Author: vanko
•8:27 PM



ကော်ဖီသောက်ရင်း ချောကလက်စားပါ။

ကျွန်တော်တို့  အရှေ့ တောင်အာရှမှာရှိတဲ့ စည်းကမ်းသိပ်ရှိတယ်လို့  ကျော်ကြားတဲ့
မြို့ပြနိုင်ငံ သေးသေးလေးကနေ ပြန်ရောက်စအချိန်ကပါ။ ရန်ကုန်မှာလည်း နိုင်ငံတကာ အဆင့်မီ ကော်ဖီဆိုင်တွေ အစီအရီနဲ့ တွေ့ ရတော့ ၀မ်းသာမိပါတယ်။ J'Donut, Mr. Brown, Ginzar Pan စသည်ဖြင့် ပေါ့ဗျာ။ ဘာပဲပြောပြော အတိုင်းအတာ တစ်ခုအထိတော့ တိုးတက်လာပြီပေါ့။ သန့် သန့် ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့  Aircon အခန်းထဲမှာ အေးအေးလူလူ ကော်ဖီသောက်ရတာ ပျော်စရာမဟုတ်လားဗျာ။ ဆိုင်ကလေးတွေက အတော်အောင်မြင်ပုံရပါတယ်။ လူမပြတ်လှပါဘူး။ လူငယ်တွေကတော့ အများစုပေါ့လေ။ ကျွန်တော်ဆိုင်ထဲရောက်သွားတော့ ကောင်တာမှာ လူတွေ လေးငါးဆယ်ယောက် ပြုံနေပါတယ်။ ကျွန်တော်လည်း ဟိုနိုင်ငံ ပိစိကွေးလေးက ပါလာတဲ့အကျင့်အတိုင်းပဲ နောက်ဆုံးက လူအနောက်မှာ သွားရပ်လိုက်ပါတယ်။ ဆယ့်ငါးမိနစ်လောက်သာကြာသွားတယ် ကျွန်တော့အလှည့် ရောက်မလာပါဘူး။ ဘယ်ရောက်မလဲဗျာ။ နောက်ရောက်လာတဲ့ လူတိုင်းက ကျွန်တော့ကို ကျော်ကျော် သွားကြတာကိုး။ အဲဒီတော့မှပဲ သဘောပေါက်တယ်။ ကျွန်တော့ ပါရာဒိုင်း နဲ့  သူတို့ ပါရာဒိုင်း တူမှမတူပဲကိုး... လို့ ။

ကျွန်တော် နားလည်လက်ခံထားတာကတော့ အရင်ရောက်နှင့်နေသူဟာ အရင် Service ရမယ်လို့ ပဲ။
ဒီ ကော်ဖီဆိုင်လေးရဲ့  ပါရာဒိုင်းကတော့ ကြားဖြတ်နိုင်သူကို အရင် Service ပေးမယ်ပေါ့။ ဒီတော့ အားလုံးပဲ ကြားဖြတ်ကြပါသည်။ ကျွန်တော့ကိုလည်း ဒီလိုဆိုင်မျိုးတွေ တစ်ခါမှမရောက်ဘူးတဲ့ တောသားတစ်ယောက်လို ကြည့်ကြပါသည်။ လူငယ်လေးတွေ ပျော်ပျော်ပါးပါး တိုးတိုးခွေ့ ခွေ့ ပဲ ကြားဖြတ်ကြပါသည်။
သူတို့ ကို ကြည့်ရတာ ဒီလို ကြားဖြတ်တာဟာ ရှက်စရာလို့  တွေးမိပုံမရပါဘူး။ ရိုးရိုးသားသားပဲ ကြားဖြတ်ကြ တာပါ။ နောက်မှလာပြီး ရှေ့ ကလူရမယ့် Service ကို လုယူတာဟာ ကိုယ်ရသင့်တဲ့ အခွင့်အရေး မဟုတ်ဘူးဆိုတာ မတွေးမိကြတာပါ။ (ဒီလို တွေးတက်အောင်လည်း ကျွန်တော်တို့  ပညာရေးက သင်ကြားမပေးလိုက် ပါဘူး)။ မသိကြတာပါ။ မသိတော့ မရှက်ဘူးပေါ့ဗျာ။
ကျွန်တော်က သိပ်ကြီးကြီးကျယ်ကျယ် တွေးတက်တဲ့ ကောင်တော့ မဟုတ်ပါဘူး။ သို့ သော်လည်းပေါ့လေ ...။ “ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့အတိုင်းပဲ ယနေ့ လူငယ်လေးတွေ ကိုယ်ရသင့်တဲ့ အခွင့်အရေးထက် ပိုယူတက်တဲ့ အကျင့်ကြီးပါသွားရင် .. နောင်တစ်ခေတ် လူကြီးတွေလည်း ထိုနည်းလည်းကောင်း ဖြစ်နိုင်တာပဲ မဟုတ်လားဗျာ။
ဒီကိစ္စဘယ်သူ့ မှာ တာဝန်ရှိသလဲဆိုတော့ “အားလုံးသိကြပါတယ်ရှင်...” ဆိုသလိုပါပဲ။ အင်း... ဆိုင်တွေမှာလည်း တာဝန်ရှိတာပဲဗျ။ “ဒီနေရာမှာ တန်းစီပါ” ပေါ့ဗျာ။ ဖဲကြိုးလေး တန်းပေးထားပေါ့။ ကျွန်တော်တို့  မြန်မာတွေဟာ ကောင်းတာကို ယူဖို့  ၀န်မလေးကြပါဘူး။ ဒါပေမယ့် ပေါ့ဗျာ... ဆရာလူထုမောင်စိန်ဝင်း ပြောသလိုပါပဲ။ ထန်းလျက်ခဲပဲ စားဘူးတဲ့သူဟာ ချောကလက်ကောင်းမှန်း ဘယ်သိပါ့မလဲ။ မသိတာကို သိအောင်လုပ်ပေးဖို့ တော့ လိုတယ် မဟုတ်လား။
4 September 2006





|
This entry was posted on 8:27 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: