Author: vanko
•9:31 AM
ကျွန်တော် ငယ်ငယ်က စစ်ကားတွေဆို သိပ်ကြိုက်တာ။ စစ်သားကြီးလုပ်မယ်ပေါ့။ တပ်မတော်နေ့လို့ပြောကြတဲ့ တော်လှန်ရေးနေ့ဆိုရင် အိမ်က လိုက်ပို့လို့ တော်လှန်ရေးပန်းခြံလည်း ခဏခဏ ရောက်ဖူးပါတယ်။ ညဖက်မှာ မီးရှုးမီးပန်းတွေလွတ်တာ သိပ်ကြည့်လို့ ကောင်းတာပဲ။ သူများတွေက ပြောတယ် မီးရှုးမီးပန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပေါ်တယ်... ကြည့်...ကြည့်...ဆိုပြီး။ ကျွန်တော်တော့ တစ်ခါမှ မတွေ့ပါဘူး။ မနက်ပိုင်းမှာ တော်လှန်ရေးပန်းခြံထဲကနေ စစ်ကြောင်းတွေ စစ်သီချင်းတွေဆိုပြီး ချီတက်လာရင် ကျွန်တော့်မှာ မရိုးမရွကို ဖြစ်လို့ပေါ့။

ကျွန်တော့် အစ်ကို ၀မ်းကွဲတစ်ယောက်က စစ်တပ်ကပါ။ တပ်ကြပ်ကြီးစာရေးပေါ့။ ဗိုလ်ဖြစ်ဖို့ သင်တန်းတက်ခွင့်ရပေမယ့် တပ်ပြောင်းရမှာစိုးလို့ မဖြေဘူးဗျ။ ဒီတပ်မှာက စို့စို့ပို့ပို့လေး ရနေတာကိုး။ ကျွန်တော်ငယ်ငယ်က သူရန်ကုန်လာတဲ့အခါတိုင်း သူ့ဗိုလ်ချုပ်တွေ အိမ်တွေကို လက်ဆောင်တွေသွားပေးတယ်။ တပ်ထဲက အကြောင်းတွေ သတင်းပို့တယ်ပေါ့။ ကျွန်တော်လည်း မကြာခဏဆိုသလို လိုက်လိုက်သွားပါတယ်။ ဗိုလ်မှုးကြီးတွေ၊ ဗိုလ်ချုပ်တွေ တွေ့ရတော့ အားကျတာပေါ့။ တကယ်လည်း အားကျလောက်စရာပါပဲ။ စစ်သားတွေပီပီ ဟန်နဲ့ မာန်နဲ့ပေါ့။ ပြည်သူတွေအတွက် ရှေ့တန်းက အသေခံမယ့်၊ ပြည်သူ့အကျိုးကို အသက်နဲ့လဲပြီး ကာကွယ်မယ့် သတ္တိခဲ စစ်ဗိုလ်ကြီးတွေပေါ့။ ကျွန်တော့်ရဲ့ ဦးလေး (နဲနဲတော့ အမျိုးစပ်ရင် ဝေးတာပေါ့လေ) တစ်ယောက်ကလဲ အခုချိန်ဆိုရင် ဗိုလ်မှုးချုပ်ဖြစ်နေပါပြီ။ ဟိုတစ်ချိန်တုံးကတော့ သူတို့တွေဟာ ကျွန်တော့်ရဲ့ စံပြတွေပေါ့။

၈၈ အရေးအခင်းမတိုင်မီ နှစ်တွေမှာ တပ်မတော်နဲ့ ဗကပတွေ၊ KNU တွေ တိုက်ပွဲကြီးတွေ ဖြစ်ကြလို့ ရေဒီယိုကနေ ရန်သူဘယ်နှစ်ယောက် ကျဆုံး၊ မိမိဘက်က ဘယ်လောက် ကျဆုံးပေါ့လေ ကြေငြာတဲ့အခါမှာ လူကြီးတွေက မိမိဘက်က ၁၀ ယောက်ဆိုရင် ၁၀ နဲ့ မြောက်၊ ၁၀၀ ပေါ့ကွာ။ ၁၀၀ ဆိုရင် ၁၀၀၀ ပေါ့လို့ ပြောကြပါတယ်။ ကျွန်တော်က နားမလည်ခဲ့ဘူး။ လူကြီးတွေဟာ ဘာလို့များ ကိုယ့်တပ်မတော်ကို ကိုယ် ချိုးနှိမ်ပြောရတာလဲ လို့ပေါ့။ မြန်မာ့အသံဆိုတာလည်း ညဘက်ပြည်လမ်းပေါ်က ကားမောင်းသွားရင် လူကြီးတွေပြလို့ “ပြည်သူ့အတွက် မြန်မာ့အသံ” လို့ တာဝါတိုင်ကြီးမှာ မီးရောင်စုံနဲ့ ရေးထားတာကို တခုပ်တရ ကြည့်နေကြပါ။ ဒါကြီးကလဲ လိမ်မယ်မထင်ပါဘူး။

၈၈ ရောက်တဲ့အခါကျတော့မှ ကျွန်တော်ထင်တာတွေ တစ်လွဲတွေပါလားဆိုတာ သိလာရတယ်။ ည ၈ နာရီ မြန်မာ့အသံ တီးလုံးတောင် “ဗြောင်လိမ့်. ဗြောင်လိမ်.. ဗြောင်လိမ့် ဗြောင်လိမ်.. ဗြောင်လိမ် ..” လို့ ဖြစ်သွားတော့တယ်။ တကယ်လဲ ဗြောင်ကို လိမ်တာခင်ဗျ။ အင်ဖာတိုက်ပွဲတုံးကတော့ ဂျပန်ရေဒီယိုက “နိပွန်တပ်မတော်ကြီးဟာ ရန်သူဘယ်နှစ်ယောက်ကိုသုတ်သင်လိုက်ပါပြီ။ ရန်သူတွေ ခွေးပြေးဝက်ပြေးပြေးနေရပါပြီ။ မကြာမီ အင်ဖာ ကို သိမ်းယူနိုင်တော့ပါမယ်” လို့ ကြေငြာရင် မဟာမိတ်တပ်တွေက မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ကြသတဲ့။ ကျွန်တော်တို့ကတော့ မရယ်နိုင်ဘူးဗျာ။ ခံထားရတာကိုး...။ ရင်ထဲမှာတော့ ကလိကလိ နဲ့ပေါ့လေ။ အခုလိုမျိုး ကိုယ်ပြောချင်တာလေးတွေ ပြောလို့ရတဲ့ နေရာကလဲ မရှိသေးဘူး မဟုတ်လား။

စစ်တပ်က အာဏာသိမ်းပြီ။ ပြည်သူတွေ၊ ကျောင်းသားတွေကို သေနတ်နဲ့ ပစ်သတ်နေပြီ။ ဒါတွေကို ကျွန်တော်တို့ ကြုံတွေ့ရ၊ ဖြတ်သန်းခဲ့ရတယ်။ စက်ရုံတွေကို စစ်ကားနဲ့ အရင်လာဖောက်ပြီး ပစ္စည်းတွေသယ်ထုတ်တယ်။ နောက် တံခါးဖွင့်ထားခဲ့ပြီး လူတွေလာသယ်တဲ့အခါကြတော့ သေနတ်နဲ့ပစ်တယ်။ စက်ရုံကို ဖျက်စီးလုယက်သူတွေပါလို့ ပြောတယ်။ တစ်ချို့လည်း တကယ် လုယက် ဖျက်ဆီးသူတွေ ရှိကြပါတယ်။ တိုင်းပြည်မှာ တရားဥပဒေ မဲ့သွားပြီဆိုတော့ ဒါမျိုးတွေ ရှိလာမှာပဲ။ အဲဒါကို ကျောင်းသားတွေကလဲ ထိန်းကြတယ်။ ရပ်ကွက်ထဲမှာလည်း ကိုယ့်လမ်းကိုယ် အလုံပိတ်ပြီး နေကြတယ်။ လူထုက စစ်တပ်ကို အရမ်းမုန်းတီးသွားတဲ့ အချိန်ဖြစ်တဲ့အတွက် စစ်ထောက်လှမ်းရေးလို့ ယူဆရင် ရက်ရက်စက်စက် နှိပ်ကွပ်ကြတယ်။ ဒါပေမယ့် ကျွန်တော် နောက်မှ စဉ်းစားမိတာတော့ သာမန်လူထုက လူသတ်ရလောက်အောင် မရိုင်းစိုင်း၊ မကြမ်းကြုတ်သွားပါဘူး။ ဒါမျိုးတွေဖြစ်လာအောင် စစ်ထောက်လှမ်းရေးကပဲ အကွက်ကျကျ စီစဉ်ခဲ့တာလို့ပဲ ထင်ပါတယ်။ ဒါမှ တိုင်းပြည်တော့ ပျက်နေပါပြီဆိုပြီး စစ်တပ်က အာဏာသိမ်းဖို့ လမ်းပွင့်မှာ မဟုတ်လား။

အဲဒီကနေ တောက်လျောက် ကျွန်တော် စစ်တပ်ကို ရွံ့ရှာမုန်းတီးသွားခဲ့တာ..။ ကျွန်တော်တို့ ကျောင်းသားတွေ ရက်ရက်စက်စက် အသတ်ခံရတယ်။ မသေမရှင်တွေရော အသေတွေရော ထရပ်ကားပေါ်ပစ်တင် မီးရှို့ပစ်တာ ကျွန်တော်တို့သိတယ်။ လုံထိန်းတွေ ရက်စက်ယုတ်မာတာ ကျွန်တော်တို့ သိတယ်။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ပြည်သူတွေကို ဘယ်လို သတ္တိနဲ့များ ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ရဲတာလဲ။ အာဂ သတ္တိရှင်တွေပါပဲ။ ဘိုချုပ်ကြီးစောမောင်က ပြည်ပသတင်းထောက်တွေကို သူတို့ တကယ်မပစ်ပါဘူး။ တကယ်ပစ်ရင် တပ်ခွဲတစ်ခွဲစာရဲ့ ပစ်အားဟာဘယ်လောက်ရှိသလဲ ဆိုတာ လက်တွေ့ကြည့်ပါဆိုပြီးတောင် ပစ်ပြလိုက်သေးတယ်။

အရေးအခင်းပြီးတဲ့အခါကြမှ ကျွန်တော် သမိုင်းမှာ အကောင်းတွေချည်းပဲ သင်ခဲ့ရတဲ့ တော်လှန်ရေးကောင်စီနဲ့ ဘိုနေ၀င်း အကြောင်းကို ကျောင်းစာအုပ်အပြင်က လေ့လာမိတယ်။ ဘိုနေ၀င်းရဲ့ ရက်စက်မှုကလဲ ကမ်းကုန်အောင်ပါပဲလား...။ ကျောင်းဝင်းထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ပစ်တယ်။ ဒါနဲ့တောင် အရှက်မရှိ “ဒါးကိုဒါးချင်း၊ လှံကိုလှံချင်း” လို့ ပြောသေးတယ်။ မြန်မာ့လွတ်လပ်ရေး သန္ဓေတည်ရာ၊ မြန့်မာ့လွတ်လပ်ရေး ခေါင်းဆောင်တွေ မွေးဖွားရာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့တယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲဆိုတာ...။ ကမ္ဘာကြေရင်တောင် ဥဒါန်းမကြေနိုင်ဘူး။ ဘိုနေ၀င်းရဲ့ နောက်လိုက် ဘိုတကာ့ဘို တွေကလည်း ထိုနည်းလည်းကောင်းပါပဲလား။ မြန်မာပြည်ရဲ့ တပ်မတော်ဟာ ဘာများဖြစ်သွားတာလဲ။ ဘာတွေများ မှားယွင်းသွားခဲ့တာလဲ...။

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မှာ တစ်တိုင်းပြည်လုံးက ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘုရားသားတော် သံဃာတော်တွေ ကိုတောင် စော်ကားရဲတဲ့အထိ၊ သတ်ဖြတ်ရဲတဲ့အထိ စစ်တပ်ဟာ အသိဥာဏ်မဲ့လာတယ်။ ဘိုသန်းရွှေရဲ့ အာဏာတည်မြဲဖို့ အတွက် သံဃာကိုတောင် မမြင်နိုင်တော့ဘူး။ ကျွန်တော်တို့ တပ်မတော်ဟာ ဒီလောက်တောင် ဆိုးဝါးနိမ့်ကျနေပြီလား။ အမိန့်ပေးရင် လူဆိုး လူကောင်း မခွဲခြားနိုင်ပဲ ထိုးကိုက်တဲ့ ခွေးတွေလိုဖြစ်နေပြီလား။ ကျွန်တော်တော့ ဒီလို မထင်မိပါဘူး။

တပ်မတော်... ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာပါ။ ဝေးဝေးမကြည့်ပါနဲ့ ကျွန်တော့် အမျိုးထဲမှာတောင် စစ်သားတွေ၊ စစ်ဗိုလ်တွေ၊ ဗိုလ်မှုးကြီးတွေ ရှိပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတာပါ ဆိုတာသေချာပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် ဒီတပ်မတော်ဟာ ပြည်သူ့ဘက်က မရပ်တည်နိုင်ရတာလဲ။ ကျွန်တော့် အထင် ပြောရရင်တော့ ကြောက်လို့ပါ။ တိုင်းပြည်အတွက် အသက်ပေးမယ်ဆိုတဲ့ စစ်သားဟာဘာကို ကြောက်တာလဲ။ အဲဒီလောက် ပြင်းထန်တဲ့ စိတ်ဓါတ်အင်အား မရှိလို့ပါ။ ကျွန်တော် အားကျခဲ့ဘူးတဲ့ ကျွန်တော့အစ်ကိုရဲ့ ဆရာ ဗိုလ်မှုးကြီးတွေ၊ ဗိုလ်ချုပ်တွေ သူတို့တွေအားလုံး တကယ်တော့ ကြောက်နေကြတာပါ။ သတ္တိမရှိတာပါ။ စုဖုယားလတ်က ကင်းဝန်မင်းကြီးကို “ထမီနဲ့ ကျောက်ပျင်” ပို့ခိုင်းသလို ဒီ ဗိုလ်ချုပ်တွေကိုလည်း ထမီနဲ့ ကျောက်ပျင် ပို့ခိုင်းမယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ မတရားတာကို သိတယ်၊ မမှန်တာကိုသိတယ်၊ သို့သော်လည်း တွန်းလှန်ဖို့ သတ္တိမရှိဘူး။ ဘာကြောင့် မတရားတာကိုသိတယ် မမှန်တာကို သိတယ်လို့ ပြောနိုင်သလဲဆိုတော့ ဒီ အာဏာရူး ဘိုသန်းရွှေအစိုးရ တရားတာလုပ်သလား မတရားတာလုပ်သလား၊ ကောင်းတာလုပ်သလား မကောင်းတာလုပ်သလားဆိုတာ ဆယ့်ငါးနှစ်သားဦးနှောက်လောက် တွေးတက်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ ဗိုလ်မှုးတွေ၊ ဗိုလ်ချုပ်တွေ ဆယ့်ငါးနှစ်သား ဦးနှောက်ထက်တော့ မကပါဘူး။ ပညာတက်တွေပဲ တွေးတက်ပါတယ်။ သတ္တိမရှိတဲ့အတွက်တော့ သူတို့ကို သနားမိပါတယ်။ နောင်လာမယ့် သမိုင်းမှာ စစ်သားဆိုတဲ့ နာမည်ခံပြီး သတ္တိမရှိလို့ သွေးကြောင်လို့ တိုင်းပြည်အတွက် မစွန့်စားရဲတဲ့ ဘိုချုပ်တွေအဖြစ် သမိုင်းကြောင်း မလှမယ့် အတွက်ပါ။ ကျွန်တော်အခု စစ်တပ်ကို မမုန်းတော့ပါဘူး။ သနားမိပါတယ်...။

အဲဒီတော့ အထက်က ဗိုလ်ချုပ်တွေက သတ္တိမရှိတော့ဘူး၊ တိုင်းပြည်အတွက် မစွန့်လွတ်ရဲ တော့ဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်အတွက် တကယ်စေတနာရှိတဲ့ တကယ်အမျော်အမြင်ရှိတဲ့ မျိုးဆက်သစ် တပ်မတော်သားတွေကို စည်းရုံးရမယ်။ မျိုးဆက်သစ် စစ်ဗိုလ်တွေကို စည်းရုံးရမယ်။ သူတို့နောက်မှာ ပြည်သူလူထုရှိတယ်။ ဒီမိုကရေစီ အင်အားစုတွေ ရှိတယ်ဆိုတာ သိလာအောင် လုပ်ရမယ်။ အောက်ခြေတပ်မတော်သား အများစုဟာ ပြည်သူတွေထက်တောင် ဆင်းရဲပင်ပန်းကြပါတယ်။ စစ်တပ်ရဲ့ လူညွန့်တုံးအောင် ပုံသွင်းထားတဲ့ တစ်သွေးတစ်သံတစ်မိန့် ကြောင့်သာ ကြောက်နေကြတာပါ။ သူတို့တစ်တွေလည်း ကျွန်တော်တို့လိုပဲ အပြောင်းအလဲကို လိုလားကြပါတယ်။ တိုင်းပြည်တိုးတက်မှာကို လိုလားကြပါတယ်။ သူတို့တစ်တွေရဲ့ ဘက်မှာ တစ်တိုင်းပြည်လုံးရှိတယ်။ အာဏာရူး ဘိုသန်းရွှေရဲ့ လက်တစ်ဆုပ်စာ စစ်ဘိုချုပ်တစ်စု ကောင်းစားဖို့ကိုပဲ ပြည်သူတွေရဲ့ အမုန်းတီးခံပြီး ကျွန်မခံတော့ဘူးဆိုတဲ့ အတွေးမျိုး သူတို့တွေရင်ထဲ ရောက်အောင် စည်းရုံးနိုင်ရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို ကျွန်ဇာတ်သွင်းနေတဲ့ စစ်အာဏာရူး ဘိုသန်းရွှေနဲ့ အပေါင်းအပါတစ်စုကို ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
Author: vanko
•12:38 PM
O Child beside the Waterfall
What songs without a word
Rise from those waters like a call
Only a heart has heard-
The Joy, the Joy in all things
Rise whistling like a bird.

O child beside the Waterfall
I hear them too, the brief
Heavenly notes, the harp of dawn,
The nightingale on the leaf,
All, all, dispel the darkness and
The silence of our grief.

O child beside the Waterfall
I see you standing there,
With Waterdrops and fireflies
And hummingbirds in the air,
All singing praise of paradise,
Paradise everywhere.

George Barker

This is 'Test' page.

Author: vanko
•12:33 PM
အဖေသို့ ... သခင်အောင်ဆန်းသို့

အဖေ...။ ၁၉ ဂျူလိုင်ရောက်ပြန်တော့မယ် အဖေ...။ အဖေတို့ အသက်ပေးခဲ့ရတဲ့ နေ့၊ တစ်တိုင်းပြည်လုံး ယူကြုံးမရ ကြိမ်မီးအုံးခဲ့ရတဲ့ နေ့ ...။ လက်တစ်ကမ်းမှာ ရောက်နေပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အသီးအပွင့်လေးတွေကို အဖေ မခံစားသွားခဲ့ရဘူး။ စကောလောက်မှစောက်မနက်တဲ့ အကြံနဲ့၊ ကိုယ့်ဖို့ တစ်ဘို့ထဲကြည့်တက်တဲ့ ပုဇွန်ဦးနှောက်တွေကြောင့် လွတ်လပ်ရေးရဲ့ ဗိသုကာတွေ တစ်ပြိုင်တည်း ကျဆုံးခဲ့ရတယ်။ ဗမာပြည်ကို အာရှမှာ မဟာအင်အားကြီးနိုင်ငံ တစ်ခု ဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် ဗိသုကာတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီအကြံ ပက်စက်မှု၊ အမျော်အမြင်ကင်းမဲ့မှုရဲ့ အကျိုးဆက်ကို ခုချိန်ထိ ကျွန်တော်တို့ ခံစားနေရတုံးပဲ အဖေ...။
၈၈ တုန်းက ကျွန်တော်တို့ ကြွေးကျော်ခဲ့ကြတယ်။ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” လို့ပေါ့...။ ဒါပေမယ့် အဲဒီစစ်တပ်ရဲ့ သေနတ်ပြောင်းဝ ရှေ့မှာပဲ ကျွန်တော်တို့ ကျောင်းသားတွေ ကျဆုံးခဲ့ရတယ်။ ပြည်သူတွေ အသက်ပေးခဲ့ရတယ်။ ကျွန်တော် နားမလည်ခဲ့ဘူးအဖေ...။ တပ်မတော်ဟာ ပြည်သူ့အတွက် မဟုတ်ဘူးလား...။ အမိန့်ပေးရင် ဘာမဆိုလုပ်မယ့် ဦးနှောက်မရှိတဲ့ စစ်တပ်လား...။ လက်တစ်ဆုပ်စာ စစ်အာဏာရှင်တွေ ကောင်းစားဖို့ ပြည်သူကို ပြန်သတ်မယ့် စစ်တပ်လား...။ ပြည်သူ့တပ်မတော်သား ဆိုတဲ့ နာမည်ကို ခံယူဖို့ ရော ထိုက်တန်ကြသေးရဲ့လား...။

သမိုင်းမှာ ကျွန်တော်တို့ သင်ခဲ့ရပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အကြောင်းပေါ့။ အဲဒီတုန်းက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ကျောင်းသားတွေကို နယ်ချဲ့အစိုးရရဲ့ မြင်းစီးပုလိပ်တွေက မြင်းနဲ့တိုက်၊ ဒုတ်နဲ့ရိုက်လို့ ရဟန်းရှင်လူ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတယ်တဲ့...။ ကျွန်တော်တို့ ပြည်သူ့တပ်မတော်ရဲ့ သေနတ်ပြောင်းဝမှာ ကျဆုံးခဲ့ကြရတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းရှင် လူ အာဇာနည်တွေ... ၁၇၀ လည်းမကဘူး...။ ၁၇၀၀ လည်း မကဘူး...။ ၁၇၀၀၀ လည်း မကတော့ဘူးအဖေ...။ တွေးမိတိုင်း အသည်းနာတယ် အဖေ...။
အဖေ...။ အဖေမျှော်မှန်းခဲ့တဲ့ တပ်မတော်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ အဖေ...။ ဒီနေ့ အဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ ဘယ်လမ်းကို လျှောက်နေသလဲဆိုတာ အဖေ သိပါရဲ့လား...။ အဖေ စက်ဆုပ်ရွံရှာခဲ့တဲ့ စစ်အာဏာရှင် အစိုးရမျိုးကို အကာအကွယ်ပေးနေတယ် အဖေ...။ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားဖို့အတွက် ပြည်သူတွေဘက်ကို သေနတ်ပြောင်းလှည့်နေတယ် အဖေ...။
အဖေ...။ အဖေပြောခဲ့ဘူးတဲ့ စကား ကျွန်တော် ကြားယောင်နေတယ်။ အဖေ ဒီလို ပြောခဲ့တယ်...။

” I went to Japan to save my people who were struggling like bullocks under the British. But now we are treated like dogs. We are far from our hope of reaching the human stage, even to get back the bullock stage we need to struggle more.”

အဖေ... ကျွန်တော်တို့လည်း မဆလ တစ်ပါတီအာဏာရှင် လက်အောက်က၊ နွားလိုဘ၀တွေက လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အခု နအဖ စစ်အာဏာရှင် လက်အောက်မှာ အဖေပြောသလိုပဲ ခွေးတွေလို အနိုင်ကျင့်ခံနေရပြန်ပြီအဖေ...။ ကျွန်တော်တို့ လိုလားတဲ့ လူ့အခွင့်အရေးတွေ မပြောနဲ့၊ မဆလ ခေတ် အခြေအနေ ပြန်ရောက်ဖို့တောင် မလွယ်လှတော့ဘူး အဖေ...။
အဖေ...။ အဖေမွေးထုတ်လိုက်တဲ့ တပ်မတော်ရဲ့သား၊ အဖေ နေရာကို ဆက်ခံခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေဟာ အဖေ့ရဲ့ သမိုင်းပုံရိပ်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတယ် အဖေ...။ “လွတ်လပ်ရေးရဲ့ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း” ဆိုတဲ့ စကားဟာ သူတို့နားမှာ ဘာကြောင့် ခါးနေရတာလဲ။ ဒီတစ်ချက်နဲ့တင် ဒီစစ်အာဏာရူးတွေရဲ့ သရုပ်ကို သိလောက်ပါပြီ။ နိုင်ငံတိုင်းမှာ လေးစားလောက်တဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်ကို ငွေစက္ကူပေါ်မှာ ပုံနှိပ်မြဲပါ။ ကျွန်တော်တို့ကြမှ တိရိစ္ဆာန် အုပ်ချုပ်တဲ့ တိုင်းပြည်လို တိရိစ္ဆာန်ရုပ်ကို ငွေအမှတ်နဲ့ သုံးနေရတယ် အဖေ...။ ကျွန်တော်ငယ်ငယ်က မှောင်ခိုတွေ ခေတ်စားချိန်ပေါ့။ ဆရာသာဂဒိုးရဲ့ “ဖမ်းပါ၊ မဖမ်းဘူး” ဆိုတဲ့ ၀တ္ထုတိုလေးထဲက စကားတစ်ချို့ကို ကျွန်တော် သဘောကျဘူးတယ်။ “ဗိုလ်ချုပ်ဟာ သိပ်တန်ခိုးထွားတာကွ...။ ဗိုလ်ချုပ်ပုံလေးများ ပုတ်ပြလိုက်ရင် တစ်ခါတည်း ဦးညွတ်သွားတော့တာပဲ” တဲ့။ ပိုက်ဆံပြလိုက်ရင် ရဲဝန်ထမ်းတွေ ဦးညွတ်သွားတယ်လို့ ဆိုလိုတာပေါ့။ အင်းလေ... ပိုက်ဆံဆိုတာ လူတိုင်း သည်းခြေကြိုက်ပဲမဟုတ်လား...။
အခုတော့ အဖေ့ စစ်သားတွေက အဖေတို့ကို ဦးမညွတ်ချင်ကြတော့ဘူး အဖေ...။ မဆလ ခေတ်မှာတောင် အာဇာနည်နေ့ ဆိုတာ တခမ်းတနား ကျင်းပမြဲပါ။ အခုတော့ အာဇာနည်နေ့ကို ဖျောက်ဖျက်ချင်နေကြပြီ အဖေ...။ တပ်မတော် ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဖေ့ ဂူဗိမာန်မှာ တစ်ခါဘူးမှ လာပြီး ဂါရ၀မပြုဖူးဘူး အဖေ...။ တပ်မတော် စစ်သမိုင်းပြတိုက်ဆိုတဲ့ အဆောက်အဦးမှာ “တပ်မတော်ရဲ့ ဖခင်ကြီး၊ လွတ်လပ်ရေးရဲ့ ဗိသုကာကြီး” သခင်အောင်ဆန်းရဲ့ပုံဟာ ခန့်ခန့်ညားညားမရှိရဘူး အဖေ...။ မထင်မရှား နေရာတစ်နေရာမှာ မတက်သာလို့ ပြထားရတဲ့ အဖေ့ရဲ့ ပုံ ကိုမြင်မိရင် ရင်ထဲမှာ မချိအောင် ခံစားရတယ် အဖေ...။
၈၈ တုန်းက အဖေ့ကို ကျွန်တော်တို့ တမ်းတမိတုန်း အဖေ့ရဲ့ ရင်သွေး၊ အဖေ့သွေး ပီသတဲ့ သွေး... အန်တီစုကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အဖေ့သွေး ပီသတဲ့ သွေး လို့ ပြောတာက အဖေ့သွေး မပီသတဲ့ သွေးလည်း ရှိသေးလို့ပါ။ အဖေ့ရဲ့ သားကြီး သြရဿ **ဦး အကြောင်းကိုတော့ လေကုန်ခံပြီးတော့တောင် မပြောပြချင်တော့ဘူး အဖေ..။ အဖေ့ နာမည် အောင်ဆန်းတောင် ရှေ့ကထည့်ဘို့ မထိုက်တန်ပါဘူး။ အဖေ့သွေးစစ် အန်တီစုရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်၊ သူ့လုပ်ရပ်နဲ့ စိတ်ဓါတ်၊ နံ့သာဆီနဲ့ အီးလို ကွာတယ် အဖေ...။ ဟိုတုန်းက ရေနစ်ပြီး ကွယ်လွန်ခဲ့ရတာ အဖေ့သားလတ် အောင်ဆန်းလင်း မဟုတ်ပဲ **ဦး ဖြစ်ခဲ့ရင် ကောင်းမယ် လို့တောင် ကျွန်တော်တို့ တွေးမိတယ် အဖေ...။
အခုတော့ အဖေ့ရင်သွေး အန်တီစုလည်း ရိုင်းစိုင်းယုတ်မာတဲ့ စစ်အာဏာရူးတွေရဲ့ လက်ထဲမှာ ဘယ်တော့မှ လွတ်မယ်မှန်း မသိရဘူးအဖေ...။
အဖေ...။ အဖေ့ သွေးလည်း ပင်ပန်းလှပါပြီ။ ပြည်သူတွေ လည်း ပင်ပန်းလှပါပြီ။ ကျောင်းသား ကျောင်းသူတွေ၊ ရဟန်းရှင်လူ တွေရဲ့ အသက်တွေလည်း အမြောက်အများ စတေးခဲ့ရပါပြီ။ ကျွန်တော်တို့ ဆက်ပြီး မခံစားနိုင်တော့ဘူး အဖေ...။
“ဒီ လူသတ်ကောင်၊ စစ်အာဏာရူး တွေရဲ့ လည်ကို အဖေ့လက်ထဲက ဂျပန်ဓါးနဲ့သာ တအားခုတ်လှည့်ပါတော့ အဖေ...။”*

(ဒီနောက်ဆုံး စာသားလေးဟာ ၈၈ တုန်းက ကျွန်တော် ဝေခဲ့ရတဲ့ စာတွေကြားထဲမှာ ပါလာတဲ့ ကဗျာလေး ထဲကပါ။ ကဗျာလေးက စာမျက်နှာ သုံးမျက်နှာစာလောက် ရှိပါတယ်။ ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ ကဗျာလေးပါ။ အခုတော့ မမှတ်မိတော့ပါဘူး။ အဲဒီ စာကြောင်းလေးပဲ မှတ်မိပါတော့တယ်။ သိတဲ့သူတွေရှိရင်လည်း ပြန်လည် ဝေမျှပေးပါလို့ တောင်းဆိုပါတယ်။)

Author: vanko
•10:40 PM
မနေ့ က တနင်္လာနေ့  မနက် ၈ နာရီခန့် မှာ ကျောက်ကြီး ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ မီနီဘတ်စ် တစ်စီးပေါ်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့  မြန်မာသတင်းစာများ မှာ ဖေါ်ပြပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အခြားအမျိုးသား ခရီးသည်တစ်ဦးလည်း ဒါဏ်ရာရရှိသွားတယ်လို့  ဆိုပါတယ်။
စစ်အစိုးရကတော့ ထုံးစံအတိုင်း အတိုက်အခံအဖွဲ့ အစည်းများကို လက်ညိုးထိုး စွပ်စွဲထားပါတယ်။ ဒီလအစောပိုင်းမှာ နအဖ လက်ကိုင်တုတ် ကြံ့ဖွတ် ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ဒီဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ကြံ့ဖွတ်ရုံး ဗုံးပေါက်ကွဲမှုဟာ သူတို့ လက်ချက်ပါလို့  စွမ်းအားမြှင့်စစ်သည်တော်များ အဖွဲ့ က ၀န်ခံခဲ့တာကလွဲလို့  ကျန်ဗုံးပေါက်ကွဲမှုအတော်များများမှာ နအဖဟာ အတိုက်အခံအင်အားစု တွေကို လက်ညှိုးထိုးတာကလွဲလို့  တရားခံတိတိကျကျ မဖော်ထုတ်ပေးခဲ့ပါဘူး။
၂၀၀၅ မေလမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံ့သမိုင်းမှာ အကြီးကျယ်ဆုံး ဗုံးပေါက်ကွဲမှုမှာလည်း တရားခံ တိတိပပ မဖေါ်ထုတ်ပေးခဲ့ပါဘူး။ အဲဒီတုန်းက ဒဂုံစင်တာ၊ Junction 8 နဲ့  ပုဇွန်တောင်က ကုန်သွယ်မှုဗဟိုဌာန တွေမှာ ဗုံးသုံးလုံးဆင့်ပေါက်ခဲ့ပြီး ပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အများစုကတော့ ဒီဗုံးပေါက်ကွဲမှုတွေ (အားလုံးမဟုတ်ရင်တောင် အများစု) မှာ စစ်အစိုးရ ပါဝင်ပတ်သက်နေတယ်လို့  ယူဆကြပါတယ်။
မမေ့နိုင်တဲ့ ၁၉ ဂျူလိုင် အာဇာနည်နေ့  လည်းနီးကပ်လာပါပြီ။ ကျောင်းသားပြည်သူ ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရတဲ့ ၈၈၈၈ အရေးတော်ပုံ အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့လည်း ကျရောက်ပါတော့မယ်။ စက်တင်ဘာ ရွှေရောင်တော်လှန်ရေးရဲ့ နှစ်ပတ်လည်နေ့ဟာလည်း မဝေးတော့ပါဘူး။ ဒီအရေးတော်ပုံတွေရဲ့ အတိတ်သမိုင်းက စစ်အာဏာရှင်တွေကို အမြဲခြောက်လှန့် နေမှာပါ။ ဒီနေ့ ဒီရက်တွေနီးရင် နအဖဟာ ရင်တမမ ဖင်တကြွကြွနဲ့ ကြောက်လန့် နေမြဲပါ။ ဒါကြောင့် တိုင်းပြည်လူထုကို အာရုံလွဲအောင် မငြိမ်မသက် ဖြစ်အောင်၊ အထိတ်တလန့် ဖြစ်အောင် ဖန်တီးနေတယ်လို့ ပဲ ထင်ပါတယ်။


Author: vanko
•8:35 PM

Al Jazeera.net, July 14, 2008


ဆူဒန်နိုင်ငံ ဒါဖာမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဆူဒန်နိုင်ငံ သမ္မတ Omar al-Bashir ကို ဖမ်းဆီးဖို့ အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး International Criminal Court ရဲ့ ရှေ့ နေတွေက တောင်းဆိုလိုက်တယ်လို့  ကြေငြာချက် တစ်ခုမှာ ဖော်ပြထားပါတယ်။
ဆူဒန်သမ္မတ al-Bashir ဟာ တိုင်းရင်းသားမျိုးနွယ်စု သုံးစုကို မျိုးဖြုတ်သတ်ဖြတ်ခဲ့မှုမှာ စီစဉ်ညွှန်ကြားခဲ့တယ်လို့  ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။
အခုလို ဖမ်းဝရမ်းထုတ်ပေးဖို့  တောင်းဆိုချက်ဟာ တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ဖမ်းဆီးဖို့  ICC မှာ ပထမဆုံးအကြိမ် တောင်းဆိုမှုလည်း ဖြစ်ပါတယ်။

al-Bashir ဟာ မျိုးဖြုတ်သက်ဖြတ်မှု ၁၀ ကြိမ်၊ လူသားဖြစ်တည်မှုကို ဆန့် ကျင်တဲ့ ရာဇ၀တ်မှုတွေနဲ့ ၊ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ရာမှာ တာဝန်ရှိတယ်လို့  ယုံကြည်ရလောက်တဲ့ အကြောင်းအချက်တွေ ရှိတယ်လို့  တရားလိုရှေ့ နေတွေက ကြေငြာချက်မှာ ဖော်ပြပါတယ်။
ICC ကတော့ ရှေ့ နေတွေရဲ့  တောင်းဆိုချက်ကို သုံးသပ်ပြီး လက်ခံလောက်တဲ့ အကြောင်းအချက်တွေ ရှိသလားဆိုတာနဲ့  ဒီကျူးလွန်မှုတွေဟာ ICC ရဲ့  တရားစီရင်နိုင်ခွင့် အတွင်းမှာ ရှိသလားဆိုတာ စုံစမ်းသွားမယ်လို့  ဆိုပါတယ်။ ဖမ်းဝရမ်း ထုတ်ပေးသင့် မပေးသင့် ကို တရားသူကြီးများက ဆုံးဖြတ်မှာဖြစ်ပြီး အဲဒါဟာ လပေါင်းအတော်ကြာနိုင်တယ်လို့ လည်း ဆိုပါတယ်။
ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ “ကျွန်တော့အနေနဲ့  အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။ ဒါပေမယ့် ဘယ်သူမှ တရားဥပဒေကို ရှောင်လွှဲလို့  မရပါဘူး” လို့  ပြောပါတယ်။
al-Bashir ကို ဖမ်းဆီးလိုက်ရင် ဆူဒန်နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို မီးလောင်ရာလေပင့် ဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိပါတယ် လို့ ဆိုပါတယ်။
ဒီသတင်း အပြည့်အစုံကို Al Jazeera.net မှာ ဖတ်ရှုနိုင်ပါတယ်။

ဆူဒန်က ဘာရှားပြီးရင်တော့ ဘားမားက ဘိုရွှေ အလှည့်ဖြစ်မလားဆိုတာ....။

Author: vanko
•10:40 PM
ASEAN Secretariat, 10 July 2008


NEW YORK – ASEAN remains ready to further cooperate with the UN and its agencies such as the United Nations Office for the Coordination of Humanitarian Affairs in the ongoing humanitarian efforts for the victims of Cyclone Nargis in Myanmar, said the ASEAN Secretary-General, Dr Surin Pitsuwan in New York today.

After talks with Mr John Holmes, the Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator, Dr Surin confirmed that Mr Holmes would be attending the release of the Post-Nargis Joint Assessment Report in Singapore on 21 July 2008.

Dr Surin said, “The UN leadership appreciates the support, cooperation and leadership that ASEAN has shown in this issue.”

He added that the UN Secretary-General is also committed to the ASEAN-UN Summit to be held in Bangkok later this year.



Author: vanko
•7:39 PM
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ၊ အင်ဒိုနီးရှားနိုင်ငံ စုမာတြား ကျွန်းတွေ မြေအောက်ရေတွေမှာ Arsenic (စိန်အဆိပ်) ပါဝင်နိုင်မှု အန္တရာယ်နဲ့  မြင့်မြင့်မားမား ရင်ဆိုင်နေရတယ်လို့  လေ့လာမှုတစ်ခုအရ သိရပါတယ်။ စိန်အဆိပ်ဟာ ကင်ဆာရောဂါနဲ့  အခြားရောဂါဝေဒနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
“စိုးရိမ်ပူပန်စရာရှိပါတယ်။ ကျွန်တော်တို့ ရဲ့  သုတေသနအချက်အလက်တွေကို ကြည့်မယ်ဆိုရင် စိန်အဆိပ်ပါဝင်မှု အန္တရာယ်ကို တွေ့ နိုင်ပါတယ်” လို့  ဆွစ်ဇာလန်နိုင်ငံ Swiss Federal Institute of Aquatic Science and Technology က Senior scientist Michael Berg က ပြောပါတယ်။

သောက်သုံးရေထဲမှာ စိန်အဆိပ်ပါဝင်နေမှုဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုလို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၇၀ ကျော်က ပြည်သူ ၁၃၇ သန်းဟာ ဒီန္တရာယ်နဲ့  ရင်ဆိုင်နေရပါတယ်။ အဆိုးဆုံးကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်ပါတယ်တဲ့။ အဲဒီမှာ လူထောင်ပေါင်း များစွာဟာ အဆုပ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့  အရေပြားကင်ဆာ ရောဂါတွေနဲ့  သေဆုံးရမယ့် အန္တရာယ်နဲ့  ရင်ဆိုင်နေရပါတယ်။
စိန်အဆိပ်ဟာ မြေအောက်ရေခိုအောင်းရာ ရေအရင်းအမြစ်တွေဆီကို အနံ့ အရသာမဲ့စွာ ၀င်ရောက်နိုင်ပါတယ်။ လယ်ယာနဲ့  စက်မှုလုပ်ငန်းတွေဆီကလည်း ၀င်ရောက်လာနိုင်ပါတယ်။
စိန်အဆိပ်ကို ပမာဏများများသုံးစွဲမိရင် သေစေနိုင်တဲ့ အဆိပ်အတောက်ဖြစ်စေပါတယ်။ ပမာဏ နည်းနည်းကလေးကတောင် ကင်ဆာရောဂါ၊ အရေပြားဆိုင်ရာရောဂါတွေနဲ့  နှလုံးခုန်မမှန်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။
မုန်တိုင်ဒဏ်ခံ မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသရဲ့  မြေအောက်ရေထဲမှာ စိန်အဆိပ်ပါဝင်မှု အန္တရာယ် မြင့်မားမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  ရဲ့  Guidelines ထက်ကို ကျော်လွန်နေပြီလို့  Berg နဲ့  အခြားပညာရှင်တွေက ကောက်ချက်ချကြပါတယ်။

Source: The New York Times

Author: vanko
•11:16 PM
ဒေါက်တာလွဏ်းဆွေရဲ့ Blog မှာဖေါ်ပြထားတဲ့ မင်းကြီး(သရေခေတ္တရာ)ရဲ့ “ပဲ့တင်သံ” ဆောင်းပါးကို ဖတ်မိပြီး ကျွန်တော်လည်း သဘောကျမိလို့  ဆက်ပြီးတွေးဖြစ်ပါတယ်။ မင်းကြီး(သရေခေတ္တရာ) သုံးသပ်သလိုပါပဲ NLD ခေါင်းဆောင်ပိုင်းဟာ ခေါင်းဆောင်မှုအရည်အချင်း ညံ့ဖြင်းတာကို တွေ့ ရပါတယ်။ အလုပ်မဖြစ်တဲ့ ကြေညာချက်တွေပဲ တွင်တွင်ထုတ်နေပြီး ကလေးမုန့် တောင်းသလို တစာစာပူစာနေတာပဲတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နာဂစ် ကိစ္စမှာ နိုင်ငံရေးအရ အမြတ်ထုတ်နိုင်မယ့် အနေအထားကောင်းတွေ ရခဲ့ပေမယ့်လည်း ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ပါဘူး။ အန်တီစု ဘာမှမလှုပ်ရှားနိုင်တဲ့ အချိန်မှာ လက်ရှိ ဒီချုပ် ခေါင်းဆောင်တွေဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားလောက်စရာ လုပ်ဆောင်ချက်တွေ ဘာတစ်ခုမှ လုပ်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော့အမြင်ပြောရရင်တော့ လက်ရှိ NLD ဟာ လေးစားလောက်စရာ တိကျတဲ့ နည်းဗျူဟာ မရှိဘူး။ စစ်အစိုးရလုပ်သမျှကို ကြေညာချက်တွေ တစ်ခုပြီးတစ်ခု ထုတ်ရင်းနဲ့ပဲ ပုဆိုးခြုံထဲက လက်သီးပြသလို ဖြစ်နေတယ်ထင်ပါတယ်။

ကျွန်တော် ငယ်ငယ်က ရထားနဲ့ ခရီးဝေးသွားတဲ့အခါ ရထားဘေးနား လိုက်ပြီး ခလေးတွေ ပိုက်ဆံတောင်း၊ မုန့် တောင်းသလိုပဲ၊ ရထားကြီးကတော့ သူတို့ ကို ထားခဲ့ပြီး ဆက်သွားတာပါပဲ။ အခုလည်း NLD နဲ့ ယှဉ်လိုက်ရင် အာဏာရူး ဘိုသန်းရွှေရဲ့  နအဖမှာ တိကျတဲ့ ရည်မှန်းချက်ရှိတယ်။ ဘယ်သူတွေဘာပြောပြော၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ Road map နဲ့  ခရီးဆက်နေတယ်။ အခုနှစ် ၂၀၀၈ အကုန်မှာ ပါတီတွေ မှတ်ပုံတင်ရမယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်။ အဲဒီမှာ ကြံ့ဖွတ်အဖွဲ့ ကို ပါတီအသွင်ပြောင်းမယ်။ လူဆိုးလူမိုက် ကလေကချေတွေနဲ့  ဖွဲ့ စည်းထားတဲ့ ပြည်သူ့ စွမ်းအားရှင်များက ပြည်သူလူထုကို ခြိမ်းခြောက်မယ်။ စသည်ဖြင့် စသည်ဖြင့် ရေတို ရေရှည် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ ရဲ့  NLD ကရော၊ ဘာလဲ၊ ဘယ်လဲ။ ဘယ်လို ပုံစံမျိုးနဲ့  စစ်အစိုးရကို ရင်ဆိုင်မှာလဲ။ ဒီနှစ်အကုန်မှာ ပါတီမှတ်ပုံတင်မှာလား၊ ဒါဆိုရင် နအဖရဲ့  road map ကိုလက်ခံလိုက်သလို ဖြစ်မသွားဘူးလား။ မှတ်ပုံမတင်ရင်ကော ပါတီအဖြစ်က ဖျက်သိမ်းခံရမလား။ ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတဲ့ ရုရှား သူရဲကောင်းပုံပြင် တွေမှာ သူရဲကောင်းဟာ လမ်းဆုံလမ်းခွရောက်နေပါပြီ။ ဘယ်ဘက်လမ်းသွားရင် သေမယ်။ ညာဖက်လမ်းသွားရင် သင့်ရဲ့ ဦးခေါင်း အဆုံးရှုံးခံရမယ် ဆိုတာလို ဖြစ်နေပြီ။
ကျွန်တော်တို့ အနေနဲ့  ဒီအချိန်မှာ အကောင်းဆုံးစဉ်းစားပြီး ခြေမြန်လက်မြန် လှုပ်ရှားရမယ့် အချိန်ရောက်နေပြီထင်ပါတယ်။ ဒီလိုပုံစံပဲ ကြေညာချင်တွေ ထုတ်ရင်း နအဖ ရဲ့  နည်းဗျူဟာထဲမှာ လည်ဆင်းပေးခံမလား။ စွန့် စားမှုလုပ်မလား၊ ဆုံးဖြတ်ဖို့  အချိန်သင့်ပါပြီ။ အားလုံးသော ဒီမိုကရေစီ ဘက်တော်သားများကလည်း ၀ိုင်းဝန်းကြိုးစားကြ၊ အကြံကောင်း ဥာဏ်ကောင်းများပေးကြဖို့  တိုက်တွန်းပါတယ်။
Author: vanko
•8:16 PM
ဒုက္ခရောက်သူများကို ကူညီပေးနေတဲ့ အဖွဲ့ ဖြစ်တဲ့ UK အခြေစိုက် Shelterbox အဖွဲ့ က နာဂစ် ဒုက္ခသည်များအတွက် လှူဒါန်းထားထဲ့ တဲအိမ်တွေရဲ့ ပုံတွေကို ဖေါ်ပြလိုက်ပါတယ်။ တဲတွေမှာ မီးဖို၊ အိုးခွက်တွေနဲ့  အခင်းတွေပါရှိတယ်လို့  ဆိုပါတယ်။ လပွတ္တာမှာ တဲအိမ် ၇၀၀ ခန့်  နဲ့  ဟိုင်းကြီးကျွန်းပေါ်မှာ ၃၀၀ ရှိတယ်လို့ Shelterbox အဖွဲ့ က Mark Pearson က ပြောပါတယ်။ ကျွန်တော်ကတော့ ပုံတွေကိုကြည့်ပြီး စိတ်ကောင်းဖြစ်မိသလို မြန်မာတွေရဲ့  ယောနိသောမနသီကာရ ကိုလည်းမြင်မိပါတယ်။ ဈေးဆိုင်ရှင် မျက်နှာကိုကြည့်ပါလားဗျာ။ ပြုံးနေတာပါပဲ။ ခြင်းခတ်တဲ့ ကလေးတွေလဲ ပျော်နှိုင်နေကြတာပါပဲ။ ဒါပေမယ့် အဲဒီတခဏလေး နောက်ကွယ်ကကြေကွဲ နာကျင်ရမှုတွေကို ဘယ်သူမြင်နိုင်မလဲ။ တိုင်းပြည်ရဲ့  အနာဂတ်ရတနာလေးတွေ အနာဂတ်မဲ့သွားတာတွေကို ဘယ်လိုပြန်ကုစားကြမလဲ။ အမျှော်အမြင်ကင်းမဲ့တဲ့၊ အာဏာရူးနေတဲ့ စစ်အစိုးရစစ်ဖိနပ်အောက်မှာ ဘယ်လောက်အထိ မြန်မာပြည်ဟာ မဆုံးနိုင်တဲ့ နာကျင်မှုတွေကို ခံစားရဦးမှာလဲ။ ဒါတွေအဆုံးသတ်ဖို့  အချိန်သင့်ပါပြီ။ အာလုံးညီညီညွတ်ညွတ်နဲ့  ၀ိုင်းဝန်းပြီကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။

Author: vanko
•12:51 PM
မရေးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့ရဲ. Blog လေးကို ဒီနေ့  ပြန်အသက်သွင်းပါတယ်။ အစကတော့ ကျွန်တော့် စိတ်ကူးလေးတွေ၊ တွေးမိမြင်မိတာလေးတွေ၊ ဖတ်မိမှတ်မိတာလေးတွေကို ပြန်ဝေမျှဖို့  ရည်ရွယ်ခဲ့တာပါ။ လူငယ်တွေအချင်းချင်း အတွေးအမြင်လေးတွေ ဖလှယ်ဖို့  ရည်ရွယ်ခဲ့တာပါ။ အခုတော့ ဒီ Blog လေးမှာ ကျွန်တော်တို့  အားလုံးချစ်တဲ့ မြန်မာပြည်ရဲ့  နိုင်ငံ့အရေးတွေကို တင်ဖို့  ဖြစ်လာပါပြီ။ လူငယ်တွေ ကိုယ်တက်နိုင်တဲ့ဘက်က Blog တွေရေးပြီး နိုင်ငံ့အရေးအတွက် ရတက်မအေးနိုင်ပဲ တတပ်တအား ပါဝင်လာကြတာတွေတွေ့ရတော့ ကျွန်တော်လဲ ကျွန်တော့ရဲ့  အောင့်လုံးတွေကို မနေနိုင်မထိုင်နိုင် ဖွင့်ထုတ်မိတာပါပဲ။ (ဆရာကိုတာကတော့ အောင့်လုံးမရှိပါဘူးတဲ့ အားလို့ ယားလို့  စာရေးတာပါတဲ့။ ကျွန်တော်ကတော့ မအားတဲ့ကြားက ယားလို့ ရေးတာပါ။) နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့  ဆိုင်တဲ့အရေးပါ။ ကိုယ့်နိုင်ငံအရေးကို ပြည်သူတွေမပါရဘူးဆိုတဲ့ စစ်အာဏာရုး ဘိုသန်းရွှေနဲ့  အပေါင်းအပါတွေရဲ့  စစ်ဖိနပ်အောက်က မြန်မာပြည် အမြန်ဆုံးလွတ်မြောက်ဖို့ ၊ မမှန်တာတွေပဲ ရွေးပြောတက်တဲ့ စစ်အာဏာရူးတွေရဲ့  မီဒီယာအမှောင်ထုကို ထွင်းဖောက်နိုင်ဖို့  တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပါပြီ။ ၈၈ အရေးအခင်းကို မျက်မြင်ကြုံတွေ့ ခဲ့ရ၊ ကိုယ်တိုင်ပါဝင် ခဲ့သူတစ်ယောက်၊ ကျွန်တော်တို့  ရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို မျက်နှာပြောင်တိုက် ငြင်းပယ်ခံခဲ့ရသူ ပြည်သူတွေထဲက တစ်ယောက်အနေနဲ့  ဒီစစ်အာဏာရှင်စံနစ်ကို ကျဆုံးသည်အထိ တိုက်ထုတ်သွားဖို့ ၊ အားလုံးညီညီညွတ်ညွတ် ၀ိုင်းဝန်းကြဖို့  တိုက်တွန်းနှိုးဆော်ပါတယ်။