Author: vanko
•10:32 PM
အပိုင်း ၅ (နိဂုံး)...

ကျွန်တော် ရည်ညွှန်းခဲ့တဲ့ မိဘများ ဆရာများဆိုတာ အများစုကို ဆိုလိုတာပါ။ ပညာရေးအပေါ် သာမန်ထက်ပိုပြီး အဆင့်မြင့်မြင့် နားလည်ထားကြတဲ့ မိဘဆရာများလည်း ရှိပါတယ်။ သို့သော် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်ကြဖို့ လိုပါတယ်။ လူတန်းစား အလွှာတစ်ခုထဲက သဘောပေါက်နားလည်ယုံနှင့်တော့ မလုံလောက်ပါ။ သာမန် ပြည်သူများပါ ပညာရေး အတွေးအခေါ် မြင့်မားလာဖို့ လိုပါတယ်။ ကျွန်တော့် အယူအဆအရတော့ တိုင်းပြည်တစ်ခုမှာဖြစ်ဖြစ် ဘယ်အဖွဲ့အစည်း ဘယ်ကဏ္ဍပဲဖြစ်ဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ သာမန်လူများစု ဟန်ကျပန်ကျဖြစ်မှသာ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုဟာ အခြေအနေကောင်းနိုင်မှာပါ။ လူသာမန် လူလတ်တန်းစားများ၏ ပညာရေးအသိကို မြှင့်တင်ပေးနိုင်အောင် ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ အဲဒီ ပညာရေးရေချိန် အောက်ကျနေမှုအပေါ်မှာ သက်ရောက်နေတဲ့ အခြား အခြေအနေများကတော့ ဒီနေရာမှာ ကျွန်တော် မပြောလိုပါဘူး။ ဒီတစ်ခုထဲ ကွက်ပြောလို့လဲ မပြည့်စုံနိုင်တာ သိပါတယ်။ သို့သော်လည်း အားလုံးနားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။ အခြားသက်ရောက်မှုတွေကိုတော့ “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့ အခြေအနေရောက်တဲ့အခါလို့ပဲ တွေးကြည့်ကြပါ။

သာမန်တွေအကြောင်း ပြောရင်းနဲ့ ပြောစရာတစ်ခုက ခေါင်းထဲရောက်လာပြန်ပါတယ်။ သာမန် (mediocrity) တွေကို ဂရုတစ်စိုက် ရှိကြပါလို့ ပြောတာဟာ တကယ်တော့ ကျွန်တော်တို့အတွက်က မိကျောင်းမင်းကို ရေခင်းပြသလို ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ စံနစ်က သာမန်တွေပဲ အများဆုံးမွေးထုတ်ပေးနိုင်ခဲ့တဲ့ စံနစ်ဖြစ်နေလို့ပါပဲ။ လေးတန်းကျောင်းသားတစ်ယောက် သိပ်တော်နေရင် မင်းငါးတန်းကို ပြောင်းတက်ကွာလို့ မပြောနိုင်ပါ။ စာအရေးအသား အတွေးအခေါ်မှာ အလားအလာရှိတဲ့ ကျောင်းသားတစ်ယောက်ကို စာတွေများများဖတ်၊ ဦးပုညတို့ ဇော်ဂျီတို့ မြသန်းတင့်တို့ ရှာဖတ်၊ စာတွေများများရေးလို့ မပြောနိုင်ပါ။ ကျောင်းစာတွေ လစ်ဟင်းကုန်မယ် လို့သာ သတိပေးနိုင်ပါတယ်။ သိပ်ညံ့တဲ့ ကလေးတွေကြတော့လဲ ဆရာများခမျာ မနည်းတွန်းထိုး၍ အောင်မှတ်လောက်တော့ ရအောင် သင်ကြရှာပါတယ်။ ရလဒ်ကတော့ လေးစားလောက်ဖွယ်ရာ သာမန်များ (Respectable Mediocrities) ကိုသာ မွေးထုတ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ စံနစ်က သာမန်များထွက်ပေါ်လာစေရန် စတုတ်တိုက်ချလိုက်ပါတယ်။ အဲဒီသာမန်များမှ သာမန်ခေါင်းဆောင်များ၊ သာမန်ဆရာများ၊ သာမန်ပညာရှင်များ ဖြစ်လာကြပါတယ်။ ဒီနေ့ခေတ်မှာ အဲဒီသာမန်တွေရဲ့ အရည်အသွေးကို မြှင့်တင်မပေးနိုင်ရင် ကျွန်တော်တို့ ပိုပြီးနောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ နောက်တစ်ခုက သာမန်ထက် ပိုတဲ့ ကလေးတွေကို အခွင့်အရေးပေးဖို့ပါ။ အတန်းထဲမှာ ဆိုးပေကလေးတွေဟာ သူများထက် ဥာဏ်ကောင်းသူတွေ ဖြစ်နေတက်ပါတယ်။ အများအတွက် သင်တဲ့ သင်ခန်းစာတွေဟာ သူတို့အတွက် လွယ်လွန်းတဲ့အတွက် စိတ်မ၀င်စားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူများ စာတစ်ပုဒ်ရလို့မှ ကိုယ်မရသေး ထုံလွန်းထိုင်းလွန်းတဲ့ ကလေးတွေဟာလည်း သာမန်ထက် ဥာဏ်ရည်နိမ့်နေသူတွေ ဖြစ်နေနိုင်ပါတယ်။ အများတန်းတူ မရ ရကောင်းလားလို့ အပြစ်တင်ရိုက်နှက်မယ်ဆိုရင် ဘာမှကောင်းကျိုးရှိလာမှာ မဟုတ်ပါဘူး။ တစ်ချို့ကြတော့လည်း ကျောင်းစာမှာ မစွံပေမယ့် လက်မှုအနုပညာတစ်ခုခု အားကစားတစ်ခုခုမှာ ထူးချွန်နေတာမျိုးရှိပါတယ်။ အခြေအနေအားလုံးအတွက် ပြည့်စုံတဲ့ စံနစ်တစ်ခုဖြစ်ဖို့ဆိုတာကတော့ မလွယ်လှပါဘူး။ သို့သော်လည်း ယခုထက်ပိုပြီး ထိရောက်မယ့် ကလေးတွေရဲ့ အသီးသီးအသက ရှိနှင့်နေပြီး ဖြစ်နေကြတဲ့ အရည်အချင်းတွေကို ဆွဲထုတ်ပျိုးထောင်ပေးနိုင်မယ့် စံနစ်တစ်ခု ရှိသင့်နေပြီလို့ ထင်ပါတယ်။

အတန်းထဲမှာ စာတော်တယ်ဆိုတဲ့ ကျောင်းသားတွေဟာ ပြဓါန်းစာအုပ်ကို နုတ်တိုက် အာဂုံဆောင်နိုင်သူများ၊ စာမေးပွဲမှာ လိုက်လျောညီထွေ ဖြေတက်သူများ၊ အမှတ်ပေးစည်းမျဉ်း ပုံစံခွက်နဲ့ အံကျကိုက်ညီသူများသာဆိုရင်တော့ ကျွန်တော်တို့ ပညာရေး မဟန်သေးပါ။ သာမန်တွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရုံမက သာမန်ထက်ပိုတဲ့ ကလေးများထံမှ အကောင်းဆုံး အထက်ဆုံးတွေ ဆွဲထုတ်ယူပေးနိုင်မယ့် ပညာရေးစံနစ်တစ်ခု တည်ဆောက်ဖို့ အတွေးစလေးများ ပေးခြင်းဟုသာ ကျွန်တော့်စာကို သဘောထားကြပါ။ နောက်ဆုံးတစ်ခု ပြောချင်တာကတော့ အခုပြောခဲ့သမျှဟာ ကျွန်တော့် ကိုယ်ပိုင်အတွေးဆိုတာထက် ဧ၀ံမေသုတံများ၊ ဥပလက္ခိတံများကို တဆင့်ဖောက်သည်ချခြင်းမျှသာ ဖြစ်ကြောင်းပါ။

(၅.၅.၂၀၀၅)

စာညွှန်း။ ။
၁။ ပညာရဲ့သဘော (တက္ကသိုလ်ဘုန်းနိုင်)
၂။ ကျောင်းကောင်း (ကိုတာ)
၃။ The Empty Raincoat (Charles Handy)
၎။ History of Japan, Encyclopedia, Britannica 2005

နောက်ဆက်တွဲ ....

ဒီဆောင်းပါးလေးက မီဒီယာတစ်ခုခုကို ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်မှာရှိနေတုန်း ရေးခဲ့တာပါ။ အများကြီးလဲ ထိန်းထိန်းသိမ်းသိမ်းရေးခဲ့ပါတယ်။ မြန်မာ့ပညာရေး ဘာကြောင့် ဒီလောက် အောက်ကျသွားသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာကတော့ လေဘာတီမမြရင်ရဲ့ သီချင်းလိုပါပဲ “အားလုံးသိကြပါတယ်ရှင်” ပေါ့ဗျာ။ မြန်မာ့ပညာရေးစံနစ်ကြီးတစ်ခုလုံးက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံနေရတာပါ။ တက္ကသိုလ်ပညာရေးဆိုရင် အဖတ်ဆယ်လို့ကို မရတော့ပါဘူး။ ဒီအခြေအနေတွေကို ပြန်ကုစားဖို့ ဆယ်စုနှစ်နဲ့ ချီပြီး အချိန်ယူရဦးမှာပါ။ တစ်ခုအားတက်စရာကတော့ နိုင်ငံတကာမှာ မြန်မာကျောင်းသားကျောင်းသူတွေ သိသိသာသာ များလာတာပါပဲ။ နိုင်ငံကို ပြန်လည်တည်ဆောက်ချိန်ကြရင်တော့ သူတို့တစ်တွေရဲ့ အားကို အများကြီးလိုမှာပါ။
This entry was posted on 10:32 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: