Author: vanko
•12:46 AM

en.wikipedia.org

ဒီတစ်ပုဒ်ကလည်း Kahil Gibran ရဲ့ လက်ရာလေးတစ်ပုဒ်ဖြစ်ပါတယ်။ သူ့ရဲ့ တခြားလက်ရာတွေနဲ့မတူပဲ ပေါ့ပေါ့ပါးပါးဖတ်နိုင်တဲ့ စာလေးတစ်ပုဒ်ပါ။ မူရင်းကို မဆုပ်ကိုင်မိရင် ကျနော့အားနည်းချက်သာဖြစ်ပါတယ်။

The Wise King


ဟိုးရှေးရှေးတုံးက ဝေးလံတဲ့ဒေသက ၀ီရာဏီဆိုတဲ့ မြို့တော်တစ်ခုမှာ ခွန်အားကြီးမားသလို ဥာဏ်ပညာလည်းရှိတဲ့ ဘုရင်တစ်ပါး အုပ်စိုးပါသတဲ့။ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို ခွန်အားဗလကြီးမားတဲ့အတွက် ကြောက်ရွံ့ခန့်ညားကြသလို ဥာဏ်ပညာကြီးမားတဲ့အတွက်လည်း ချစ်ခင်လေးစားကြပါတယ်တဲ့။

မြို့တော်ရဲ့ အလည်မှာ အေးမြပြီး ကြည်လင်သန့်ရှင်းတဲ့ ရေတွင်းတစ်တွင်းရှိပါသတဲ့။ အဲဒီရေတွင်းကရေကို မြို့တော်ထဲမှာရှိတဲ့ လူတွေအားလုံး သောက်သုံးကြရပါတယ်တဲ့။ ဘုရင်ကြီးနဲ့ နန်းတွင်းသူ နန်းတွင်းသားတွေ အပါအ၀င်ပေါ့။ ဘာလို့လဲဆိုတော့ တစ်မြို့လုံးမှာ အဲဒီရေတွင်းတစ်တွင်းသာ ရှိလို့ပါပဲတဲ့။

တစ်ညမှာတော့ အားလုံးအိပ်မောကျနေချိန်မှာ စုန်းမကြီးတစ်ယောက်ဟာ မြို့တော်ထဲကိုဝင်လာပြီး အဲဒီရေတွင်းထဲကို ထူးဆန်းတဲ့ ဆေးရည် ခုနှစ်စက်ချသွားပါတယ်။ ပြီးတော့ သူကပြောပါတယ်။ “အခုအချိန်ကစပြီး ဒီရေတွင်းကရေကိုသောက်မိတဲ့လူတိုင်း ရူးသွပ်ကုန်ကြပါစေ” တဲ့။

နောက်တစ်နေ့မနက်ရောက်တဲ့အခါ မြို့တော်အတွင်းက လူတွေအားလုံးဟာ ရေတွင်းထဲကရေကို သောက်ပြီး စုန်းမကြီး ကျိန်စာဆိုခဲ့သလိုပဲ ရူးသွပ်ကုန်ကြတာပေါ့။ ဘုရင်ကြီးနဲ့ သူ့ရဲ့အိမ်တော်ဝန်ကြီးတွေကတော့ မသောက်ရသေးဘူးပေါ့လေ။

အဲဒီနေ့မှာတော့ လမ်းကြိုလမ်းကြားတွေထဲမှာ၊ ဈေးထဲမှာ မြို့တော်သူမြို့တော်သားတွေဟာ ဘာအလုပ်မှမလုပ်ကြပဲ တစ်ယောက်ကိုတစ်ယောက် တီးတိုးတီးတိုးပြောဆိုနေကြပါသတဲ့။
“ငါတို့ ဘုရင်တော့ ရူးနေပြီဟေ့။ ဘုရင်နဲ့ သူ့ရဲ့အိမ်တော်ဝန်တွေအားလုံး စဉ်းစားဆင်ခြင်ဥာဏ် ပျောက်ဆုံးနေကြပြီ။ ဒီလို ဘုရင်အရူးရဲ့လက်အောက်မှာတော့ ဒို့တစ်တွေမနေနိုင်ဘူး။ ဒီဘုရင်ကို နန်းချပစ်ကြမယ်။”
မြို့သူမြို့သားတွေ တိုးတိုးတိုးတိုးနဲ့ တိုင်ပင်နေကြတာပါ။

အဲဒီညနေမှာတော့ ဘုရင်ဟာ ရေတွင်းကရေကို ရွှေကလပ်ခွက်နဲ့ နန်းတွင်းကို ယူဆောင်လာဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ရွှေကလပ်ခွက်နဲ့ရေကို လာဆက်သတဲ့အခါ ဘုရင်ဟာ အားပါးတရကို သောက်လိုက်ပါသတဲ့။ ပြီးတော့ သူ့ရဲ့အိမ်တော်ဝန်တွေအားလုံးကိုလည်း သောက်စေပါတယ်။

ဒီအခါမှာတော့ အဲဒီဝေးလံခေါင်ဖျားတဲ့ဒေသက ၀ီရာဏီမြို့တော်တစ်ဝှမ်းလုံးမှာ အကြီးအကျယ်ကို ၀မ်းမြောက်ရွှင်လန်းမှုတွေနဲ့ လွှမ်းခြုံသွားပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဘုရင်နဲ့ အိမ်တော်ဝန်တွေအားလုံးဟာ သူတို့ရဲ့ စဉ်းစားဆင်ခြင်ဥာဏ်ကို ပြန်လည်ရရှိသွားကြလို့ပါပဲတဲ့။
This entry was posted on 12:46 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

8 comments:

On 9:14 AM , Welcome said...

ဆက်စပ်တွေးတော မရခဲ့ပါဘူး။
ကျွန်တော်ပဲ တုံးတာ တာ ဖြစ်နိုင်တယ်။
အားပေးလျက်ပါ။

 
On 9:15 AM , အောင်မြေ said...

သောက်ရေ ပြန်ကောင်းသွားတဲ့ လျှို့ဝှက်ချက် လေးများကျန်ခဲ့သလားပဲနော်။ အပေါ်က ပြောခဲ့သလို နားမရှင်းခဲ့ဘူး။

 
On 2:35 PM , Anonymous said...

အင်း.. ရေကပြန်ကောင်းသွားတာ မဟုတ်ပါဘူးဗျာ။ ဘုရင်နဲ့ သူ့နန်းတွင်းက ၀န်ကြီးတွေက မသောက်ရသေးဘူးလေ။ အဲဒီတော့ မရူးသေးဘူးပေါ့။ Kahil Gibran ဆိုလိုချင်တာက အရူးတွေကြားထဲမှာ လူကောင်းက အရူးဖြစ်နေရပုံပါ။ အားလုံးရူးသွားကြတော့ အဟဲ.. သူတို့အနေနဲ့က အားလုံးအကောင်းတွေပေါ့။ အဲလိုပါ။ ဒါကြောင့် ဘုရင်ရေကိုသောက်ပြီး ရူးသွားတဲ့အခါ တိုင်းသူပြည်သား အရူးတွေက ၀မ်းသာကြတာပေါ့။ ငါတို့ဘုရင်တော့ လူကောင်းပြန်ဖြစ်သွားပြီ ဆိုပြီးတော့လေ။ ခါလီဂျီဘရန်းက တခြားဘာ message ပေးချင်သေးလဲတော့ မသိဘူးပေါ့ဗျာ။ လောလောဆယ်ဆယ် ကျနော်တော့ အဲလောက်ပဲစဉ်းစားမိတယ်။ ဆန့်တွေးရင်တော့ တွေးချင်စရာတွေ အများကြီးပေါ့နော့။ ဘုရင်ကပဲ ဘုရင်မလုပ်ရမနေနိုင်လို့ ဥာဏ်ရှိရဲ့သားနဲ့ အရူးအဖြစ်ခံတာလား။ သူ့တိုင်းသူပြည်သားတွေကို ချစ်လွန်းလို့ လိုက်ပြီးအရူးအဖြစ်ခံတာလား။ အဲဒါတော့ ကျနော်မျိုးကြီးလဲ မလျှောက်တက်တော့ဘူး ခင်ဗျ။ :P

 
On 6:56 PM , thinzar said...

အင်း........ တွေးတော့တွေးစရာပဲနော်...

 
On 9:59 AM , ဟန်လင်းထွန်း said...

ကျနော်ထင်တာတော့ အရူးတွေကြားမှာ ဘုရင်မရူးရင် အခြေအနေမကောင်းတော့လို့ သူလည်း ရူးအောင်လုပ်လိုက်ပုံရတယ်။

အတွေးတစ်ခုရသွားတယ် ။ အရူးတွေကြားမှာ သင်လည်း ရူးတက်အောင် နေပါ လို့ :))))

 
On 2:24 PM , Anonymous said...

အင်း အရူးတွေကြားမှာ လူကောင်းက အရူးဖြစ်သွားတယ်ပေါ့။ သိပ်တော့ နားမလည်ဘူး အဲလိုပဲတွေးမိတယ်။ ဘုရင်က သူ့ကို နန်းချမှာကြောက်လို့ ရေကိုသောက်လိုက်တာလား။ :D

 
On 6:58 PM , ♥ Acacia ♥ said...

အများမိုးခါးရေ သောက်လို့ သူလည်း သောက်ရတဲ့ထင်ပါ့ ဟဲဟဲ ထင်ရာမြင်ရာတွေ ပြောသွားပါတယ်

 
On 12:56 AM , မေ့သမီး said...

အတွေးတစ်ခုရလိုက်ပါတယ်။ Value ချင်းတူမှပဲ ဘုရင်နဲ့ တိုင်းသူပြည်သားတွေနှစ်ဘက်စလုံး တစ်သားတည်းဖြစ်ကြ မယ်ဆိုတာကိုပေါ့။