Author: vanko
•1:09 AM

www.thecolor.com

အဲဒီ
ပြာလဲ့လဲ့အခန်းထဲက
ခရမ်းနုရောင်စားပွဲမှာထိုင်လို့
တတိယမြောက်ဝိုင်ခွက်ကို
ငေးမောနေရင်းပေါ့
ငါ့ညနေခင်းထဲကနေ
ကြယ်လေးတစ်စင်းကို
မြင်မိတယ်

နာရီတွေကရပ်တန့်
ပန်းချီကားထဲက
နှင်းဆီပန်းရနံ့
အခန်းထဲမှာ သင်းပျံ့နေခဲ့ပေါ့
သံစဉ်ဆွံ့အနေတဲ့
တေးသွားတစ်ပုဒ်ကတော့
တစ်ပိုင်းတစ်စစီပြန့်ကျဲလို့

စက္ကူငှက်တွေက
ကောင်းကင်ထဲမှာတေးဆို
သစ်ပင်အိုတွေက
နာကြည်းတာလား
ရောင့်ရဲတာလား
ဝေခွဲမရနိုင်တဲ့အပြုံးနဲ့
ဟိုးအဝေးဆီက
တောင်ကုန်းတွေကိုငေးမောလို့..

ငါ့နှလုံးသားထဲကိုရော
မြင်နိုင်ကြပါ့မလား..

ဘ၀အမောတွေနဲ့
အံသေနေတဲ့လက်တစ်စုံထဲကနေ
ခဏခဏလွတ်ကျကွဲတက်တဲ့
မျှော်လင့်ခြင်းတွေ..
ဖယောင်းတိုင်တစ်ချောင်းလို
တမြေ့မြေ့ကျွမ်းလောင်ရင်း
အရည်ပျော်ကျနေတဲ့
အိပ်မက်တွေ..

မေမေရေ
ယုံကြည်ချက်လမ်းမပေါ်မှာ
သားတော့
ခေါင်းမဖော်နိုင်အောင်
မူးခဲ့ပေါ့

ချစ်သူရေ..
မင်းရောက်လာတာ
နောက်ကျလိုက်တာကွယ်

လာပါ
ပန်းရနံ့သင်းတဲ့
စိမ်းလန်းမြက်ခင်းပြင်မှာ
ခြေဗလာနဲ့
လျှောက်ကြရအောင်လေ
ဘယ်အထိ
အတူရှိနေနိုင်မယ်မသိတဲ့
တစ်ချိန်အထိပေါ့

ငှက်ကလေးတွေရဲ့
ငြိမ်းချမ်းရေးတေးသွား
မင်းနှလုံးသားထဲအထိ
စီးဆင်းသွားပါစေလေ

ကြည့်စမ်းပါ
တိမ်ညိုရိုင်းတွေက
ဟိုးအဝေးမိုးကုတ်စက်ဝိုင်းမှာ
ကဆုန်ဆိုင်းလို့

မိုးသားရှေ့က
လေနုအေးကလေးကို
ခံစားမိရဲ့လားအချစ်ရေ

အို..
မိုးတွေရွာတော့မှာပဲ
တို့တွေအိမ်ပြန်ဖို့
အချိန်တန်ခဲ့ပေါ့
မလှပတော့မယ့်
ငါ့ရဲ့ညခင်းတွေကို
မင်းအတွက်ဆို မပေးချင်..

ကြွေမကျချင်ပါနဲ့
တကယ်တော့မင်းဟာ
ကောင်းကင်မှာတောက်ပနေရမယ့်
ကြယ်လေးတစ်စင်းပါ
ငါ့ရဲ့ညခင်းတွေထဲကနေ
မင်းရဲ့အလင်းတွေကိုငေးကြည့်ရင်း
ကျေနပ်ခွင့်ပေးပါ
(ငါ့ရဲ့)ကြယ်စင်လေးရေ...။
Author: vanko
•9:45 PM

"နှစ်လနာရီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါသလေ.."

ဒေါ်မေလှမြိုင်ရဲ့ 'အလေးပြုပါသည်' သီချင်းသံကို ကြားတိုင်း ယူကြုံးမရစိတ်နဲ့ မျက်ရည်ဝိုင်းခဲ့ရတဲ့ 'အာဇာနည်နေ့'ကို ရောက်ပြန်ပါပေါ့။ ဒီနေ့ဒီရက်တိုင်း မပြောင်းလဲတဲ့ခံစားချက်တွေ အသစ်အသစ်ဖြစ်မြဲပါပဲ။ အခုတစ်လော အလုပ်ကများ၊ စိတ်ကလဲပင်ပန်းတာကြောင့် အသစ်မရေးဖြစ်ပါဘူး။ မနှစ်ကရေးခဲ့တဲ့ ပို့စ်လေးကိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိရောက်ကြပါစေ...။


MusicPlaylistRingtones
MySpace Music Playlist at MixPod.com



အဖေသို့ ... သခင်အောင်ဆန်းသို့

အဖေ...။ ၁၉ ဂျူလိုင်ရောက်ပြန်တော့မယ် အဖေ...။ အဖေတို့ အသက်ပေးခဲ့ရတဲ့ နေ့၊ တစ်တိုင်းပြည်လုံး ယူကြုံးမရ ကြိမ်မီးအုံးခဲ့ရတဲ့ နေ့ ...။ လက်တစ်ကမ်းမှာ ရောက်နေပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အသီးအပွင့်လေးတွေကို အဖေ မခံစားသွားခဲ့ရဘူး။ စကောလောက်မှစောက်မနက်တဲ့ အကြံနဲ့၊ ကိုယ့်ဖို့ တစ်ဘို့ထဲကြည့်တက်တဲ့ ပုဇွန်ဦးနှောက်တွေကြောင့် လွတ်လပ်ရေးရဲ့ ဗိသုကာတွေ တစ်ပြိုင်တည်း ကျဆုံးခဲ့ရတယ်။ ဗမာပြည်ကို အာရှမှာ မဟာအင်အားကြီးနိုင်ငံ တစ်ခု ဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် ဗိသုကာတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီအကြံ ပက်စက်မှု၊ အမျော်အမြင်ကင်းမဲ့မှုရဲ့ အကျိုးဆက်ကို ခုချိန်ထိ ကျွန်တော်တို့ ခံစားနေရတုံးပဲ အဖေ...။
၈၈ တုန်းက ကျွန်တော်တို့ ကြွေးကျော်ခဲ့ကြတယ်။ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” လို့ပေါ့...။ ဒါပေမယ့် အဲဒီစစ်တပ်ရဲ့ သေနတ်ပြောင်းဝ ရှေ့မှာပဲ ကျွန်တော်တို့ ကျောင်းသားတွေ ကျဆုံးခဲ့ရတယ်။ ပြည်သူတွေ အသက်ပေးခဲ့ရတယ်။ ကျွန်တော် နားမလည်ခဲ့ဘူးအဖေ...။ တပ်မတော်ဟာ ပြည်သူ့အတွက် မဟုတ်ဘူးလား...။ အမိန့်ပေးရင် ဘာမဆိုလုပ်မယ့် ဦးနှောက်မရှိတဲ့ စစ်တပ်လား...။ လက်တစ်ဆုပ်စာ စစ်အာဏာရှင်တွေ ကောင်းစားဖို့ ပြည်သူကို ပြန်သတ်မယ့် စစ်တပ်လား...။ ပြည်သူ့တပ်မတော်သား ဆိုတဲ့ နာမည်ကို ခံယူဖို့ ရော ထိုက်တန်ကြသေးရဲ့လား...။

သမိုင်းမှာ ကျွန်တော်တို့ သင်ခဲ့ရပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အကြောင်းပေါ့။ အဲဒီတုန်းက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ကျောင်းသားတွေကို နယ်ချဲ့အစိုးရရဲ့ မြင်းစီးပုလိပ်တွေက မြင်းနဲ့တိုက်၊ ဒုတ်နဲ့ရိုက်လို့ ရဟန်းရှင်လူ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတယ်တဲ့...။ ကျွန်တော်တို့ ပြည်သူ့တပ်မတော်ရဲ့ သေနတ်ပြောင်းဝမှာ ကျဆုံးခဲ့ကြရတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းရှင် လူ အာဇာနည်တွေ... ၁၇၀ လည်းမကဘူး...။ ၁၇၀၀ လည်း မကဘူး...။ ၁၇၀၀၀ လည်း မကတော့ဘူးအဖေ...။ တွေးမိတိုင်း အသည်းနာတယ် အဖေ...။
အဖေ...။ အဖေမျှော်မှန်းခဲ့တဲ့ တပ်မတော်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ အဖေ...။ ဒီနေ့ အဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ ဘယ်လမ်းကို လျှောက်နေသလဲဆိုတာ အဖေ သိပါရဲ့လား...။ အဖေ စက်ဆုပ်ရွံရှာခဲ့တဲ့ စစ်အာဏာရှင် အစိုးရမျိုးကို အကာအကွယ်ပေးနေတယ် အဖေ...။ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားဖို့အတွက် ပြည်သူတွေဘက်ကို သေနတ်ပြောင်းလှည့်နေတယ် အဖေ...။
အဖေ...။ အဖေပြောခဲ့ဘူးတဲ့ စကား ကျွန်တော် ကြားယောင်နေတယ်။ အဖေ ဒီလို ပြောခဲ့တယ်...။

” I went to Japan to save my people who were struggling like bullocks under the British. But now we are treated like dogs. We are far from our hope of reaching the human stage, even to get back the bullock stage we need to struggle more.”

အဖေ... ကျွန်တော်တို့လည်း မဆလ တစ်ပါတီအာဏာရှင် လက်အောက်က၊ နွားလိုဘ၀တွေက လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အခု နအဖ စစ်အာဏာရှင် လက်အောက်မှာ အဖေပြောသလိုပဲ ခွေးတွေလို အနိုင်ကျင့်ခံနေရပြန်ပြီအဖေ...။ ကျွန်တော်တို့ လိုလားတဲ့ လူ့အခွင့်အရေးတွေ မပြောနဲ့၊ မဆလ ခေတ် အခြေအနေ ပြန်ရောက်ဖို့တောင် မလွယ်လှတော့ဘူး အဖေ...။
အဖေ...။ အဖေမွေးထုတ်လိုက်တဲ့ တပ်မတော်ရဲ့သား၊ အဖေ နေရာကို ဆက်ခံခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေဟာ အဖေ့ရဲ့ သမိုင်းပုံရိပ်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတယ် အဖေ...။ “လွတ်လပ်ရေးရဲ့ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း” ဆိုတဲ့ စကားဟာ သူတို့နားမှာ ဘာကြောင့် ခါးနေရတာလဲ။ ဒီတစ်ချက်နဲ့တင် ဒီစစ်အာဏာရူးတွေရဲ့ သရုပ်ကို သိလောက်ပါပြီ။ နိုင်ငံတိုင်းမှာ လေးစားလောက်တဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်ကို ငွေစက္ကူပေါ်မှာ ပုံနှိပ်မြဲပါ။ ကျွန်တော်တို့ကြမှ တိရိစ္ဆာန် အုပ်ချုပ်တဲ့ တိုင်းပြည်လို တိရိစ္ဆာန်ရုပ်ကို ငွေအမှတ်နဲ့ သုံးနေရတယ် အဖေ...။ ကျွန်တော်ငယ်ငယ်က မှောင်ခိုတွေ ခေတ်စားချိန်ပေါ့။ ဆရာသာဂဒိုးရဲ့ “ဖမ်းပါ၊ မဖမ်းဘူး” ဆိုတဲ့ ၀တ္ထုတိုလေးထဲက စကားတစ်ချို့ကို ကျွန်တော် သဘောကျဘူးတယ်။ “ဗိုလ်ချုပ်ဟာ သိပ်တန်ခိုးထွားတာကွ...။ ဗိုလ်ချုပ်ပုံလေးများ ပုတ်ပြလိုက်ရင် တစ်ခါတည်း ဦးညွတ်သွားတော့တာပဲ” တဲ့။ ပိုက်ဆံပြလိုက်ရင် ရဲဝန်ထမ်းတွေ ဦးညွတ်သွားတယ်လို့ ဆိုလိုတာပေါ့။ အင်းလေ... ပိုက်ဆံဆိုတာ လူတိုင်း သည်းခြေကြိုက်ပဲမဟုတ်လား...။
အခုတော့ အဖေ့ စစ်သားတွေက အဖေတို့ကို ဦးမညွတ်ချင်ကြတော့ဘူး အဖေ...။ မဆလ ခေတ်မှာတောင် အာဇာနည်နေ့ ဆိုတာ တခမ်းတနား ကျင်းပမြဲပါ။ အခုတော့ အာဇာနည်နေ့ကို ဖျောက်ဖျက်ချင်နေကြပြီ အဖေ...။ တပ်မတော် ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဖေ့ ဂူဗိမာန်မှာ တစ်ခါဘူးမှ လာပြီး ဂါရ၀မပြုဖူးဘူး အဖေ...။ တပ်မတော် စစ်သမိုင်းပြတိုက်ဆိုတဲ့ အဆောက်အဦးမှာ “တပ်မတော်ရဲ့ ဖခင်ကြီး၊ လွတ်လပ်ရေးရဲ့ ဗိသုကာကြီး” သခင်အောင်ဆန်းရဲ့ပုံဟာ ခန့်ခန့်ညားညားမရှိရဘူး အဖေ...။ မထင်မရှား နေရာတစ်နေရာမှာ မတက်သာလို့ ပြထားရတဲ့ အဖေ့ရဲ့ ပုံ ကိုမြင်မိရင် ရင်ထဲမှာ မချိအောင် ခံစားရတယ် အဖေ...။
၈၈ တုန်းက အဖေ့ကို ကျွန်တော်တို့ တမ်းတမိတုန်း အဖေ့ရဲ့ ရင်သွေး၊ အဖေ့သွေး ပီသတဲ့ သွေး... အန်တီစုကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အဖေ့သွေး ပီသတဲ့ သွေး လို့ ပြောတာက အဖေ့သွေး မပီသတဲ့ သွေးလည်း ရှိသေးလို့ပါ။ အဖေ့ရဲ့ သားကြီး သြရဿ **ဦး အကြောင်းကိုတော့ လေကုန်ခံပြီးတော့တောင် မပြောပြချင်တော့ဘူး အဖေ..။ အဖေ့ နာမည် အောင်ဆန်းတောင် ရှေ့ကထည့်ဘို့ မထိုက်တန်ပါဘူး။ အဖေ့သွေးစစ် အန်တီစုရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်၊ သူ့လုပ်ရပ်နဲ့ စိတ်ဓါတ်၊ နံ့သာဆီနဲ့ အီးလို ကွာတယ် အဖေ...။ ဟိုတုန်းက ရေနစ်ပြီး ကွယ်လွန်ခဲ့ရတာ အဖေ့သားလတ် အောင်ဆန်းလင်း မဟုတ်ပဲ **ဦး ဖြစ်ခဲ့ရင် ကောင်းမယ် လို့တောင် ကျွန်တော်တို့ တွေးမိတယ် အဖေ...။
အခုတော့ အဖေ့ရင်သွေး အန်တီစုလည်း ရိုင်းစိုင်းယုတ်မာတဲ့ စစ်အာဏာရူးတွေရဲ့ လက်ထဲမှာ ဘယ်တော့မှ လွတ်မယ်မှန်း မသိရဘူးအဖေ...။
အဖေ...။ အဖေ့ သွေးလည်း ပင်ပန်းလှပါပြီ။ ပြည်သူတွေ လည်း ပင်ပန်းလှပါပြီ။ ကျောင်းသား ကျောင်းသူတွေ၊ ရဟန်းရှင်လူ တွေရဲ့ အသက်တွေလည်း အမြောက်အများ စတေးခဲ့ရပါပြီ။ ကျွန်တော်တို့ ဆက်ပြီး မခံစားနိုင်တော့ဘူး အဖေ...။
“ဒီ လူသတ်ကောင်၊ စစ်အာဏာရူး တွေရဲ့ လည်ကို အဖေ့လက်ထဲက ဂျပန်ဓါးနဲ့သာ တအားခုတ်လှည့်ပါတော့ အဖေ...။”
Author: vanko
•12:15 AM

blog.webshots.com

To The One I Love

And if eternity is the time I must wait
Than I will wait all eternity
For as the earth crumbles away
My feelings are indestructible
And if you keep going on your way
I'm afraid to say
I may always be trapped in this game
For as long as the sun rises
And the stars shine
My feeling for you will stay the same

Love Hurts
Author: vanko
•11:38 AM


Fable of the Mermaid and the Drunks

All those men were there inside,
when she came in totally naked.
They had been drinking: they began to spit.
Newly come from the river, she knew nothing.
She was a mermaid who had lost her way.
The insults flowed down her gleaming flesh.
Obscenities drowned her golden breasts.
Not knowing tears, she did not weep tears.
Not knowing clothes, she did not have clothes.
They blackened her with burnt corks and cigarette stubs,
and rolled around laughing on the tavern floor.
She did not speak because she had no speech.
Her eyes were the colour of distant love,
her twin arms were made of white topaz.
Her lips moved, silent, in a coral light,
and suddenly she went out by that door.
Entering the river she was cleaned,
shining like a white stone in the rain,
and without looking back she swam again
swam towards emptiness, swam towards death.

Pablo Neruda


Pablo Neruda (July 12, 1904 – September 23, 1973)ပါဘလိုနီရူးဒါးရဲ့ ကဗျာတစ်ပုဒ်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ ပုံပြင်လေးတစ်ပုဒ်လို ရေးဖွဲ့ထားတာပါ။ လမ်းပျောက်နေရှာတဲ့ ရေသူမလေးတစ်ယောက် အင်း.. ဒါမှမဟုတ်လည်း ရေသူမလေးတစ်ကောင်ပေါ့လေ အရက်မူးနေတဲ့လူတွေကြားထဲကို ရောက်လာရှာသတဲ့။ မြစ်ထဲကလာတဲ့ သူမအတွက်တော့ ဒီလောကမှာ အသစ်ဖြစ်နေတာပေါ့။ လောကကြီးအကြောင်းကို ဘာမှမသိရှာပါဘူးတဲ့။ အရက်သမားတွေက သူမကို တံတွေးတွေနဲ့ထွေးကြတယ်။ ရုန့်ရင်းကြမ်းတမ်းစွာ၊ ညစ်ညမ်းယုတ်မာစွာ စော်ကားကြတယ်။ သူမရဲ့ ကြည်လင်တောက်ပတဲ့ အသားအရေနဲ့ ရွှေရောင်ရင်သားအစုံမှာ အဲဒီ ညစ်ညမ်းမှုတွေနဲ့ ဖုံးလွမ်းသွားခဲ့ရပေါ့။ မျက်ရည်ဆိုတာကို မသိတဲ့ သူမကတော့ မျက်ရည်မကျခဲ့ပါဘူး။ မီးကျွမ်းထားတဲ့အရက်ပုလင်းဆို့တွေ စီးကရက်တိုတွေနဲ့ သူမတစ်ကိုယ်လုံးကို ညစ်ပေမည်းမှောင်သွားအောင် လုပ်ပစ်ခဲ့ကြတယ်။ ပြီးတော့ အဲဒီအရက်ဘား ကြမ်းပြင်ပေါ်မှာပဲ အရူးတွေလို လူးလှိမ့်ရယ်မောကြသေးသတဲ့။

သူမကတော့ ပြောစရာစကားဆိုတာ မရှိတဲ့အတွက် အစော်ကားခံရမှုတွေအတွက် စကားတစ်ခွန်းတောင် မပြောခဲ့နိုင်ရှာပါဘူးတဲ့။ နောက်ဆုံးမှာတော့ ၀င်လာတဲ့တံခါးကပဲ ပြန်ထွက်သွားခဲ့ရှာတယ်။ သူမရဲ့ကိုယ်ပေါ်က ညစ်ထေးမှုတွေကို မိုးရေထဲက ကျောက်ဖြူတုံးလေးတစ်ခုလို ဖြူဖွေးတောက်ပသွားအောင် ဆေးကြောပေးမယ့် မြစ်ထဲကိုပဲပေါ့။ နောက်ကိုပြန်လှည့်မကြည့်တော့ဘူး။ ရေထဲမှာကူးခပ်သွားခဲ့တယ်။ အနှစ်မဲ့တဲ့ ဗလာဟင်းလင်းပြင်ဆီကို ကူးခပ်သွားခဲ့တယ်။ နောက်ဆုံးတော့ သေခြင်းတရားဆီကို ကူးခပ်သွားခဲ့ရှာတယ်။

ဒီကဗျာလေးကို ဖတ်ပြီးတော့ ရေသူမလေးကို သနားမိပါတယ်။ အရက်မူးသမားတစ်စုရဲ့ ရက်စက်စွာစော်ကားတာကို ခံခဲ့ရပြီး မြစ်ထဲမှာ သေဆုံးသွားရရှာတယ်။ ဒီကဗျာလေးနောက်ကွယ်မှာ ပုံပြင်လေးထက်ပိုတဲ့ အဓိပ္ပါယ်တွေ အများကြီးရှိတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ပထမဆုံးကတော့ မိန်းမသားတွေဟာ ခေတ်အဆက်ဆက်မှာ ယောင်္ကျားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတာပါတဲ့။ အထူးသဖြင့် စစ်ပွဲကာလတွေဆိုရင် အောင်နိုင်သူစစ်သားတွေဟာ မိန်းမသားတွေကို အနိုင်အထက်ကျူးလွန်တာဟာ တရားဝင်အခွင့်အရေးလို ဖြစ်နေပုံပေါ့။

နောက်တစ်ခုကတော့ နီရူးဒါးက လူတွေရဲ့ အရိုင်းအစိုင်းသာသာ အဆင့်အတန်းကို ပြောချင်တာပါတဲ့။ လူတွေဟာ တူရာတူရာစုပေါင်းမိရင် အထိန်းအကွပ်မဲ့တဲ့အခြေအနေရောက်ရင် လူ့ကျင့်ဝတ်တွေ ယဉ်ကျေးမှုတွေနဲ့ ထိန်းချုပ်ထားရတဲ့ အရိုင်းအစိုင်းစိတ်ဟာ ပေါက်ကွဲထွက်လာတက်တာကို ပြောချင်တာလို့ဆိုပါတယ်။ အရက်သေစာမူးယစ်ပြီး လူစိတ်ပျောက်ပြီး တိရိစ္ဆာန်သာသာစိတ်နဲ့ လမ်းပျောက်ရင်းရောက်လာရှာတဲ့ လှပအပြစ်ကင်းစင်တဲ့၊ ကုန်ကုန်ပြောရရင် လူသားမဟုတ်တဲ့ တိရိစ္ဆာန်မလေးတစ်ကောင်ကိုတောင် ၀ိုင်းပြီးစော်ကားလိုက်ကြတာကို ပုံဖော်ထားတာလို့ ဆိုပါတယ်။

တတိယကတော့ သဘာဝတရားနဲ့ လူ့ယဉ်ကျေးမှုထွန်းကားလာခြင်းရဲ့ ထိပ်တိုက်ဖြစ်မှုကိုပြောချင်တာပါတဲ့။ လူတွေရဲ့ နေထိုင်မှုစရိုက် ယဉ်ကျေးမှု အတက်ပညာတွေ ထွန်းကားလာလေလေ သဘာဝတရားနဲ့ ဆန့်ကျင်လာလေလေ ဖြစ်လာတဲ့ အနေအထားကို ပြောချင်တာပါ။ သဘာဝအရင်းအမြစ်တွေကို မဆင်မခြင် ထုတ်ယူသုံးစွဲမှု၊ သိလို့ပဲဖြစ်စေ မသိလို့ပဲဖြစ်စေ ဖျက်လိုဖျက်ဆီးပြုမှုတွေကြောင့် ရာသီဥတုတွေဖောက်ပြန်လာရတယ်။ ဒီနေ့ခေတ်အနေနဲ့ဆိုရင် စက်မှုအတက်ပညာထွန်းကားလာခြင်းနဲ့အတူ ကမ္ဘာမြေကြီးပိုမို ပူနွေးလာတယ်။ အိုဇုန်းလွှာပေါက်ပြဲမှုတွေ ဖြစ်လာတယ်။ ဒါတွေဟာ ကမ္ဘာမြေကြီးကို စော်ကားနေတာနဲ့ အတူတူပဲလို့ ပြောချင်ပုံရပါတယ်တဲ့။ ဒီပုံပြင်မှာတော့ သဘာဝဖြစ်တဲ့ ရေသူမလေးဟာ အရက်မူးသမားတွေကြောင့် သေဆုံးခဲ့ရတယ်။ တစ်နေ့နေ့မှာ သဘာဝတရားကြီးလဲ လူတွေကြောင့် ပျက်စီးသေဆုံးရမလား..။ နီရူးဒါးရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတွေးဟာ ဒီနေ့အထိ လူသားတွေကို သတိပေးနေဆဲပဲလို့ ဆိုကြပါတယ်။

ဖတ်မိတဲ့ ကဗျာလေးတစ်ပုဒ်အကြောင်းကို ဝေမျှခံစားကြည့်ခြင်းပါခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•1:08 PM

http://www.alloy.com

ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။ ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့ ကာလတစ်ခုကပဲလို့ ထားပါတော့ဗျာ။ မယားလေးယောက်ရှိတဲ့ ကုန်သည်တစ်ယောက်အကြောင်းပါ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပေါ့။ မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်။

ဒီလိုပါ။ စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။ အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။ သူလေးအတွက်ဆိုရင် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ဆင်တယ်။ သူလေးကို အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ်။ သူ့မှာ ရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။

တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက် ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား ပွဲတက်ရတာ အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့ စိုးရိမ်နေရပါတယ်တဲ့။

ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။ သူလေးကတော့ သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း သည်းခံတက်တယ်။ တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။ ကြမ်းတမ်းခက်ခဲမှုတွေ ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတက်သူပါတဲ့။

ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့ စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့ ကိစ္စ၀ိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင် အမှတ်မထား ဂရုမစိုက်မိတက်ပါဘူးတဲ့။

တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့ သူ့ဘ၀အကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့ မယားလေးယောက်အကြောင်းလဲ ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။ ဒါပေမယ့် ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။

အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။ အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။

ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။ ကုန်သည်ဟာ သိပ်ကို ၀မ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်” “ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘ၀ဆိုတာ ရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင် ကျမကတော့ နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။

သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ် အကူအညီလိုတဲ့အခါတိုင်း မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။ ကိုယ်သေသွားတဲ့အခါ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး” တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကတော့ အစ်ကို့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်ပြီး သူဟာ ၀မ်းနည်းပက်လက်နဲ့ ယူကြုံးမရဖြစ်သွားပါတယ်တဲ့။

အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။ ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို ပိန်လှီပြီး အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို တွေ့လိုက်ရပါတယ်တဲ့။ အဲဒီတော့မှ ကုန်သည်ဟာ ၀မ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။ “ကိုယ် ဂရုစိုက်နိုင်တဲ့အချိန်တုံးက မင်းကို အခုထက်အများကြီး ပိုပြီး ဂရုစိုက်ခဲ့သင့်တာပါကွယ်”

အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ လိုက်သွားလောက်ရောပေါ့ဗျာ။

တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘ၀မှာ မယားလေးယောက်စီ ရှိပါသတဲ့

၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။

၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေပါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို ရောက်သွားမယ့် အရာတွေပါတဲ့။

၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသင်္ဂဟတွေပါတဲ့။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိကြပေမယ့် သူတို့တစ်တွေ အလွန်ဆုံး အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။

၎။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း အမြဲလိုလို မေ့လျှော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။

စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့် အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင် လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဥာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။

(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။ တကယ်တော့ ဒါဟာ အစ္စလမ်ပုံပြင်တစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စိတ်ဝိညာဉ် ဆိုတဲ့နေရာမှာ ‘ကမ္မ’ သို့မဟုတ် ‘ကံ’ လို့ အစားထိုး မှတ်ယူနိုင်ပါတယ်။)
မူရင်းကိုဖတ်ချင်ရင်တော့ ဒီလင့် ကိုသွားကြည့်ပါ။


ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•1:44 AM


What is Life?

Life is a challenge - meet it
Life is a gift - accept it
Life is a sorrow - over come it
Life is a tragedy - face it
Life is a mystery - unfold it - unsolve it
Life is a opportunity - take it
Life is a promise - complete it
Life is a struggle - fight it
Life is a goal - achieve it
Life is love - love it
Life can be adventures - have fun
Life is a duty - perform it
Life is a game - out smart it
Life is a beauty - praise it
Life is life - live it - make of something good of it

ဒီစာကလေးက Jessica Workman ဆိုတဲ့ ၁၅ အရွယ်ချာတိတ်လေးတစ်ယောက် ရေးထားတဲ့ ကဗျာပါတဲ့။ ဒါပေမယ့် ဒီစာစုလေးတွေက ကျနော်တို့ ငယ်ငယ်ကတည်းက ဖတ်ဖူးနေတဲ့ စာအတိုလေးတွေပါ။ သူကပြန်ပြီး စုစည်းထားတဲ့ သဘောပဲ ဖြစ်မယ်ထင်ပါတယ်။ လျှာရှည်ပြီး ဘာသာမပြန်တော့ပါဘူးနော်။ ၅ ကြောင်းမြောက်က unsolve it ဆိုတာကတော့ Grammar အရ မှားနေတယ်ထင်ပါတယ်။ ဒါပေမယ့် သူ့မူရင်းအတိုင်းပဲ ဖေါ်ပြလိုက်ပါတယ်။ ၁၁ ကြောင်းမြောက်က Life can be adventures - have fun ဆိုတာမှာလည်း ကျနော် ငယ်ငယ်ကတည်းက မှတ်မိတာကတော့ Life is an adventure - dare it ပါ။ ဒါက ပိုပြီး သင့်လျှော်မယ်လို့ ထင်တာပဲနော်။

Life is Fine

I went down to the river,
I set down on the bank.
I tried to think but couldn't,
So I jumped in and sank.

I came up once and hollered!
I came up twice and cried!
If that water hadn't a-been so cold
I might've sunk and died.

But it was Cold in that water! It was cold!

I took the elevator
Sixteen floors above the ground.
I thought about my baby
And thought I would jump down.

I stood there and I hollered!
I stood there and I cried!
If it hadn't a-been so high
I might've jumped and died.

But it was High up there! It was high!

So since I'm still here livin',
I guess I will live on.
I could've died for love--
But for livin' I was born

Though you may hear me holler,
And you may see me cry--
I'll be dogged, sweet baby,
If you gonna see me die.

Life is fine! Fine as wine! Life is fine!

Langston Hughes
(1902 - 1967)

ဘ၀ဆိုတာ နေပျော်စရာ

မြစ်ကမ်းနားကိုဆင်းခဲ့သပ
ကမ်းစပ်မှာထိုင်ခဲ့တယ်
တွေးလေတွေးလေ အဖြေမရ
ရေထဲခုန်ချ သေလိုက်တယ်။

တစ်ကြိမ်ပြန်အပေါ်မှာ အကျယ်ကြီးအော်တယ်
နှစ်ကြိမ်မြောက်မှာ အော်ငိုတယ်
တကယ်လို့သာ အဲလောက်ကြီးမအေးခဲ့ရင်ပေါ့
ငါ့ကိုယ်ငါ ရေနစ်သေမိမှာပါ။

အခုတော့ ရေကသိပ်အေးလွန်းတယ်.. အရမ်းကိုအေးလွန်းတယ်လေ..။

ဓါတ်လှေခါးနဲ့ပေါ့
ဆယ့်ခြောက်ထပ်ကို တက်ခဲ့တယ်
အချစ်ကလေးအကြောင်းကို တွေးမိပေါ့
ခုန်ချလိုက်တော့မယ် စဉ်းစားခဲ့တယ်

အဲဒီမှာရပ်ရင်း အကျယ်ကြီးအော်တယ်
အဲဒီမှာရပ်ရင်း အော်ငိုမိတယ်
တကယ်လို့သာ အဲလောက်မမြင့်ရင်ပေါ့
ငါ့ကိုယ်ငါ ခုန်ချသတ်သေမိမယ်

အခုတော့ အရမ်းမြင့်လွန်းနေတယ်.. သိပ်ကိုမြင့်နေတယ်လေ..။

အင်း.. အဲဒီအချိန်ကတည်းက
အခုထိအသက်ရှင်နေတုံးပဲ
အချစ်အတွက် သေတော့မလို့
ဒါပေမယ့် မွေးဖွားလာတဲ့အတွက် ရှင်သန်ရဦးမယ်။

ငါအော်တာတွေ ငါငိုတာတွေကို
မင်းတွေ့ချင်တွေ့လိမ့်ပေမပေါ့ အချစ်ကလေးရေ
ဒါပေမယ့် ငါကတော့ လွယ်လွယ်နဲ့ အရှုံးပေးမှာမဟုတ်ဖူး
မင်းကငါ့ကိုသေစေချင်နေတယ် ဆိုရင်တောင်ပေါ့လေ..

ဘ၀ဆိုတာ သိပ်ကိုကောင်းတယ်..
ဝိုင်အရက်လို နူးညံ့တယ်..
ဘ၀ဆိုတာ နေပျော်စရာ..။

ဒီကဗျာကတော့ အမေရိကန်နီဂရိုးကဗျာဆရာ စာရေးဆရာ Langston Hughes (1902 - 1967)ရဲ့ လက်ရာပါ။ တိုက်ရိုက်ဘာသာပြန်ထားတာ သိပ်တော့ စိတ်တိုင်းမကျပါဘူး။ ဒါပေမယ့် လာလည်ကြတဲ့ သူငယ်ချင်းတွေကို အားနာလွန်းလို့ ဒီနေ့တော့ ပို့စ်တစ်ခု ရအောင်တင်မယ်ဆိုပြီး ချက်ချင်းရေးခဲ့တာပါ။ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ။ ပုံကတော့ အရင် ဘ၀ထဲမှာ ပို့စ်ကပုံလေးပဲ ပြန်တင်လိုက်ပါတယ်။ လှတယ်ဟုတ်။ :P

သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•10:00 PM

www.cclapcenter.com

ဒီကနေ့ Adventures of Tom Sawyer စာအုပ်လေး တင်ပေးပါမယ်ဆိုမှ ဘဏ်ကဖုံးဆက်ခေါ်လို့ ညနေအလုပ်ဆင်းတော့ သွားရသေးတယ်။ (အကြွေးလှမ်းတောင်းတယ်မထင်နဲ့နော်.. iBanking Service လျှောက်ထားတာ လျှောက်လွှာမှာ တစ်ခုခု လိုနေသေးလို့ပါတဲ့။) အလုပ်ကထွက်တော့ ၆ နာရီ၊ ရေချိုးပြီးတော့ ၆း၃၀၊ အပြင်တောင် မထွက်ရသေးဘူး မိုးတွေရွာလာလို့ မိုးတိတ်အောင်စောင့်လိုက်တာ ၇ နာရီထိုးမှပဲ ဘဏ်သွားဖို့ ကားဂိတ်ရောက်တော့တယ်။ တော်သေးတာပေါ့ ဒီဘဏ်ခွဲရုံးလေးက ည ၈ နာရီအထိဖွင့်တယ်။ စနေ၊ တနင်္ဂနွေလည်းဖွင့်တယ်။ ပုံမှန် ဘဏ်ဖွင့်ချိန်နဲ့ အလုပ်လုပ်တဲ့ရုံးခွဲဆိုရင်တော့ ကျွန်တော့်အတွက်ကတော့ အလုပ်လစ်ပြီးမှ သွားရမယ့်ကိန်းပဲ။

အင်း.. ထားပါတော့ ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ဒီနေ့စာအုပ်တင်တာ နောက်ကျသွားရတဲ့အကြောင်းရင်းကို ဆင်ခြေကန်ကြည့်တာပါ။ :P စာအုပ်အကြောင်းဆက်တာပေါ့နော်..။

အမေရိကန်စာရေးဆရာကြီး Mark Twain ကိုတော့ အတော်များများသိကြမှာပါ။ သူ့ရဲ့နာမည် အရင်းကိုတော့ သိတဲ့သူနည်းလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ဟိ ဟိ။ အထင်မကြီးပါနဲ့။ ဟိုတစ်လောကမှ အင်တာနက်မှာ အမှတ်မထင်ဖတ်လိုက်မိလို့ပါ။ သူ့နာမည်ရင်းက Samuel Langhorne Clemens (November 30, 1835 – April 21, 1910)ပါတဲ့။

ကလောင်နာမည် Mark Twain ဖြစ်လာပုံကတော့ ဒီလိုပါတဲ့။ သူဟာ မစ္စပီမြစ်ရိုးတစ်လျှောက်မှာ Steamboat pilot အင်း.. ရေနွေးငွေ့သင်္ဘောကပ္ပတိန်ပေါ့ဗျာ အဲဒါ လုပ်ဖူးပါတယ်။ လစာကလည်း အတော်ကောင်းဆိုပဲ။ တစ်လကို ဒေါ်လာ ၂၅၀ ရပါသတဲ့။ မရယ်ကြပါနဲ့ဦး။ အဲဒီတုံးက တစ်လ ၂၅၀ ဆိုတာ အခုခေတ်အနေနဲ့ဆို တစ်နှစ်ကို ဒေါ်လာ ၁၅၅,၀၀၀ နှုန်းနဲ့ အကြမ်းဖျင်းညီမျှပါသတဲ့။ တစ်လကို ဒေါ်လာ ၁၃၀၀၀ နီးပါးနဲ့ညီမျှပါတယ်။ လျှာရှည်လက်စနဲ့ ဆက်ရှည်လိုက်ရရင် သူက သူ့ညီကိုလဲ အဲဒီအလုပ်လုပ်ဖို့ ခေါ်ပါတယ်။ သူ့ညီလည်း pilot မဖြစ်ခင် သင်ယူနေတုံးမှာပဲ သူလိုက်နေတဲ့ Steamboat ပေါက်ကွဲမှုဖြစ်ပြီး သေရှာပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်မှာကို Mark Twain ဟာ တစ်လလောက်ကတည်းက ကြိုပြီးအာရုံထဲမှာ သိနေပါတယ်တဲ့။ အဲဒါနဲ့ သူလည်း စိတ်နယ်လွန်ပညာ Parapsychology ကိုလေ့လာလိုက်စားခဲ့ပါသေးသတဲ့။

အင်း.. ပြောနေတာ ဘေးချော်သွားပြီ။ အဲဒီ မစ္စပီမြစ်ရိုးတစ်လျှောက် Steamboat မောင်းရာမှာ သင်္ဘောအန္တရာယ်ကင်းကင်းနဲ့ သွားလို့ရနိုင်မယ့် ရေအနက်ကို သတိထားပြီးကြည့်ရပါတယ်တဲ့။ ရေစူးတိမ်တဲ့နေရာဆိုရင် သင်္ဘောသောင်တင်သွားမှာစိုးလို့ပါ။ သူတို့မောင်းတဲ့ Steamboat တွေအတွက် စိတ်ချရတဲ့ ရေစူး (ရေအနက်)က ရေကြောင်းဘာသာရပ်ဆိုင်ရာ အတိုင်းအတာအရ ၂ ဖာသွန် (2 fathoms) လို့ သတ်မှတ်ပါတယ်။ 1 fathom က ၂ ကိုက် (2 Yards) သို့မဟုတ် (1.8 meter) နဲ့ ညီမျှပါတယ်။ ရေအနက်ကို ကြည့်တဲ့လူက သင်္ဘောဘေးက sounding line ကိုကြည့်ပြီး ရေအနက် ဘယ်လောက်ရှိတယ်ဆိုတာ အော်ပြောရပါတယ်။ ရေအနက်က ၂ ဖာသွန်ရှိတယ်ဆိုရင် bye the mark twain လို့အော်ပါတယ်။ by the mark ကတော့ရှင်းပါတယ်။ twain ဆိုတာက အဲဒီတုံးက သင်္ဘောသားတွေသုံးတဲ့ စကားပါ။ two လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ အပြည့်အစုံဆိုရင်တော့ "according to the mark [on the line], [the depth is] two [fathoms]" လို့ ပြောတာပါတဲ့။ အဲဒါကို အတိုကောက်ပြောကြတော့ Mark Twain လို့ပဲ အော်ကြပါတယ်တဲ့။ အဲဒီစကားလေးကို ယူပြီး သူ့ရဲ့ကလောင်နာမည်ပေးထားတာပါတဲ့။ Wiki မှာဖတ်ရတာပါ။ ပိုပြီးသိချင်ရင်တော့ ကိုယ်တိုင်သွားဖတ်တော့နော်။ :P

စာအုပ်အကြောင်းမရောက်နိုင်သေးဘူး။ ဒီစာအုပ်ကတော့ သူ့ရဲ့ကျော်ကြားတဲ့လက်ရာတစ်ခုပါ။ အဓိကဇာတ်ကောင် Tom Sawyer ဆိုတာ အပြင်မှာ တကယ်ရှိတဲ့ကောင်လေးပါတဲ့။ တစ်ယောက်ထည်းရဲ့ character တော့မဟုတ်ပါဘူးတဲ့။ သူတွေ့ဖူးခဲ့တဲ့ ကောင်လေးသုံးယောက်ရဲ့ character တွေကို ပေါင်းစပ်ပြီးရေးထားတာပါလို့ Mark Twain ကိုယ်တိုင်က ရေးခဲ့ပါတယ်။ ဒါပေမယ့် နှောင်းလူတွေကတော့ ဒါဟာ Mark Twain ကိုယ်တိုင်နဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ငယ်ဘ၀တွေကို အမှတ်တရ ပြန်ရေးထားတာလို့ ဆိုကြပါတယ်။ ဒီထဲမှာပါတဲ့ ဇာတ်ရံကောင်လေး Huckleberry Finn ကလည်း ခေသူမဟုတ်ပါဘူး။ သူ့ရဲ့ စွန့်စားခန်းတွေအကြောင်းကိုလည်း Adventures of Huckleberry Finn ဆိုတဲ့နာမည်နဲ့ စာတစ်အုပ် ရှိပါသေးတယ်။ ကျွန်တော်တော့ အဲဒီစာအုပ်ကို မဖတ်ဖူးသေးဘူး။

Tom Sawyer ကိုတော့ ကျွန်တော် USIS မှာ ဖတ်ခဲ့ရတာပါ။ စဖတ်ကတည်းက ဆွဲဆောင်အားကောင်းပါတယ်။ ဇာတ်လမ်းလေးက ရွှင်ရွှင်မြူးမြူး သွက်သွက်လက်လက်နဲ့ပါ။ ကလေးချင်းအတူတူ Tom တစ်ယောက် လူလည်ကျပြီး ခြံစည်းရိုးကို ဆေးညာသုတ်ခိုင်းပုံကလေးကလည်း ပြုံးစရာပါ။ ကလေးတစ်သိုက်ရဲ့ စွန့်စားခန်းလေးတွေလည်း ပါပါတယ်။ ဗရုတ်ကျခန်းတွေလည်းပါပါတယ်။ စူးစမ်းစပ်စုတက်တဲ့ သဘာဝကလေးတွေကိုလည်း လှလှပပ ရေးသွားတာ ကိုယ်ကိုယ်တိုင် ကလေးတွေနဲ့ ပါသွားသလားလို့တောင် ထင်မိပါတယ်။ အဲလောက်ညွှန်းရရင် တော်ရောပေါ့နော်။ :P

မြန်မာပြန် ရှိမရှိတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲလိုမျိုး ဗရုတ်သုတ်ခကျတဲ့ ကောင်လေးတွေအကြောင်း ရေးထားတဲ့ ဆရာဇ၀နရဲ့ "ဆိုးပေ" ကိုတော့ ဖတ်ဖူးပါတယ်။ ('ဆိုးပေ' ကလည်း ဘာသာပြန်ဝတ္ထုတစ်ပုဒ်ပါ။ ဘယ်ဝတ္ထုကို ပြန်သလဲဆိုတာတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အရင်က မှတ်ထားတာ ပြန်ရှာမရတော့လို့ပါ။) Mark Twain ကတော့ ဒီဝတ္ထုကို ကလေးတွေအတွက် ရည်ရွယ်တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် 'ဆိုးပေ'ကို အရွယ်မရွေးဖတ်ပြီး သဘောကျကြသလို Tom Sawyer ကိုလည်း နှစ်ချိုက်ကြပါတယ်။ သူငယ်ချင်းတွေလည်း နှစ်ချိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒါနဲ့ စကားမစပ် ဂန္ထ၀င်ဝတ္ထုတွေ စိတ်ဝင်စားရင် Penguin Classics series တွေကို ရှာဝယ်နိုင်ပါတယ်။ ဈေးပေါပါတယ်။ S$3 or S$ 4 လောက်ပဲရှိပါတယ်။ စလုံးမှာ စာအုပ်ဆိုင်တိုင်းလိုမှာ ရှိပါတယ်။ ဈေးတက်သွားရင်တော့ သိဝူးပေါ့ဗျာ။ Oxford နဲ့ longman ကတော့ ဈေးနဲနဲပိုများပါတယ်။ အကြိုက်ဆုံးကတော့ Oxford ကထုတ်တဲ့ classic series တွေပါ။ ရှင်းလင်းချက်တွေ သိပ်ပြီးစုံပါတယ်။ ကျွန်တော်ဝယ်ခဲ့တဲ့ Jack London ရဲ့ The Sea Wolf ကို S$ 18.50 ပေးရပါတယ်။ ကျွန်တော်ကတော့ တန်တယ်ထင်တာပဲ။ :P

Adventures of Tom Sawyer (Content)
Adventures of Tom Sawyer 1
Adventures of Tom Sawyer 2
Adventures of Tom Sawyer 3
Adventures of Tom Sawyer 4
Adventures of Tom Sawyer 5
Adventures of Tom Sawyer 6
Adventures of Tom Sawyer 7
Adventures of Tom Sawyer 8
Author: vanko
•9:01 PM

www.examiner.com

ကျွန်တော့်ရဲ့ ဘလော့မှာ Ebook link ကလေးတစ်ခုထားပြီး Classic Literature ဆိုတဲ့ ခေါင်းစဉ်နဲ့ဝတ္ထုစာအုပ်လေးတွေ ဝေမျှပေးလာတာ အခုနောက်ပိုင်း ဆက်မတင်ဖြစ်ဖူးဖြစ်နေပါတယ်။ ဘယ်သူမှလဲ သိပ်စိတ်မ၀င်စားကြဘူး ထင်လို့ပါ။

အစကတော့ မြန်မာစာအုပ်ကလေးတွေ ရှိသမျှ ဝေမျှပေးဖို့ပါ။ နိုင်ငံရပ်ခြားမှာက မြန်မာစာအုပ်က ရှားတယ်မဟုတ်လား။ အဲဒါ အင်တာနက်ကို ဟိုဟိုဒီဒီ လျှောက်မကလိတက်ခင်ကပေါ့။ နောက်ပိုင်းကျတော့ လျှောက်သဝေထိုးရင်းနဲ့ 'နေ့သစ်'တို့လို မြန်မာစာအုပ်တွေ အများကြီး တင်ထားပေးတဲ့ ဆိုက်တွေတွေ့တော့မှ ရေငတ်တုံး ရေတွင်းထဲကျသလို ၀မ်းသာအားရ ဒေါင်းတော့တာပါပဲ။ အင်း.. ကိုယ့်ထက်အများကြီးပိုပြီး စုံစုံလင်လင် တင်ပေးနိုင်တာကိုတွေ့ရတော့ မြန်မာစာအုပ်တွေကို ကိုယ်ဝေမျှစရာတောင် မလိုတော့ဘူးလေ။ သူတို့ဆီမှာက အကြောင်းအရာစုံ စာရေးဆရာစုံ ကျယ်ကျယ်ပြန့်ပြန့် တင်ထားပေးထားတာကို တွေ့ရပါတယ်။ အရမ်းလည်း ကျေးဇူးတင်မိပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း မြန်မာစာအုပ်တွေကို ဆက်မတင်ဖြစ်တော့ပဲ 'မြန်မာအင်ဂျင်နီယာဖိုရမ်'မှာ Classic Literature ဆိုတဲ့ topic လေးဖွင့်ပြီး ကျွန်တော့်မှာရှိတဲ့ အနောက်တိုင်း ဂန္ထ၀င်ဝတ္ထုတွေကို တင်ပေးပါတယ်။ အဲဒါနဲ့ တစ်ချိန်တည်း ကျွန်တော့်ရဲ့ ဘလော့လေးမှာလဲ Ebook link ကလေးထားပြီး တစ်ပြိုင်တည်း တင်ပေးပါတယ်။ ဒါပေမယ့် သိပ်စိတ်မ၀င်စားကြဘူးထင်လို့ ဆက်မတင်ဖြစ်တော့ပါ။ နောက်တစ်ချက်ကလည်း စာအုပ်တွေမတင်ခင်မှာ ကျွန်တော်ကိုယ်တိုင် ဖတ်ပြီးသားဖြစ်မှ ဖတ်ညွှန်းသဘောလေး ရေးပြီးမှ တင်ပေးတာဆိုတော့ အခုနောက်ပိုင်းမှာလည်း ၀တ္ထုရှည်တွေကို အချိန်ပေးမဖတ်နိုင်တော့တာကလည်း တစ်ကြောင်းမို့ ဆက်မတင်ဖြစ်တော့တာပါ။

ဒါပေမယ့် ဟိုတစ်လောက ကိုညီလင်းဆက်ရဲ့ ဘလော့မှာ ကျွန်တော့ရဲ့ Ebook link လေးကို ဖေါ်ပြပေးထားတာကို ကျွန်တော့ဆီလာတဲ့ link တွေကိုစစ်ရင်းနဲ့တွေ့တော့မှ ငါတာဝန် မကျေဖြစ်နေပါလားလို့ ခံစားမိပါတယ်။ အခုလို ဖေါ်ပြပေးထားတဲ့ ကိုညီလင်းဆက်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော့်မှာ ရှိသမျှ စာအုပ်ကလေးတွေကို ဆက်လက်ပြီး ဝေမျှပေးပါမယ်။ ဖတ်ပြီးသားရော မဖတ်ရသေးတာရော ဖတ်လက်စရောပေါ့။ မြန်မာစာအုပ်တော့ မဟုတ်တော့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာစာအုပ်က 'နေ့သစ်'မှာ အတော်များများကို ရှိပါတယ်။ စိတ်ပါဝင်စားသူများ သွားပြီးဒေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ အခုဆက်ပြီး အနောက်တိုင်း ဂန္ထ၀င်ဝတ္ထုတွေကို Classic Literature ခေါင်းစဉ်နဲ့ပဲ ဆက်ပြီး ဝေမျှသွားပါမယ်။ နောက် အလျဉ်းသင့်ရင်လည်း အခုခေတ်ပြိုင်စာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း တင်သွားပေးပါ့မယ်။ အဲဒါတွေကတော့ non-fiction တွေပဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အခုနောက်ပိုင်းစာရေးဆရာတွေရဲ့ ၀တ္ထုတွေကို မဖတ်ဖြစ်တော့ပါဘူး။ non-fiction တွေပဲ အဖတ်များလို့ပါ။ (အရင်က ဆရာကြီးတွေစာကို ဖတ်ရသလို အရသာမရှိဘူး ထင်မိလို့ပါ။ အမှန်တော့ အစွဲအလန်းပါ။ သိသိကြီးနဲ့ ပြင်မရတာကတော့ တက်နိုင်ဘူးဗျာ။ မဖတ်ရသေးတာချင်းအတူတူ အသစ်နဲ့ အဟောင်း ဘယ်ဟာဖတ်မလဲဆိုရင် နာမည်တွေကို ရင်းနှီးနေပြီး ဖတ်ချင်ခဲ့တဲ့၊ မဖတ်ဖြစ်သေးတဲ့ ဂန္ထ၀င်ဝတ္ထုတွေကိုပဲ ရွေးဖတ်မိမှာပါ။ တစ်ခါတစ်ခါ တွေးမိပါတယ်။ ငယ်ငယ်က ဖတ်ချင်ခဲ့တဲ့ အဟောင်းတွေကိုသာ ကုန်အောင်လိုက်ဖတ်နေရရင် အသစ်ကို ဖတ်မိတော့မှာ မဟုတ်ဘူးလို့.. ဖတ်စရာတွေကလည်း ကုန်ကို မကုန်နိုင်ဘူးဗျာ..)

အဲ.. တင်ပေးမယ်ဆိုတာတောင် ဒီနေ့တော့ မဟုတ်သေးပါဘူး။ ကျွန်တော့်စာအုပ်တွေကို mediafire ကို upload တင်နေတုံးပါ။ သိတဲ့အတိုင်းပဲ connection ကလည်း တစ်နေ့ရွှေ တစ်နေ့ငွေ မဟုတ်လား။ မနက်ဖြန်မှာတော့ အတော်များများ ရင်းနှီးပြီးသားဖြစ်နေကြမယ့် အမေရိကန်စာရေးဆရာကြီး Mark Twain ရဲ့ "ADVENTURES OF TOM SAWYER" ကို တင်ပေးပါ့မယ်။

မေ့လို့.. 'နေ့သစ်' elibrary ကို ဒီက နေသွားပါခင်ဗျာ။

သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
Author: vanko
•8:54 PM

oracy.wordpress.com

"----"

"----"

မသဲမကွဲနဲ့ ခေါ်သံလိုလို နားထဲမှာ ကြားနေတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးတွေကို ဖွင့်ဖို့ အားယူနေတုံးပဲ လက်ကိုလာကိုင် လှုပ်နိုးတာကြောင့် လေးလံတဲ့ မျက်ခွံတွေကို အနိုင်နိုင်ဖွင့်ရင်း ကြည့်လိုက်ပါတယ်။ ဟင်.. ချာတိတ်လေး တစ်ယောက်ပါလား။ ဘာလို့ငါ့ကို လာနိုးတာတုံးဟ..။

x x x

အခုတစ်လော စိတ်မပါတာကြောင့် ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ်။ စိတ်ထဲမှာလည်း သိပ်မပျော်တာကြောင့် ဘယ်မှလည်း မလည်ဖြစ်ပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ခင်း ပျင်းပျင်းနဲ့ အိပ်ရှေ့ခြံထဲဆင်းပြီး ပက်လက်ကုလားထိုင်တစ်လုံး ဆွဲယူထိုင်ပြီး စာဖတ်လိုက်တာ မျက်စေ့ညောင်းလာပြီး ဘယ်အချိန် အိပ်ပျော်သွားလိုက်တယ် မသိပါဘူး။ အဲဒါ ခုနက ချာတိတ်လေး လာနိုးမှ နိုးလာတာပေါ့။

"အင်.. မင်းက ဘယ်သူလဲဟ..၊ ဘာလို့ ငါ့လာနိုးတာလဲ.."
"အနော့်ကို မသိတော့ဘူးလား.."

အံမာ ကိုယ်တော်လေးက မေးခွန်းပြန်ထုတ်နေသေးတယ်။

"အေးလေ မသိလို့မေးတာပေါ့။ နေပါဦး မင်းက ခြံထဲ ဘယ်လိုဝင်လာတာလဲ.. အမှိုက်လိုက်ကောက်တာလား.."

နေပါဦး ကြည့်လိုက်စမ်းပါဦးမယ်။ အမယ် အမှိုက်ကောက်တဲ့ ကလေးနဲ့တော့ မတူပါဘူး။ ရုပ်ကလေးက သနားကမားလေးပါ။ အသက်ကိုတော့ မှန်းလို့မရဘူး..။ ငါးနှစ်.. ခြောက်နှစ်.. လေးနှစ်.. သုံးနှစ်.. ဟာ.. မှန်းလို့မရဘူး။ ထားလိုက်ပါတော့။

"ဟာဂျာ.. အမှိုက်ကောက်တဲ့ရုပ်လားဂျ..၊ အနော့်ကို သေသေချာချာကြည့်ပါဆို.."

ရော.. ခက်တော့နေပါပကောလား။ ခြံထဲလဲ ကျူးကျူးကျော်ကျော်ဝင်လာသေး၊ သူများ ဆက်ရက်မင်းစည်းစိမ်နဲ့ နှပ်နေတာကိုလည်း လာနှောက်ယှက်သေး၊ အခုလည်း သူ့ကို သေချာကြည့်ရမတဲ့။ အော်.. ဒုက္ခ ဒုက္ခ.. အလုပ်ပိတ်ရက်လေး နေ့လည်နေ့ခင်း အိပ်တာတောင် ကောင်းကောင်းမအိပ်ရပါလား။

နဲနဲကျွဲမြီးတိုသွားပေမယ့် ကလေးဆိုတော့လည်း စိတ်ကိုလျှော့လိုက်ပါတယ်လေ။ မှန်းစမ်း ကိုယ်တော်လေးကို ရှုစားလိုက်စမ်းမယ်။ အကြွေးရှင်ရဲ့ကလေးတော့ မဟုတ်တန်ကောင်းပါရဲ့။ ခြေဆုံးခေါင်းဆုံး ခေါင်းဆုံးခြေဆုံး ကြည့်ပါသော်လည်း အာရုံထဲမှာ ဇဝေဇ၀ါ အဖြေကတော့ ပေါ်မလာပါ။

"ကဲ.. ကိုယ်တော်လေး၊ မင်းကို ဘယ်လိုကြည့်ကြည့် စိုင်းစိုင်းနဲ့လည်း မတူဘူး၊ ရိန်းနဲ့လည်း မတူဘူး။ ကဲ.. ပြော ဘာဖြစ်ချင်တာလဲ။ ပိုက်ဆံတောင်းမလို့လား။ အဲဒါဆိုရင်တော့ ကန်တော့ဆွမ်းပဲ။ ငါတောင် လမ်းထိပ်ထွက် လက်ဘက်ရည်သောက်စရာ မရှိလို့ ဒီမှာလာအိပ်နေတာ။ မင်းအမေက အကြွေးတောင်းခိုင်းလိုက်တာဆိုရင်တော့ ငါမရှိဘူးလို့ ပြောလိုက်။ မုန့်ဖိုးပေးမယ်နော်။ ဟုတ်ပြီလား"

"ဟာဂျာ.. အဖေရာ.. အဲလောက်ရက်စက်ရလား။ အနော့်ကိုတောင် မမှတ်မိတော့ဘူးပေါ့။ အီးဟီး... ၀ါး..."

ဟိုက် ဟိုက် ရှလပတ်ရည်.. အဲ ဂုရုကွေးရဲ့ စကားတွေလဲ ယောင်ထွက်ကုန်ပါပြီ။ ခေါင်းပေါ်က ဆံပင်တွေလဲ မိုးကြိုးပစ်ကေ ဖြစ်သွားသလားမသိ၊ အိပ်ချင်နေတဲ့မျက်လုံးတွေလဲ ဇီးကွက်မျက်လုံးဖြစ်ကုန်ပြီ။ လောကပါလ နတ်မင်းတွေကယ်တော်မူပါ။ အိုးစွပ်ခွက်စွပ်လည်း မစားမိရပါပဲနဲ့ ဘယ်ကမှန်းမသိတဲ့ ကလေက၀လေးတစ်ယောက် အဖေလာခေါ်နေလို့ပါခင်ဗျ။

"ဟေ.. ဟေ့ ဟေ့ကောင်.. ဘာပြောတယ် ဘာပြောတယ်။ မင်းလူမှားနေပြီ။ ငါ ရေမရောတဲ့ လူပျိုစစ်စစ် အကောင်းစားလေးကွ။ စော်စော်ကားကားနဲ့ပါလား။ တောက်.. ဟင်း.. အသရေဖျက်မှုနဲ့ တရားစွဲလိုက်ရမလား.."
အဲ.. ကလေးဆိုတော့လဲ အသရေဖျက်မှုနဲ့ တရားစွဲလို့ရမှာ မဟုတ်။ အခုမှ ခက်ပြီ။

"ဟုတ်တယ်ဗျ.. ဟုတ်တယ်.. အနော်က အဖေ့သားဗျ.. အဖေရဲ့.. အနော့်ကို ပစ်ထားပြီး မမှတ်မိတော့ဘူးပေါ့.. အီးဟီး.. ၀ါး..."

အောင်မယ်လေးဗျ.. ၃၇ မင်းနတ်တွေ၊ ဆိုင်ရာပိုင်ရာတွေ ကယ်တော်မူပါ..။ သူတော်ကောင်း အကောင်းစားလေးကို ပစ်မထားကြပါနဲ့။ ဒီမှာ မဟားဒယား အဖေလာတော်နေလို့ပါခင်ဗျ...။

"ဟေ့ ဟေ့ကောင် မင်း အာဗြဲကြီးနဲ့ အော်မငိုနဲ့လေ.. ဒုက္ခပါပဲ။ ဘေးအိမ်တွေကြားရင်တော့ မရှိမဲ့ရှိမဲ့ သိက္ခာတွေတော့ ကျကုန်တော့မှာပါပဲ"
ဘုရားသိကြားမလို့ ငါချိန်နေတဲ့ကောင်မလေးအိမ်က မကြားပါစေနဲ့...။ ဒီကိုယ်တော်လေးကို အမြန်ဆုံး ဘယ်လိုပ,ထုတ်ရပါ့.. စဉ်းစားစမ်း စဉ်းစားစမ်း..။

"ဟေ့ကောင်.. မင်း ငါ့ခြံထဲခိုးဝင်လာပြီး တစ်ခုခုခိုးမလို့ မဟုတ်လား။ ရပ်ကွက်လူကြီးခေါ်ပြီး အပ်လိုက်ရမလား။ တစ်ခါထည်း ကြံ့ဖွံ့ထဲရောက်သွားမယ်။ ဘာမှတ်နေလဲ။ သွားတော့ သွားတော့ မင်းကို မုန့်ဖိုး ပေးမယ်။ ဟုတ်ပြီလား"

"ယူဘူးဗျာ.. ယူဘူး..။ အဖေ မွေးတုံးကမွေးထားပြီး အခုမှ ပစ်ထားတာ..။ အ၀တ်အစားလေးတောင် အသစ်မ၀ယ်ပေးဘူး။ အခုကြည့် အနော့်အင်္ကျီဟောင်းနေပြီဗျ.. ၀ါး.. အင်္ကျီအသစ်ဝယ်ပေး.. အသစ်ဝယ်ပေး.."

ရော.. ခက်ပြီ။ ပြောလေကဲလေ မန်းလေပြဲလေပါလား။ အာပြဲကြီးနဲ့အော်ငိုပြန်ပြီ။

"ဟေ့ကောင် ဟေ့ကောင်.. ရာရာစစ အင်္ကျီတောင်ဝယ်ပေးရဦးမယ် ဟုတ်လား။ မင်းအဖေများမှတ်နေလားကွ.. ဟင်.."
အဲ... မှတ်နေလို့ အဖေလာတော်နေတာပေါ့။ အောင်မယ်လေး ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ပါရော့လား။ အမေရေ.. ကယ်တော်မူပါဦးဗျ..။

"မှတ်တယ်ဗျ မှတ်တယ်။ အနော် အဖေ့သား ပန်းစကားလေဗျာ.. အဖေကိုယ်တိုင် နာမည်လှလှလေး ပေးထားပြီး အခုတော့ ပစ်ထားတယ်ပေါ့။ အီးဟီး... ၀ါး..."

ဟိုက်.. 'ပန်းစကား' ဒီနာမည် ကြားဖူးသလိုပဲ။ ပန်းစကား.. ပန်းစကား.. ကျွန်တော် ဇဝေဇ၀ါနဲ့ ရေရွတ်နေတုံးပဲ ချာတိတ်ကလေးက စိတ်တိုလာပုံနဲ့ ပက်လက်ကုလားထိုင်ပေါ်ခုန်တက်ပြီး ကျွန်တော့ရင်ဘတ်ကို လက်သီးနဲ့ထိုးလိုက်တာ..

ဘုတ်..။
အင့်..။

x x x

ဘုတ်.. ကနဲ အသံကြားလိုက်ပြီး ရင်ဘတ်က အင့်.. ကနဲအောင့်သွားလို့ လန့်နိုးသွားတော့မှ အော် သရက်ပင်အောက် ပက်လက်အိပ်ပျော်သွားတာ ရင်ဘက်ပေါ် သစ်ကိုင်းခြောက်ပြုတ်ကျတာကိုး...။ အင်.. ဒါနဲ့ ခုနက ချာတိတ်လေးရော.. ဘယ်ရောက်သွားပါလိမ့်။ အင်.. အဲဒါက အိပ်မက်ပဲ။ အင်း အင်း ဟုတ်ပေသားပဲကိုး။ ကျွန်တော်လဲ ဘလော့လေးကို စိတ်လိုလက်ရကို ပစ်ထားလိုက်တာ။ ညီမလေးမက်မက်ပြောတဲ့ ဘလော့တွင်းစောင့်နတ်ကလေးက လာသတိပေးတာဖြစ်မယ်။ တစ်ခုခုတော့ ရေးတင်ဦးမှပါပဲလေ ဆိုပြီး ရေးဖို့စဉ်းစားလိုက်တာ။ ရေးစရာမရှိသေးဘူးဗျာ.. နောက်နေ့များမှပဲ ပို့စ်အသစ်တင်တော့မယ်နော်..။ :P

သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ..။
Author: vanko
•9:06 PM
http://www.gtdtimes.com


“Ha ha ha…”

A sudden laughter followed by a frank remark made me uncomfortable.

We were in my room, drinking beer, being tossed in the wave of music when Jun (not John), a coworker from Philippines, laughed out suddenly.

His remark: “I know this song. It’s Matellica’s. Isn’t it? It’s a copied song.”

“Yes,” I answered. “And ya know, in this album, some songs are copied. But not all are,” was my excuse.

But my excuse was crushed under another blow of sharp and bluff comment. He showed no mercy.

“No, I know, from the first song to this one, they’re all copied. I didn’t tell ya ‘cause I don’t know the original artists of those songs. But this one, I definitely know, is Matellica’s.”

It was ‘Call of the sea’ (ပင်လယ်အော်သံ), the second album of my favourite rock star, Lay Phyu.

“Oh, yes. I forget. Songs in this album are all copied,” I confessed in a half annoyed and half embarrassing tone. But he didn’t notice that. Probably he was drunk.

“Don’t you Filipino singers sing copied song?” I queried, after a couple of minutes’ silent.

“Of course,” he answered. “But, ya know, there’re very few copied songs in Philippines. Mostly we create own tune. Today, every artist, even very young Filipino artists, try to create their own tune and are very proud of it. We’re trying to compete with the international artists. We create our own tuned songs, our own style and wanna show our creativity to the world.”

He said these words in a proud and thrilled voice. I listen quietly, embarrassingly and awkwardly. It was one of the unforgettable moments in my life.
Author: vanko
•10:31 PM


“နှမလင် မင်းသည် ငါ့ကျောက်ကုန်းထက်၌ စီးလျှက် မမေးရာသည့်အမေးကို မေးသည်။ ငါမဆိုနိုင်တော့ပြီ။ စီးဆင် နွံကျွံသဖြင့် ငါကုန်းပိုး၍ပြေးသောကြောင့် ရန်သူလက်မှ လွတ်ချေသည်”

x x x x x


မနက်က ကျွန်တော့်ညီမက မေးပါတယ်။
“ကိုကြီး ကော်ဖီသောက်ဦးမှာလား”
-အေးပေါ့ဟ သောက်မှာပေါ့။ အထူးအဆန်းလုပ်ပြီး လာမေးနေရလား- ဒါက ကျွန်တော် စိတ်ထဲက ပြောမိတာပါ။ တကယ်ကတော့ ပါးစပ်က “အင်း” လို့ပဲ ပြောလိုက်တာပါ။

မနက်အိပ်ချင်မူးတူးနဲ့ အိပ်ယာထလာလာချင်း အမေးခံရလို့ စိတ်နဲနဲတိုသွားတာပါ။ သွားတိုက်ရင်း စဉ်းစားမိတယ်။ “အင်း” လို့ ပြောလိုက်ရင် တစ်ခွန်းထဲနဲ့ ပြီးသွားမယ့် ကိစ္စကို ဘာလို့များ ကိုယ်လဲ လေကုန်ခံ သူများလဲ စိတ်ညိုညင်အောင် ဘာလို့များ ပြောချင်ရပါလဲလို့။

တစ်ချို့နေရာတွေဆိုရင် ဘာမှမပြောပဲနေလိုက်ရင် ပြီးသွားမယ့်ကိစ္စတွေကို ပါးစပ်မထိန်းနိုင်ပဲ ပြောမိလို့ ပြောသူ နာသူ နှစ်ဦးစလုံး အဆင်မပြေဖြစ်ရတာတွေလည်း မနည်းပါဘူး။

x x x x x


ဗညားဦးသည် မုတ္တမတွင် ၁၅ နှစ် မင်းပြုပြီး ဗြတ်ထဗ ပုန်စားသဖြင့် ဒုန်ဝန်းသို့ပြောင်း၍ မင်းပြုရသည်။ ဒုန်ဝန်းတွင် ၆ နှစ်မျှ စံရသည်။ ဒုန်ဝန်းစား အမတ်ကြီး ပွန်စိုလည်း နာဖျားမကျန်းဖြစ်၍ အနိစ္စရောက်ခဲ့သည်။ အမတ်ကြီး ပွန်စို လွန်ပြီးနောက် အမတ်ကြီး၏သားနှင့် ဗညားဦးသည် အမြဲပင် ဆွေးနွေးတိုင်ပင်ပြန်သည်။ သူ၏အကြံပေးချက်အရ ဒုန်ဝန်းသားများကို အားလုံး ဦးပြည်းခေါင်းတုံး ရိတ်စေသည်။

ထိုသတင်းကို ဗြတ်ထဗကြားလျှင် ညီဖြစ်သူ အဲပြဗုန်ကို ဗိုလ်မင်းခန့်၍ သူရဲ ၇၀၀ နှင့် ဦးပြည်းခေါင်းတုံးရိတ်စေပြီး ဒုန်ဝန်းသို့ ချီစေ၏။ နေ့အခါ တောမှာခိုကြ၍ ညအခါ ချီလေ၏။ မိုးသောက်ထ၍ ဒုန်ဝန်းမြို့ကို ကပ်မိပြီး နံနက်မြို့တံခါးအဖွင့်တွင် မြို့တွင်းသို့ ၀င်ကြလေ၏။ အားလုံး ဦးပြည်းချည်းဖြစ်သောကြောင့် တံခါးစောင့်များက စစ်သည်မမှတ်သဖြင့် ၎င်းတို့ကို မစစ်ဆေးပေ။

အဲပြဗုန်နှင့် သူရဲ ၇၀၀ တို့လည်း မြို့တွင်းသို့ ၀င်မိလျှင် အပြင်းတိုက်လေ၏။ ဆင်ဖြူရှင် ဗညားဦးလည်း စီးတော်ဆင်တွင် က, မတင်ခင်သဖြင့် ဆင်မယဉ်သာတစ်စီးထက်သို့ ခုန်တက်၍ ကိုယ်လွတ်ပြေးလေ၏။

မှူးမတ်သေနာပတိ သူရဲသူခက်များလည်း သူ့ရှင်နောက်သို့ လိုက်သော်လည်း မမီကြပေ။ ဆင်ကဲတစ်ဦးနှင့်သာ ပြေးသော် ချောင်းအကူးတွင် ဆင်မသည် နွံကျွံခဲ့သဖြင့် သူ့ရှင်ဗညားဦးကို ဆင်ကဲကိုယ်တိုင် ကုန်းပိုးလျှက် ခုဿဏရံတောသို့ ၀င်လေ၏။

ဗညားဦးသည် ဆင်ကဲ၏ ကျောက်ကုန်းထက်၌ရှိစဉ် မြင်မြင်သမျှ သစ်ရွက် သစ်သီး သစ်ပွင့်များကို “ပဇာသစ်သီး၊ ပဇာသစ်ရွက်၊ ပဇာသစ်ပွင့်နည်း” ဟု ဆင်ကဲကို မေး၏။ ဆင်ကဲသည် မေးတိုင်းဖြေကြား၏။

မေးဖန်များလတ်သော် ဆင်ကဲလည်း ပင်ပန်းလှသဖြင့် အမျက်ရှိ၍ “နှမလင် မင်းသည် ငါ့ကျောက်ကုန်းထက်၌ စီးလျှက် မမေးရာသည့်အမေးကို မေးသည်။ ငါမဆိုနိုင်တော့ပြီ။ စီးဆင် နွံကျွံသဖြင့် ငါကုန်းပိုး၍ပြေးသောကြောင့် ရန်သူလက်မှ လွတ်ချေသည်” ဟု အမျက်နှင့် ရင့်သီးစွာ ဆို၏။

သူ့ရှင်ဗညားဦးလည်း နားတော်ရှသည့် ဆင်ကဲစကားကို ကြားလျှင် တိတ်ဆိတ်စွာပင် နေတော်မူ၏။ ကျိုက်သတေး (ကျာ်သတှေ်)သို့ ရောက်သောအခါ မှူးမတ်သေနာပတိ ဆင်မြင်းများ မီလာကြ၍ စုရုံးကြပြီးလျှင် ပဲခူးသို့ ကူးတော်မူ၏။
(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ၊ နိုင်ပန်းလှ)

x x x x x

ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းထဲက ဒီနေရာကို ပထမဆုံးဖတ်ရတုံးကတော့ ဒီဆင်ကဲတော့ အသတ်ခံရတော့မှာပဲ ထင်မိတာပါ။ ‘မင်းခယောက်ျား ကမ်းနားသစ်ပင်’ ဆိုတယ်မဟုတ်လား။ ရှင်ဘုရင်ကို မဆင်မခြင် နှမလင်လို့တောင် ဆဲလိုက်သေး သူက..။ ဘုရင်ကလဲ ဘုရင်ပါပဲ အသက်လုပြေးနေရတာတောင် စပ်စပ်စုစု တောထဲမှာ သုတေသနလုပ်နေသေးတာကိုး။

အင်း အဲဒီဇာတ်လမ်း ပြန်ဆက်ရရင် ဗညားဦးလည်း ပဲခူးဟံသာဝတီမှာ နန်းသစ်တည်ပြီး နေပါတယ်။ အခြေတကျရှိတော့ မှူးမတ် သေနာပတိတွေကို အထိုက်အလျှောက်အားလျှော်စွာ ဆုလာဘ်တွေ မြို့စားရွာစားတွေ ပေးသနားပါတယ်။ ဆင်ကဲကိုတော့ ဘာဆုလာဘ်မှ မပေးပါဘူး။
အဲဒီအခါ အစ်မတော်လုပ်သူ မဟာဒေ၀ီက ပြောပါတယ်။ ကျွန်တော်ရင်း ဆင်ကဲဟာ ကျေးဇူးအထူးပြုခဲ့တယ်ပေါ့။ သူ့ကိုယ်လည်း ကျေးမက်စည်းစိမ်ချမ်းသာ ပေးလိုက်ပါဦးပေါ့။

အဲဒီအခါ ဗညားဦးက “အစ်မတော် ဆိုသည့်အတိုင်း သူ့ကျေးဇူးကား အထူးရှိပေ၏။ သို့သော် ကျေးဇူးဂုဏ်မမြောက်ပါ။ ငါတို့ ဒုန်ဝန်းမှ ထွက်ပြေးရစဉ်က သူနှင့်ငါမှာ တစ်ခရီးတည်း လာရ၏။ ထိုအခါတွင် ငါ့နားတော်ကို ရှနာလေအောင် သူဆိုသည်။ ငါ အရှက်ကွဲခဲ့ရသည်။ ရှေးလူများ ဆိုထားကြသည့် စကားပုံရှိသည်။ ကျေးဇူးဂုဏ်တစ်ထောင်ပင် ရှိစေကာမူ အပြစ်တစ်ခုပြုမိချေက ကျေးဇူးဂုဏ်တစ်ထောင်စလုံး ပျက်ရသည်။ ငါလို ဘုရင်တစ်ပါးကို နားမျက်စိ ရှနာလေအောင် သင်းပြုသဖြင့် သင်းအသက်ကို မသတ်သည်ကပင် သင်းကျေးဇူးကို ဆပ်သည်မည်၏။ အစ်မတော်သာ သင်းကို ခေါ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။

ဗညားနွဲ့နေရာက စဉ်းစားတော့လဲ မှန်ပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ် ဘုရင်တစ်ပါးကို အလုပ်အကျွေး ကျေးကျွန်တစ်ယောက်က ဆဲရေးတာခံရတယ်ဆိုတော့ အတော်ကို အမျက်ထွက်မှာပါပဲ။ သူ့ကို မသတ်ပဲထားတာကပဲ ကျေးဇူးဆပ်ရာရောက်တယ်လို့ ပြောနိုင်ပါတယ်။ ဆင်ကဲဘက်ကကြည့်ရင်လည်း အသက်စွန့်ပြီး ဆင်မောင်းလဲပြေးရ၊ ဆင်နွံထဲနစ်နေလို့ ကိုယ်တိုင်လည်း ကုန်းပိုးပြီး အသက်ကယ်ခဲ့ရတဲ့ ကျေးဇူးကိုမထောက် ဘာစည်းစိမ်မှမပေးဘူးဆိုတော့ စိတ်ထဲတော့ခံစားရမှာပါပဲ။ ဒါဟာ စကားတစ်ခွန်းကို မဆင်မခြင် ဒေါသအလျှောက် ပြောမိလို့ ရရှိနိုင်မယ့် စည်းစိမ်ချမ်းသာတွေကို လက်လွတ်လိုက်ရတာပါ။ သူသာ ဒီစကားတစ်ခွန်းကို မပြောမိခဲ့ဘူးဆိုရင် ဘုရင့်အသက်သခင် ကျေးဇူးရှင်အနေနဲ့ အတော်ကြီးကို ဆုလာဘ်တွေ ရာထူးတွေ ရနိုင်မှာပါ။ အခုတော့ ခေါင်းနဲ့ကိုယ် အိုးစားမကွဲတာကိုပဲ ရှင်ဘုရင်ကို ပြန်ကျေးဇူးတင်ရမလို ဖြစ်သွားပါတယ်။

ဒါနဲ့ စပ်ဆက်ပြီး သတိရမိတာက ဆရာနန္ဒာသိန်းဇံရဲ့ ‘မှန်သောစကားကိုဆိုခြင်း’ စာအုပ်ကလေးထဲက အကြောင်းအရာလေး တစ်ခုပါ။

တစ်ခါက ဘုရင်တစ်ပါးဟာ မြို့ပြင်မှာ တောကစားထွက်ရင်း ထမင်းစားချိန်ရောက်တော့ ပွဲတော်တည်ဖို့ ပြင်ဆင်စေပါတယ်။ သူ ပွဲတော် တည်ခါနီးဆဲဆဲမှာပဲ ရဟန်းတစ်ပါးဟာ အရှေ့ကိုလာပြီး ဆွမ်းခံရပ်ပါသတဲ့။ ဘုရင်လည်း ဒါဟာ သိပ်ကို မင်္ဂလာရှိတယ်ပေါ့။ သူစားခါနီးမှာ ရဟန်းတစ်ပါး လာပြီး အလှူခံရပ်တာဟာ သူ့ကို ချီးမြှောက်ချင်လို့ပဲလို့ ထင်ပါသတဲ့။ အဲဒါနဲ့ ရဟန်းကို ဆွမ်းလောင်းလှူပြီး အမတ်တစ်ယောက်ကို ရဟန်းနောက်က လိုက်ပြီး စောင့်ကြည့်စေပါသတဲ့။ သူ့အထင်ကတော့ ဒီရဟန်းဟာ ဧကန်မုချ ဈာန်အဘိဥာဉ်ရနေတဲ့ ရဟန္တာတစ်ပါး ဖြစ်ရမယ်ပေါ့။

စောစောက အမတ်လည်း ရဟန်းနောက်ကို နောက်ယောင်ခံလိုက်ရင်းက တစ်နေရာအရောက်မှာ ရဟန်းဟာ တဲအိမ်တစ်လုံးထဲဝင်သွားပါသတဲ့။ တဲအိမ်ထဲမှာတော့ မိန်းမတစ်ယောက်က ရဟန်းရဲ့ သပိတ် သင်္ကန်းတွေကို ယူငင်သိမ်းဆည်းပြီး ကလေးတွေနဲ့ ဆွမ်းခံရလာတာတွေကို စားကြသောက်ကြတာကို တွေ့ရပါတယ်တဲ့။ အမှန်တော့ ဒီရဟန်းဟာ မိန်းမနဲ့ကလေးတွေကို ဆွမ်းခံကျွေးနေတဲ့ ရဟန်းတုရဟန်းယောင် တစ်ဦးပဲပေါ့။

အဲဒါနဲ့ အမတ်လည်း ပြန်လာပြီး မျှော်လင့်တကြီးစောင့်နေတဲ့ ဘုရင်ကို ဒီလို လျှောက်ပါတယ်။
“အရှင်မင်းကြီး ကျွန်တော်မျိုး လိုက်ကြည့်နေဆဲမှာပဲ ရဟန်းဟာ ရဟန်းအသွင်ကွယ်ပျောက်သွားကြောင်းပါ”

ဒီနေရာမှာ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ..။ ဘုရင်ကတော့ ရဟန်းဟာ တန်ခိုးနဲ့ ကွယ်ပျောက်သွားတယ်လို့ ထင်ပြီး သူ့ရဲ့အလှူအပေါ် သိပ်ကို ပီတိဖြစ်နေပါသတဲ့။ အမတ်ကိုလည်း ဆုလာဘ်များစွာ ပေးသနားပါတယ်။ အမတ်ပြောတာကတော့ ရဟန်းအသွင်က ကွယ်ပျောက်ပြီး လူအသွင်ရောက်သွားတာကို ဆိုလိုတာပါ။ ဒီနေရာမှာ အမတ်ရဲ့ စကားအရာလိမ္မာပါးနပ်မှုကို ချီးကျူးလောက်စရာပါ။ သူသာ ဒီရဟန်းဟာ အတုကြီးပါ။ မိန်းမတွေ ကလေးတွေနဲ့ပါ ပြောလိုက်ရင် ဘုရင်ရဲ့ အလှူအပေါ် ကြည်နူးဝမ်းသာနေတဲ့ သဒ္ဒါစိတ်လည်း ပျက်စီးသွားမယ်။ ရဟန်းတုလည်း အသတ်ခံရရင် ခံရနိုင်တယ်။ သူလည်း ဘာဆုလာဘ်မှ ရတော့မှာ မဟုတ်ပါဘူး။ အခုတော့ အလျှောက်ကောင်းမှုကြောင့် သုံးဦးသုံးဝ အဆင်ပြေရပါတယ်။

စောစောက ဗညားနွဲ့ရဲ့ ဆင်ကဲအဖြစ်မှာတော့ ဒေါသလျှောက်ပြောမိလို့ ရရှိလာမယ့် ဆုလာဘ်တွေနဲ့လွဲရုံမက အသက်မသေတာတောင် အတော်ကံကောင်းတဲ့ အဖြစ်မျိုးရောက်သွားပါတယ်။

စကားတစ်ခွန်းကို အပြောမတက်မှုကြောင့်၊ မလိုအပ်ပဲ ဒေါသအလျှောက် မောဟအလျှောက် မာနအလျှောက် ပြောမိတာတွေကြောင့် အကျိုးယုတ်ရတဲ့ အဖြစ်တွေ ကင်းဝေးကြပါစေ။ (ကျွန်တော်ကိုယ်တိုင်ရော ဆင်ခြင်နိုင်ပြီလားဆိုတော့.. ဟဲ ဟဲ သူများကိုပဲ ဆရာလုပ်တက်တာပါ။ ကိုယ်တိုင်ကတော့…။)
Author: vanko
•10:32 PM
အင်း.. လာလည်ကြတဲ့ သူငယ်ချင်းများကို ခင်လည်းခင်တယ် အားလည်းနာပါတယ်။ အသစ်မတင်နိုင်တော့ အားနာတာပေါ့ဗျာ။ အခုတစ်လော မရေးဖြစ်တဲ့အကြောင်းတွေကများသား... ဆင်ခြေတွေ.. ဆင်ခြေတွေ.. :P

တစ်..။ အလုပ်များတယ်ဗျာ။ ဟိုတစ်လောကဆို အလုပ်က pressure များတော့ stress ၀င်တယ်။

နှစ်..။ အင်း.. စိတ်မပါဘူး..ယင်းဂလိပ်လိုဆို mood မ၀င်ဘူးပေါ့ဗျာ.. :P

သုံး..။ ညစ်နေတယ်.. အခုတစ်လော စိုင်းထီးဆိုင်ရဲ့ "နံရံကိုလက်သီးနဲ့ထိုးမိတယ်" သီချင်းက ခေါင်းထဲရော ပါးစပ်ထဲရော ရောက်ရာက်လာတက်တယ်။ ဘာကိုအပြစ်ရှာ ပုံမှာလဲ.. တရားခံအရင်းဟာ ဘယ်သူလဲ.. ကိုယ်လေစဉ်းစား မရနိုင်တိုင်း.. နံရံကိုလက်သီးနဲ့ ထိုးမိတယ်.. တကယ်တော့ မထိုးပါဘူးဗျာ..။ ကျွန်တော်က ကိုယ့်အသားနာမှာ သိပ်ကြောက်တာ :P ဘယ်လောက်ဒေါသထွက်ထွက် ကိုယ့်ကိုယ်ကိုတော့ အနာမခံပါဘူး.. ဟိဟိ။

လေး..။ အဲဒါနဲ့ အင်တာနက်မှာ ကာတွန်းကားတွေ လိုက်ရှာကြည့်တယ်။ (မဆိုင်ဘူးလား.. ဟီး)။ ကျွန်တော်က အခုအရွယ်အထိ ကာတွန်းကား ကြည့်တုံး။ Tom & Jerry က ကျွန်တော်အကြိုက်ဆုံး ကာတွန်းကား။ နောက်ပြီး ငယ်ငယ်ထည်းက ကြိုက်တာ အခုထိ ပြန်ကြည့်လည်း မရိုးနိုင်တာ Jungle Book. မောဂ္ဂလိနဲ့ ၀က်ဝံကြီး ဘာလူးတို့ နှစ်ယောက်သား သီချင်းဆိုပြီးကတဲ့ အခန်းဆို သိပ်ကြိုက်တာ..။

ငါး..။ သီချင်းတွေ လျှောက်ရှာပြီး ဒေါင်းတယ်။ သီချင်းအသစ်တွေထက် အဟောင်းတွေကို လိုက်ရှာတယ်။ အသစ်တွေက အချိန်မရွေး ၀ယ်လို့ရတယ်လေ။ အဟောင်းလေးတွေက လိုချင်ရင် ရွှေထက်ရှားတယ် မဟုတ်လား။ မြန်မာသီချင်းရော အင်္ဂလိပ်သီချင်းရော အဟောင်းတကာ့အဟောင်းတွေ လိုက်ရှာဒေါင်းတယ်။

အဲမှာ ရှာရင်းနဲ့ ဒီသီချင်းလေးကိုတွေ့လို့ လာလည်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီ ညီမလေးများ အပျင်းပြေကြည့်ရအောင် တင်ပေးလိုက်ပါတယ်။ အခုတော့ ဒါလေးနဲ့ပဲ ကျေနပ်ကြပါနော်။

Author: vanko
•9:08 PM

www.perceptions.couk.com
www.winterwoodtoys.com.au

ကျွန်တော်မွေးကင်းစ သုံးရက်သားတုံးကပါ။ ကျွန်တော့်ရဲ့ ပိုးပုခက်ကလေးထဲမှာ ယက်ကန်ယက်ကန် လဲလျောင်းနေရင်း ပတ်ဝန်းကျင် ကမ္ဘာလောကသစ်ကြီးကို စိတ်ပျက်အံ့အားသင့်စွာ ငေးမောနေတုံးပေါ့။ မေမေက နို့ထိန်းမိန်းမကို မေးပါတယ်။

“ကလေး ဘယ်လိုနေသလဲဟင်”
“အို.. ကလေးကတော့ သန္ဓေကောင်းလိုက်တာ အစ်မရယ်။ ကျမ သူ့ကို သုံးခါတောင် နို့တိုက်ပြီးပြီ။ ဒီလောက် ငယ်ငယ်ကလေးနဲ့ ရွှင်မြူးနေတဲ့ ကလေးမျိုး ကျမ တစ်ခါမှတောင် မတွေ့ဖူးဘူး”

ကျွန်တော် တော်တော်မခံနိုင်ဖြစ်သွားပြီး အော်ပြောမိတယ်။
“မဟုတ်ဘူး မေမေ၊ ကျွန်တော့်အိပ်ယာက မာတောင့်တောင့်ဖြစ်နေတယ်၊ ပြီးတော့ နို့ကလည်း ပါးစပ်ထဲမှာ ခါးနေတယ်။ သူ့ ရင်သားတွေအနံ့ကလည်း နှာခေါင်းထဲမှာ နံတယ်။ ကျွန်တော် တော်တော်စိတ်ပျက်နေတယ် အမေ”

ဒါပေမယ့် ကျွန်တော်ပြောတာကို အမေရော နို့ထိန်းပါ နားမလည်ကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြောတဲ့ ဘာသာစကားက ကျွန်တော်လာခဲ့တဲ့ တခြားကမ္ဘာတစ်ခုက ဘာသာစကားဖြစ်နေတာကိုး။

မွေးပြီး ၂၁ ရက်ပြည့်တော့ ကျွန်တော့်ကို ရေဖျန်းမင်္ဂလာနဲ့ကင်ပွန်းတပ်ပွဲ လုပ်ပါတယ်။ အဲဒီမှာ ဘုန်းတော်ကြီးက အမေ့ကို ပြောတယ်..
“ခင်ဗျားတော့ တကယ်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သင့်ပါတယ်။ ခင်ဗျားသားလေးဟာ ခရစ်ယန်တစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့လို့ပဲ”

ကျွန်တော် အံ့သြသွားပြီး ဘုန်းတော်ကြီးကို ပြောလိုက်တယ်။
“အဲဒါဆို ကောင်းကင်ဘုံက ဖာသာရဲ့အမေကတော့ အတော်စိတ်ဆင်းရဲနေမှာပဲ။ ဘာလို့လဲဆိုတော့ ဖာသာက ခရစ်ယန်တစ်ယောက်အနေနဲ့ မွေးလာခဲ့တာ မဟုတ်ဘူးလေ”

ဒါပေမယ့် ဘုန်းတော်ကြီးလဲ ကျွန်တော်ပြောတာကို နားမလည်ခဲ့ပါဘူး။

ခုနှစ်လပြည့်တော့ အကြားအမြင်ဆရာတစ်ယောက်က အမေ့ကို ပြောပြန်ပါတယ်။
“ခင်ဗျားသားက နိုင်ငံ့ခေါင်းဆောင်ဖြစ်မှာဗျ.. လူတွေအများကြီးကို ဦးဆောင်ရတဲ့လူ ဖြစ်မှာ”

ကျွန်တော်အော်ပြောလိုက်တယ်။
“အဲဒါ အကြားအမြင်ဆရာအတုကြီးအမေ။ ကျွန်တော်က ဂီတပညာရှင်တစ်ယောက် ဖြစ်လာမှာ။ ဂီတပညာရှင်တစ်ယောက်အဖြစ်ကလွဲလို့ ကျွန်တော် တခြားဘာမှဖြစ်လာမှာမဟုတ်ဘူး ”

ဒါပေမယ့် အဲဒီအရွယ်ရောက်တာတောင် ကျွန်တော့်စကားကို ဘယ်သူမှ နားမလည်ကြသေးဘူး။ ကျွန်တော်တော့ အတော်ကြီးကို အံအားသင့်ခဲ့ရတာပေါ့။

သုံးဆယ့်သုံးနှစ်ဆိုတဲ့ အချိန်ကုန်လွန်သွားတယ်။ ဒီအတောအတွင်းမှာ အမေရော၊ နို့ထိန်းမိန်းမရော ဘုန်းတော်ကြီးပါ ကွယ်လွန်သွားခဲ့ကြပါတယ်။ (ဘုရားသခင်က သူတို့ဝိညဉ်တွေကို စောင့်ရှောက်ပါစေ) အကြားအမြင်ဆရာကတော့ အသက်ရှင်နေထိုင်တုံးပါပဲ။ မနေ့ကတော့ သူ့နဲ့ ဘုရားကျောင်း တံခါးဝမှာ ဆုံမိပါတယ်။ အလာပသလာပ ပြောကြရင်းနဲ့ သူက အခုလိုပြောပါတယ်။
“မင်းအခုလို ဂီတပညာရှင်တစ်ယောက် ဖြစ်လာမယ်ဆိုတာ ငါသိနှင့်နေပြီးသားပါ။ ဟိုးတစ်ချိန် မင်းမွေးစကတည်းက ငါ မင်းရဲ့အနာဂတ်ကို အကြားအမြင်နဲ့ကြည့်ပြီး နိမိတ်ဟောခဲ့တာ”

ကျွန်တော်သူပြောတာကို ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်ကိုယ်တိုင် အဲဒီတုံးက တခြားကမ္ဘာရဲ့ဘာသာစကားကို မေ့သွားပြီဖြစ်လို့ပါပဲ။

ခါလီဂျီဘရန်း Kahil Gibran ရဲ့ စာလေးတစ်ပုဒ်ပါပဲ။ ကျွန်တော့်ဆီက ဦးခါလီရဲ့ စာတွေမကုန်မချင်းတော့ သည်းညီးခံပြီး အားပေးကြပါဦးခင်ဗျာ။ :P
Author: vanko
•12:15 AM

www.thesecretsofdreams.com
www.crazyleafdesign.com

စိမ်းမြ
သစ်ရွက်တို့ ကြွေနေဆဲ
ငါ့မျက်ရည် စိုနေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်

ရဲရင့်
ကျောက်ခက်တို့ ပြိုနေဆဲ
ငါ့အတွက်အဖြေ ရှာနေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်

တစ်ရေးမှ မပျော်တဲ့ည
မှောင်လွန်းနေဆဲ
တစ်ယောက်ထဲငါ ငိုနေတုံး
ရင်ထဲမှာ မကျေနပ်ဆုံး
အသည်းမှာ ဒါနောက်ဆုံး..

တိတ်ဆိတ်
အိပ်မက်တို့ ကျန်နေဆဲ
ငါ့စိတ်တွေ နှင်နေတုံးပေါ့
တချို့တွေ နေနိုင်လွန်းတယ်။

စိမ်းမြနေဆဲ သစ်ရွက်တွေ ဘာကြောင့်များ မြေခရပါလိမ့်.. ကျောက်သားကျောက်ဆိုင်လို ရဲရင့်ခဲ့တဲ့ စိတ်ဓါတ်တွေလည်း ပြိုလဲခဲ့ပြီ.. မျက်ဝန်းမှာ မျက်ရည်လည်း စွတ်စိုတုံး .. အသိခက်တဲ့ အဖြေကိုလည်း ရှာတုံး .. အိပ်စက်ခြင်းမဲ့တဲ့ညတွေမှာ ငိုကြွေးနေတုံး .. ရင်ထဲမှာ မကျေနပ်ဖူး .. ဘာကို မကျေနပ်တာလဲ.. ဘယ်သူ့ကို မကျေနပ်တာလဲ.. လောကကြီးကိုလား.. နေနိုင်သူတွေကိုလား.. ကိုယ့်ကိုယ်ကိုလား.. အဲဒါကိုလည်း အဖြေရှာတုံး.. အသည်းမှာ တကယ်ပဲ နောက်ဆုံးလို့ ဆုံးဖြတ်လိုက်ပြီလား.. အဲဒီအဖြေကိုလည်း ရှာဖွေဆဲ.. နောက်ဆုံးမှာတော့ တိတ်ဆိတ်ခြောက်ကပ် အသက်မဲ့နေတဲ့ အိပ်မက်တွေပဲ ကျန်နေခဲ့တယ်။ ရင်ထဲမှာ တိတ်တဆိတ်မက်နေဆဲ ဒီအိပ်မက်ကရော တကယ်ပဲ နောက်ဆုံးအိပ်မက် ဖြစ်မှာလား.. စိတ်တွေကတော့ ဟိုး အဆုံးအစမရှိတဲ့ အတိတ်နဲ့ အနာဂတ်ကို လူးလာခေါက်တုံ့ နှင်နေဆဲပါပဲ…။ နေနိုင်သူတွေကလည်း မဆိုင်သလို နေမြဲပါပဲ..။

ကိုခင်ဝမ်းနဲ့ ကိုခိုင်ထူးတို့ သီဆိုခဲ့ဖူးတဲ့ သီချင်းလေးပါ။ ဟိုးငယ်ငယ် ဂစ်တာတီးစကတည်းက နှစ်ချိုက်ခဲ့တဲ့ သီချင်းလေးကို ပြန်ခံစားကြည့်မိတာပါ။ ရင်ဘတ်ခြင်းတူရင် မျှဝေခံစားသွားနိုင်ပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•8:51 PM

ကျွန်တော် အိပ်ယာနိုးတော့ နေခြည်နုနုက ပြတင်းပေါက်ကနေဖြာပြီး အခန်းထဲကိုကျနေပါတယ်။ အပြင်က ငှက်ကလေးတွေရဲ့ ကျလိကျလိအသံကို ကြားရတယ်။ မိုးရွာပြီးစအချိန်မှာ ငှက်ကလေးတွေ တေးဆိုသံမျိုးပဲ။ ဟုတ်တာပေါ့။ ညက တစ်ညလုံး မိုးရွာခဲ့တာပဲ။ အင်း… တကယ်တော့ ညကတစ်ညထဲမဟုတ်ပါဘူး။ မိုးရက်ဆက်ရွာနေတာ ကြာပေါ့။ ဒီမနက်မှာတော့ နေရောင်ခြည်နွေးနွေးကို ပြန်မြင်ခွင့်ရပြီလေ။ ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား သီချင်းသံက သဲ့သဲ့လေး အခန်းထဲကို ပျံ့လွင့်လာနေတယ်။ ကျွန်တော်က အိပ်ယာထရင် နှစ်သက်တဲ့သီချင်းသံလေးနဲ့ နိုးထရတာကို သိပ်သဘောကျတဲ့သူပါ။ ဒီသီချင်းလေးကို ကျွန်တော့်ချစ်သူ ဖွင့်ပေးထားတာပေါ့။ သူကကျွန်တော့်ထက် အမြဲလိုလို အရင်နိုးတက်တယ်။ ကျွန်တော်ကတော့ အအိပ်မက်တယ်လို့ မဟုတ်ပေမယ့် ညဥ့်နက်မှအိပ်တက်လို့ မနက်အိပ်ယာထ အမြဲနောက်ကျတက်သူပေါ့။

ကျွန်တော်မှတ်မိသလောက် ကျွန်တော်နိုးလာတဲ့အချိန်တိုင်းမှာ သူကအရင်နိုးနေကျပဲလို့ ထင်မိတယ်။ တစ်ခါတစ်ခါ ကျွန်တော့ဘေးမှာထိုင်ရင်း ကျွန်တော်အိပ်ပျော်နေတာကို မိခင်တစ်ယောက်ရဲ့ ကြည်နူးမှုမျိုးနဲ့ ကြည့်နေတက်တဲ့ သူ့မျက်ဝန်းတွေနဲ့ နိုးထခဲ့တဲ့ နေ့တွေလဲ မနည်းပါဘူး။ အမှန်တော့ ကျွန်တော်လဲ အရင်နိုးတဲ့နေ့တွေမှာ သူ့ကို အဲလိုစိုက်ကြည့်ရင်း ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့သူ့ကို ပိုပိုပြီးမြတ်နိုးလာမိတာပါ။ ကလေးတစ်ယောက်လို အပူအပင်အကြောင့်အကျမရှိ ပျော်ရွှင်ချမ်းမြေ့စေချင်တာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်မေတ္တာနဲ့ သံယောဇဉ်လေးတွေကို ထာဝစဉ်ရှင်သန်နေဖို့ တာဝန်သိတက်မှုနဲ့ သစ္စာတရားက အားဖြည့်ကူညီပေးနေတယ်လို့ ယုံကြည်မိတယ်။

ကျွန်တော် အခန်းအပြင်ကိုထွက် ရေချိုးခန်းသွားဖို့ ထမင်းစားခန်းကိုဖြတ်လိုက်တော့ ကော်ဖီနံ့သင်းသင်းကလေးကို ရတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ကော်ဖီကြိုက်တက်လို့ မနက်ခင်းတွေမှာ ကော်ဖီအတူသောက်ရတဲ့ ကြည်နူးမှုကို ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ အခုချိန်ဆို သူ ဘုရားခန်းထဲမှာ ဘုရားပန်းကပ်ရင်း မေတ္တာပို့နေရောပေါ့။ ကျွန်တော် မျက်နှာသစ်ပြီးချိန်ဆို သူ ဘုရားရှိခိုးပြီးတာနဲ့ အတော်ပဲလေ။ ကော်ဖီအတူသောက်ကြမယ်။ တစ်နေ့တာအတွက် အတူပြင်ဆင်ကြရမယ်လေ။

မနက်စာစားပြီးရင်တော့ သူ့ကို ပန်းကန်တွေ ကူဆေးပေးရမယ်။ ထမင်းစားပြီးချိန်တိုင်း ကျွန်တော်က ပန်းကန်တွေကို ကူဆေးပေးနေကြပါ။ တစ်ခါတစ်လေ သူမအားတော့လဲ ကျွန်တော်တစ်ယောက်ထဲ ဆေးရတာပေါ့။ အလုပ်နားတဲ့နေ့ဆိုရင် အိမ်သန့်ရှင်းရေး လုပ်ရမှာ။ တာဝန်ရယ်လို့ ခွဲမထားပေမယ့် တစ်ယောက်ကို တစ်ယောက် ညှာတာရင်းနဲ့ပဲ အလုပ်တွေကို ၀ိုင်းကူလုပ်ဖြစ်သွားတာပါပဲ။ သူက ပန်းကလေးတွေကို ချစ်တက်တော့ ငယ်ငယ်က ပန်းပင်စိုက်တာ ၀ါသနာမပါတဲ့ ကျွန်တော်လဲ အခုတော့ ဥယျဉ်မှူးတစ်ပိုင်းကို ဖြစ်လို့။ သူ့သူငယ်ချင်းတွေဆီက သွားပြီး မျိုးယူလာတာနဲ့။ ပန်းစိုက်ခြံတွေသွားပြီး ၀ယ်လာတာနဲ့၊ အဲဒီ ကိုယ်တော်လေးတွေကို မသေမပျောက်ရအောင်၊ အပွင့်လှလှ ထွားထွားလေးတွေပွင့်ရအောင် တက်သလောက် မှတ်သလောက်နဲ့ ပြုစုရတော့တာပဲဗျ။ သူက အဲဒါကို အားမရသေးဘူး သင်တန်းတက်ခိုင်းနေသေးရဲ့။ အင်း… အလုပ်ကြာကြာနားတဲ့အချိန်ဆိုရင်တော့ သူစိတ်ကျေနပ်အောင် သင်တန်းမဟုတ်တောင် စာအုပ်လေးဘာလေးဝယ်ပြီး သေချာ ဂရုတစ်စိုက် လုပ်ပေးမယ်လို့တော့ စိတ်ကူးထားတာပဲ။

စာအုပ်ဆိုလို့ ကျွန်တော်တို့နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါတော့ အိမ်ကလေးကို ဆောက်တုံးက စာဖတ်ခန်းလေး တစ်ခုပါ ထည့်ပြီး ဒီဇိုင်းဆွဲခဲ့ပါတယ်။ စာဖတ်ခန်းကလေးကို အလင်းရောင်ကောင်းကောင်းရဖို့ ဘယ်လိုနေရာမှာ ထားမယ်ဆိုတာ၊ ပြူတင်းပေါက်ကို ဘယ်ပုံစံထားမယ်ဆိုတာ သူနဲ့ကျွန်တော် အတော် ခေါင်းစားခဲ့တာပေါ့။ အခုတော့ စာဖတ်ခန်းကလေးထဲမှာ ကျွန်တော့တို့နှစ်ယောက်ရဲ့ နှစ်သက်ရာ စုဆောင်းထားတဲ့ စာအုပ်ကလေးတွေနဲ့ စာကြည့်တိုက်လေးတစ်ခုလို ဖြစ်လို့ပေါ့။ သူက ရပ်ကွက်ထဲက စာဖတ်ဝါသနာပါတဲ့ ကလေးတွေကို စာအုပ်လေးတွေ ပေးဖတ်တက်ပါတယ်။ ကျွန်တော်ကလည်း ကလေးချစ်တက်တော့ ဘာမှမပြောပါဘူး။ ကလေးတွေကို စာဖတ်ဝါသနာပါလာအောင် ပြုစုပေးတာကို သဘောကျပါတယ်။ တန်ဖိုးသိပ်ကြီးတဲ့ စာအုပ်တွေဆိုရင်တော့ ကလေးတွေကို အိမ်မပေးလိုက်ဖို့ တိုးတိုးတိတ်တိတ် ပြောထားရတာပေါ့။

ပြုတင်းပေါက်က လှမ်းကြည့်တော့ ခြံထဲမှာ ဇီဇ၀ါပန်းတွေ ပွင့်နေတာတွေ့ရတယ်။ အိမ်ရှေ့ ၀ရန်တာလေးရဲ့ အမိုးအောက်မှာတော့ kiss me quick ပန်းကလေးတွေ ပွင့်နေတယ်။ သူတို့လည်း နေရောင်သိပ်မရလို့ များများစားစား မပွင့်နိုင်ကြရှာဘူး။ မိုးရွာထားတာကြောင့် တစ်ခြံလုံးက သစ်ပင်ပန်းပင်လေးတွေ စိမ်းစိုနေတယ်။ ခြံထောင့်မှာ ညမွှေးပန်းပင်လေး တစ်ပင်ရှိတယ်။ ကျွန်တော့်ချစ်သူက ညမွှေးပန်းနံ့ကို ကြိုက်ပေမယ့် ကြာကြာရှုရင် ခေါင်းမူးတက်လို့ ဟိုးခြံထောင့် ခပ်ဝေးဝေးမှာ သွားစိုက်ထားတာ။ ညဘက် လေပြေတိုက်ရင် ညမွှေးပန်းနံ့လေး တစ်ချက်တစ်ချက် ပျံ့လွင့်လာတာက တစ်မျိုးကြည်နူးစရာပဲ။ အရှေ့ဘက်ခြံထောင့်က ပိတောက်ပင်ကတော့ သင်္ကြန်ဆိုရင် တစ်ပင်လုံး ၀ါထိန်နေအောင် ပွင့်တက်တာ။ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း” ကဗျာလေးကိုဖတ်ပြီး သနားချင်ပေမယ့် ကျွန်တော့်ချစ်သူက ပိတောက်ပန်းချစ်တက်တော့ ချစ်သူ့မျက်နှာတော် မညိုရလေအောင် သနားတာတွေ ဘေးချိတ် အပင်ပေါ်မျောက်ကလေးလို တက်ရတာပေါ့။ အမြင့်ကြီးတော့ မတက်နိုင်ပါဘူး။ သစ်ပင်မှ မတက်တက်တာ။ ငယ်ငယ်က ကြီးကြီးက ကျွန်တော်ကြီးလာရင် အပင်တက်ရအောင်ဆိုပြီး မွေးစကတည်းက စိုက်ထားတဲ့ မာလကာပင်ပေါ်တောင် မတက်တာ။ အဟီး.. အခုနေ ကျွန်တော့်ကြီးကြီးတွေ့ရင်တော့ ဘာပြောမယ်မသိဘူး။ အိမ်မြောက်ဖက် ခြံစည်းရိုးမှာ ကပ်စိုက်ထားတဲ့ ငုဝါပင်တန်းကတော့ အမြဲလိုလို ပန်းပန်လျက်ပါပဲ။ ပိတောက်ပန်းလို အခြေမကြီးပဲ ရက်ရက်ရောရောပွင့်ပေးပြီး ကမ္ဘာကြီးကို အလှဆင်ပေးနေတဲ့ ငုဝါပန်းလေးတွေကိုလည်း ကျွန်တော် သိပ်ချစ်ပါတယ်။

ဆောင်းတွင်းဘက် လသာတဲ့ ညတွေဆိုရင် အိမ်အပေါ် ၀ရန်တာအမိုးပွင့်ပေါ်ကနေ လမင်းကြီးနဲ့ ကြယ်တွေညီလာခံကို ငေးမောရင်း ကြည်နူးစရာ အတိတ်အကြောင်းလေးတွေ ပြန်ပြောရတာ သိပ်ကြည်နူးဖို့ကောင်းတယ်။ နှစ်ယောက်အတူထိုင်ရင်း သီချင်းသံလေး သဲ့သဲ့ဖွင့်ပြီး ကြယ်တွေစုံတဲ့ညကို အံ့သြငေးမောရင်း စကြာဝဠာကြီးရဲ့ ဆန်းကျယ်မှုကို နှစ်ယောက်သား ရင်သပ်ရှုမော ဖြစ်နေတက်တာလေ။ တစ်ချို့ညတွေမှာတော့ ခြံထဲက ဒါန်းကလေးပေါ်မှာ အတူထိုင်ပြီး ဂစ်တာတီးရင်း သီချင်းတွေ အတူဆိုကြတယ်လေ။ သိပ်ကို ပျော်စရာ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပေါ့

နောက်တော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်း ပြောကြမယ်။ နှစ်သက်တဲ့သီချင်းတွေအကြောင်း ပြောကြမယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အကြောင်းပြောကြမယ်။ အနာဂတ်အတွက် တိုင်ပင်ကြဦးမယ်။ ရည်မှန်းချက်တွေ ဆန္ဒတွေဖလှယ်ကြဦးမယ်။ ကျွန်တော် အတိုက်အခိုက်တွေကြားမှာ ယိုင်နဲ့ခဲ့ရင်တောင် ဘယ်တော့မှ လဲကျမသွားရအောင် သူက အားပေးဖေးမခဲ့တယ်။ သူ့ရဲ့ အားပေးစကားတွေ၊ နှစ်သိမ့်စကားတွေနဲ့ နေ့သစ်တစ်ခုကို ရင်ဆိုင်ဖို့ ကျွန်တော် အမြဲအဆင်သင့်ဖြစ်ခဲ့တယ်။ ကျွန်တော်ဟာ သူ့ရဲ့ ခိုလှုံရာဖြစ်သလို သူဟာလည်း ကျွန်တော့်ရဲ့ ခိုလှုံရာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နားခိုရာ အိမ်ကလေးရယ် သူရယ် ကျွန်တော်ရယ် နောက်တော့ ရရှိလာမယ့် သားသမီးလေးတွေရယ် ကျွန်တော်တို့ရဲ့ မေတ္တာအသိုက်အမြုံကလေးကို မပျက်စီး မထိခိုက်ရလေအောင်၊ အမြဲရယ်သံလွင်လွင်လေးတွေ ပျံ့လွင့်နေအောင် စစ်မှန်တဲ့အချစ်မေတ္တာနဲ့ သစ္စာတရားနဲ့ တာဝန်သိတက်မှုနဲ့ ရိုးသားသန့်စင်မှုနဲ့ ယုံကြည်မှုနဲ့ စောင့်ရှောက်သွားမှာပါ။

လူသားအားလုံးလဲ မေတ္တာအေးရိပ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(အဲဒီ ခိုလှုံရာရင်ခွင်လေးတစ်ခုနဲ့ ခိုနားစရာအိမ်လေးတစ်လုံးကို ကျွန်တော် ရှာဖွေနေဆဲပါဗျာ။ ခိုနားခွင့်မရသေးပါဘူး။ တစ်နေ့နေ့မှာတော့ ခိုနားခွင့်ရမယ်ထင်ပါတယ်။ အခုတော့ မောပန်းနေတဲ့ ကျွန်တော့ဝိညဉ်ဟာ ပြေးလွှားဝဲလည်နေဆဲပါပဲ။)
Author: vanko
•7:16 PM

တစ်နေ၀င်တာကို
ငေးမောရင်း
ကြွေသွားတဲ့ မနက်ခင်းတွေကို
နှမြောနေမိတာ…

တိမ်တွေနဲ့အတူ
ပျံသန်းလိုက်ချင်ပေမယ့်
မြေပေါ်မှာလမ်းလျှောက်ပြီး
မြေကြီးကို ခင်တွယ်တက်တာ…

ဘာကိုမှ
မစွဲလန်းဘူးပြောပေမယ့်
အိပ်မက်ဟောင်းတွေကြောင့်
အိပ်ရေးပျက် ပျက်နေတက်တာ…

စာအုပ်၊ ဂီတနဲ့ အချစ်ကို
မြတ်နိုးပေမယ့်
ငွေရှိရင် ပိုပြီးပျော်နိုင်မယ်
ထင်နေတက်တာ…

ဘ၀ဆိုတာ
တကယ်ပဲ ဒိုးနပ်တစ်ခုဆိုရင်
အနှစ်သားနဲ့ အကာ
ဘယ်ဟာပိုများနေလဲ
ဝေခွဲမရတက်တာ…

မွေးကတည်းက
အနိစ္စ၊ အနိစ္စ
တဖွဖွကြားဖူးပြီးသားပေမယ့်
မသေချာခြင်းနိယာမကို
အဆန်းထင်နေတက်တာ…

ပြူတင်းပေါက်က
ကွင်းစိမ်းစိမ်းလေပြေကို
နှစ်ခြိုက်ခုံမင်ပေမယ့်
အဲယားကွန်းမရှိရင်တော့
မဖြစ်ဖူးထင်နေတက်တာ…

လောကကြီးက
ဖတ်မကုန်တဲ့စာအုပ်
လူတွေကိုဖတ်ရတာ
စိတ်ဝင်စားစရာဆိုပေမယ့်
စာတစ်အုပ်နဲ့ ငြိမ်သက်နေချင်တာ…

လရောင်အောက်မှာ
သီချင်းသံကိုခံစားရင်း
ပိုးစုန်းကြူးတွေလို
ပျံသန်းချင်ပေမယ့်
အမှောင်ကိုကြောက်တက်တာ…

အယူသီးတဲ့
ဓလေ့ထုံးတမ်းတွေကို
လက်ခံဖို့ ငြင်းဆန်တက်ပေမယ့်
ကြယ်ကြွေတာတွေ့ရင်
ဆန္ဒပြုမိတက်တာ…

ကြယ်တွေစုံတဲ့
စင်္ကြာဝဠာကြီးရဲ့ဝတ်ရုံ
အမှောင်ညကောင်းကင်ကို
အသက်ရှုရပ်လောက်အောင်
အံ့သြငေးမောရင်း
အတွေးတွေ ကဆုန်ဆိုင်းရတာ
နှစ်ခြိုက်ပေမယ့်
မီးပျက်တဲ့ညတွေကို
စိတ်ပျက်တက်တာ…

စမ်းရေစီးသံ
ဝါးရွက်လေတိုးသံ
ငှက်ငယ်မြည်သံ
ရေပလုံစီသံ
ယာတောသံ
ကလေးရယ်သံ
မျက်စိမှိတ်လို့
ပျော်ဝင်လိုက်ချင်ပေမယ့်…
မာနသံ
အတ္တသံ
ငြင်းခုံသံ
ပြိုင်ဆိုင်သံ
မေးငေါ့သံ
မနာလိုသံ
မောဟိုက်သံ
နွမ်းလျှသံ
တမ်းတသံ
အသည်းကွဲသံ
ဆူညံသံတွေနဲ့
မြို့ပြလမ်းတွေပေါ်မှာ
ယိမ်းထိုးပြေးလွှားနေတဲ့
ခြေထောက်တွေကို
မရပ်တန့်ချင်တာ…

အဲဒါ..
ကျွန်တော်မဟုတ်တဲ့
ကျွန်တော်ပါ။
Author: vanko
•7:47 PM


ကျွန်တော့်စိတ်ထဲတွင် လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကျောင်းသားများကို သွားပြီး သတိရလိုက်မိပါသည်။ သူတို့လည်း ကံမကောင်း အကြောင်းမလှ၍ ကိုဥာဏ်စိန်ပြောသလို ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင် ကြုံခဲ့ရလိမ့်မည်ဟု ထင်မိပါသည်။ ကျွန်တော်၏ငယ်ဆရာ ဦးစံရွှေကြောင့် ကျွန်တော့လက်ရေး အတန်အသင့်ကောင်းခဲ့သည်ကို တွေး၍ ကွယ်လွန်သူ ဆရာကို သတိရကျေးဇူးတင်လိုက်မိပါသည်။
ကိုဥာဏ်စိန်က ဆက်၍...
"အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ။ အဲဒါတွေကျရင်တော့ ပိုပြီးဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကဆွဲတာတွေ၊ သဝေထိုးကို အပေါ်ကဆွဲတာတွေ၊ အို၊ကို၊မို တို့လို စာလုံးပေါင်းတွေမှာ လုံးကြီးတင်ကို အရင်စပြီးရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာ ဖြည်းဖြည်းဆေးဆးရေးရင်တော့ မသိသာလှဘူးပေါ့။ လက်ရေးကိုသော့ပြီး မြန်မြန်ရေးလိုက်ပြီဆိုရင် အဆွဲအငင် စနစ်မကျတဲ့လက်ရေးဟာ အလွန်ဖတ်ရတာ ခက်သွားတယ်ဗျ"
ကလေးငယ်၏ တစ်သက်တာအတွက်ကို အခြေခံ ပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ ဘ၀နှင့်တာဝန်ကို အလွန်ရိုသေမိလာသည်။ အချို့သောတိုင်းပြည်များတွင် သူငယ်တန်းသင်သောဆရာကို သီးသန့်အရည်အချင်း ရှိစေလျှက် လစာမြင့်မြင့်ပေးထားကြသည် ဟူသောအချက်ကို သဘောပေါက်လာမိပါသည်။
ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီး ပြောဖူးသော စကားကိုလည်း သွားပြီး သတိရလိုက်မိပါသေးသည်။
"ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ခကို တစ်ဝက်ပေးရတာတောင် များသေးတယ်လို့ ထင်တက်ကြသေးတယ်ဗျ။ ဓါးပြတ်သွားမှာ ကြောက်ရတာတစ်မျိုး၊ ငိုတာကတစ်မျိုး၊ ရုန်းတာကတစ်မျိုး"
အင်း.. ကိုဥာဏ်စိန်တို့ ကိုသိန်းမောင်ကြီးတို့ လုပ်ငန်းက ခပ်ဆင်ဆင်ပါပဲလားဟု အောက်မေ့မိသည်။
ဤသို့လျှင် ၀လုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။
သင်ပုန်းပေါ်တွင် က၊ခ၊ဂ၊ဃ၊င ဟူသော အက္ခရာငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းလိုက်ပါသည်။
"မင်းနာမည် ဘယ်သူလဲ"
"မောင်ကျော်မြင့်ပါ ခင်ဗျ"
လက်ပိုက်ပြီး ဖြေပါသည်။
"မင်းနာမည်ကကော"
"မောင်ထွန်းစိန်ပါ ခင်ဗျ"
"ညည်းနာမည် ဘယ်သူလဲ"
"ကြော့ယဉ်ဝင်းပါရှင့်"
"အံမယ်.. တယ်ကောင်းတဲ့နာမည်ပါလား။ ကဲ..ကဲ.. ညည်းနာမည်ကကော"
"တည်ကြည်ဝင်းပါရှင့်"
"ဟဲ့.. ငါ့တပည့်တွေ နာမည်တွေက ကောင်းလှချည်လား။ ညည်းနာမည်ကကော"
"နီနီအေးပါရှင့်"
ဤသို့လျှင် ကျောင်းသားအတော်များများကို နာမည်လျှောက်ပြီး မေးပါသည်။ ပြီးမှ...
"ကဲ.. ကြည့်စမ်း မင်းတို့အားလုံးမှာ နာမည်တွေ ရှိကြတယ်။ နာမည်မရှိတဲ့လူမှား ရှိသလားဟေ့"
"မရှိပါဘူးခင်ဗျ"
"အေး.. မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သူတို့မှာလည်း နာမည်ရှိတယ်"
သင်ပုန်းပေါ်ရှိ ကကြီး ခခွေး အက္ခရာများဆီကို လက်ညှိုးထိုးပြီး ပြောလိုက်ပါသည်။
"ညည်းနာမည်က ဘယ်သူလဲ"
"ဖြူနှင်းဝေပါ ဆရာ"
"အေး.. သူ့နာမည်က ကကြီးတဲ့ မှတ်ထား။ ကြားလား ဘယ်သူလဲ"
"ကကြီးပါ ဆရာ"
"ညည်းနာမည်က ဘယ်သူလဲ"
"သန္တာပြုံးပါ ဆရာ"
"အေး.. သူ့နာမည်က ခခွေးတဲ့ မှတ်ထား၊ ကြားလား"
ဤသို့အားဖြင့် ကကြီး၊ ခခွေးများကို မိတ်ဆက် သင်ကြားပေးသွားပါသည်။ မကြာမီမှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင် ရှာဖွေ ဖတ်ရှုကြရပါသည်။ ကြံစည်စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင်ကြားပို့ချရမည် ဆိုသည့် ကိစ္စအတွက်ကိုတော့ မူလတန်း၊ သူငယ်တန်း သင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည်အားထုတ်ရသည်ဟု မထင်မိပါ။
တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ နောက်တစ်ကြိမ် သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် တောင်တွင်းကြီးသို့ ပြန်ရောက်သွားပါသည်။ ယခင်ကအတိုင်း ကိုဥာဏ်စိန်၏ သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါသည်။
ကလေးတွေက စာတွေအတော်လေး ဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီးရောက်တော့ ကလေးတွေ သံပေါက်ကဗျာ ရွတ်ကြပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော်မမှတ်မိတော့ပါ။ ဆိုလိုရင်း အဓိပ္ပါယ်အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေးရမည်၊ ဘုရားကန်တော့၊ မိဘကန်တော့ ဆိုတာတွေလည်း ပါ,ပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေမည့် ကိစ္စများအပြင် (ကျွန်တော်မှတ်မိသလောက်) "အလှူပေးကြောင်း၊ ထမင်းရောင်း၊ တောင်းကြီးကိုသာ ကန်ပစ်ပါ" ဆိုတာလည်း ပါနေပါသည်။ စကားလုံးကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကို ဆိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်။ ကိုယ်ဟန်အမူအရာလည်း လုပ်ပြီးဆိုကြရပါသည်။ ထိုသံပေါက်ကို ဆိုကြရာတွင် "တောင်းကြီးကိုသာ ကန်ပစ်ပါ" ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီးကန်လိုက်သည့် အမူအရာကိုလည်း လုပ်ကြရပါသည်။
ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက်နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက် ထွက်လာကြတော့...
"နေပါဦး ကိုဥာဏ်စိန်ရ.. ဟို တောင်းကြီးကိုသာ ကန်ပစ်ပါ ဆိုတာက ဘာလုပ်တာလဲဗျ။ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး"
ကိုဥာဏ်စိန်က ရယ်လိုက်ပြီး ...
"သက်သက် အမြင်ကတ်လွန်းလို့ဗျာ။ ဒီလိုဗျာ ကျွန်တော်တို့ဆီမှာ တစ်ချို့လူတွေက အလှူလုပ်ရင် လုပ်ပေါ့ဗျာ။ ဘာလို့ အလှူငွေခံချင်ရတာလဲ။ သားသမီးကို မရှိမဲ့ ရှိမဲ့ ရှင်ပြုရတာဆိုရင်တော့ အများက သနားသဖြင့် ၀ိုင်းဝန်းကြတာ ရှိရင်တော့ ရှိမှာပေါ့။ ခုတော့ အလှူကြီးကို ဧရာမခမ်းခမ်းနားနားလုပ်ပြီး အကူငွေခံတာဟာ ထမင်းရောင်းတာနဲ့ ဘာထူးလဲ။ အဲဒါတွေကို အမြင်ကတ်လွန်းလို့ ထည့်ပြီးရေးလိုက်တာပဲ။ ခင်ဗျားတို့လို ကဗျာနားလည်တဲ့လူတော့ မဟုတ်ဘူး။ ကျုပ်ကတော့ ကြားဖူးနားဝ ကိုယ်ရွတ်ခဲ့ဖူးတာတွေနဲ့ မှန်းပြီးစပ်လိုက်တာပဲ။ မှန်လား မမှန်လားမသိဘူး။ ခြေထောက်နဲ့ကန်တာကို ထည့်ပြီးရေးလိုက်တာကတော့ ကလေးဆိုတာ အားရပါးရ လှုပ်ရှားပြီး ရွတ်ရဆိုရရင် ပိုကြိုက်တယ်ဗျ။ ဒါကြောင့် ကျုပ်က စွတ်ပြီးထည့်လိုက်တာပဲ"
ကိုဥာဏ်စိန်က ပြောပြီး အားရပါးရ ရယ်နေပါသည်။
"နေပါဦးဗျာ၊ ခင်ဗျားက အဲဒါတွေကိုရေးတော့ ကလေးတွေက ဘာနားလည်မှာလဲဗျ"
"အေးလေဗျာ.. ကျုပ်ကလည်း ကလေးတွေကို နားလည်စေချင်လို့မှ မဟုတ်ပဲ။ လောဘကြီးသူတွေကို အမြင်ကတ်လို့ ရေးတာပဲ"
"ခင်ဗျားပြောတာတွေကို ကျုပ်မရှင်းဘူး။ လောဘကြီးသူတွေကို အမြင်ကတ်တာနဲ့ ကလေးတွေကို နားမလည်ပါးမလည် ဘာကြောင့်သင်ပေးနေတာလဲ။ ဒါကိုပြောတာပါ။ ကလေးတွေကြီးလာရင် ဒါမျိုး မလုပ်ရအောင် ဆိုလိုတာလား"
"ကလေးတွေကြီးလာတာက နောက်ပိုင်းပေါ့ဗျာ။ လောဘကြီးသူတွေကို အမြင်ကတ်တာကတော့ လောလောဆယ်ဆယ်ပဲဗျ။ ဒီလို ကိုအောင်သင်းရေ.. ကလေးဆိုတာမျိုးက သူတို့ရနေတဲ့ စာတို့၊ ကဗျာတို့ကို အလကားနေရင်း အော်ဟစ်နေတက်တာ။ ကလေးတွေဆိုတာကို ခဏခဏကြားနေရင် လောဘကြီးသူတွေလည်း ဒါမျိုးလုပ်ရမှာ နည်းနည်းတော့ ရှက်လာကြမှာပေါ့ဗျာ။ အဲ.. အရှက်ဆိုလို့ တစ်စက်မှမရှိတဲ့ လောဘကြီးသူတွေအတွက်တော့လည်း မတက်နိုင်တော့ဘူးပေါ့ဗျာ"
ကိုဥာဏ်စိန်က ပြောနေရင်းပင် အားရပါးရ ရယ်လိုက်ပြန်ပါသည်။
ကလေးတွေကို စာသင်နေရင်း လောဘကြီးသူတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဥာဏ်စိန်ကို တအံ့တသြ ကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘ၀င်ကြီးတစ်ခွဲသားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ်ဆရာတို့သည် ကိုဥာဏ်စိန်တို့လို သူငယ်တန်းဆရာလောက်မှ ပြည်သူအများကို အကျိုးပြုနိုင်ပါ၏လောဟု သံသယဖြစ်လာပါသည်။
စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများသလဲ။ တက္ကသိုလ်ကျောင်းသားဆိုသည်က လက်တစ်ဆုပ်စာမျှလောက်သာဟု ပြောရပါမည်။ သူငယ်တန်းဆိုသည်က ဟို.. တောကြိုအုံကြားလေးတွေထိအောင် ရှိနေကြသည် မဟုတ်ပါလား။
နောက်ပြီး သူငယ်တန်းဆရာတွေရဲ့ အသွန်အသင် အဆုံးအမကို လွန်ပြီးမှ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသို့ ရောက်လာရသည် မဟုတ်ပါလား။
နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အ၀င်စားဆုံးမှာ (ကိုဥာဏ်စိန်ပြောသလို) သူငယ်တန်းပဲ မဟုတ်လား။
နောက်ပြီး တက္ကသိုလ်ရောက်သော ကျောင်းသားက ဘယ်လောက်ထိအောင် များပြားပါသလဲ။ မူလတန်းကျောင်းသား ဆိုသည်ကတော့ တစ်ပြည်လုံးလောက်ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပုံကို အရေးပါပုံကို တစိမ့်စိမ့် ကျေးဇူးတင် ကြည်ညိုနေမိပါသည်။
သြော်.. ကျွန်တော့်မှာ မြေးမလေးတစ်ယောက် ရလာပြန်တော့ ပိုလို့ပဲ ကိုဥာဏ်စိန်တို့လို သူငယ်တန်းပြဆရာ၊ ဆရာမများ၏ ကျေးဇူးကို သဘောပေါက် မျှော်လင့်မိလာရပြန်ပါသည်။
တစ်ခုတော့ရှိပါသည်။ "ယာဖျက်တော့သူခိုး၊ မြေးဖျက်တော့အဘိုး" ဟူသော စကားပုံအသစ် ပေါ်မလာလေအောင်၊ ဟို.. ဒေါ်အေးသာဆိုသော အဘွားကြီးလို ဆရာ၊ ဆရာမလေးတွေ စိတ်မညစ်စေရန် သတိထားလေဦးမှပဲ။

မှတ်ချက်။ ။ ငါန်းဇွန် အ.ထ.က ငွေရတုစာစောင်တွင် ဤအကြောင်းအရာကို အတိုချုပ် ရေးခဲ့ဖူးပါသည်။ ကိုဥာဏ်စိန်လည်း အငြိမ်းစားယူပြီး 'ကံ့ကူလက်လှည့်' ဟူသောအမည်နှင့် သူငယ်တန်းကျောင်းဖွင့်ပြီး ဆီးသီးရောင်းနေသည်ဟု သိရပါကြောင်း။

ပြီးပါပြီ။
Author: vanko
•9:04 PM

ကိုဥာဏ်စိန် အလုပ်စလုပ်ပါပြီ။
သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် '၀'လုံးတစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို '၀'လုံးပေါ်တွင် အညှာလေးတစ်ချက် တပ်လိုက်ပါသည်။
"ကဲ.. ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူအရင်စားမလဲ"
ကျွန်တော်အရင်စားမယ်၊ ကျွန်မစားမယ် ဟူသောအသံများ ညံသွားပါသည်။
"ဟုတ်ပြီ.. မင်းကအငယ်ဆုံးမို့ မင်းကို အလျှင်ကြွေးမယ်။ ရော့.. စားစမ်း"
ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်၍ ခပ်ငယ်ငယ် ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ဆောင်၍ ပါးစပ်ထဲထည့်လိုက်ဟန်ဆောင်ပြီး 'မြွမ် မြွမ်'နှင့် စားချင်ယောင်ဆောင်ပါသည်။ တစ်တန်းလုံး တ၀ါးဝါး ရယ်ကြပါသည်။
"ကျွန်တော်လည်း စားဦးမယ်" "ကျွန်မကိုလည်း ပေးပါဦး" စသော အလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။
"ချိုရဲ့လားဟေ့"
"ချိုတယ်ဆရာ"
"ကဲ.. ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ။ မင်းလည်းတစ်လုံး စားလိုက်ဦး"
ကိုဥာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးယောင် ပြုလိုက်ပါသည်။ ချာတိတ်က ကြောင်တောင်တောင်ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။
"သူက မစားချင်သေးဘူးတဲ့။ မင်းက ယူစားလိုက်စမ်းကွာ" ဟု ဘေးကကလေးတစ်ယောက်ကို ပြောလိုက်တော့ ဟိုကလေးကလဲ အလွယ်တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။
သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက် မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။
"ဒီဆီးသီးက မ၀ိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့ စားကြည့်စမ်း၊ မချဉ်ဘူးလား"
ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင် ရှုံ့မဲ့ပြီးမှ..
"ချဉ်တယ်ဆရာ" ဆိုတော့ အားလုံးက သဘောကျပြီး ရယ်ကြပါသည်။
ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေးတွေက ချဉ်တယ်ဆရာဟု ပြောကြပါသည်။ ၀ိုင်းဝိုင်းစက်စက် ဆီးသီးကို ရေးပေးလိုက်လျှင် ချိုတယ်ဟု ပြောကြပါသည်။
ကလေးတွေ ဆီးသီးစားတမ်း ကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။
ကျွန်တော်တို့နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့..
"ဟိုချာတိတ် ဒီနေ့တော့ မငိုတော့ဘူးဗျ"
"သူ့အဘွားကို မမြင်လိုက်ရတော့လို့ပေါ့ဗျာ။ အိမ်ကလူကြီး တစ်ယောက်ယောက် ပါလာရင် ဒီလိုပဲ ငိုနေတက်ကြတယ်ဗျ။ လူကြီးတွေမပါရင် ခဏပါပဲ။ ကလေးတွေပဲဗျာ။ ခဏရှိတော့ သူတို့ကလေးချင်း ကစားကြ၊ သူများကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။ ခက်နေတာက လူကြီးတွေဗျ။ အထူးသဖြင့် အဘွားတွေက အဆိုးဆုံးပဲ။ ယာဖျက်တော့ သခွား၊ မြေးဖျက်တော့ အဘွားဆိုသလိုပေါ့ဗျာ။ အဘွားကြီးတွေဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြားအလုပ်လည်း မယ်မယ်ရရ မရှိတော့ဘူး မဟုတ်လား"
"ဆရာကို ဘာမှလာပြီးမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ"
"အမယ်.. အဲဒါမျိုးလဲ တစ်ခါတလေ ရှိသေးသဗျ။ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်းဆရာနဲ့နီးနီး ထားချင်ကြတာတွေပေါ့။ ကလေးတွေမှာ အရပ်အမောင်းက တူတာမဟုတ်ဘူးဗျ။ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တာတွေကို နောက်က၊ အတန်းကိုကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဲဒါ သူတို့ကလေးတွေကို ရှေ့ထားပေးပါ ဘာညာနဲ့လာပြီး ပြောတက်ကြတယ်။ "ခင်ဗျားတို့ကလေးကိုလဲ သင်ပေးမှာပါ။ မတတ်မှာ မစိုးရိမ်ပါနဲ့" လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေက အကဲအပါဆုံးပေါ့ဗျာ။ ဟိုဘက်အတန်းတွေ ရောက်တော့လဲ ဘာမှ ဂရုစိုက်မနေကြတော့ပြန်ဘူး။ ရယ်စရာလည်း အကောင်းသား။ ဒီတော့ သူငယ်တန်းဟာ မိဘနဲ့ ပြဿနာ အကြုံရဆုံးပေါ့ဗျာ။"
"သူတို့သားသမီးကို ရိုက်တာပြုတာနဲ့ ပတ်သက်လို့လည်း ပြဿနာ ကြုံကြရမယ်ထင်တယ်"
"တစ်ခါတစ်လေလည်း ကြုံရတာပေါ့ဗျာ။ နည်းတော့နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ဆရာ ဆရာမအပေါ်မှာလည်း မူတည်တက်ပါတယ်။ တစ်နေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ်သွားပါပကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှာ ရယ်တောင် ရယ်နေရသေးတယ်။ 'သူငယ်ချင်းရေ' တဲ့။ 'ကဲ.. ငါ့သားကို မင်းဆီအပ်ခဲ့ပြီ။ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ။ မတော်တဆ သေသွားရင်တော့ အလွမ်းပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာ' တဲ့လေ"
ကျွန်တော်က ရယ်လိုက်မိပါသည်။
မူလတန်း၊ အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ ဘ၀ကို ကျွန်တော် အလွန်စိတ်ဝင်စားနေမိပါသည်။
နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန်ပါသည်။
"ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ။ ငါက ၀ယ်မယ်။ ဆီးသီးငါးလုံးကို တစ်မတ်ပေးမယ်။ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူး"
ဝလုံးကို ၀ိုင်းဝိုင်းရေးတက်အောင် လေ့ကျင့်နေပြီဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်ပါပြီ။
"နောက်ပြီး ဟောဒီလို ဟောဒီလို ရေးတဲ့ဆီးသီးကို မ၀ယ်ဘူး။ အဲဒီဆီးသီးမျိုးတွေက အပုတ်တွေ"
သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှမကသေးပါ။ "ဒီလိုရေးရမယ်"ဟု ကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။
"ဘယ်လို၊ ဘယ်လိုရေးမလဲ"
"ဒီလို ဒီလိုရေးမယ်"
ကလေးတွေကလည်း သူတို့လက်ကို လက်ယာရစ် ဝှေ့ရမ်းပြီး အော်ကြပါသည်။
"ဘယ်လိုရေးရင် ဆီးသီးအပုတ်လဲ"
"ဒီလို ဒီလိုရေးရင် ဆီးသီးအပုတ်"
လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။
လက်ယာရစ်ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ရမ်းလေ့ကျင့်စေပြီးနောက် ဆီးသီးတွေ ရေးကြရန် ခိုင်းလိုက်ပါသည်။ ကလေးတွေကလည်း သူတို့ သင်ပုန်းလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။
ဝလုံးကို လက်ယာရစ်ရေးကြအောင် လေ့ကျင့်ပေးလိုက်သည် မှန်သော်လည်း တကယ်လက်တွေ့အားဖြင့် ရေးသည် မရေးသည်ကို ဆရာကိုဥာဏ်စိန် လိုက်ပြီးစစ်နေနိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများ သိနိုင်ပါ့မလဲဟု ကျွန်တော့်စိတ်တွင် တွေးနေမိပါသည်။
"ဟောဒီမှာဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီး ရေးနေတယ်။ သူ့ဆီးသီးက အပုတ်ကြီးဆရာ"
ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံရသော ကလေးက ချက်ချင်းဖျက်ပစ်ပြီး "ဒီလို ဒီလိုရေးတယ် ဆရာ"ဟု လက်ယာရစ်ဝှေ့ရမ်းပြီး ပြလိုက်ပါသည်။
အင်း.. ဒီလိုဆိုတော့လည်း သူ့ဟာနဲ့သူ ပြဿနာရှင်းသွားသားပဲဟု အောက်မေ့လိုက်ပါသည်။
ဆီးသီးငါးလုံးစီ ရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ကြည့်ပြီး ဟိုအလုံးက ပိန်တယ်။ ဒီအလုံးက မ၀ိုင်းဘူး၊ နောက်ကို အဲလောက်ချဉ်ရင် မ၀ယ်ဘူး။ ဒီတစ်ခါတော့ ၀ယ်လိုက်မယ် စသည်ဖြင့်ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။
အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဥာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး..
"အံမယ်.. ဒီကောင်က လူကငိုပေမယ့် ဆီးသီးကတော့ အချိုသားကွ၊ ဘယ်ဆိုးလို့လဲကွ" ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။ ဟိုချာတိတ် ၀မ်းမြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။
ကလေးအားလုံးမှာလည်း သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏလာပြီးပြနေပြီ ဖြစ်သောကြောင့်...
"အံမာ ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ။ ချိုလည်း ချိုတယ်ဟေ့"
ချာတိတ် ကျောင်းပျော်သွားပါလေပြီ။
ကျွန်တော်လည်း ကိုဥာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီးကို ကြည့်ရင်းပျော်နေမိပါသည်။
သို့နှင့် ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်၊ ပစ္စည်းစသည်တို့ကို ကိုယ်စီကိုယ်ငှ သိမ်းကြယူကြပါသည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်းဘေး နံရံသစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ပါသည်။ ထိုထိုသော ပစ္စည်းများကို သူတို့တွေ ယူကြပြီးနောက် အားလုံး မတ်တပ်ရပ်နေကြရပါသည်။
"စာအုပ် ပါပြီလား" ကိုဥာဏ်စိန်က အော်မေးလိုက်ပါသည်။
"ပါ ပါပြီ" ကလေးတွေကအော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။
သူတို့ အတိုင်အဖောက် အော်ပုံမှာ ရိုးရိုးအသံမျိုး မဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။
"ပေတံ... ပါ.. ပြီလား"
"ပါ... ပါ.. ပြီ"
ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီ အော်ပြီးမေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများတန်းမှစ၍ တစ်တန်းစီ တန်းစီပြီး ထွက်ရပါသည်။
"ခင်ဗျားအလုပ်က ပြီးပဲ မပြီးနိုင်ဘူး။ တယ်ရှုပ်ကိုးဗျ"
"ဒီလိုပဲ ကိုယ့်လူရေ.. ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေကို သင်ရတာမဟုတ်ဘူး။ ကလေးတွေဆိုတော့ ကျောင်းဆင်းပြီးရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန်၊ ဒီဟာမေ့နဲ့၊ ဦးထုပ်ပျောက်၊ ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို လာတိုင်ကြတော့တာဗျ။ ဆရာအထိန်းအသိမ်း ညံ့ရာရောက်တာပေါ့ဗျာ"
သူကပြောရင်းဆိုရင်း ခုံတွေအောက် ငုံ့ကြည့်ပြီး ဟိုဟာရှာသလို ဒီဟာရှာသလို လုပ်နေပြန်သောကြောင့်..
"ဘာရှာနေတာလဲဗျ"
"ဘာတွေများ ကျန်ရစ်ခဲ့သေးလဲလို့ ရှာရတာ။ ခုနက ကျုပ်အော်တဲ့စာရင်းထဲမှာ မပါတဲ့ ဂျင်တို့၊ ဂေါ်လီတို့ ဘာတို့ ညာတို့ ဆိုတာတွေပေါ့ဗျာ။ ကျန်နေခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့ဗျာ။ ကလေးတွေကိုးဗျ၊ အမိုက်ကလေးတွေ ဘာသိတက်ကြတာ မှတ်လို့"
"ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်လေးတွေ စီပြီးရိုက်ထားတာကို တွေ့တယ်"
"အေးဗျာ.. ထီးတွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာ ရှိနေရင် ရှုပ်လွန်းလို့"
"အဲလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းက ထုတ်ပေးသလား"
"ဘယ်ပေးလိမ့်မလဲဗျာ"
"ခင်ဗျားက အိတ်စိုက်ပေါ့"
"မစိုက်ရပါဘူးဗျာ။ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေ ရှိနေတာပဲ။ ကျောင်းခန်းထဲမှာ သုံးချင်လို့ဆိုပြီး နှိုက်လာခဲ့တာပါပဲ"
ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်လိုက်မိကြပါသည်။
"ဆီးသီးကတော့ ၀လုံးအတွက် လုပ်လိုက်တာပေါ့နော်"
"ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်။ ၀လုံးဆိုတော့ ဘာမှ လုပ်ဖို့တောင် မလိုတော့ဘူးပေါ့။ ၀လုံးရေးကြရအောင်ဆိုရင် ကလေးတွေ ဘယ်မှာပျော်တော့မလဲ။ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား။ သူတို့လည်းပျော်၊ သူတို့ပျော်တော့ ကျုပ်လည်းပျော်တာပေါ့ဗျာ"
သူက ပြောရင်းရယ်လိုက်ပါသည်။
ထို့နောက် ဆယ်ရက်လောက်မှာ ၀လုံးတွေချည်း အရေးခိုင်းနေပါသည်။
"ခင်ဗျား ၀လုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ။ ပြီးပဲ မပြီးနိုင်တော့ဘူး"
"မြန်မာအက္ခရာရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ။ ၀လုံးကို လက်မသေရင် လက်ရေးဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ်တန်းမှာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်း ရောက်သွားရင် လက်ရေးလှကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ကလေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှမရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေက အထင်သေးတာ မခံချင်ဘူးဗျ"

ဆက်လက်ဖေါ်ပြပါမည်။
Author: vanko
•11:25 PM

အကြံကုန်လို့ ဆားချက်တယ် မထင်ကြပါနဲ့ဗျာ။ ကျနော် တစ်ခါမှ ၀တ္ထုဆောင်းပါးတွေကို ကူးယူပြီး မဖေါ်ပြဘူးပါဘူး။ ဒါပေမယ့် ဒီကနေ့ ဆရာကြီးအောင်သင်းရဲ့ ကန့်ကူလက်လှည့် ဆောင်းပါးလေးကို ပြန်ဖတ်မိပြီး စိတ်ထဲမှာ ကြည်နူးမှုရော၊ လေးစားမှုရော ဖြစ်လာလို့ပါ။ မူလတန်းက ဆရာမကိုလည်း သတိရပြီး မျက်ရည်လည်မိပါတယ်။ လူတွေအထင်မကြီးတက်တဲ့ မူလတန်းပြ ဆရာတွေရဲ့ အခက်အခဲ၊ တာဝန်တွေကို နားလည်ခံစားတက်ကြစေဖို့ပါ။ ဖတ်ပြီးသူတွေအတွက် ပြန်အမှတ်ရစေသလို မဖတ်ရသေးသူတွေအတွက်လည်း ဆရာ့ဂုဏ်ကျေးဇူးကို နားလည်ခံစားတက်လာမယ်လို့ မျှော်လင့်မိပါတယ်။ ဆရာကြီးနဲ့ သက်ဆိုင်သူတွေကို ခွင့်မတောင်းနိုင်တာကိုတော့ နားလည်ခွင့်လွတ်ပေးနိုင်မယ် မျှော်လင့်ပါတယ်။ ဆောင်းပါးက ရှည်တော့ ကျွန်တော် သုံးပိုင်းခွဲပြီး တင်ပေးပါမယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(ကျွန်တော်တို့ ခပ်ငယ်ငယ်ကတော့ ကျောက်သင်ပုံး ကျောက်တံနဲ့ ရေးခဲ့ဘူးပါတယ်။ ဟိုးအရင် ဘုန်းတော်ကြီးကျောင်းတွေမှာတော့ သင်ပုန်းပေါ်မှာ ကန့်ကူဆံနဲ့ ရေးခဲ့ကြရပါတယ်တဲ့။ ကန့်ကူလက်လှည့်ဆိုတာ ဆရာက ၀လုံးလေးမှ ၀ိုင်းအောင် မရေးတက်သေးတဲ့ ကလေးကို သူ့လက်ကလေးပေါ်ကနေ အုပ်ကိုင်ပြီး လက်ထဲက ကန့်ကူဆံချောင်းကလေးကို ဘယ်လိုလှည့်ရ ၀ိုက်ရမယ်ဆိုတာ သင်ပေးတာကိုပြောတာပါ။ အဲဒီဟာလေးကို ညွှန်းတာပါ။ အဲဒီက စပ်ဆက်ပြီး လက်ထပ်သင်ပေးတယ် ဆိုတဲ့ စကားလဲ ပေါ်လာတာပါ။ မသိသေးတဲ့ ညီငယ် ညီမငယ်လေးတွေအတွက် ဗဟုသုတပါ။ သိပြီးသား အစ်ကို အစ်မများကတော့ ကျွန်တော်လျှာရှည်မိတာကို သည်းခံကြပါခင်ဗျာ။)

(နောက်တစ်ခု ပြောချင်တာက စာလုံးပေါင်းပါ။ စာအုပ်မျက်နှာဖုံးမှာ "ကန့်ကူလက်လှည့်"လို့ ပေါင်းထားပေမယ့်။ အထဲက ဆောင်းပါးမှာတော့ "ကံ့ကူလက်လှည့်" လို့ ပေါင်းထားပါတယ်။ ဘယ်ဟာက မှန်မလဲတော့ ကျွန်တော် မသိပါဘူး။ စာအုပ်မျက်နှာဖုံးက စာလုံးပေါင်းအတိုင်းပဲ ရေးလိုက်ပါတယ်။)

ကန့်ကူလက်လှည့်

ကျွန်တော်က တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြား ကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ "မိုးထိအလယ်တန်းကျောင်း" တွင် အလယ်တန်းနည်းပြဆရာအဖြစ် နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့်ပတ်သတ်၍ အတန်အသင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။
ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့အဖို့ ဘာမှပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ ထိုသို့အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည်ဆိုသော ဆရာမျိုးကိုလည်း "သြော်... စာသင်ကောင်းတယ်ဆိုပဲ" ဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။
စာသင်ကြားမှုနှင့် ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ ၁၉၆၃-၁၉၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။
သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေလေပြီ။ တက္ကသိုလ်ကျောင်းပိတ်လျှင် ကျွန်တော့ဇာတိ တောင်တွင်းကြီးမြို့သို့ ပြန်သွားလေ့ရှိပါသည်။ တောင်တွင်းကြီးမြို့ ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသောနေရာမှာ ရွှေအင်းတောင်ဘုရားကြီး ရင်ပြင်တော်ပေါ်ရှိ "အမျိုးသားပြတိုက်"တွင် ဖြစ်ပါသည်။ ထိုပြတိုက်ကို စတင်တည်ထောင်ခဲ့သူများတွင် ကျွန်တော်လည်း အမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာလုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော့ကို အဝေးရောက်အမှုဆောင်အဖြစ် ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။
ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစွာလှုပ်ရှားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ 'ဦးဥာဏ်စိန်' တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့် ရွှေအင်းတောင်ဘုရားမှာ ကပ်လျက်ရှိနေသည်ဖြစ်သောကြောင့် ပြတိုက်ဘက်သို့သွားလျှင် ဆရာကိုဥာဏ်စိန်ဆီသို့ ၀င်သွားလေ့ရှိပါသည်။
ကိုဥာဏ်စိန်က မူလကတော့ အနုပညာနည်းပြ (ပန်းချီနည်းပြ)ဆရာ ဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ်မသိ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် 'သူငယ်တန်း'ကို သင်ကြားနေရပါသည်။
ကျွန်တော်က သူနှင့်ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အခန်းဆီလိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှသင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ် ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တပ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင် တွေ့ရသော 'ဖိုးရွှေလိပ်'မှန်း ကျွန်တော်သိလိုက်ပါသည်။
ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့တပည့် ကလေးတွေကလည်း သိကြပါသည်။ "ဟေး...ဖိုးရွှေလိပ်ကွ" စသည်ဖြင့် အော်ကြပါသည်။ သူက ထိုအရုပ်၏လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "တုတ်ကောက်နဲ့ကွ"ဟု အော်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "ဆေးတံနဲ့ဟေ့" စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။
ထိုအရုပ်ရေးပြီးမှ ကိုဥာဏ်စိန်က အတန်းထဲရှိ ကလေးများဘက်လှည့်ပြီး "တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာဘယ်သူနဲ့တွေ့သလဲ ဆိုတော့..." ဟုပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဖက်စွန်းတွင် အရုပ်တစ်ရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေကလည်း ဘယ်သူနဲ့များတွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။ စင်စစ် ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက "ယုန်ကလေး"ဟု တစ်ပျော်တစ်ပါးကြီး အော်လိုက်ကြပြန်ပါသည်။ ယုန်ကိုလည်း ဟိုဟာတပ် သည်ဟာဆင်လိုက်ရာ မျက်မှန်နဲ့ အထုပ်အပိုးနဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခုတပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း တသောသောနှင့် သဘောကျနေပါသည်။ သူကဆက်၍-
"အဲဒီလို ဘဘကြီးဦးရွှေယုန်နဲ့ တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲ လို့မေးလိုက်တယ်။"
ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကိုတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်းပြောရလျှင် ဘာရယ်မဟုတ် သူ့ပါးစပ်ထဲ ရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလိုဘာလိုလို လုပ်ပြီးပြောနေခြင်း ဖြစ်ပါသည်။
ဆရာကိုဥာဏ်စိန် ကျွန်တော့ကိုမြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာရယ်လိုက်ပြီး "လာလေဗျာ၊ ခင်ဗျားရော နားထောင်သွားပါဦးလား" တဲ့။
"တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ" ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။
နောက်တစ်နေ့ သူ့စာသင်ခန်းထိ ရောက်သွားပြန်တော့သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တက်ကရ ပုံပြင်လိုလို ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။ သုံး,လေးရက်လောက်ရှိတော့ ကျွန်တော်က မနေနိုင်တော့ဘဲ ...
"ခင်ဗျားက ဘာစာမှသင်တာလည်း မတွေ့ရပါလားဗျ" ဟု ရယ်မောကာ မေးလိုက်တော့...
"စာသင်တာ အရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင် ရတဲ့ကိစ္စ" ဟု ရယ်ပြီးပြောပါသည်။ ပြီးမှ "တကယ်ပြောတာဗျ... စာသင်တာ ဘယ်အချိန်သင်သင် ဖြစ်တယ်။ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းနေပျော်အောင် လုပ်နေရတာဗျ"
ကျွန်တော့စိတ်ထဲတွင် "အင်း.. သူပြောတာလည်း ဟုတ်သားပဲ" ဟု တွေးလိုက်မိသည်။
နောက်တစ်နေ့ရောက်သွားတော့ သူလုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့် ကျောင်းခန်းအပြင်ဘက် ပြူတင်းပေါက်နား ထိုင်ခုံလေးတစ်လုံးကိုချပြီး ကြည့်နေမိပါသည်။ ကျွန်တော်အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။
ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်းမကြည့်၊ စာသင်ခန်းအပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီငိုနေပါသည်။ ကလေးကြည့်ရာဆီ လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဥာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင် မအောက်မေ့၊ သူ့ဘာသာ အရုပ်တွေကိုရေးလိုက် ပုံပြောလိုက် လုပ်နေပါသည်။
ကျွန်တော်ကတော့ ထိုကလေးကိစ္စကို ကိုဥာဏ်စိန် ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေးကြာတော့ ကိုဥာဏ်စိန်က ပြူတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လိုက်ပြီး ...
"ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ်ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ကတော့ ဒီကောင်တစ်သက်လုံး အငိုတိတ်တော့မှာ မဟုတ်ဘူး"
ထိုသို့ပြောလိုက်ကာမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီကနဲငိုလိုက်ပြန်ပါတော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ပဲ ပေကပ်ကပ်လုပ်နေပါသည်။
"ခက်တယ်ဗျာ ... ကလေးတွေကို ထိန်းရတာ ကျုပ်မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ" ဟု ညည်းသလိုလိုနှင့် ကျွန်တော့ကို လှမ်းပြောပါသည်။
"ကဲ မပြန်ချင်လည်း နေဗျာ။ ဒါပေမယ့် ကလေးမမြင်လောက်တဲ့နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေစမ်းပါ"
ကိုဥာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါသည်။ သူ့အဘွားကို မမြင်လိုက်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ၀ိုင်းကြည့်နေကြရအောင်ပင် ဖြစ်သည်။
ကိုဥာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်ကတော့ သူများတွေက စီကနဲအော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက် အငိုရပ်လိုက်ပြီး အရုပ်ကိုလှမ်းပြီး ကြည့်လိုက်သည်။ ပြီးတော့ အပြင်ကိုလှမ်းကြည့် အဘွားကိုရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။
ကျွန်တော်ကတော့ ထိုကလေးနှင့် ကိုဥာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တက်ပါ။ ရိုက်နှက်ပစ်လိုက်ရအောင်ကလည်း တကယ့်လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါ့မလား။
ကိုဥာဏ်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလို ပြောလိုက်၊ ဟိုချာတိတ်ကလည်း ငိုမြဲပါပဲ။
အတော်လေးကြာလာတော့ ကိုဥာဏ်စိန်လည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကို ဆရာစိုက်ကြည့်နေမှန်းသိတော့ ခဏမျှ ဆရာကိုပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီကနဲ ခပ်ကျယ်ကျယ်ကြီး ငိုလိုက်ပြန်ပါသည်။
ကိုဥာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား ...
"ဟေ့ကောင်တွေ မင်းတို့တွေ့တယ် မဟုတ်လား။ ဒီကောင် ကျောင်းရောက်ပြီဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ ဒီကောင့်မှာ 'အငို'တွေ အများကြီးပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ကတော့ ကုန်မှာမဟုတ်ဘူး။ မင်းတို့ပါဝိုင်းပြီး ငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ"
ကျန်တဲ့ကောင်တွေကလည်း သဘောပေါက်မြန်လိုက်တာ မပြောပါနှင့်တော့။ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့်ပွတ်ပြီး တအီးအီး ငိုချင်ယောင်ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကို ကြည့်ပြီး ကြောင်တောင်တောင်နှင့် အငိုတိတ်သွားတော့ ပို၍ပင် ရယ်မိပါသည်။ ကိုဥာဏ်စိန်က ...
"ဟိုး... တော်ပြီ။ အငိုတွေ ကုန်သွားပြီ" ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေက တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။
ဟိုအကောင်လည်း ကယောင်ကတမ်း အငိုရပ်ပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။
ကိုဥာဏ်စိန်ကတော့ သူ့ကို လှည့်လို့မျှပင် မကြည့်တော့ပဲ သူ့ဘာသာ အရုပ်တွေရေးလိုက် ပုံပြင်ကိုပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲလေးကလည်း သူပြောနေသည့် ပုံပြင်ကို နားထောင်သလိုလို လုပ်လိုက်၊ အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ အီကနဲ ငိုလိုက်ပြန်ပါသည်။ ကိုဥာဏ်စိန်က...
"ဟ.. အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်"
ကိုဥာဏ်စိန် စကားဆုံးအောင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင် ဆောင်လိုက်ကြပြန်ပါသည်။ သူတို့တစ်တွေက သည်လိုငိုလိုက်ရခြင်းပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။
ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင် ဖြစ်သွားပါသည်။ ကိုဥာဏ်စိန်စကားနှင့် ဆိုလျှင်တော့ 'အငို'တွေ ကုန်သွားပြီပေါ့။
ကျွန်တော်သည် အထက်တွင် ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ ပြဿနာကို ကြည့်ပြီး ခေါင်းခြောက်လိုက်သည်မှာ မပြောတက်အောင်ပင် ဖြစ်ခဲ့ပါသည်။ "ဒီကလေးကို အငိုတိတ်အောင် လုပ်ပါ။ မလုပ်နိုင်ရင် မင်းကိုသတ်မယ်" ဟု ဆိုလာလျှင် ကျွန်တော်သေဖို့သာလျှင် ရှိပါသည်။ ဘာမျှတက်နိုင်မည် မဟုတ်ပါ။
ကျောင်းဆင်းလို့ ကျွန်တော်နှင့် ကိုဥာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့ ...
"ကိုဥာဏ်စိန် ခင်ဗျားတော်တယ်ဗျ။ ဟိုကောင် အငိုတိတ်သွားအောင် လုပ်နိုင်တာ သိပ်သဘောကျတာပဲ။ ကျုပ်ဆိုရင် ဘာလုပ်ရမှန်း မသိတာနဲ့ ဒုက္ခအကြီးအကျယ် ရောက်နေမှာ"
"ဒီလိုပဲလေဗျာ.. သင့်သလို ကြည့်တွယ်လိုက်ရတာပဲ"
သူကတော့ သည်လိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝမဟုတ်ပါ။ ကြောက်စရာ ဧရာမကိစ္စကြီးဖြစ်နေတာ အမှန်ပါ။
ကျွန်တော့အဖို့ သူငယ်တန်း သင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။
နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်မိပါသည်။ ငိုတော့ ငိုထားဟန်တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ပါ။ ကွယ်ရာထောင့်တစ်နေရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့်ဦးမည် ထင်ပါသည်။
ကိုဥာဏ်စိန်၏ သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။ သူ့အမူအရာက မြူးမြူးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ၊ ပျော်စရာကြီး။ အသံကလည်း ကြည်ကြည်ချိုချို။
"ကဲ.. ဒီနေ့တော့ မင်းတို့ကို ဆီသီးကျွေးမယ်။ ဆီးသီးစားကြမလားဟေ့"
"စားမယ်"
တစ်အုပ်ကြီး အော်ပြီး ဖြေလိုက်သောအသံ။
"ဆီးသီး စားချင်တဲ့သူ လက်ညှိုးထောင်"
တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ ကိုယ်ကို ရှေ့ခပ်ကိုင်းကိုင်း ညွှတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဥာဏ်စိန်ကို မော့ကြည့်နေပါသည်။ 'ဆီးသီးတကယ်ကျွေးမှာလား' ဟု စဉ်းစားနေပုံပါသည်။ သူသာမဟုတ်ပါ။ ကျွန်တော်လည်း ကိုဥာဏ်စိန်ကို ဘာတွေအကြံအဖန် လုပ်ဦးမလဲဟု တွေးနေမိပါသည်။ ဘယ်လိုမှ မှန်းလို့မရရိုး အမှန်ပါ။

ဒုတိယပိုင်းကို ဆက်လက်ဖေါ်ပြပါမည်။
Author: vanko
•9:55 PM

ဒီနေ့နေသာတယ်
ဒါ…ပျော်စရာပဲ။

လေအတိုးမှာ ဗံဒါရွက်တွေ
တဖြုတ်ဖြုတ်ခုန်ချကြတယ်။
မြေပြင်နဲ့မထိခင်အထိတော့
လေဟုန်စီးနိုင်သားပဲ
ဒါလည်းပျော်စရာတစ်ခုပေါ့။

ရေတံခွန်ဘေးမှာ
ရပ်နေတဲ့ကလေးကတော့
နတ်တွေရဲ့ ဂီတသံကိုကြားရသတဲ့
ဒါလည်းပျော်စရာပဲပေါ့။

စက္ကူစွန်တွေ
နှောင်ကြိုးတန်းလန်းနဲ့
ငှက်တွေနဲ့တောင်
စကားလက်ဆုံကျကြသတဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

အလုပ်ကအပြန်
လမ်းပေါ်ကကလေးတွေ
ကန်လိုက်တဲ့ဘောလုံးက
ရွှံ့အလူးလူးနဲ့ လာမှန်တယ်
အား…ဒါလည်းပျော်စရာပဲဗျ။

ညမှောင်တော့
လရောင်က ပိုလင်းသပေါ့
ပိုးစုန်းကြူးလဲ
သူ့အလင်းနဲ့ အဆင်းနဲ့တဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

မနက်ဖြန်တော့
မိုးရွာမယ်ထင်တယ်
အင်း… ဒါလည်းပျော်စရာပါပဲ။

ကဗျာမဟုတ်၊ စာမဟုတ်ပါဗျာ။ ပျင်းပျင်းနဲ့လျှောက်ရေးထားတာပါ။ "ချင်" Chin Shengt'an ရဲ့ ပျော်စရာတွေကို အားကျလို့လည်းပါပါတယ်။ ရေတံခွန်ဘေးက ကလေးဆိုတာကတော့ George Barker ရဲ့ O' Child Beside the Waterfall ကဗျာကို ညွှန်းတာပါ။ ပုံကတော့ အနော်ဆွဲထားတာပေါ့.. ဟိ ဟိ။ လှတယ်ဟုတ်..။ :P အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။