Author: vanko
•6:41 PM

www.urhired.org.uk


Reader's Digest မှာဖတ်လိုက်ရတဲ့ စာလေးတစ်ပုဒ်ကို ပြန်ပြောပြချင်ပါတယ်။ စာမေးပွဲမှာထူးချွန်တဲ့သားသမီး၊ ပြိုင်ပွဲတွေမှာအနိုင်ရတဲ့သားသမီးကို မိဘများအနေနဲ့ ချီးကျူးကြမှာပါ။ ဒါဟာအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားစရာတခုရှိပါတယ်တဲ့။ သင်ဟာ သူတို့လေးတွေရဲ့ အောင်မြင်မှုရလဒ်အပေါ်မှာပဲ သိပ်အာရုံစိုက်လွန်းရင် ကလေးတွေစိတ်ထဲမှာ ခံယူချက်လွဲမှားမှုတွေဖြစ်နိုင်ပါတယ်တဲ့။ Columbia University က စိတ်ပညာရှင် Carol Dweck ကစမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကလေးတွေကို သူတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးအားပေးတာနဲ့ သူတို့ရဲ့ဥာဏ်ရည်ထက်မြက်မှုရလဒ်အပေါ် ချီးကျူးအားပေးခြင်းတာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ကွဲပြားသလဲဆိုတာကို စမ်းသပ်ပြခဲ့ပါတယ်။

အရင်ဆုံး Dweck က ဆယ်နှစ်အရွယ်ကလေးငယ်တစ်စုကို ဥာဏ်စမ်းပဟေဠိလေးတွေကို ဖြေဆိုစေပါတယ်။ ပဟေဠိတွေက လွယ်တာရော ခက်တာရောပါတာပေါ့။ ဒါပေမယ့် သူတို့ဖြေနိုင်လောက်တဲ့ အဆင့်ပေါ့လေ။ မဖြေခင်မှာ သူက ကလေးတစ်ချို့ကို "သားတို့ သမီးတို့ အစွမ်းကုန်ကြိုးစားရမယ်နော်" လို့ပြောပြီး၊ ကလေးတစ်ချို့ကိုတော့ "သားတို့ သမီးတို့ အမှတ်ကောင်းကောင်းရအောင် လုပ်ရမယ်လို့" ပြောထားပါတယ်တဲ့။

ဥာဏ်စမ်းမေးခွန်းတွေ စပြီးဖြေဆိုတဲ့အခါမှာ 'အစွမ်းကုန်ကြိုးစားရမယ်'လို့ အပြောခံရတဲ့ကလေးငယ်တွေက ပိုခက်ခဲတဲ့ ပုစ္ဆာတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတယ်တဲ့။ နောက်တစ်ဆင့်အနေနဲ့ သူတို့လေးတွေအဆင့်ထက် ၂ နှစ်လောက်ပိုမြင့်တဲ့ အဆင့်က ဥာဏ်စမ်းပုစ္ဆာတွေကို ဖြေဆိုခိုင်းတဲ့အခါမှာလည်း မအောင်မြင်ပေမယ့် စိန်ခေါ်မှုကိုစိတ်ဝင်တစားလက်ခံပြီး ကြိုးစားကြပါတယ်တဲ့။ အဲ.. နောက်ဆုံး final test အနေနဲ့ ပထမဆုံးဖြေဆိုခဲ့တဲ့မေးခွန်းတွေနဲ့ အဆင့်တူပဟေဠိတွေကိုဖြေဆိုခိုင်းတဲ့အခါမှာတော့ သူတို့လေးတွေရဲ့ ရမှတ်ဟာ ၂၅% ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒါဆိုရင် 'အမှတ်ကောင်းကောင်းရရမယ်' သို့မဟုတ် 'ထူးချွန်ရမယ်'လို့ အပြောခံရတဲ့ကလေးတွေကရော...။ သူတို့ကတော့ ခက်ခဲမယ်ထင်တဲ့ ဥာဏ်စမ်းမေးခွန်းတွေကို ရှောင်ရှားပြီး အမှတ်ပြည့်ရဖို့ သေချာမယ့်မေးခွန်းတွေကိုပဲ ရွေးပြီးဖြေကြပါတယ်တဲ့။ ပိုခက်ခဲတဲ့ နောက်တစ်ဆင့်မှာတော့ သူတို့လေးတွေဟာ စိတ်ဓါတ်တွေကျပြီး စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြပါတယ်တဲ့။ နောက်ဆုံးအဆင့်အဖြစ် ပထမဆုံးမေးခွန်းတွေကိုပဲ ပြန်ဖြေခိုင်းတဲ့အခါမှာတောင် သူတို့လေးတွေရဲ့ ရမှတ်ဟာ ၂၀% ကျသွားပါတယ်တဲ့။

Dweck ရဲ့ ကောက်ချက်က ဘာများပါလိမ့်။ သူကပြောပါတယ်။ "ကျနော်တို့ ကလေးတွေကို သူတို့ရဲ့ ဥာဏ်ရည်ထက်မြက်မှု ရလဒ်အတွက် ချီးကျူးတဲ့အခါမှာ ကျနော်တို့သူတို့လေးတွေကို တကယ်တမ်းပြောလိုက်တာက "စမတ်ကျရမယ်။ အမှတ်ကောင်းရမယ်။ အမှားအယွင်းဖြစ်စရာတွေကို မစွန့်စားနဲ့" လို့ပြောလိုက်တာပါပဲတဲ့။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အလေးထားခြင်းက သူတို့လေးတွေရဲ့ စိတ်ကူး၊ စွမ်းရည်နဲ့ ထိန်းချုပ်နိုင်လောက်တဲ့ အပြောင်းအလဲလေးတွေကို အခွင့်အရေးလေးတွေကို ဖွင့်ပေးလိုက်ခြင်းပဲဖြစ်တယ်လို့ သူကဆိုပါတယ်။

ကလေးတွေကို ပုံစံခွက်ထဲရိုက်မသွင်းပဲ သူတို့လေးတွေရဲ့ စိတ်ကူးစွမ်းရည်၊ ပြိုင်ဆိုင်လိုစိတ်နဲ့ ပျော်ရွှင်တက်ကြွမှုလေးတွေကို ခွင့်ပြုပေးနိုင်ကြပါစေ။
This entry was posted on 6:41 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On 10:06 AM , ကဗျာမလေး said...

ကိုယ်တိုင်လည်း ပြန်လည်ဆန်းစစ်ကြည့်ရဦးမယ် ... ကလေးဘ၀ကစ ပုံသွင်းခံခဲ့ရတာ အမှတ်ရမိတယ်။

 
On 12:53 PM , Welcome said...

မိဘတွေရဲ့ စိုးရိမ်စိတ်ကို နားလည်နိုင်ပါတယ်။
ကောင်းစေချင်လွန်းတော့လည်း
တစ်ခါတလေ လွဲချော်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ကလေးတွေရဲ့ ဘ၀တစ်ခုလုံးနဲ့ သက်ဆိုင် တာမို့ ပိုအလေးထားဖို့ လိုပါတယ်။
မျှဝေပေးလို့ကျေးဇူးပါ။

 
On 12:55 PM , အောင်မြေ said...
This comment has been removed by the author.
 
On 12:56 PM , အောင်မြေ said...

စာကောင်းပေမွန်တွေ
နှစ်ခြိုက်စွာ လေ့လာသွားပါတယ်။

 
On 5:13 PM , Anonymous said...

မိဘတွေကတော့ အစိုးရိမ်လွန်တာပါ အမှန်တော့ သူတို့ကိုရိုက်မသွင်းပဲ ပုံမှန်လေးပဲဘေးကနေ ထိန်းပေးရင် ပိုကောင်းမယ်ထင်ပါတယ် ဒါကတော့ကျွန်မ အမြင်ပါရှင့် အမှားပါရင်လည်း ခွင့်လွှတ်ပါနော်.

 
On 8:34 PM , Anonymous said...

စာကောင်းလေးပဲ..
ပြန်မျှဝေပေးတာကျေးဇူးပါ အားလုံးသိထားသင့်တယ်နော်. :)