို အော်ခေါ်တယ်။ အဲဒီနေ့က ကျွန်တော်တို့ လှေနံပါတ် ၅ ကို နာရီပြည့်သွားလည်း မခေါ်ဘူး။ အဲဒါနဲ့ ကျွန်တော်တို့လည်း ကန်ထဲမှာ ဟိုလှော်ဒီလှော်နဲ့ လှေထဲ တစ်ရေးတောင် အိပ်လိုက်သေးတယ်။ ကျောင်းတက်ချိန်လည်း ကျော်သွားပြီပေါ့။ ၁၁ နာရီလောက်က လှေစီးလိုက်တာ။ ညနေ ၃ နာရီလောက်မှ တခြားဘက်ကမ်းမှာ လှေကပ်ပြီး သူရချစ်အိမ်မှာ ကျောင်းစာအုပ်ထဲမှာ ပါတဲ့ မော်တာလုပ်နည်းကို သွားစမ်းကြည့်ကြတယ်။ မရပါဘူး။ အခုပြန်စဉ်းစားကြည့်တော့ အဲဒီတုံးက ကွိုင်ပတ်တာ အပတ်ရေ နည်းနေတာကိုး...။ အဲဒီ ပထမဆုံး ကျောင်းပြေးပြီးတော့ မှတ်မှတ်ရရ နောက်တစ်ခါ ဆယ်တန်းကျောင်းသားဘ၀မှာ တစ်ခါပဲ ကျောင်းထပ်ပြေးဘူးတယ်။ အဲဒီတုံးက ဆရာမရဲ့ ဆန်ထုတ်ခွင့် စလစ်ကို ယူပြီး ဆရာမအတွက် ဆန်သွားထုတ်မယ်ဆိုပြီး ကျောင်းကနေ အပြင်ထွက်ကြတာ။ သူငယ်ချင်းလေးယောက်။ အမှန်တော့ စလစ်က ဆန်ထုတ်ပြီးသား။ လက်ဘက်ရည်ဆိုင်မှာ သွားထိုင်နေကြတာ ပြန်လာတော့ ဆရာမရဲ့ အဆော်ခံရပါလေရော။

၁၀။ ပထမဆုံး ကျဘူးတဲ့ စာမေးပွဲ...။ ဆယ်တန်း....။ အမှတ်ကောင်းကောင်းမရလို့ ဆိုပြီး နောက်ဆုံး Biology ဖြေတဲ့နေ့မှာ ခြစ်ချခဲ့တယ်။ အမေ့ကို ပြောတော့ အမေက စိတ်မကောင်းဘူး။ ငယ်ငယ်ကတည်းက ဆုတွေရလာပြီး ဆယ်တန်းမှ ကျရတယ်ဆိုတော့....။ အဖေကတော့ ဘာမှ သိပ်မပြောပါဘူး။ နောက်နှစ် အမှတ်ကောင်းအောင် ကြိုးစားပေါ့တဲ့။ နောက်နှစ်လဲ အခြေအနေမကောင်းပါဘူး။ ပျင်းတာကိုး..။ D တစ်လုံးမှ မရဘူး။ ခြောက်ဘာသာမှာ သုံးဘာသာက D မှတ်နား ကပ်ရပ်နဲ့ D မထွက်ခဲ့ဘူး။ စဉ်းစားကြည့်ပါဗျာ။ အင်္ဂလိပ်စာ ၇၂၊ Physics ၇၈၊ Bio ၇၇။ (ကြုံတုံး ကြွားတာ... :p)။ နောက်ဆို ဘယ်စာမေးပွဲမှ ခြစ်မချတော့ပါဘူး...။

၁၁။ ပထမဆုံး ချစ်သူ.....။ :( ... ယောက်ျားရသွားပြီဗျာ...။ အခုလောက်ဆို ကလေးတောင် ရရောပေါ့။ အစ်မရေ ... အဟောင်းအဟောင်းတွေက အစုတ်အစုတ်တွေ ဖြစ်ကုန်ရောပေါ့...။ :(

၁၂။ ပထမဆုံး တက်တဲ့သင်တန်း...။ ပန်းချီသင်တန်း။ လေးတန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာပေါ့။ ဟုတ်တိပတ်တိလည်း ဘာမှမသင်ခဲ့ရပါဘူး။ အဲဒီတုံးက တေဇလူငယ်တွေ၊ လမ်းစဉ်လူငယ်တွေ ခေတ်စားချိန်မဟုတ်လား။ ကျွန်တော်တို့ကိုလည်း ပန်းချီသင်တန်းဆိုပြီး တကယ်က စစ်ရေးပြသင်တန်းတွေ ပေးတာပါပဲ။ နောက် လူငယ်လေ့ကျင့်ရေးစခန်း အင်းယားလေးကို သွားရတယ်။ အတန်းကြီးတွေက ပြောလို့ အင်းယားလေးလို့ ပြောတာ။ ခုထိ အဲဒီ အင်းယားလေးဆိုတာ ဘယ်နေရာမှန်း မသိသေးဘူး။ အဲဒီမှာ ရွက်ဖျင်တဲထိုးတာတွေ၊ ကြိုးချည်နည်းတွေ သင်ရတယ်။ အခုတော့ တစ်ခုမှ မမှတ်မိတော့ဘူး။

၁၃။ နောက်ထပ် ပထမဆုံး... အား ... အစ်မရေ တော်တော်စဉ်းစားရတာပဲ...။ ခဏနားဦးမယ်ဗျာ။ 10 hours later.... အင်း.. သိပြီ .. ပထမဆုံး စီးဘူးတဲ့စက်ဘီး ... ဘိုအုန်းသီး စက်ဘီးလေး။ ဘီးသုံးဘီးနဲ့ အနောက်မှာ ကယ်ရီယာလေးလဲပါတယ်။ တစ်စီးလုံး ဘီးကိုပတ်ထားတဲ့ တာယာကလွဲလို့ သံချည်းပဲ။ အတိုအစ၀ယ်တဲ့ ကုလားတွေသိပ်ကြိုက်ပေါ့။

၁၄။ ပထမဆုံး ဆရာ...။ ကျွန်တော့် ကြီးဒေါ်လို့ ပြောရမယ်။ ကျွန်တော်က သုံးနှစ်သားလောက်ကတည်းက အဖွားအိမ်မှာ သွားနေတာ။ အဖွားကို “မေမေ” လို့ ခေါ်တယ်။ ကျွန်တော့် ကြီးဒေါ်က အတန်းပညာတွေဘာတွေ အများကြီးမတတ်ပေမယ့် ဥာဏ်ကောင်းတယ်ဗျ။ စာလည်း အရမ်းဖတ်တယ်။ ဗဟုသုတ၊ နိုင်ငံတကာရေးရာဆိုရင် တော်တန်ရုံလူ သူ့ကိုယှဉ်ပြောလို့မရဘူး။ ကျွန်တော့်ကို ငယ်ငယ်ကတည်းက စာရေးစာဖတ် သင်ပေးတယ်။ သင်္ချာ သင်ပေးတယ်။ အင်္ဂလိပ်စာတော့ သင်မပေးနိုင်ရှာဘူး။ သူပြောတဲ့ စကားတစ်ခွန်းက ကျွန်တော်တစ်သက်လုံး အမှတ်ရနေတယ်။ “ကြီးကြီးက အင်္ဂလိပ်စာမတက်တော့ မျက်လုံးတစ်ဖက် ကန်းနေတဲ့သူလိုပဲ” တဲ့။ “နိုင်ငံခြားဘာသာစကားဆိုတာ လေ့လာကောင်းတယ်” တဲ့။ သူက အင်္ဂလိပ်လို မဖတ်တက်ဘူးပေမယ့် အင်္ဂလိပ်စာလုံးတွေတော့ သိသဗျ။ အင်္ဂလိပ်ဆေးတွေဘာတွေဝယ်လာလို့ စာလုံးပေါင်းမှားနေရင် သူကတန်းပြောဒါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း လေ့လာလိုက်တာ အင်္ဂလိပ်လိုလဲ မတောက်တခေါက်၊ ဂျပန်လို ထမင်းစားရေသောက်တောင်မရ၊ တရုတ်လို တစ်လုံးနှစ်လုံး၊ စပိန်လည်း တက်ယောင်ကား၊ ပြင်သစ်ကျတော့လဲ တီးမိခေါက်မိ အဲသလိုတွေ ဖြစ်ကုန်ရော။ တစ်ခါတစ်ခါ ငယ်ငယ်က ရွှေသွေးထဲက “တစ်ခုခုကို မြဲမြဲကိုင်” ဆိုတဲ့ ပုံပြင်လေးကို သွားသွားသတိရတယ်။ ဘုရားရှစ်ခိုးစာတွေ၊ ပါဠိတွေ ပါဒ်ဆင့်တွေ ဖတ်တာကို လည်း ကြီးကြီးနဲ့ မေမေ (အဖွား) ကသင်ပေးတာပဲ။ အဖွားကလည်း စာဖတ်တယ်။ သူကတော့ ဘုရားစာတွေဖတ်တာများပါတယ်။ အဲ.. ဒါပေမယ့် သူလည်း အင်္ဂလိပ်ဂဏန်းတွေ သိသဗျ။ အင်္ဂလိပ်လိုချည်းပဲပါတဲ့ ပြက္ခဒိန်လည်း သူကြည့်တက်တယ်။ ကျွန်တော်က “မေ့ (မေ့ ဆိုတာ မေမေ ကို ကျွန်တော်က အတိုကောက်ခေါ်တာ.) အင်္ဂလိပ်ဂဏန်းတွေ ဘယ်လိုသိသလဲဆိုတော့ “တိုက်ကြည့်ပြီး မှတ်ထားတာပေါ့” တဲ့။ မေမေ က ဓါရဏပရိတ်ကို အမြဲရွတ်တယ်။ သူရွတ်နေရင် ကျွန်တော်က ဘေးကထိုင်ပြီး နားထောင်ရတာ သိပ်သဘောကျတာပဲ။ အသက်ကြီးတဲ့အထိ ထိုင်ပြီးနားထောင်ဘူးတယ်။ နောက်ကျတော့ မေမေဆိုတာ မဟုတ်ရင် နားထောင်ရတာ တစ်ခုခုလိုနေသလိုပဲ။ နောက်ပြီး “သုံးလူ့ရှင်ပင်ကျွန်းထိပ်တင်၊ သောင်းခွင်စင်္ကြ၀ဠာ” ဆိုတဲ့ ကဗျာလေးလဲ မေမေက ခဏခဏဆိုပြတယ်။ ကျွန်တော် ဆယ်တန်း၊ တက္ကသိုလ် တက်နေတဲ့ အချိန်အထိ အဖွားအိမ်တစ်ခါတစ်လေ သွားအိပ်ရင် “မေ့.. သုံးလူ့ရှင်ပင် ဆိုပြပါဦး” ဆိုပြီး နားထောင်ရင်း အိပ်ပျော်သွားတက်တာ။

၁၅။ ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် ...။ ပထမဆုံး ဖတ်ဖူးတဲ့ စာအုပ်လို့တော့ မမှတ်မိတော့ပါဘူး။ ကျွန်တော်က က၊ ခ၊ ဂ၊ ဃ၊ င ဆိုတဲ့ စာလုံးလေး ငါးလုံးသိကတည်းက စာစဖတ်တာ။ (ကြုံတုံးကြွားမိတာ သည်းခံကြပါခင်ဗျာ..။) ကြီးကြီး ကျွန်တော့်ကိုသင်ပေးထားတာ အဲဒီငါးလုံး။ အဲဒီငါးလုံးလဲ ရရော စာတွေလျှောက်ဖတ်လိုက်တာ နံရံမှာချိတ်ထားတဲ့ “သမ၀ါယမ ပြက္ခဒိန်” ဆိုတဲ့အထဲက “ယ” ကို “ကြီးကြီး သူတို့ ကကြီးကလဲ ပြောင်းပြန်ကြီးပြောလို့ ရယ်လိုက်ကြတာ။ ကျွန်တော့် ကြီးဒေါ်ခင်မျာ အဲဒါကို ကျွန်တော်ကြီးလာတဲ့အထိ ပြောမဆုံးဘူး။ အဖွားအိမ်မှာက စာအုပ်တွေ အများကြီးရှိတယ်။ တက္ကသိုလ် မဂ္ဂဇင်းတွေ၊ တို့ကျောင်းသား စာစောင်တွေလဲရှိတယ်။ အဲဒါတွေက ကျွန်တော်အဖေတွေ ဦးလေးတွေ လက်ထက်က စာအုပ်တွေပေါ့။ သူတို့ သင်ခဲ့ရတဲ့ ကျောင်းစာအုပ်တွေလည်း စာအုပ်စင်မှာ ရှိတယ်။ သူတို့သင်ရတဲ့ ဖတ်စာအုပ်တွေ ကျွန်တော်ငယ်ငယ်ကတည်းက ဖတ်ခဲ့ရတာပေါ့။ နောက် ၀တ္ထုတွေ၊ ဆောင်းပါးစာအုပ်တွေ၊ ရာဇ၀င် စာအုပ်တွေကလည်း အများကြီး။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တာ။ သူ့ကဗျာလေးတွေက အသံချိုတယ်လို့ ခံစားရတယ်။ နောက် သော့တွဲနဲ့နတ်ရုပ်၊ ပုဂံဈေး၊ ကြင်မည့်သူ စတဲ့ ဆရာဇော်ဂျီရဲ့ ၀တ္ထုတိုတွေ၊ အမှတ်အရဆုံးကတော့ “မဟာဆန်ချင်သူ” ပြဇာတ်။ ဆရာမင်းသုဝဏ်ရဲ့ ဘကြီးအောင်ညာတယ်ဆိုတဲ့ ၀တ္ထုလေးတွေကို ငါးတန်း ခြောက်တန်းကတည်းက ဖတ်ခဲ့ရတယ်။ နောက် တက္ကသိုလ် နန္ဒမိတ်ရဲ့ အင်ဖာတိုက်ပွဲ၊ ဆရာမြမျိုးလွင်ရဲ့ တစ်လိမ်နှစ်လိမ် စတဲ့ ၀တ္ထုတွေ၊ ငွေတာရီ၊ မြ၀တီ စတဲ့ မဂ္ဂဇင်းတွေ အများကြီးဖတ်ခဲ့ရတယ်။ ဆရာသာဂဒိုးရဲ့ မှောင်ခိုခေတ်ကို ထင်ဟပ်ထားတဲ့ “ဖမ်းပါ၊ မဖမ်းဘူး” ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုတိုလေးကို ခုထိ အမှတ်ရတုံးပဲ။ နောက်ပြီး ငယ်ငယ်ကတည်းက အတော်ကြီးတဲ့အထိ ရွှေသွေးဂျာနယ်ကို စွဲစွဲမြဲမြဲဖတ်ခဲ့တယ်။ အိမ်က ရွှေသွေး၊ တေဇနဲ့ မိုးသောက်ပန်း ဂျာနယ်တွေကို ပုံမှန်ဝယ်ပေးတယ်။ ရွှေသွေးဂျာနယ်မှာ မျက်နှာဖုံးတင်တဲ့ ဇာတ်လမ်းဆိုရင် အများအားဖြင့် ဆရာဦးဘကြည်နဲ့ ဆရာဦးအေးမောင် တို့က သရုပ်ဖော်ရေးဆွဲတယ်။ ကျွန်တော်က ဆရာဦးဘကြည်ရဲ့ ကာတွန်းရုပ်ကလေးတွေကို သိပ်သဘောကျတယ်၊ ကောက်ကြောင်းလေးတွေက အရမ်းပြေပြစ်တာပဲ။ ခုထိမျက်စိထဲမှာ မြင်ယောင်တုန်းပဲ။ ဆရာဦးအေးမောင်လက်ရာကိုတော့ ကြမ်းတယ်လို့ ခံစားရတယ်။ ကျွန်တော် ရွှေသွေးကို ဘယ်လောက် စွဲလမ်းသလဲဆို ခုထိ ရွှေသွေးဂျာနယ်က တစ်ချို့ဇာတ်လမ်းလေးတွေနဲ့ ဇာတ်ကောင်ပုံလေးတွေကို မှတ်မိနေတုန်းပဲ။ နောက် မိုးသောက်ပန်း ဂျာနယ်မှာဆိုရင်တော့ ကိုကိုအောင်(စမ်းချောင်း) ရဲ့ ကာတွန်းပုံလေးတွေကို သဘောကျတယ်။ အင်း... စာအုပ်စင်မှာတွေ့တဲ့ အင်္ဂလိပ်၊ ဂျာမန်စာအုပ်တွေတော့ ခုထိ တစ်အုပ်နှစ်အုပ်ကလွဲလို့ မဖတ်ဘူးသေးဘူး။ မောရစ်ကောလစ်ရေးတဲ့ “ယိုးဒယားဝှိုက်” ဆိုတဲ့ မြန်မာပြန်စာအုပ်ကြီးလဲ စာအုပ်စင်မှာ တွေ့ပါရဲ့။ ဒါပေမယ့် ပျင်းစရာကြီးဆိုပြီး မဖတ်ခဲ့တာ။ ခုမှ ဒါတကယ့် နာမည်ကျော် ၀တ္ထုကြီးပါလားဆိုတာ သိလာတာ။

၁၆။ ပထမဆုံး လုပ်ဖူးတဲ့ တရားဝင်အလုပ် ...။ နှစ်ခုတောင်ပဲ..။ ဆယ်တန်းအောင်ပြီး ယောင်ခြောက်ဆယ်ဖြစ်နေတုံး အသစ်ဖွင့်တဲ့ အထည်ချုပ်တစ်ခုက လူခေါ်လို့ လျှောက်လိုက်တယ်။ နောက်နှစ်ရက်လောက်နေတော့ လမ်းထဲက အစ်ကိုတစ်ယောက်က သူရေစက်သွားတူးပေးနေတဲ့ အစိုးရဌာနမှာ လူလိုနေတယ်ပြောတယ်ဆိုတာနဲ့ အဲဒီကိုလည်း လျှောက်လိုက်တယ်။ ကံကောင်းချင်တော့ အဲဒီဌာနရဲ့ စက်ရုံမှူးက ဖေဖေ့ သူငယ်ချင်း၊ လက်ထောက်စက်ရုံမှူးက မေမေ့သူငယ်ချင်း။ ဒါလောက်မှတော့ မပါပဲနေပါ့မလားနော်..။ အဲဒါနဲ့ ရှည်တဲ့ဇာတ်လမ်း ချုံးရရင်... ကျွန်တော် စက်ရုံနှစ်ခုစလုံးမှာ တစ်ပြိုင်နက်ထဲ အလုပ်ရတယ်။ အထည်ချုပ်စက်ရုံမှာ လုပ်ဖူးတယ်ရှိအောင် သွားလုပ်ဦးမယ်ဆိုပြီး တစ်ရက်သွားလုပ်လိုက်တယ်။ နောက်ရက်ကျတော့ အစိုးရစက်ရုံသွားတာပေါ့။ ကျွန်တော် ရွေးချယ်တာမှန်တယ်လို့ ထင်ပါတယ်။ အဲဒီမှာပဲ ကျွန်တော် ကွန်ပျူတာ တက်လာခဲ့တယ်။

၁၇။ ပထမဆုံး ဆော့ဖူးတဲ့ ဂိမ်း ...။ Lemming လို့ခေါ်တဲ့ classic ဂိမ်းလေးပါ။ Lemming ကောင် ကလေးတွေအကြောင်း အခြေခံရေးထားတဲ့ ဂိမ်းကလေးပါ။ lemming ကောင်လေးတွေဟာ အကောင်ရေအရမ်းများလာလို့ နေရာသစ်ရှာဖွေကြရင်း နော်ဝေးပင်လယ်ကမ်းစပ် ကျောက်ဆောင်တွေပေါ်ရောက်လာပြီး ရှေ့မှာပင်လယ်ကြီးခံနေလည်း မရပ်ကြပဲ ကျောက်ဆောင်တွေပေါ်က ခုန်ချကြပြီး ပင်လယ်ထဲမှာ ရေဆက်ကူးရင်း သေကုန်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံထားတာပါ။ လူတစ်ယောက်ယောက်ဟာ ရည်ရွှယ်ချက်မရှိ မစူးစမ်းပဲ ပေါ်ပြူလာဖြစ်တာတွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ကျဆုံးသွားသူတွေကို lemming တွေလို့ တင်စားလေ့ရှိပါတယ်။ ဂိမ်းထဲက လူလေးတွေကလည်း mindlessly တွေ့တဲ့လမ်းကို တဲ့တဲ့ကြီးပဲ လျှောက်ကြတာ။ လှေကားရှိရင်တက်သွားတယ်။ ချောက်ရှိရင်ခုန်ချသွားတယ်။ သူတို့တွေကို မသေမပျောက်ရအောင် လမ်းညွှန်ပေးရတဲ့ ဂိမ်းကလေးပါ။

၁၈။ ပထမဆုံးတက်ဖူးတဲ့ အားကစားသင်တန်း....။ ကရာတေးသင်တန်း။

၁၉။ ပထမဆုံး ရောက်ဖူးတဲ့ ပြည်ပနိုင်ငံ ...။ စင်္ကာပူ ။

၂၀။ ဒါကတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာပဲ ...။ ပထမဆုံး ခေါင်းမထောင်နိုင်အောင် အရက်မူးတာ...။ စင်္ကာပူမှာ ...။ အဲဒီတုန်းက ကျွန်တော်အလုပ်က အမြဲညဆိုင်းပဲဆင်းရတယ်။ စနေညအလုပ်ပြန်ပြီဆိုရင် အိပ်မရတော့ဘူး တနင်္ဂနွေရောက်နေပြီလေ အပြင်ထွက်ရမယ်မဟုတ်လား။ ညကအိပ်ရေးပျက်ထားတော့ လူက MRT ပေါ်မှာ ငိုက်၊ City Hall ရောက်ရင် ရဲရင့်မှာထိုင်ပြီး ငေါင်နေပြီ။ အိပ်ချင်လို့။ အဲဒီနေ့က ထုံးစံအတိုင်း City Hall သွား၊ ညနေရောက်တော့ တိုပါးယိုးက သူငယ်ချင်းတိုက်ခန်းမှာ သွားသောက်၊ သူငယ်ချင်းနှစ်ယောက် ၀ီတစ်တောင့် ကုန်ခါနီး သင်္ဘောဆိုက်လာတဲ့ သူငယ်ချင်းက ဖုံးဆက်ပြီးရောက်လာလို့ သုံးယောက်သား နောက်တစ်တောင့်၊ ပြန်တော့ ည ၉း၄၅၊ MRT ပေါ်မှာ ဘေးကထိုင်တဲ့ စလုံးတစ်ယောက်နဲ့ စကားလက်ဆုံကျပြီး သူက ဘီယာသောက်ဖို့ဖိတ်၊ ကျွန်တော်ကလဲ ဘယ်မငြင်းပဲ။ Boon Lay ရောက်တော့ ၂၄ နာရီဖွင့်တဲ့ဆိုင်မှာ ပထမ သူက Genius နှစ်လုံးဝယ်၊ နောက် ကျွန်တော်က နှစ်လုံးဝယ်၊ နောက် လေး round မြောက်တော့ ကျွန်တော် တော်တော် မူးနေပြီ။ အဲဒါနဲ့ “နေဦးကွာ ငါ toilet သွားဦးမယ်ဆိုပြီး Sink ထဲမှာ အန်ပြီးခေါင်းစိုက်နေတာ ဘယ်လောက်ကြာမှန်းမသိဘူး။ သူရောက်လာပြီး တွဲခေါ်သွားမှပဲ ၀ိုင်းပြန်ရောက်တယ်။ “မင်းဘာတွေ သောက်ထားသေးလဲ” တဲ့။ “ငါ ၀ီနှစ်တောင့်လဲ သူငယ်ချင်းနှစ်ယောက်နဲ့ သောက်လာသေးတယ်” ဆိုတော့ မင်းကွာတဲ့ နောက်ကိုအဲဒီလောက်မသောက်ပါနဲ့ ငါ့ကိုကတိပေးပါ တဲ့။ ဒီနေ့မှသိတဲ့ သူနော်။ ကောင်းရှာပါတယ်။ ကျွန်တော့်ကို သံပုရာရေတွေတိုက်၊ နှိပ်ပေးနဲ့။ နောက် “ပြန်မယ်ကွာ ငါ့စက်ဘီးသွားယူပေး” ဆိုတော့( ကျွန်တော့်စက်ဘီးက ဆိုင်ရှေ့မှာ) “မင်းစက်ဘီးစီးနိုင်မှာမဟုတ်ဘူး၊ လမ်းပဲလျှောက်သွားရအောင်၊ မင်းနေတဲ့အဆောင် ငါသိပါတယ်” တဲ့။ အဲဒါနဲ့ လမ်းလျှောက်လာရင် လမ်းတစ်ဝက် ကားမှတ်တိုင်လဲ ရောက်ရော ကျွန်တော်လဲ ခုံပေါ်ထိုးအိပ်ပြီး “မင်းပြန်ချင်ပြန်ကွာ ငါဒီမှာပဲအိပ်တော့မယ်” ဆိုတာ။ “ဟာ... အဲဒီလိုတော့ မလုပ်ပါနဲ့၊ ငါ တက္ကစီငှားပေးပါ့မယ်” ဆိုပြီး တက္ကစီတစ်စီးငှား အဆောင်ရှေ့အထိပြန်လိုက်ပို့ပေးတယ်။ အမယ်... မူးသာမူးတာ ကျွန်တော့် ဖုံးနံပါတ်တော့ သူ့ကိုမှန်အောင်ပြောနိုင်သား...။ အင်း... အဲဒီ စလုံးသူငယ်ချင်း ကျေးဇူးလဲ မမေ့ပါဘူး။

အစ်မရေ... ပထမဆုံး ဆိုတာတွေက ရေးမယ်ဆိုရင် ကျွန်တော့်ဘ၀ဇာတ်ကြောင်းဖြစ်သွားနိုင်တယ်နော်...။ ကျွန်တော်ကလဲ လျှာရှည်တာကိုး...။ ဒီလောက် သည်းခံဖတ်ပေးတာ ကျေးဇူး .......။
|
This entry was posted on 11:55 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On 10:27 AM , ပန်းခရမ်းပြာ said...

မူကြိုတုန်းက နေ့ခင်းဘက်အိပ်ရတာ မကြိုက်ဆိုပါလား။ အခုနေများ အလုပ်ထဲမှာ နေခင်းဘက် မအိပ်မနေရဆိုရင် ဘယ်လောက်ကောင်းမလဲ .... :D