Author: vanko
•8:54 PM

oracy.wordpress.com

"----"

"----"

မသဲမကွဲနဲ့ ခေါ်သံလိုလို နားထဲမှာ ကြားနေတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးတွေကို ဖွင့်ဖို့ အားယူနေတုံးပဲ လက်ကိုလာကိုင် လှုပ်နိုးတာကြောင့် လေးလံတဲ့ မျက်ခွံတွေကို အနိုင်နိုင်ဖွင့်ရင်း ကြည့်လိုက်ပါတယ်။ ဟင်.. ချာတိတ်လေး တစ်ယောက်ပါလား။ ဘာလို့ငါ့ကို လာနိုးတာတုံးဟ..။

x x x

အခုတစ်လော စိတ်မပါတာကြောင့် ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ်။ စိတ်ထဲမှာလည်း သိပ်မပျော်တာကြောင့် ဘယ်မှလည်း မလည်ဖြစ်ပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ခင်း ပျင်းပျင်းနဲ့ အိပ်ရှေ့ခြံထဲဆင်းပြီး ပက်လက်ကုလားထိုင်တစ်လုံး ဆွဲယူထိုင်ပြီး စာဖတ်လိုက်တာ မျက်စေ့ညောင်းလာပြီး ဘယ်အချိန် အိပ်ပျော်သွားလိုက်တယ် မသိပါဘူး။ အဲဒါ ခုနက ချာတိတ်လေး လာနိုးမှ နိုးလာတာပေါ့။

"အင်.. မင်းက ဘယ်သူလဲဟ..၊ ဘာလို့ ငါ့လာနိုးတာလဲ.."
"အနော့်ကို မသိတော့ဘူးလား.."

အံမာ ကိုယ်တော်လေးက မေးခွန်းပြန်ထုတ်နေသေးတယ်။

"အေးလေ မသိလို့မေးတာပေါ့။ နေပါဦး မင်းက ခြံထဲ ဘယ်လိုဝင်လာတာလဲ.. အမှိုက်လိုက်ကောက်တာလား.."

နေပါဦး ကြည့်လိုက်စမ်းပါဦးမယ်။ အမယ် အမှိုက်ကောက်တဲ့ ကလေးနဲ့တော့ မတူပါဘူး။ ရုပ်ကလေးက သနားကမားလေးပါ။ အသက်ကိုတော့ မှန်းလို့မရဘူး..။ ငါးနှစ်.. ခြောက်နှစ်.. လေးနှစ်.. သုံးနှစ်.. ဟာ.. မှန်းလို့မရဘူး။ ထားလိုက်ပါတော့။

"ဟာဂျာ.. အမှိုက်ကောက်တဲ့ရုပ်လားဂျ..၊ အနော့်ကို သေသေချာချာကြည့်ပါဆို.."

ရော.. ခက်တော့နေပါပကောလား။ ခြံထဲလဲ ကျူးကျူးကျော်ကျော်ဝင်လာသေး၊ သူများ ဆက်ရက်မင်းစည်းစိမ်နဲ့ နှပ်နေတာကိုလည်း လာနှောက်ယှက်သေး၊ အခုလည်း သူ့ကို သေချာကြည့်ရမတဲ့။ အော်.. ဒုက္ခ ဒုက္ခ.. အလုပ်ပိတ်ရက်လေး နေ့လည်နေ့ခင်း အိပ်တာတောင် ကောင်းကောင်းမအိပ်ရပါလား။

နဲနဲကျွဲမြီးတိုသွားပေမယ့် ကလေးဆိုတော့လည်း စိတ်ကိုလျှော့လိုက်ပါတယ်လေ။ မှန်းစမ်း ကိုယ်တော်လေးကို ရှုစားလိုက်စမ်းမယ်။ အကြွေးရှင်ရဲ့ကလေးတော့ မဟုတ်တန်ကောင်းပါရဲ့။ ခြေဆုံးခေါင်းဆုံး ခေါင်းဆုံးခြေဆုံး ကြည့်ပါသော်လည်း အာရုံထဲမှာ ဇဝေဇ၀ါ အဖြေကတော့ ပေါ်မလာပါ။

"ကဲ.. ကိုယ်တော်လေး၊ မင်းကို ဘယ်လိုကြည့်ကြည့် စိုင်းစိုင်းနဲ့လည်း မတူဘူး၊ ရိန်းနဲ့လည်း မတူဘူး။ ကဲ.. ပြော ဘာဖြစ်ချင်တာလဲ။ ပိုက်ဆံတောင်းမလို့လား။ အဲဒါဆိုရင်တော့ ကန်တော့ဆွမ်းပဲ။ ငါတောင် လမ်းထိပ်ထွက် လက်ဘက်ရည်သောက်စရာ မရှိလို့ ဒီမှာလာအိပ်နေတာ။ မင်းအမေက အကြွေးတောင်းခိုင်းလိုက်တာဆိုရင်တော့ ငါမရှိဘူးလို့ ပြောလိုက်။ မုန့်ဖိုးပေးမယ်နော်။ ဟုတ်ပြီလား"

"ဟာဂျာ.. အဖေရာ.. အဲလောက်ရက်စက်ရလား။ အနော့်ကိုတောင် မမှတ်မိတော့ဘူးပေါ့။ အီးဟီး... ၀ါး..."

ဟိုက် ဟိုက် ရှလပတ်ရည်.. အဲ ဂုရုကွေးရဲ့ စကားတွေလဲ ယောင်ထွက်ကုန်ပါပြီ။ ခေါင်းပေါ်က ဆံပင်တွေလဲ မိုးကြိုးပစ်ကေ ဖြစ်သွားသလားမသိ၊ အိပ်ချင်နေတဲ့မျက်လုံးတွေလဲ ဇီးကွက်မျက်လုံးဖြစ်ကုန်ပြီ။ လောကပါလ နတ်မင်းတွေကယ်တော်မူပါ။ အိုးစွပ်ခွက်စွပ်လည်း မစားမိရပါပဲနဲ့ ဘယ်ကမှန်းမသိတဲ့ ကလေက၀လေးတစ်ယောက် အဖေလာခေါ်နေလို့ပါခင်ဗျ။

"ဟေ.. ဟေ့ ဟေ့ကောင်.. ဘာပြောတယ် ဘာပြောတယ်။ မင်းလူမှားနေပြီ။ ငါ ရေမရောတဲ့ လူပျိုစစ်စစ် အကောင်းစားလေးကွ။ စော်စော်ကားကားနဲ့ပါလား။ တောက်.. ဟင်း.. အသရေဖျက်မှုနဲ့ တရားစွဲလိုက်ရမလား.."
အဲ.. ကလေးဆိုတော့လဲ အသရေဖျက်မှုနဲ့ တရားစွဲလို့ရမှာ မဟုတ်။ အခုမှ ခက်ပြီ။

"ဟုတ်တယ်ဗျ.. ဟုတ်တယ်.. အနော်က အဖေ့သားဗျ.. အဖေရဲ့.. အနော့်ကို ပစ်ထားပြီး မမှတ်မိတော့ဘူးပေါ့.. အီးဟီး.. ၀ါး..."

အောင်မယ်လေးဗျ.. ၃၇ မင်းနတ်တွေ၊ ဆိုင်ရာပိုင်ရာတွေ ကယ်တော်မူပါ..။ သူတော်ကောင်း အကောင်းစားလေးကို ပစ်မထားကြပါနဲ့။ ဒီမှာ မဟားဒယား အဖေလာတော်နေလို့ပါခင်ဗျ...။

"ဟေ့ ဟေ့ကောင် မင်း အာဗြဲကြီးနဲ့ အော်မငိုနဲ့လေ.. ဒုက္ခပါပဲ။ ဘေးအိမ်တွေကြားရင်တော့ မရှိမဲ့ရှိမဲ့ သိက္ခာတွေတော့ ကျကုန်တော့မှာပါပဲ"
ဘုရားသိကြားမလို့ ငါချိန်နေတဲ့ကောင်မလေးအိမ်က မကြားပါစေနဲ့...။ ဒီကိုယ်တော်လေးကို အမြန်ဆုံး ဘယ်လိုပ,ထုတ်ရပါ့.. စဉ်းစားစမ်း စဉ်းစားစမ်း..။

"ဟေ့ကောင်.. မင်း ငါ့ခြံထဲခိုးဝင်လာပြီး တစ်ခုခုခိုးမလို့ မဟုတ်လား။ ရပ်ကွက်လူကြီးခေါ်ပြီး အပ်လိုက်ရမလား။ တစ်ခါထည်း ကြံ့ဖွံ့ထဲရောက်သွားမယ်။ ဘာမှတ်နေလဲ။ သွားတော့ သွားတော့ မင်းကို မုန့်ဖိုး ပေးမယ်။ ဟုတ်ပြီလား"

"ယူဘူးဗျာ.. ယူဘူး..။ အဖေ မွေးတုံးကမွေးထားပြီး အခုမှ ပစ်ထားတာ..။ အ၀တ်အစားလေးတောင် အသစ်မ၀ယ်ပေးဘူး။ အခုကြည့် အနော့်အင်္ကျီဟောင်းနေပြီဗျ.. ၀ါး.. အင်္ကျီအသစ်ဝယ်ပေး.. အသစ်ဝယ်ပေး.."

ရော.. ခက်ပြီ။ ပြောလေကဲလေ မန်းလေပြဲလေပါလား။ အာပြဲကြီးနဲ့အော်ငိုပြန်ပြီ။

"ဟေ့ကောင် ဟေ့ကောင်.. ရာရာစစ အင်္ကျီတောင်ဝယ်ပေးရဦးမယ် ဟုတ်လား။ မင်းအဖေများမှတ်နေလားကွ.. ဟင်.."
အဲ... မှတ်နေလို့ အဖေလာတော်နေတာပေါ့။ အောင်မယ်လေး ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ပါရော့လား။ အမေရေ.. ကယ်တော်မူပါဦးဗျ..။

"မှတ်တယ်ဗျ မှတ်တယ်။ အနော် အဖေ့သား ပန်းစကားလေဗျာ.. အဖေကိုယ်တိုင် နာမည်လှလှလေး ပေးထားပြီး အခုတော့ ပစ်ထားတယ်ပေါ့။ အီးဟီး... ၀ါး..."

ဟိုက်.. 'ပန်းစကား' ဒီနာမည် ကြားဖူးသလိုပဲ။ ပန်းစကား.. ပန်းစကား.. ကျွန်တော် ဇဝေဇ၀ါနဲ့ ရေရွတ်နေတုံးပဲ ချာတိတ်ကလေးက စိတ်တိုလာပုံနဲ့ ပက်လက်ကုလားထိုင်ပေါ်ခုန်တက်ပြီး ကျွန်တော့ရင်ဘတ်ကို လက်သီးနဲ့ထိုးလိုက်တာ..

ဘုတ်..။
အင့်..။

x x x

ဘုတ်.. ကနဲ အသံကြားလိုက်ပြီး ရင်ဘတ်က အင့်.. ကနဲအောင့်သွားလို့ လန့်နိုးသွားတော့မှ အော် သရက်ပင်အောက် ပက်လက်အိပ်ပျော်သွားတာ ရင်ဘက်ပေါ် သစ်ကိုင်းခြောက်ပြုတ်ကျတာကိုး...။ အင်.. ဒါနဲ့ ခုနက ချာတိတ်လေးရော.. ဘယ်ရောက်သွားပါလိမ့်။ အင်.. အဲဒါက အိပ်မက်ပဲ။ အင်း အင်း ဟုတ်ပေသားပဲကိုး။ ကျွန်တော်လဲ ဘလော့လေးကို စိတ်လိုလက်ရကို ပစ်ထားလိုက်တာ။ ညီမလေးမက်မက်ပြောတဲ့ ဘလော့တွင်းစောင့်နတ်ကလေးက လာသတိပေးတာဖြစ်မယ်။ တစ်ခုခုတော့ ရေးတင်ဦးမှပါပဲလေ ဆိုပြီး ရေးဖို့စဉ်းစားလိုက်တာ။ ရေးစရာမရှိသေးဘူးဗျာ.. နောက်နေ့များမှပဲ ပို့စ်အသစ်တင်တော့မယ်နော်..။ :P

သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ..။
This entry was posted on 8:54 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On 11:46 PM , မေ့သမီး said...

ဟုတ်သားပဲ။ သားမွေးထားပြီး ပစ်ထားတာကို။

 
On 2:30 AM , ကောင်းကင်ပြာ said...

အဲလို လုပ်လို့ရဝူးလေ၊ ဘလော့က နတ်ကြီးတယ်၊ အိမ်မက်ထဲထိ လိုက်တာ၊ နောက်တခါ ပစ်မထားနဲ့တော့၊

 
On 8:53 AM , မမသီရိ said...

အတော်ရေးတတ်တယ်
တကယ့် ကလေးအဖေ လာရှာတာ အောင်းမေ့လို့.. :P
...
စာပြန်ရေးပါတော့ ကွာ..
အသစ်တွေ ဖတ်ချင်ပြီ

 
On 11:19 AM , thinzar said...

ဂယ်ကြီးမှတ်လို့ ....
တော်တော်နောက်တာပဲ....
အင်း.... တီတီကိုလည်း အမေလာရှာနေရင်ဒွတ်ခ
ကိုယ့်ဘလော့ ကိုယ်ပြန်ကြည့်အုံးမှ ဟိဟိ

 
On 2:32 PM , flowerpoem said...

ကဲ မညာနဲ့နော် ကလေးတွေလိုက်လာပြီ ဟီး၂ အိမ်မက်ထဲတောင် ရောက်လာပြီဆိုတော့ ... (စတာ)

 
On 9:00 PM , ရနံ့စံအိမ် said...
This comment has been removed by the author.