Author: vanko
•8:10 AM
ကံပစ်ချရာအတိုင်း
ဘ၀ကို ရေစုန်မျှောခဲ့တာ များပြီ...။
တိုက်ရဲသူတို့အတွက်အောင်ပွဲ
လွဲခဲ့ရပေါင်းများပြီ...။

အချစ်ကြောင့် ကြေကွဲရတာ
တစ်ခါမကတော့ဘူး...။
ပထမဆုံးဒါးချက်က အနက်ဆုံးဆိုရင်...
ဒုတိယဒါးချက်က...
နှလုံးသားကို ဟက်တက်ခွဲသွားခဲ့ပေါ့..။

အခုတော့ငါ...

အနိမ့်အမြင့်လောကဓံကို
ဗေဒါပျံလို အံကြိတ်ငုံ့မခံတော့ဘူး...။
တွေဝေမိုက်မဲမှုကို
ငါ့ကိုယ်ပေါ်မှာ ဆက်ပြီးထမ်းပိုးမထားတော့ဘူး...။
လေးလံနာကျင်တဲ့နှလုံးသားကြောင့်
ငါ့ဒူးတွေ ကွေးညွှတ်မကျစေရဘူး...။

ဆယ်လမွန်ငါးတွေလို
ရေဆန်ကိုကူးခပ်မယ်...။
အရှေ့ပင်လယ်ကို ရွက်လွှင့်ဖို့
ပျင်းရိခြင်းကျောက်ဆူးကို
ဆွဲဖြတ်ခဲ့ပြီ...။
နာကျင်တဲ့အတိတ်ကို
စက္ကူစုတ်လို လုံးခြေပစ်လိုက်ပြီ...။

ဟေ့ ဒီမှာ...
အထင်သေးတဲ့မျက်လုံးတွေရှေ့မှာ
မတ်မတ်ရပ်ပြီး လောကကြီးကို စိန်ခေါ်တယ်...။

ငါလေ ပေဖြစ်တုံး ခံခဲ့ပြီးပြီ..။
အခု...
ယောနသံဇင်ယော်ရဲ့ တောင်ပံပြင်းပြင်းနဲ့
ကံကြမ္မာကို နင်းခြေအလဲထိုးဖို့...
လောကဓံကြိုးဝိုင်းထဲက
ငါ ပြန်ထလာပြီ..။

ဟေ့ လောကကြီး...
ငါ ပြန်လာပြီ ဟေ့......။
This entry was posted on 8:10 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On 10:39 AM , Dream said...

ဝါးးးးးးးးးးးး ဦးဦးပန်းဂျဂါး.. ကဗျာလေးက အသက်ဝင်တယ်.. အ၇မ်း မိုက်တယ်... တကယ်ပြောတာ ။
လောကဓံကိုကြံကြံခံပြီး.. ဘ၀ကိုအရူံးမပေးနဲ့.. လဲကျရာကနေ အမြန်ပြန်ထနော်...

ကဗျာကောင်းလေးကိုဖတ်လိုက်ရလို့ကျေးဇူးတင်ပါတယ်...
ကဗျာလေး ကိုတော်တော်ခိုက်သွားပြီ... အဆင်ပြေပါစေ ၊ အောင်မြင်ပါစေ ဦးဦး..

 
On 4:00 PM , Anonymous said...

ကဗျာလေးက ဖတ်လိုက်တာနဲ့တင် အားတက်စရာကြီး...