Author: vanko
•11:26 PM
25 Jul 2008
RFA မှ ကူးယူဖော်ပြပါသည်။


ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မြန်မာစစ်အစိုးရအပေါ် ဘယ်လိုဖိအားပေးမလဲ ဆိုတာနဲ့ပတ်သက်ပြီး မနေ့က ကြာသာပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သဘောထားတွေ ကွဲလွဲခဲ့ကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ လာမယ့်သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်ကနေ ခိုင်မာတဲ့ရလဒ်တွေ ရချင်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပြီး တကယ်လို့ မရခဲ့ရင် တင်းကျပ်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရကို ပြောချင်တာကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို အသုံးချပြီး စာမျက်နှာသစ်ကို ဖွင့်မလား၊ ဖိအားတွေကို ပိုပြီးရင်ဆိုင်မလားဆိုတာ ရွေးချယ်ဖို့ပါပဲလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ခါလီဇတ်က ပြောလိုက်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ ခရီးအောင်မြင်ဖို့ဆိုရင် မြန်မာစစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အချိန်ကန့်သတ်ချက်ရှိတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးဖို့ လိုအပ်ပါတယ် လို့လည်း သူက ဆိုပါတယ်။
ဗြိတိန်သံအမတ် ဂျွန်ဆော်ယာကတော့ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေအပေါ် အာရုံမပြတ်သင့်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရအပေါ် ဘယ်လောက်အတိုင်းအတာအထိ ဖိအားပေးမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအကြား သဘောတူညီမှု ရရှိဖို့ကတော့ အတော်ခက်ပါလိမ့်မယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကတော့ မြန်မာကိစ္စဟာ လုံခြုံရေးကောင်စီအနေနဲ့ ဘာမှဆောင်ရွက်စရာမလိုတဲ့ ကိစ္စဖြစ်ပြီး မြန်မာအပေါ် စိတ်ရှည်သည်းခံဖို့ ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်သံအမတ်ကလည်း မြန်မာနိုင်ငံပြဿနာဟာ ကျယ်ပြန့်ထွေပြားတဲ့ အတွက် ဖြေရှင်းပုံတွေကလည်း ကျယ်ပြန့်ထွေပြားသင့်ပါတယ်လို့ ဆိုပါတယ်။
မစ္စတာဂမ်ဘာရီကတော့ သူရဲံ နောက်ဆုံး မြန်မာပြည်ခရီးဟာ အောင်မြင်မှု မရကြောင်း၊ ပြဿနာတစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်မရတာပဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
|
This entry was posted on 11:26 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: