Author: vanko
•11:25 PM

အကြံကုန်လို့ ဆားချက်တယ် မထင်ကြပါနဲ့ဗျာ။ ကျနော် တစ်ခါမှ ၀တ္ထုဆောင်းပါးတွေကို ကူးယူပြီး မဖေါ်ပြဘူးပါဘူး။ ဒါပေမယ့် ဒီကနေ့ ဆရာကြီးအောင်သင်းရဲ့ ကန့်ကူလက်လှည့် ဆောင်းပါးလေးကို ပြန်ဖတ်မိပြီး စိတ်ထဲမှာ ကြည်နူးမှုရော၊ လေးစားမှုရော ဖြစ်လာလို့ပါ။ မူလတန်းက ဆရာမကိုလည်း သတိရပြီး မျက်ရည်လည်မိပါတယ်။ လူတွေအထင်မကြီးတက်တဲ့ မူလတန်းပြ ဆရာတွေရဲ့ အခက်အခဲ၊ တာဝန်တွေကို နားလည်ခံစားတက်ကြစေဖို့ပါ။ ဖတ်ပြီးသူတွေအတွက် ပြန်အမှတ်ရစေသလို မဖတ်ရသေးသူတွေအတွက်လည်း ဆရာ့ဂုဏ်ကျေးဇူးကို နားလည်ခံစားတက်လာမယ်လို့ မျှော်လင့်မိပါတယ်။ ဆရာကြီးနဲ့ သက်ဆိုင်သူတွေကို ခွင့်မတောင်းနိုင်တာကိုတော့ နားလည်ခွင့်လွတ်ပေးနိုင်မယ် မျှော်လင့်ပါတယ်။ ဆောင်းပါးက ရှည်တော့ ကျွန်တော် သုံးပိုင်းခွဲပြီး တင်ပေးပါမယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(ကျွန်တော်တို့ ခပ်ငယ်ငယ်ကတော့ ကျောက်သင်ပုံး ကျောက်တံနဲ့ ရေးခဲ့ဘူးပါတယ်။ ဟိုးအရင် ဘုန်းတော်ကြီးကျောင်းတွေမှာတော့ သင်ပုန်းပေါ်မှာ ကန့်ကူဆံနဲ့ ရေးခဲ့ကြရပါတယ်တဲ့။ ကန့်ကူလက်လှည့်ဆိုတာ ဆရာက ၀လုံးလေးမှ ၀ိုင်းအောင် မရေးတက်သေးတဲ့ ကလေးကို သူ့လက်ကလေးပေါ်ကနေ အုပ်ကိုင်ပြီး လက်ထဲက ကန့်ကူဆံချောင်းကလေးကို ဘယ်လိုလှည့်ရ ၀ိုက်ရမယ်ဆိုတာ သင်ပေးတာကိုပြောတာပါ။ အဲဒီဟာလေးကို ညွှန်းတာပါ။ အဲဒီက စပ်ဆက်ပြီး လက်ထပ်သင်ပေးတယ် ဆိုတဲ့ စကားလဲ ပေါ်လာတာပါ။ မသိသေးတဲ့ ညီငယ် ညီမငယ်လေးတွေအတွက် ဗဟုသုတပါ။ သိပြီးသား အစ်ကို အစ်မများကတော့ ကျွန်တော်လျှာရှည်မိတာကို သည်းခံကြပါခင်ဗျာ။)

(နောက်တစ်ခု ပြောချင်တာက စာလုံးပေါင်းပါ။ စာအုပ်မျက်နှာဖုံးမှာ "ကန့်ကူလက်လှည့်"လို့ ပေါင်းထားပေမယ့်။ အထဲက ဆောင်းပါးမှာတော့ "ကံ့ကူလက်လှည့်" လို့ ပေါင်းထားပါတယ်။ ဘယ်ဟာက မှန်မလဲတော့ ကျွန်တော် မသိပါဘူး။ စာအုပ်မျက်နှာဖုံးက စာလုံးပေါင်းအတိုင်းပဲ ရေးလိုက်ပါတယ်။)

ကန့်ကူလက်လှည့်

ကျွန်တော်က တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြား ကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ "မိုးထိအလယ်တန်းကျောင်း" တွင် အလယ်တန်းနည်းပြဆရာအဖြစ် နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့်ပတ်သတ်၍ အတန်အသင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။
ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့အဖို့ ဘာမှပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ ထိုသို့အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည်ဆိုသော ဆရာမျိုးကိုလည်း "သြော်... စာသင်ကောင်းတယ်ဆိုပဲ" ဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။
စာသင်ကြားမှုနှင့် ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ ၁၉၆၃-၁၉၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။
သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေလေပြီ။ တက္ကသိုလ်ကျောင်းပိတ်လျှင် ကျွန်တော့ဇာတိ တောင်တွင်းကြီးမြို့သို့ ပြန်သွားလေ့ရှိပါသည်။ တောင်တွင်းကြီးမြို့ ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသောနေရာမှာ ရွှေအင်းတောင်ဘုရားကြီး ရင်ပြင်တော်ပေါ်ရှိ "အမျိုးသားပြတိုက်"တွင် ဖြစ်ပါသည်။ ထိုပြတိုက်ကို စတင်တည်ထောင်ခဲ့သူများတွင် ကျွန်တော်လည်း အမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာလုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော့ကို အဝေးရောက်အမှုဆောင်အဖြစ် ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။
ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစွာလှုပ်ရှားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ 'ဦးဥာဏ်စိန်' တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့် ရွှေအင်းတောင်ဘုရားမှာ ကပ်လျက်ရှိနေသည်ဖြစ်သောကြောင့် ပြတိုက်ဘက်သို့သွားလျှင် ဆရာကိုဥာဏ်စိန်ဆီသို့ ၀င်သွားလေ့ရှိပါသည်။
ကိုဥာဏ်စိန်က မူလကတော့ အနုပညာနည်းပြ (ပန်းချီနည်းပြ)ဆရာ ဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ်မသိ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် 'သူငယ်တန်း'ကို သင်ကြားနေရပါသည်။
ကျွန်တော်က သူနှင့်ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အခန်းဆီလိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှသင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ် ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တပ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင် တွေ့ရသော 'ဖိုးရွှေလိပ်'မှန်း ကျွန်တော်သိလိုက်ပါသည်။
ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့တပည့် ကလေးတွေကလည်း သိကြပါသည်။ "ဟေး...ဖိုးရွှေလိပ်ကွ" စသည်ဖြင့် အော်ကြပါသည်။ သူက ထိုအရုပ်၏လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "တုတ်ကောက်နဲ့ကွ"ဟု အော်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "ဆေးတံနဲ့ဟေ့" စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။
ထိုအရုပ်ရေးပြီးမှ ကိုဥာဏ်စိန်က အတန်းထဲရှိ ကလေးများဘက်လှည့်ပြီး "တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာဘယ်သူနဲ့တွေ့သလဲ ဆိုတော့..." ဟုပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဖက်စွန်းတွင် အရုပ်တစ်ရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေကလည်း ဘယ်သူနဲ့များတွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။ စင်စစ် ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက "ယုန်ကလေး"ဟု တစ်ပျော်တစ်ပါးကြီး အော်လိုက်ကြပြန်ပါသည်။ ယုန်ကိုလည်း ဟိုဟာတပ် သည်ဟာဆင်လိုက်ရာ မျက်မှန်နဲ့ အထုပ်အပိုးနဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခုတပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း တသောသောနှင့် သဘောကျနေပါသည်။ သူကဆက်၍-
"အဲဒီလို ဘဘကြီးဦးရွှေယုန်နဲ့ တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲ လို့မေးလိုက်တယ်။"
ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကိုတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်းပြောရလျှင် ဘာရယ်မဟုတ် သူ့ပါးစပ်ထဲ ရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလိုဘာလိုလို လုပ်ပြီးပြောနေခြင်း ဖြစ်ပါသည်။
ဆရာကိုဥာဏ်စိန် ကျွန်တော့ကိုမြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာရယ်လိုက်ပြီး "လာလေဗျာ၊ ခင်ဗျားရော နားထောင်သွားပါဦးလား" တဲ့။
"တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ" ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။
နောက်တစ်နေ့ သူ့စာသင်ခန်းထိ ရောက်သွားပြန်တော့သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တက်ကရ ပုံပြင်လိုလို ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။ သုံး,လေးရက်လောက်ရှိတော့ ကျွန်တော်က မနေနိုင်တော့ဘဲ ...
"ခင်ဗျားက ဘာစာမှသင်တာလည်း မတွေ့ရပါလားဗျ" ဟု ရယ်မောကာ မေးလိုက်တော့...
"စာသင်တာ အရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင် ရတဲ့ကိစ္စ" ဟု ရယ်ပြီးပြောပါသည်။ ပြီးမှ "တကယ်ပြောတာဗျ... စာသင်တာ ဘယ်အချိန်သင်သင် ဖြစ်တယ်။ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းနေပျော်အောင် လုပ်နေရတာဗျ"
ကျွန်တော့စိတ်ထဲတွင် "အင်း.. သူပြောတာလည်း ဟုတ်သားပဲ" ဟု တွေးလိုက်မိသည်။
နောက်တစ်နေ့ရောက်သွားတော့ သူလုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့် ကျောင်းခန်းအပြင်ဘက် ပြူတင်းပေါက်နား ထိုင်ခုံလေးတစ်လုံးကိုချပြီး ကြည့်နေမိပါသည်။ ကျွန်တော်အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။
ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်းမကြည့်၊ စာသင်ခန်းအပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီငိုနေပါသည်။ ကလေးကြည့်ရာဆီ လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဥာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင် မအောက်မေ့၊ သူ့ဘာသာ အရုပ်တွေကိုရေးလိုက် ပုံပြောလိုက် လုပ်နေပါသည်။
ကျွန်တော်ကတော့ ထိုကလေးကိစ္စကို ကိုဥာဏ်စိန် ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေးကြာတော့ ကိုဥာဏ်စိန်က ပြူတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လိုက်ပြီး ...
"ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ်ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ကတော့ ဒီကောင်တစ်သက်လုံး အငိုတိတ်တော့မှာ မဟုတ်ဘူး"
ထိုသို့ပြောလိုက်ကာမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီကနဲငိုလိုက်ပြန်ပါတော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ပဲ ပေကပ်ကပ်လုပ်နေပါသည်။
"ခက်တယ်ဗျာ ... ကလေးတွေကို ထိန်းရတာ ကျုပ်မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ" ဟု ညည်းသလိုလိုနှင့် ကျွန်တော့ကို လှမ်းပြောပါသည်။
"ကဲ မပြန်ချင်လည်း နေဗျာ။ ဒါပေမယ့် ကလေးမမြင်လောက်တဲ့နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေစမ်းပါ"
ကိုဥာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါသည်။ သူ့အဘွားကို မမြင်လိုက်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ၀ိုင်းကြည့်နေကြရအောင်ပင် ဖြစ်သည်။
ကိုဥာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်ကတော့ သူများတွေက စီကနဲအော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက် အငိုရပ်လိုက်ပြီး အရုပ်ကိုလှမ်းပြီး ကြည့်လိုက်သည်။ ပြီးတော့ အပြင်ကိုလှမ်းကြည့် အဘွားကိုရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။
ကျွန်တော်ကတော့ ထိုကလေးနှင့် ကိုဥာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တက်ပါ။ ရိုက်နှက်ပစ်လိုက်ရအောင်ကလည်း တကယ့်လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါ့မလား။
ကိုဥာဏ်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလို ပြောလိုက်၊ ဟိုချာတိတ်ကလည်း ငိုမြဲပါပဲ။
အတော်လေးကြာလာတော့ ကိုဥာဏ်စိန်လည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကို ဆရာစိုက်ကြည့်နေမှန်းသိတော့ ခဏမျှ ဆရာကိုပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီကနဲ ခပ်ကျယ်ကျယ်ကြီး ငိုလိုက်ပြန်ပါသည်။
ကိုဥာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား ...
"ဟေ့ကောင်တွေ မင်းတို့တွေ့တယ် မဟုတ်လား။ ဒီကောင် ကျောင်းရောက်ပြီဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ ဒီကောင့်မှာ 'အငို'တွေ အများကြီးပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ကတော့ ကုန်မှာမဟုတ်ဘူး။ မင်းတို့ပါဝိုင်းပြီး ငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ"
ကျန်တဲ့ကောင်တွေကလည်း သဘောပေါက်မြန်လိုက်တာ မပြောပါနှင့်တော့။ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့်ပွတ်ပြီး တအီးအီး ငိုချင်ယောင်ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကို ကြည့်ပြီး ကြောင်တောင်တောင်နှင့် အငိုတိတ်သွားတော့ ပို၍ပင် ရယ်မိပါသည်။ ကိုဥာဏ်စိန်က ...
"ဟိုး... တော်ပြီ။ အငိုတွေ ကုန်သွားပြီ" ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေက တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။
ဟိုအကောင်လည်း ကယောင်ကတမ်း အငိုရပ်ပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။
ကိုဥာဏ်စိန်ကတော့ သူ့ကို လှည့်လို့မျှပင် မကြည့်တော့ပဲ သူ့ဘာသာ အရုပ်တွေရေးလိုက် ပုံပြင်ကိုပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲလေးကလည်း သူပြောနေသည့် ပုံပြင်ကို နားထောင်သလိုလို လုပ်လိုက်၊ အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ အီကနဲ ငိုလိုက်ပြန်ပါသည်။ ကိုဥာဏ်စိန်က...
"ဟ.. အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်"
ကိုဥာဏ်စိန် စကားဆုံးအောင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင် ဆောင်လိုက်ကြပြန်ပါသည်။ သူတို့တစ်တွေက သည်လိုငိုလိုက်ရခြင်းပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။
ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင် ဖြစ်သွားပါသည်။ ကိုဥာဏ်စိန်စကားနှင့် ဆိုလျှင်တော့ 'အငို'တွေ ကုန်သွားပြီပေါ့။
ကျွန်တော်သည် အထက်တွင် ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ ပြဿနာကို ကြည့်ပြီး ခေါင်းခြောက်လိုက်သည်မှာ မပြောတက်အောင်ပင် ဖြစ်ခဲ့ပါသည်။ "ဒီကလေးကို အငိုတိတ်အောင် လုပ်ပါ။ မလုပ်နိုင်ရင် မင်းကိုသတ်မယ်" ဟု ဆိုလာလျှင် ကျွန်တော်သေဖို့သာလျှင် ရှိပါသည်။ ဘာမျှတက်နိုင်မည် မဟုတ်ပါ။
ကျောင်းဆင်းလို့ ကျွန်တော်နှင့် ကိုဥာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့ ...
"ကိုဥာဏ်စိန် ခင်ဗျားတော်တယ်ဗျ။ ဟိုကောင် အငိုတိတ်သွားအောင် လုပ်နိုင်တာ သိပ်သဘောကျတာပဲ။ ကျုပ်ဆိုရင် ဘာလုပ်ရမှန်း မသိတာနဲ့ ဒုက္ခအကြီးအကျယ် ရောက်နေမှာ"
"ဒီလိုပဲလေဗျာ.. သင့်သလို ကြည့်တွယ်လိုက်ရတာပဲ"
သူကတော့ သည်လိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝမဟုတ်ပါ။ ကြောက်စရာ ဧရာမကိစ္စကြီးဖြစ်နေတာ အမှန်ပါ။
ကျွန်တော့အဖို့ သူငယ်တန်း သင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။
နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်မိပါသည်။ ငိုတော့ ငိုထားဟန်တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ပါ။ ကွယ်ရာထောင့်တစ်နေရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့်ဦးမည် ထင်ပါသည်။
ကိုဥာဏ်စိန်၏ သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။ သူ့အမူအရာက မြူးမြူးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ၊ ပျော်စရာကြီး။ အသံကလည်း ကြည်ကြည်ချိုချို။
"ကဲ.. ဒီနေ့တော့ မင်းတို့ကို ဆီသီးကျွေးမယ်။ ဆီးသီးစားကြမလားဟေ့"
"စားမယ်"
တစ်အုပ်ကြီး အော်ပြီး ဖြေလိုက်သောအသံ။
"ဆီးသီး စားချင်တဲ့သူ လက်ညှိုးထောင်"
တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ ကိုယ်ကို ရှေ့ခပ်ကိုင်းကိုင်း ညွှတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဥာဏ်စိန်ကို မော့ကြည့်နေပါသည်။ 'ဆီးသီးတကယ်ကျွေးမှာလား' ဟု စဉ်းစားနေပုံပါသည်။ သူသာမဟုတ်ပါ။ ကျွန်တော်လည်း ကိုဥာဏ်စိန်ကို ဘာတွေအကြံအဖန် လုပ်ဦးမလဲဟု တွေးနေမိပါသည်။ ဘယ်လိုမှ မှန်းလို့မရရိုး အမှန်ပါ။

ဒုတိယပိုင်းကို ဆက်လက်ဖေါ်ပြပါမည်။
This entry was posted on 11:25 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: