•11:17 PM

www.pbase.com
“ဘဘ.. အဲဒီဘကြီးက အရမ်းစကားများတာပဲ နော်..။”
“ဒါပေမယ့် သူက ဗဟုသုတစုံတယ်ကွ လူလေးရ။ သူစကားပြောရင် ဂရုစိုက်နားထောင်။ ကြားလား။”
“ဘဘ... ဘဘဦးအုံးက စကားပြောရင်အကျယ်ကြီးပဲ။ သူရယ်တာကလဲ ကြောက်စရာကြီးနော်..။”
“ဟား ဟား။ လူလေးကလဲ မင်းဘဘအုံးက သဘောကောင်းပါတယ်ကွ။ သူပဲမင်းအတွက် မုန့်တွေဝယ်ဝယ်လာတာ မဟုတ်လား။”
“ဘဘ.. ဦးကုလားက အရမ်းညစ်ပတ်တာပဲ။ ကွမ်းတံတွေးထွေးတာ ထွေးခံထဲကို တည့်တည့်ကို မထွေးဘူး။ စင်ကုန်တာပဲ။ ကလေးလဲမဟုတ်ပဲနဲ့။ သူသောက်တဲ့ ရေနွေးပန်းကန်နဲ့ သားမသောက်ချင်ဘူး။ ပါးစပ်မှာ ကွမ်းတံတွေးတွေနဲ့။”
“ဟား ဟား ဟား…။ လူလေးရယ် ကွမ်းတံတွေးပဲ ရေဆေးပစ်လိုက်ရတာပဲဟာ။ သူသောက်တဲ့ အကြမ်းပန်းကန်မသောက်ချင်လဲ တခြားဟာနဲ့သောက်။ ဟုတ်ပြီလား။ ပြီးရင် ဘဘ သေချာဆေးပေးမှာပေါ့ကွ။ သူ့ကို မပြစ်မှားနဲ့ သူက ဘုရားတရား သိပ်ကြည်ညိုတာ။ လူလေး ငရဲကြီးလိမ့်မယ်။ ကြားလား။”
ကျနော့်အဘိုးက လူချစ်လူခင်ပေါပါတယ်။ သူ့မှာ သူငယ်ချင်းတွေ အများကြီး။ သူနယ်ကနေ ကျနော်တို့ အိမ်မှာ လာနေတာမှ တစ်လမပြည့်သေးဘူး လမ်းထဲကလူတွေနဲ့ ရင်းနှီးနေပြီ။ မနေ့တစ်နေ့ကမှ ဟိုဘက်အိမ် ပြောင်းလာတဲ့ အိမ်ငှားနဲ့လဲ ခင်လို့။ အဘစားဖို့ဆို စားဦးစားဖျား လာပို့လို့။ မနက်စောစော ပဲပြုတ်သည်ကလဲ အဘဖို့ဆိုပြီး ပဲပြုတ်တွေပိုပေးလိုပေး။ နေ့လည်ခင်း လမ်းထဲကို လာရောင်းနေကျ မုန့်လက်ဆောင်းသည် ဦးလေးကြီးနဲ့လဲ စကားလက်ဆုံကျလိုကျ။ အဘိုး အိမ်ရှေ့မှာများ ထွက်ထိုင်နေရင် နုတ်ဆက်လိုက်တဲ့လူတွေ။ လူကြီးလူငယ်မရွေး။ ယောင်္ကျားမိန်းမ မရွေး။ တချို့တွေဆို ကျနော်လုံးလုံးမသိ။ ကျနော်လမ်းထဲမှာ နေလာတာ နှစ်ပေါင်းများစွာ.. မရင်းနှီးတဲ့လူတွေ ရှိသေးတယ်။ အိမ်ငှားတွေဆိုရင် ပိုဆိုးပေါ့။ သတိကိုမထားမိတာ။ အဘိုးကတော့ လူတိုင်းနဲ့ ချက်ချင်းလို ခင်သွားတာပါပဲ။ တချို့တွေဆိုရင် နဂိုက ကျနော် ကြည့်မရတဲ့လူတွေ။ 'ဘဘ.. အဲ့လူက ဘယ်လို'ဆိုရင် အဘိုးမှာ ပြန်ပြောစရာ သူ့အကြောင်း ကောင်းကွက်တစ်ခုတော့ အမြဲရှိတက်တယ်။
အဘိုးမဆုံးခင် အချိန်တွေမှာ ညညကျနော်သူ့ကို နှိပ်ပေးတဲ့အခါတွေမှာ အဘိုးက ပြောတက်ပါတယ်။ ကျနော် နားလည်နိုင်တဲ့အရွယ်ရောက်နေပြီပေါ့။
“လူလေးရ.. လူတိုင်း လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာ ရှိတာပဲ။ ဘဘမှာလဲရှိတယ်။ လူလေးမှာလဲရှိတယ်။ အဲလိုပေါ့ကွ သူတို့လဲ ပြည့်စုံတယ်ဘယ်ရှိပါ့မလဲ။ လူ့ကျင့်ဝတ်၊ လောကကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ ဆိုးဆိုးရွားရွား ချို့ယွင်းချက်မဟုတ်ရင် ပြီးတာပဲ။ အဲဒါကို နားလည်ပေးရမှာပေါ့။ အဲဒါဟာ သူ့တို့ရဲ့အစိတ်အပိုင်းတစ်ခုလို့ နားလည်လက်ခံပေးနိုင်မှ လူလေးကို သူတို့ကခင်မင်ကြမှာပေါ့။ သူတို့ရဲ့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်တက်ရတယ် လူလေးရဲ့။ ချို့ယွင်းချက်တစ်ခုတွေ့တိုင်း၊ ကိုယ်သဘောနဲ့ မတိုက်ဆိုင်တိုင်းသာ နှာခေါင်းရှုံ့ရရင် လောကမှာ ခင်မင်စရာလူ ဘယ်ရှိတော့မလဲ။ ဟုတ်လား။ သူများကို အပြစ်တင်ခါနီးကျရင် ကိုယ့်မှာလည်း တစ်ခုခုတော့ ချို့ယွင်းချက်၊ အားနည်းချက်ရှိပါလားဆိုတာကို ပြန်သတိရ။ အဲဒါမှ မိတ္တဗလဆိုတဲ့ မိတ်ဆွေပေါများတဲ့ အကျိုးကိုရမှာပေါ့ လူလေးရဲ့။ ဘဘပြောတာကို မှတ်ထား။ ကြားလား။”
အခုတော့ ကျနော့်အဘိုး မရှိတော့ပါဘူး။ ဒါပေမယ့် ကြိမ်ဖန်များစွာ အဘိုးရဲ့စကားကို ပြန်လည်ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကို ဆုံးမနေရတုံးပါပဲ။
Memories
|

10 comments:
ဘယ်လိုပဲ ဖြစဖြစ် မြင်တက်အောင်တော့ ကြည့်ါရမယ် အကို နေကောင်းလား
ငယ်စဉ်ဘ၀က လူကြီးသူမတွေ ဆိုဆုံးမတဲ့ စကားတွေဟာ နားခါးမယ်၊ အပိုဖြစ်တယ်လို့ ထင်ခဲ့ပေမယ့်
ကိုယ်ကလူကြီးဖြစ်လာတဲ့ အချိန်မှာ
တစ်ချိန်က စကားတွေဟာ
လက်တွေ့ဘ၀အတွက်အလွန်မှ တန်ဖိုးရှိတဲ့
ဆုံးမစကားတွေဖြစ်တယ်ဆိုတာကို
ပြန်ပြောင်းသတိရစေမှာ အသေအချာပါ။
http://winzaw-mdy.blogspot.com
မှတ်သားစရာ စာတွေပါပဲဗျာ။ဒီလိုပဲလေ ငယ်စဉ်
ကတော့ ဘာသိမှာလဲ ကြီးလာတော့မှသာ
တဖြေးဖြး သဘောပေါက်လာတယ်ဗျ
မှန်ပါတယ် (သူတို့ရဲ့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်တက်ရတယ် လူလေးရဲ့။ ချို့ယွင်းချက်တစ်ခုတွေ့တိုင်း၊ ကိုယ်သဘောနဲ့ မတိုက်ဆိုင်တိုင်းသာ နှာခေါင်းရှုံ့ရရင် လောကမှာ ခင်မင်စရာလူ ဘယ်ရှိတော့မလဲ။ ဟုတ်လား။ သူများကို အပြစ်တင်ခါနီးကျရင် ကိုယ့်မှာလည်း တစ်ခုခုတော့ ချို့ယွင်းချက်၊ အားနည်းချက်ရှိပါလားဆိုတာကို ပြန်သတိရ။) ဒီစကားကို ထောက်ခံပါတယ် ဗဟုသုတ ပို့စ်လေးပါ.
ဟုတ်တယ်။ လုံးဝထောက်ခံတယ်။ ချို့ယွင်းချက်မရှိတဲ့လူ ဆိုတာမှမရှိတာ။
ချို့ယွင်းချက်တစ်ခုတွေ့တိုင်း၊ ကိုယ်သဘောနဲ့ မတိုက်ဆိုင်တိုင်းသာ နှာခေါင်းရှုံ့ရရင် လောကမှာ ခင်မင်စရာလူ ဘယ်ရှိတော့မလဲ။ ဟုတ်လား။ သူများကို အပြစ်တင်ခါနီးကျရင် ကိုယ့်မှာလည်း တစ်ခုခုတော့ ချို့ယွင်းချက်၊ အားနည်းချက်ရှိပါလားဆိုတာကို ပြန်သတိရ ..ဒီ ဗဟုသုတစကားလေးကို သဘောကျမိပါတယ်...ဆူးတွေနဲ့ နှင်းဆီငုံလေးက
လဲကြည့်ရတာ ဘ၀ကို ရဲံရင့်ခိုင်းနေသလိုပါပဲ
အင်မတန်ကောင်းတဲ့ပို့စ်လေးပါ
အားပေးနေပါတယ်
ဖတ်ရတာ... ကောင်းတယ်ဗျာ
ဒီစာကိုဖတ်ရတော့ ယုန်လေးလည်း အဖိုးကိုသတိရတယ် ဘယ်သူမဆို အကောင်းနဲ့ အဆိုးက အမြဲတမ်းဒွန်တွဲနေဆဲပါ မြင်တတ်ဖို့ပဲလိုတယ်
အင်း... ကောင်းကွက်ကို မြင်အောင်ကြည့်တတ်ဖို့လိုတယ်...
မှတ်သားသွားပါတယ်... :)
ဟုတ်တယ်နော်.....
ဘယ်သူမှ ကိုယ့်စိတ်နဲ့ တစ်ထပ်တည်း မကျနိုင်ဘူးလေ.. နော်။