Author: vanko
•9:31 AM
ကျွန်တော် ငယ်ငယ်က စစ်ကားတွေဆို သိပ်ကြိုက်တာ။ စစ်သားကြီးလုပ်မယ်ပေါ့။ တပ်မတော်နေ့လို့ပြောကြတဲ့ တော်လှန်ရေးနေ့ဆိုရင် အိမ်က လိုက်ပို့လို့ တော်လှန်ရေးပန်းခြံလည်း ခဏခဏ ရောက်ဖူးပါတယ်။ ညဖက်မှာ မီးရှုးမီးပန်းတွေလွတ်တာ သိပ်ကြည့်လို့ ကောင်းတာပဲ။ သူများတွေက ပြောတယ် မီးရှုးမီးပန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပေါ်တယ်... ကြည့်...ကြည့်...ဆိုပြီး။ ကျွန်တော်တော့ တစ်ခါမှ မတွေ့ပါဘူး။ မနက်ပိုင်းမှာ တော်လှန်ရေးပန်းခြံထဲကနေ စစ်ကြောင်းတွေ စစ်သီချင်းတွေဆိုပြီး ချီတက်လာရင် ကျွန်တော့်မှာ မရိုးမရွကို ဖြစ်လို့ပေါ့။

ကျွန်တော့် အစ်ကို ၀မ်းကွဲတစ်ယောက်က စစ်တပ်ကပါ။ တပ်ကြပ်ကြီးစာရေးပေါ့။ ဗိုလ်ဖြစ်ဖို့ သင်တန်းတက်ခွင့်ရပေမယ့် တပ်ပြောင်းရမှာစိုးလို့ မဖြေဘူးဗျ။ ဒီတပ်မှာက စို့စို့ပို့ပို့လေး ရနေတာကိုး။ ကျွန်တော်ငယ်ငယ်က သူရန်ကုန်လာတဲ့အခါတိုင်း သူ့ဗိုလ်ချုပ်တွေ အိမ်တွေကို လက်ဆောင်တွေသွားပေးတယ်။ တပ်ထဲက အကြောင်းတွေ သတင်းပို့တယ်ပေါ့။ ကျွန်တော်လည်း မကြာခဏဆိုသလို လိုက်လိုက်သွားပါတယ်။ ဗိုလ်မှုးကြီးတွေ၊ ဗိုလ်ချုပ်တွေ တွေ့ရတော့ အားကျတာပေါ့။ တကယ်လည်း အားကျလောက်စရာပါပဲ။ စစ်သားတွေပီပီ ဟန်နဲ့ မာန်နဲ့ပေါ့။ ပြည်သူတွေအတွက် ရှေ့တန်းက အသေခံမယ့်၊ ပြည်သူ့အကျိုးကို အသက်နဲ့လဲပြီး ကာကွယ်မယ့် သတ္တိခဲ စစ်ဗိုလ်ကြီးတွေပေါ့။ ကျွန်တော့်ရဲ့ ဦးလေး (နဲနဲတော့ အမျိုးစပ်ရင် ဝေးတာပေါ့လေ) တစ်ယောက်ကလဲ အခုချိန်ဆိုရင် ဗိုလ်မှုးချုပ်ဖြစ်နေပါပြီ။ ဟိုတစ်ချိန်တုံးကတော့ သူတို့တွေဟာ ကျွန်တော့်ရဲ့ စံပြတွေပေါ့။

၈၈ အရေးအခင်းမတိုင်မီ နှစ်တွေမှာ တပ်မတော်နဲ့ ဗကပတွေ၊ KNU တွေ တိုက်ပွဲကြီးတွေ ဖြစ်ကြလို့ ရေဒီယိုကနေ ရန်သူဘယ်နှစ်ယောက် ကျဆုံး၊ မိမိဘက်က ဘယ်လောက် ကျဆုံးပေါ့လေ ကြေငြာတဲ့အခါမှာ လူကြီးတွေက မိမိဘက်က ၁၀ ယောက်ဆိုရင် ၁၀ နဲ့ မြောက်၊ ၁၀၀ ပေါ့ကွာ။ ၁၀၀ ဆိုရင် ၁၀၀၀ ပေါ့လို့ ပြောကြပါတယ်။ ကျွန်တော်က နားမလည်ခဲ့ဘူး။ လူကြီးတွေဟာ ဘာလို့များ ကိုယ့်တပ်မတော်ကို ကိုယ် ချိုးနှိမ်ပြောရတာလဲ လို့ပေါ့။ မြန်မာ့အသံဆိုတာလည်း ညဘက်ပြည်လမ်းပေါ်က ကားမောင်းသွားရင် လူကြီးတွေပြလို့ “ပြည်သူ့အတွက် မြန်မာ့အသံ” လို့ တာဝါတိုင်ကြီးမှာ မီးရောင်စုံနဲ့ ရေးထားတာကို တခုပ်တရ ကြည့်နေကြပါ။ ဒါကြီးကလဲ လိမ်မယ်မထင်ပါဘူး။

၈၈ ရောက်တဲ့အခါကျတော့မှ ကျွန်တော်ထင်တာတွေ တစ်လွဲတွေပါလားဆိုတာ သိလာရတယ်။ ည ၈ နာရီ မြန်မာ့အသံ တီးလုံးတောင် “ဗြောင်လိမ့်. ဗြောင်လိမ်.. ဗြောင်လိမ့် ဗြောင်လိမ်.. ဗြောင်လိမ် ..” လို့ ဖြစ်သွားတော့တယ်။ တကယ်လဲ ဗြောင်ကို လိမ်တာခင်ဗျ။ အင်ဖာတိုက်ပွဲတုံးကတော့ ဂျပန်ရေဒီယိုက “နိပွန်တပ်မတော်ကြီးဟာ ရန်သူဘယ်နှစ်ယောက်ကိုသုတ်သင်လိုက်ပါပြီ။ ရန်သူတွေ ခွေးပြေးဝက်ပြေးပြေးနေရပါပြီ။ မကြာမီ အင်ဖာ ကို သိမ်းယူနိုင်တော့ပါမယ်” လို့ ကြေငြာရင် မဟာမိတ်တပ်တွေက မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ကြသတဲ့။ ကျွန်တော်တို့ကတော့ မရယ်နိုင်ဘူးဗျာ။ ခံထားရတာကိုး...။ ရင်ထဲမှာတော့ ကလိကလိ နဲ့ပေါ့လေ။ အခုလိုမျိုး ကိုယ်ပြောချင်တာလေးတွေ ပြောလို့ရတဲ့ နေရာကလဲ မရှိသေးဘူး မဟုတ်လား။

စစ်တပ်က အာဏာသိမ်းပြီ။ ပြည်သူတွေ၊ ကျောင်းသားတွေကို သေနတ်နဲ့ ပစ်သတ်နေပြီ။ ဒါတွေကို ကျွန်တော်တို့ ကြုံတွေ့ရ၊ ဖြတ်သန်းခဲ့ရတယ်။ စက်ရုံတွေကို စစ်ကားနဲ့ အရင်လာဖောက်ပြီး ပစ္စည်းတွေသယ်ထုတ်တယ်။ နောက် တံခါးဖွင့်ထားခဲ့ပြီး လူတွေလာသယ်တဲ့အခါကြတော့ သေနတ်နဲ့ပစ်တယ်။ စက်ရုံကို ဖျက်စီးလုယက်သူတွေပါလို့ ပြောတယ်။ တစ်ချို့လည်း တကယ် လုယက် ဖျက်ဆီးသူတွေ ရှိကြပါတယ်။ တိုင်းပြည်မှာ တရားဥပဒေ မဲ့သွားပြီဆိုတော့ ဒါမျိုးတွေ ရှိလာမှာပဲ။ အဲဒါကို ကျောင်းသားတွေကလဲ ထိန်းကြတယ်။ ရပ်ကွက်ထဲမှာလည်း ကိုယ့်လမ်းကိုယ် အလုံပိတ်ပြီး နေကြတယ်။ လူထုက စစ်တပ်ကို အရမ်းမုန်းတီးသွားတဲ့ အချိန်ဖြစ်တဲ့အတွက် စစ်ထောက်လှမ်းရေးလို့ ယူဆရင် ရက်ရက်စက်စက် နှိပ်ကွပ်ကြတယ်။ ဒါပေမယ့် ကျွန်တော် နောက်မှ စဉ်းစားမိတာတော့ သာမန်လူထုက လူသတ်ရလောက်အောင် မရိုင်းစိုင်း၊ မကြမ်းကြုတ်သွားပါဘူး။ ဒါမျိုးတွေဖြစ်လာအောင် စစ်ထောက်လှမ်းရေးကပဲ အကွက်ကျကျ စီစဉ်ခဲ့တာလို့ပဲ ထင်ပါတယ်။ ဒါမှ တိုင်းပြည်တော့ ပျက်နေပါပြီဆိုပြီး စစ်တပ်က အာဏာသိမ်းဖို့ လမ်းပွင့်မှာ မဟုတ်လား။

အဲဒီကနေ တောက်လျောက် ကျွန်တော် စစ်တပ်ကို ရွံ့ရှာမုန်းတီးသွားခဲ့တာ..။ ကျွန်တော်တို့ ကျောင်းသားတွေ ရက်ရက်စက်စက် အသတ်ခံရတယ်။ မသေမရှင်တွေရော အသေတွေရော ထရပ်ကားပေါ်ပစ်တင် မီးရှို့ပစ်တာ ကျွန်တော်တို့သိတယ်။ လုံထိန်းတွေ ရက်စက်ယုတ်မာတာ ကျွန်တော်တို့ သိတယ်။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ပြည်သူတွေကို ဘယ်လို သတ္တိနဲ့များ ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ရဲတာလဲ။ အာဂ သတ္တိရှင်တွေပါပဲ။ ဘိုချုပ်ကြီးစောမောင်က ပြည်ပသတင်းထောက်တွေကို သူတို့ တကယ်မပစ်ပါဘူး။ တကယ်ပစ်ရင် တပ်ခွဲတစ်ခွဲစာရဲ့ ပစ်အားဟာဘယ်လောက်ရှိသလဲ ဆိုတာ လက်တွေ့ကြည့်ပါဆိုပြီးတောင် ပစ်ပြလိုက်သေးတယ်။

အရေးအခင်းပြီးတဲ့အခါကြမှ ကျွန်တော် သမိုင်းမှာ အကောင်းတွေချည်းပဲ သင်ခဲ့ရတဲ့ တော်လှန်ရေးကောင်စီနဲ့ ဘိုနေ၀င်း အကြောင်းကို ကျောင်းစာအုပ်အပြင်က လေ့လာမိတယ်။ ဘိုနေ၀င်းရဲ့ ရက်စက်မှုကလဲ ကမ်းကုန်အောင်ပါပဲလား...။ ကျောင်းဝင်းထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ပစ်တယ်။ ဒါနဲ့တောင် အရှက်မရှိ “ဒါးကိုဒါးချင်း၊ လှံကိုလှံချင်း” လို့ ပြောသေးတယ်။ မြန်မာ့လွတ်လပ်ရေး သန္ဓေတည်ရာ၊ မြန့်မာ့လွတ်လပ်ရေး ခေါင်းဆောင်တွေ မွေးဖွားရာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့တယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲဆိုတာ...။ ကမ္ဘာကြေရင်တောင် ဥဒါန်းမကြေနိုင်ဘူး။ ဘိုနေ၀င်းရဲ့ နောက်လိုက် ဘိုတကာ့ဘို တွေကလည်း ထိုနည်းလည်းကောင်းပါပဲလား။ မြန်မာပြည်ရဲ့ တပ်မတော်ဟာ ဘာများဖြစ်သွားတာလဲ။ ဘာတွေများ မှားယွင်းသွားခဲ့တာလဲ...။

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မှာ တစ်တိုင်းပြည်လုံးက ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘုရားသားတော် သံဃာတော်တွေ ကိုတောင် စော်ကားရဲတဲ့အထိ၊ သတ်ဖြတ်ရဲတဲ့အထိ စစ်တပ်ဟာ အသိဥာဏ်မဲ့လာတယ်။ ဘိုသန်းရွှေရဲ့ အာဏာတည်မြဲဖို့ အတွက် သံဃာကိုတောင် မမြင်နိုင်တော့ဘူး။ ကျွန်တော်တို့ တပ်မတော်ဟာ ဒီလောက်တောင် ဆိုးဝါးနိမ့်ကျနေပြီလား။ အမိန့်ပေးရင် လူဆိုး လူကောင်း မခွဲခြားနိုင်ပဲ ထိုးကိုက်တဲ့ ခွေးတွေလိုဖြစ်နေပြီလား။ ကျွန်တော်တော့ ဒီလို မထင်မိပါဘူး။

တပ်မတော်... ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာပါ။ ဝေးဝေးမကြည့်ပါနဲ့ ကျွန်တော့် အမျိုးထဲမှာတောင် စစ်သားတွေ၊ စစ်ဗိုလ်တွေ၊ ဗိုလ်မှုးကြီးတွေ ရှိပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတာပါ ဆိုတာသေချာပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် ဒီတပ်မတော်ဟာ ပြည်သူ့ဘက်က မရပ်တည်နိုင်ရတာလဲ။ ကျွန်တော့် အထင် ပြောရရင်တော့ ကြောက်လို့ပါ။ တိုင်းပြည်အတွက် အသက်ပေးမယ်ဆိုတဲ့ စစ်သားဟာဘာကို ကြောက်တာလဲ။ အဲဒီလောက် ပြင်းထန်တဲ့ စိတ်ဓါတ်အင်အား မရှိလို့ပါ။ ကျွန်တော် အားကျခဲ့ဘူးတဲ့ ကျွန်တော့အစ်ကိုရဲ့ ဆရာ ဗိုလ်မှုးကြီးတွေ၊ ဗိုလ်ချုပ်တွေ သူတို့တွေအားလုံး တကယ်တော့ ကြောက်နေကြတာပါ။ သတ္တိမရှိတာပါ။ စုဖုယားလတ်က ကင်းဝန်မင်းကြီးကို “ထမီနဲ့ ကျောက်ပျင်” ပို့ခိုင်းသလို ဒီ ဗိုလ်ချုပ်တွေကိုလည်း ထမီနဲ့ ကျောက်ပျင် ပို့ခိုင်းမယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ မတရားတာကို သိတယ်၊ မမှန်တာကိုသိတယ်၊ သို့သော်လည်း တွန်းလှန်ဖို့ သတ္တိမရှိဘူး။ ဘာကြောင့် မတရားတာကိုသိတယ် မမှန်တာကို သိတယ်လို့ ပြောနိုင်သလဲဆိုတော့ ဒီ အာဏာရူး ဘိုသန်းရွှေအစိုးရ တရားတာလုပ်သလား မတရားတာလုပ်သလား၊ ကောင်းတာလုပ်သလား မကောင်းတာလုပ်သလားဆိုတာ ဆယ့်ငါးနှစ်သားဦးနှောက်လောက် တွေးတက်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ ဗိုလ်မှုးတွေ၊ ဗိုလ်ချုပ်တွေ ဆယ့်ငါးနှစ်သား ဦးနှောက်ထက်တော့ မကပါဘူး။ ပညာတက်တွေပဲ တွေးတက်ပါတယ်။ သတ္တိမရှိတဲ့အတွက်တော့ သူတို့ကို သနားမိပါတယ်။ နောင်လာမယ့် သမိုင်းမှာ စစ်သားဆိုတဲ့ နာမည်ခံပြီး သတ္တိမရှိလို့ သွေးကြောင်လို့ တိုင်းပြည်အတွက် မစွန့်စားရဲတဲ့ ဘိုချုပ်တွေအဖြစ် သမိုင်းကြောင်း မလှမယ့် အတွက်ပါ။ ကျွန်တော်အခု စစ်တပ်ကို မမုန်းတော့ပါဘူး။ သနားမိပါတယ်...။

အဲဒီတော့ အထက်က ဗိုလ်ချုပ်တွေက သတ္တိမရှိတော့ဘူး၊ တိုင်းပြည်အတွက် မစွန့်လွတ်ရဲ တော့ဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်အတွက် တကယ်စေတနာရှိတဲ့ တကယ်အမျော်အမြင်ရှိတဲ့ မျိုးဆက်သစ် တပ်မတော်သားတွေကို စည်းရုံးရမယ်။ မျိုးဆက်သစ် စစ်ဗိုလ်တွေကို စည်းရုံးရမယ်။ သူတို့နောက်မှာ ပြည်သူလူထုရှိတယ်။ ဒီမိုကရေစီ အင်အားစုတွေ ရှိတယ်ဆိုတာ သိလာအောင် လုပ်ရမယ်။ အောက်ခြေတပ်မတော်သား အများစုဟာ ပြည်သူတွေထက်တောင် ဆင်းရဲပင်ပန်းကြပါတယ်။ စစ်တပ်ရဲ့ လူညွန့်တုံးအောင် ပုံသွင်းထားတဲ့ တစ်သွေးတစ်သံတစ်မိန့် ကြောင့်သာ ကြောက်နေကြတာပါ။ သူတို့တစ်တွေလည်း ကျွန်တော်တို့လိုပဲ အပြောင်းအလဲကို လိုလားကြပါတယ်။ တိုင်းပြည်တိုးတက်မှာကို လိုလားကြပါတယ်။ သူတို့တစ်တွေရဲ့ ဘက်မှာ တစ်တိုင်းပြည်လုံးရှိတယ်။ အာဏာရူး ဘိုသန်းရွှေရဲ့ လက်တစ်ဆုပ်စာ စစ်ဘိုချုပ်တစ်စု ကောင်းစားဖို့ကိုပဲ ပြည်သူတွေရဲ့ အမုန်းတီးခံပြီး ကျွန်မခံတော့ဘူးဆိုတဲ့ အတွေးမျိုး သူတို့တွေရင်ထဲ ရောက်အောင် စည်းရုံးနိုင်ရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို ကျွန်ဇာတ်သွင်းနေတဲ့ စစ်အာဏာရူး ဘိုသန်းရွှေနဲ့ အပေါင်းအပါတစ်စုကို ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
This entry was posted on 9:31 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: