Author: vanko
•6:30 PM
SINGAPORE (AP)

မြန်မာ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဟာ နောက် ၆ လခန့်ကြာရင် နေအိမ်အကျယ်ချုပ်ကနေ လွတ်နိုင်ကြောင်း ပြောတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးတက်ရောက်တဲ့ ညစာစားပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက အရိပ်အမြွက် ပြောကြားလိုက်တာဖြစ်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ စင်္ကာပူနိုင်ငံမှာ တနင်္လာနေ့ကစလို့ တစ်ပတ်ကြာကျင်းပမယ့် အစည်းအဝေးကို တက်ရောက်နေကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းကို ထပ်မံတိုးမြင့်ခဲ့တဲ့ စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် “အလွန်အမင်း စိတ်ပျက်မိတယ်” လို့ အာဆီယံက နောက်ပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါဟာ အာဆီယံ ရဲ့ မြန်မာနိုင်ငံအပေါ် မကြုံစဖူး ထူးခြားတဲ့ ဝေဖန်အပြစ်တင်မှု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အာဆီယံဟာ “ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ” ဆိုတဲ့မူကို လက်ကိုင်ထားပြီး ခပ်ကင်းကင်းနေတက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Show full post ဆက်ဖတ်ပါရန်..

ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်ရေးနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ အပြုသဘောအဆောင်ဆုံး မှတ်ချက်တစ်ခုဖြစ်သလို စစ်အစိုးရနေနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်မြောက်မယ်ဆိုတာ တိကျတဲ့ အချိန်ဇယားတစ်ခု သတ်မှတ်ပေးဖို့ အနီးစပ်ဆုံးအနေအထားတစ်ရပ်လည်း ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုက မြန်မာနိုင်ငံ ဥပဒေအရ နိုင်ငံရေးသမားများကို ၆ နှစ်အထိ ထိန်းသိမ်းထားနိုင်တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောတယ်လို့ ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ နောက်ပြီး “အဲဒီ ကာလဟာ နောက်လာမယ့် နှစ်ဝက်အတွင်း ရောက်ရှိလာမှာဖြစ်တယ်လို့ သူက(ဦးဥာဏ်ဝင်း) ပြောပါတယ်” လို့ လည်းဆိုပါတယ်။

ဒါဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နောက် ၆လဆိုရင် ပြန်လွတ်လာတော့မယ်လို့ ဆိုလိုပါသလားလို့ မေးမြန်းတဲ့အခါမှာတော့ ဂျော့ခ်ျယိုက “ ဒါဟာ မမှန်မကန် အနုမာနမှန်းဆချက် တစ်ခုတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
အဲဒီ ညစာစားပွဲနဲ့ ဆွေးနွေးပွဲအပြီးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်စွာ ဝေဖန်ပြစ်တင်ထားတဲ့ ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

“မြန်မာစစ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးတွေဟာ သူတို့ရဲ့ အလွန်အမင်းစိတ်ပျက်ရမှုကို ဖော်ပြလိုက်ပါတယ်” လို့ ပါရှိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်ပေးဖို့ သူတို့ အစိုးရတွေရဲ့ တောင်းဆိုချက်ကိုလည်း ထပ်မံဖော်ပြတောင်းဆိုကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ အဓိပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ ဒီမိုကရေစီ စံနစ်ဆီကို ငြိမ်းချမ်းစွာ အမြန်ဆုံး ကူးပြောင်းနိုင်ဖို့ လက်တွဲလုပ်ဆောင်ဖို့ ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော့်ထင်မြင်ချက်။
ကျွန်တော်ထင်တာကတော့ နအဖ ဟာ နိုင်ငံတကာက ဖိအားတွေများပြားလာချိန်မှာ သက်သာလိုသက်သာငြား ဒီလိုလေသံလွင့်တာလို့ပဲ ထင်ပါတယ်။ အခုပြောတာကလည်း တရားဝင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောတာပါလို့လည်း ယုံကြည်လောက်စရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ နအဖဟာ အမြဲ ဗြောင်လိမ်ဗြောင်စား လုပ်နေကြပါ။ မြန်မာစစ်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းဆိုတာ ဘယ်တုံးကမှ လူကြီးလူကောင်းပီသသူတွေ မဟုတ်ပါဘူး။ ဘိုသန်းရွှေကအစ ကျော်ဆန်း အဆုံး ပြောချင်ရာ လက်လွတ်စပယ်ပြော၊ ကိုယ်ထွေးတဲ့ တံတွေး ကိုယ်ပြန်မျိုနေသူတွေမို့ ယုံကြည်စရာ တစ်ကွက်မှမရှိပါဘူး။ နောက် ၆ လအကြာမှာ နိုင်ငံတကာက ဖိအားတွေ လျော့သွားခဲ့ရင် တစ်မျိုးပြော၊ တစ်မျိုးလုပ်ဦးမှာပါ။ ဒီတော့ Gentleman စကားမဟုတ်တဲ့ ဦးဥာဏ်ဝင်း စကားကို ယုံပြီး ကျွန်တော်တို့ တိုက်ပွဲ အရှိန်တွေ လျော့မပစ်လိုက်ပါနဲ့။ နိုင်ငံတကာက ဖိအားတွေ မလျော့သွားပါနဲ့လို့ ပြောချင်ပါတယ်။ ဒါပေမယ့်ပေါ့လေ... ကျွန်တော်လည်း အကောင်းဆုံးကို မျော်လင့်ပါတယ်။ ဆယ်ခွက်တစ်ခွက်တင် ဆိုသလို အန်တီစု တကယ်ပဲ နောက် ၆ လအကြာမှာ (ဖြစ်နိုင်မယ်ဆိုရင် အခုချက်ခြင်း) လွတ်မြောက်လာပါစေလို့ ဆုတောင်းမိပါတယ်။


(အာဆီယံရဲ့ statement ကို အောက်က link မှ download လုပ်ယူနိုင်ပါတယ်။ မြန်မာအကြောင်း ဖော်ပြချက်ကို ကျွန်တော် အနီရောင် ပြောင်းပေးထားပါတယ်။)

ASEAN_statement_21Jul08.pdf
This entry was posted on 6:30 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: