Author: vanko
•10:51 PM


Image source: http://apod.nasa.gov/apod/ap060619.html

ကြယ်တွေစုံတဲ့ည...
ကတ္တီပါအနက်စပေါ်က စိန်ပွင့်လေးတွေကို ငေးရင်းတွေးနေဆဲ
ကျွန်တော့်ရင်ထဲမှာ လင်းလက်လာတဲ့ ကြယ်စင်လေးတစ်ပွင့်အကြောင်း..

× × × × ×

အဲဒီည ခြံထဲက ဒန်းကလေးပေါ် ထိုင်ရင်း ကြယ်တွေကို ငေးမောဆဲ
သူလာပြီး အနားမှာ ငြင်ငြင်သာသာထိုင်ခဲ့တယ်
ဘယ်တော့မှ နားထောင်မဝနိုင်တဲ့ သူ့စကားသံ တီတီတာတာလေးနဲ့ ချွဲနွဲ့နေခဲ့တာ
ပြီးတော့…
ကလေးလေးတစ်ယောက်လို သီချင်းတွေ စိတ်လွတ်ကိုယ်လွတ် ဟစ်ဆိုလို့
သူဆိုတဲ့ သီချင်းတွေထက် သူဆိုတဲ့ အသံကလေးကို ပိုပြီးနှစ်သက်ခဲ့တာ…
ရိုးသားမှု ပွင့်လင်းမှု လွပ်လပ်မှုတွေနဲ့ သူ့အသံ သူ့အမူအယာလေးတွေကို ချစ်လို့မဝ ဖြစ်ခဲ့ရတာ…

ကလေးတစ်ယောက်လို ချွဲနွဲ့တက်ပေမယ့်
တခါတခါမှာ လက်တွေ့ဆန်ပြီး အကျိုးအကြောင်းသင့် တွေးခေါ်တက်တာ
စိတ်ညစ်တဲ့အခိုက်တွေမှာ နားလည်နှစ်သိမ့်ပေးတက်တာလေးတွေကိုလည်း ချစ်မိတာပဲ…။

‘အပြင်မှာ အေးတယ်ကွယ်’
အနွေးဓါတ်ရစေဖို့ သူ့ကိုယ်လုံးလေးကို ပွေ့ဖက်မိတော့
လက်ကလေးနှစ်ဖက်ချိတ် ပခုံးလေးတွေကျုံ့ပြီး ရင်ခွင်ထဲ အသာအယာ မှေးစက်ခဲ့တာ
နားထင်စပ်က ဆံစလေးတွေကို ငြင်ငြင်သာသာ နမ်းရှိုက် ရင်ထဲမှာ လှိုက်ဖိုလာအောင်
ချစ်တယ် ကလေးရယ်…

ခြံထဲမှာ စံပယ်ပန်းရနံ့လေးတွေ သင်းနေတယ်။
လေပြေလေး တစ်ချက်အဝေ့မှာ ချိုအီမွေးတဲ့ ညမွှေးပန်းရနံ့လေးတွေကို ရှုရှိုက်မိတယ်။
kiss me quick ပန်းကလေးတွေက အချင်းချင်း လက်တို့ပြီး ကျွန်တော်တို့ နှစ်ယောက် အကြောင်း ပြောနေကြတယ်။
ကြယ်ကလေးတွေက အချင်းချင်းမျက်စပစ်လို့… လမင်းကြီးကတော့ ခပ်ပြုံးပြုံးပဲ ငုံ့ကြည့်နေတယ်။ ကျွန်တော်ကတော့ သူ့ကိုယ်လုံးလေးကို ပိုပြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်လို့…
ဒီ တဒင်္ဂလေးတွေသာ ထာဝရဖြစ်ခဲ့ရင်…။

ညဥ့်နက်တော့ အတော်အေးလာပြီ
‘အိမ်ထဲ ဝင်ကြရအောင်နော်’ ပြောတော့ လက်ကလေးနှစ်ဖက် ဆန့်တန်းကမ်းပေးတယ်။ အလိုက်တသိပဲ သူ့ကိုယ်လုံးလေးကို ပွေ့ချီပြီး အိမ်ထဲဝင်ခဲ့ကြတာပေါ့။ မချီရင် နုတ်ခမ်းလေးစူပြီး စိတ်ကောက်ဟန်ဆောင်ဦးမှာ သိနေတယ်လေ။

အိမ်ထဲရောက်တော့ တီဗွီရှေ့ ဆိုဖာပေါ်တင်ပေးပြီး စာအုပ်စင်က ပုံပြင်စာအုပ်ကလေး ပြေးယူရသေးတယ်။ မအိပ်ခင် ပုံပြင်ဖတ်ပြရဦးမှာလေ။ ငယ်ငယ်က အဖွားရဲ့ အိပ်ယာဝင်ပုံပြင်တွေနဲ့ အိပ်စက်ခဲ့ရတဲ့ ကျွန်တော် အခုတော့ ပုံပြောသူပြန်ဖြစ်လို့ပေါ့။ သူ့ဆံနွယ်လေးတွေကို ယုယုယယ ပွတ်သပ်ပြီး ပုံပြင်လေးတစ်ပုဒ်ကို တိုးတိုးလေးဖတ်ပြလို့…

အဲဒီည
သူနဲ့ကြည်နူးစရာ ညလေးတစ်ညကို ဖြတ်သန်းခဲ့တယ်
ဒါဟာ အိပ်မက်လား တကယ်လား…
ဟင့်အင်း၊ အခု ကျွန်တော် မသိချင်သေးဘူး
အိပ်မက်ကလေးဖြစ်နေခဲ့ရင်…
မနက်မိုးလင်းတဲ့အခါ ဒီအိပ်မက်လေး ပျောက်ကွယ်သွားမှာကို စိုးထိတ်မိတယ်။
ဘယ်တော့မှ မခွဲပဲ တစ်သက်လုံး အတူနေကြရအောင် ကလေးရယ်…။

× × × × ×

အဲဒီနေ့က
လှေကားထစ်လေးမှာ ထိုင်ရင်း ရှေ့လမ်းမမှာ စီးမျောသွားနေတဲ့ ကားတွေ လူတွေကို ကြားထဲမှာ အရိပ်ကလေးတစ်ခုကို ရှာနေခဲ့တာပေါ့။
ကားတစ်စီးပေါ်မှာ ဖျပ်ကနဲ အရိပ်ကလေးတစ်ခု တွေ့လိုက်တယ်
ဦးနှောက်က စဉ်းစားချိန် တောင်မရလိုက်ဘူး နှလုံးသားက ချက်ချင်းသိခဲ့တယ်…
အဲဒါ ကျွန်တော့်ရဲ့ ကြယ်စင်လေး
ညစဉ်ညတိုင်း အိပ်မက်လို ဝိုးတဝါးကမ္ဘာထဲက ကျွန်တော့်ရဲ့ ကြယ်စင်လေး။

နှစ်လိုဖွယ်အပြုံးကလေး နှုတ်ခမ်းလွှာက ပွင့်ဖူးအလာ ကမ္ဘာလောကကြီး တစ်ခုလုံး လင်းလက်သွားသလားလို့ ထင်မိတယ်။ ကျွန်တော့်ရင်ထဲမှာ လင်းလက်ခဲ့တဲ့ ကြယ်စင်လေး…
တခြားတစ်ယောက်အတွက် မင်းလေးရဲ့အလင်းတွေ အဆုံးရှုံးမခံပါနဲ့တော့ ကြယ်စင်လေးရယ်
ကိုယ့်တစ်ယောက်ထဲအတွက် ထာဝရ လင်းလက်ပေးပါနော်…
တိုးတိုးလေး ဆုတောင်းမိတယ်…

× × × × ×

တိုးတိုးလေး ဆုတောင်းနေဆဲပဲ
ညစဉ် အိပ်ယာထက်မှာ တစ်ယောက်ထဲ
ကြယ်စင်လေးနဲ့ တီးတိုးစကားတွေပြောလို့
သီချင်းတွေဆိုလို့
ပုံပြင်တွေဖတ်ပြလို့
ယုယထွေးပွေ့လို့
ဆံနွယ်လေးတွေကို ပွတ်သပ်ပေးလို့
တီးတိုးဆုတောင်းနေဆဲ...
ကိုယ့်အတွက်
ထာဝရ လင်းလက်ပေးပါတော့နော်...။


This entry was posted on 10:51 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: