Author: vanko
•10:05 PM


မနေ့က တန်ဆောင်မုန်းလပြည့်နေ့မှာ ကျွန်တော်နေတဲ့အနားက တံတားအောက်မှာ မီးပုံးလေးတွေမျှောတဲ့ပွဲကို သွားကြည့်ခဲ့ပါတယ်။ မြန်မာပြည် တန်ဆောင်တိုင်ပွဲတော်လိုပဲပေါ့။ လူတွေကြိတ်ကြိတ်တိုးပါပဲ။ Stage Show လည်း ၃ ခုတွေ့ခဲ့တယ်။ ကျွန်တော်နဲ့ သူငယ်ချင်းက တံတားကြီးပေါ်ကတက်ပြီး မီးပုံးမျှောကြတာကို တက်ကြည့်ကြတယ်။ တံတားပေါ်ကငုံ့ကြည့်ရင် အောက်ကလူတွေကို ကောင်းကောင်းမြင်ရတယ်လေ။ နောက်သူတို့မျှောလိုက်တဲ့ မီးပုံးလေးတွေ မျောသွားတာကိုလည်း မြင်ရတယ်။

ထိုင်းတွေက မီးပုံးလေးတွေမျှောပြီး လက်အုပ်ကလေးတွေချီဆုတောင်းကြတယ်။ ဆုတောင်းပြည့်တယ်လို့ ဆိုတာပဲ။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကျောင်းသားကျောင်းသူကလေးတွေ၊ နောက်တော့ ချစ်သူစုံတွဲကလေးတွေပေါ့။ မီးပုံးဆိုတာက ကျွန်တော်မပြောတက်လို့ မီးပုံးလို့ပြောတာပါ။ တကယ်က ငှက်ပျောရွက်နဲ့ ကြာပန်းပုံအောက်ခံလေးချိုးထားပြီး ပန်းရောင်စုံလေးတွေ ထိုးထားတယ်။ အလယ်မှာ ဖယောင်းတိုင်နဲ့ အမွှေးတိုင်ရှိတယ်။ တစ်ချို့ကလည်း ဘာနဲ့ ကြာပန်းပုံချိုးထားမှန်းမသိဘူးဗျ။ ထိုင်းတွေကတော့ Krathong လို့ ခေါ်တယ်။ တချို့မီးပုံးလေးတွေက ကြာပန်းကမုန့်နဲ့တူလို့ သူငယ်ချင်းကိုမေးကြည့်တော့ ပေါင်မုန့်နဲ့လုပ်ပြီးအပေါ်က ဆန်ကော်ရည်ဖြန်းထားတာတဲ့။ ငါးတွေစားလို့ရအောင်ပေါ့။

ချစ်သူစုံတွဲကလေးတွေ လက်အုပ်ကလေးတွေချီပြီးဆုတောင်းကြတယ်။ ဒီချစ်သူနဲ့ သေအတူရှင်မကွာ ရိုးမြေကျ ချစ်ချစ်ခင်ခင်ပေါင်းရပါစေလို့ ဆုတောင်းကြတာဖြစ်မှာပေါ့နော်။ ကျွန်တော်လည်း တံတားပေါ်က ငုံ့ကြည့်ပြီး သူတို့လေးတွေအတွက် တကယ်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ၀ိုင်းပြီးဆုတောင်းပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အဝေးတစ်နေရာက ကျွန်တော်မဆိုင်တော့ပြီဖြစ်သော ချစ်သူကလေးကိုသာရည်မှန်းပြီး သူစိတ်ချမ်းသာပျော်ရွှင်စေဖို့ လမင်းကြီးကို မော့ကြည့်ပြီး ဆုတောင်းပေးခဲ့ပါတယ်။

ကျွန်တော်ပြောချင်တာက မီးပုံးလေးတွေထက် လူတွေအကြောင်းပါ။ မီးပုံးမျှောတဲ့အခါ တစ်ချို့က မိသားစုမှာ မိန်းမလုပ်သူက ဆိပ်ခံဘောပေါ်ကနေ ရေထဲကို လှမ်းပြီးမျှောရတယ်။ ယောက်ျားလုပ်သူကတော့ မဆိုင်သလိုပဲ။ တစ်ချို့ကြတော့လဲ ယောက်ျားလေးက မီးပုံးကလေးကိုမျှောပြီး မိန်းလေးက လက်အုပ်ကလေးချီလို့ပေါ့။ တစ်ချို့ကြတော့လဲ မောင်နှံစုံ အတူတူဗျ။ သူတို့က မီးပုံးလေးကိုနှစ်ယောက်သားကိုင်ပြီး အတူတူမျှောကြတယ်။ တစ်ချို့ကြတော့လဲ မြစ်ထဲမျောသွားတဲ့ မီးပုံးလေးကို သံယောဇဉ်မကုန်နိုင်ရှာဘူး။ မျက်စိတစ်ဆုံးငေးလို့။ တစ်ချို့ကြတော့လဲ ရေထဲရောက်ပြီးတာပဲ သဘောထားသလားတောင် ထင်ရတယ်။ ဘောတံတားပေါ်ကရေထဲကို ချရတာ နည်းနည်းတော့ခက်ပုံရတယ်။ မြစ်ရေကလည်း စီးနေတော့ ဘောတံတားမှာ ပြန်ကပ်မနေအောင်လဲ ဂရုစိုက်ရသေးတယ်။ အဲဒီမှာ ကောင်ကလေးတွေရှိတယ်။ သူတို့လက်ထဲမှာ ပိုက်လုံးရှည်တစ်ချောင်း။ ပိုက်လုံးထိပ်မှာ မုန့်ဆယ်တဲ့ စကာခွက်လို ခွက်ကြီးကြီးတပ်ထားတယ်။ မီးပုံးကို အဲဒီခွက်ထဲမှာထည့် ပိုက်နဲ့ လှမ်းမျှောတော့ ဘောတံတားနဲ့ဝေးဝေး ရောက်တာပေါ့။ သူတို့ကို ပိုက်ဆံပေးရသလားဆိုတာတော့ ကျွန်တော် သတိမထားမိလိုက်ဘူး။ တစ်ချို့ကြတော့လဲ အဲဒီကောင်ကလေးတွေကို မျှောခိုင်းတာပေါ့။ ပြီးရင် ကင်မရာလေးတွေထုတ်ပြီး အမှတ်တရ မီးပုံးကလေးကို ဓါတ်ပုံရိုက်ပေါ့။

အဲဒီဓါတ်ပုံရိုက်တဲ့ စုံတွဲတစ်တွဲပေါ့ ကျွန်တော်သတိထားမိတာ။ ယောက်ျားလေးကင်မရာက တကယ့်အကောင်းစား DSLR ဗျ။ ကျွန်တော့အထင် Nikon D90 လောက်ဖြစ်လိမ့်မယ်။ ကင်မရာရူးလေးထင်ပါတယ်။ ကောင်မလေး မီးပုံးလေးကိုင်ပြီးလာတာကို ဓါတ်ပုံရိုက်တယ်။ နောက် မီးပုံးကလေးကို မီးညှိတော့လည်း ရိုက်တယ်။ ဒါပေမယ့် မီးညှိဖို့ မီးခြစ်မပါဘူးထင်ပါတယ်။ မီးခြစ်ကို ကောင်မလေးက လိုက်ငှားရတယ်။ ကိုယ်တော်လေးကတော့ ကင်မရာနဲ့ပဲ အလုပ်ရှုပ်နေတာ။ အမွှေးတိုင်အတူတူထွန်းဖို့တောင် ကောင်မလေးက မနည်းခေါ်ရတယ်။ နောက်မီးပုံးကလေးကို ရေထဲချပါပြီ။ ကောင်မလေးခင်ဗျာ ဘောတံတားကို ကာထားတဲ့ သံလက်ရန်းအောက် ခေါင်းဝင်ပြီး (သူ့အနေနဲ့တော့) ခက်ခက်ခဲခဲ ရေထဲရောက်အောင်ပို့ရရှာတယ်။ အဲဒီပုံကလေးကိုလည်း ဓါတ်ပုံရိုက်။ ပြီးတော့ ကောင်မလေးခင်ဗျာ သံလက်ရန်းအောက်ကပြန်ထွက်ဖို့ သူ့စလင်းဘတ်အိတ်ကလေး ညိနေတာကိုတောင် သတိမထားနိုင်အားဘူး မျှောသွားတဲ့ မီးပုံးနောက်ကို အပြေးလိုက်ရိုက်ပြန်တယ်။ ပြီးတော့မှ အဲဒီဝေးဝေးကနေ ကောင်မလေးကိုရပ်စောင့်နေပြီး မောင်နှံစုံ လက်ချင်းချိတ်သွားကြပါလေသတည်းပေါ့ဗျာ။ ကျွန်တော့စိတ်ထဲမှာတော့ ဒီကောင်ကလေးဟာ သိပ်တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်မိတယ်။ နောက် မီးပုံးမျှောတာ ဓါတ်ပုံရိုက်ရမယ်ဆိုတဲ့ ကိုယ့်တာဝန်ပြီး ပြီးရောသဘောမျိုးထားတယ်လို့ ထင်မိတယ်။ ကောင်မလေး ဘာဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်အားဘူး။ အဲဒီလို ငါ့အလုပ်ပြီး ပြီးရောဆိုတဲ့လူမျိုးနဲ့သာ အိမ်ထောင်ကျသွားရင် ဒီအိမ်ထောင်ရေး သာယာနိုင်ပါ့မလားလို့ တွေးမိတယ်။ ကျွန်တော် အထင်မှားတာဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ။ သူတို့အတွက် ဒီမီးပုံးလေးရဲ့ မှတ်တမ်းဓါတ်ပုံကလေးက အင်မတန်အရေးကြီးလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့နော့။

This entry was posted on 10:05 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

5 comments:

On 8:58 AM , Welcome said...

ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းလေးတွေကို မျှဝေခံစား သွားပါတယ်။ သူ့ဒေသ၊ သူ့ဓလေ့မို့ ပျော်စရာအတိနဲ့ ဖြစ်မှာပါ။ အားပေးလျက်ပါ
http://winzaw.mdy.blogspot.com

 
On 9:08 AM , Dream said...

အမယ်... အဲဒီနေ့က ဦးဦးပန်းဂျဂါး ကိုလည်း ကင်မရာကြီးနဲ့ တွေ့ လိုက်သလိုပဲနော်.... :P
ဦးဦးရော ဘာတွေ ဆုတောင်းခဲ့လဲ... တိုးတိုးလေးပဲပြောပြ.....အဟားဟား.... မဆိုင်တော့တဲ့ချစ်သူကို
ဘာတွေဆုတောင်းပေးခဲံလဲ.. .. အမယ်..ရှက်နေတယ်ပေါ့.. :P :P


မှန်၏.. အဲလိုမျိုးယောက်ျားကျတော့ နဲနဲ တစ်ကိုယ်ကောင်းဆန်သလိုပဲနော်..... သူလုပ်ရမယ့်အလုပ်ပဲ သိပြီး
တဘက်မိန်းမလေး ဘယ်လိုဖြစ်နေမလဲဆိုတာ လှည့်မကြည့်တတ်တဲ့သူဖြစ်နေတယ်...ပြီးတော့ အဲလိုလူမျိုးနဲ့ အိမ်ထောင်ကျသွားခဲ့ရင်လည်း မိသားစုအပေါ်မှာ အချိန်ပေးပါ့မလား မသိဘူးနော်...
အဲဒီ စုံတွဲလေး ပျော်ပျော်ရွှင်ရွှင် နဲ့ ပေါင်းစပ်နိုင်ပါ
စေ လို့ ဆန္ဒပြုလိုက်ပါတယ် ဦးဦးရေ...
တလက်စတည်း ဦးဦးလည်း ကောင်မလေးနဲ့ အမြန်ဆုံး နီးစပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.. :P :P


ထိုင်းလူမျိးတွေ ရဲံ့ရိုးရာ က အခုချိန်ထိ ရိုးရာမပျက်ပဲကျင်းပတယ်နော်.. ပျော်စရာကြီး.. မက်မက်ကတော့
ကိုယ်တိုင်မကြုံဖူးသေးဘူး.. အခွင့်ရေးရှိရင် နောက်နှစ်တွေ မှာတော့ ကိုယ်တိုင်ကိုယ်ကျ နွဲရခွင့် ရှိမယ်ထင်တာ ပဲ..
အဟားဟား.. ပျော်စရာကြီးနော်..

 
On 12:27 PM , လူလ said...

မင်္ဂလာပါ ကိုvanko

ထိုင်း တန်ဆောင်တိုင် ဆီမီးမျောပွဲ ကို လာဖတ်သွားတယ်။ သတိရတယ်။ ကိုယ်တို့မှာတော့ တန်ဆောင်တိုင်ပွဲကို လွဲနေတဲ့ နှစ်တွေကလဲ များရင်းပေါ့၊
ထိုင်း ဘန်ကောက်မှာ တနှစ်ကြုံဖူးတယ် မျောတဲ့သူက မျော၊ ကြည်နှုးလို့မဆုံးသေးဘူး တချို့ကလေးတွေ ရေကူးပြီး ဟိုနှိုက် ဒီနှိုက် တော်တော် သဒ္ဒါ ပျက်အောင် လုပ်တယ်။ ဒါမျိုးရော တွေ့ရသလား

 
On 6:10 PM , Anonymous said...

ကိုလူလရေ အဲဒီလိုမျိုးတော့ မတွေ့ရပါဘူး။ အားလုံးစည်းကမ်းရှိကြပါတယ်။ မတော်တဆ ရေထဲပြုတ်ကျရင် ကယ်ဖို့ rescue boat နှစ်စီးလည်း အဆင်သင့်ရပ်ထားပေးတာ တွေ့ရပါတယ်။ တံတားပေါ်ကနေ မီးရှုးမီးပန်းတွေလွတ်တယ်။ တချို့မီးပန်းတွေက အသံတော်တော်ကျယ်လို့ လန့်သွားတက်တာကလွဲရင် အားလုံးပျော်စရာပါ။

 
On 7:58 AM , ဟန်လင်းထွန်း said...

လွမ်းတယ်။ လွမ်းတယ်