Washington Times _ 28 Sept 2008

ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့မှု တစ်နှစ်ပြည့်မြောက်ချိန်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အဓိကကျတဲ့ နိုင်ငံခြားတိုင်းပြည်တွေအကြားမှာ နအဖကို ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်လာဖို့ ဘယ်လိုတွန်းအားပေးမလဲဆိုတဲ့ အပေါ်မှာ သဘောတူညီချက် မရကြသေးပါဘူး။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအဖြစ် မနေ့က စနေနေ့မှာ မြန်မာ့အရေးကို စုဝေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ဂမ်ဘာရီတို့ဟာ ဒီဇင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ယီယိုက “သူ(ဘန်ကီမွန်း) က မြန်မာပြည်ကို နောက်ထပ်သွားဦးမယ်လို့ပြောပါတယ်။ နောက်ထပ်သွားမယ်ဆိုရင် သူ့အနေနဲ့ အများကြီး သတိထားရပါမယ် ဘာဖြစ်လို့လဲဆိုတော့ ခရီးစဉ်အပေါ် မျှော်လင့်ချက်တွေကို စိစစ်ဖို့ လိုအပ်နေတဲ့အတွက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ “မြန်မာပြည်မှာ မြင်သာထင်ရှားတဲ့ တိုးတက်မှုမရှိပဲနဲ့ သူနောက်ထပ် မသွားသင့်ပါဘူး” လို့လဲ ဖြည့်စွက်ပြောကြားသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးများ ၁၅ ဦးခန့်တက်ရောက်ခဲ့တဲ့ ဒီမြန်မာ့မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲမှာ ဘယ်လိုမျိုး စံသတ်မှတ်ချက်ကမှ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အာမခံချက်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ သဘောတူညီချက် မရခဲ့ကြပါဘူး။
ဒီဆွေးနွေးပွဲအပြီးမှာ မစ္စတာဘန်ကီမွန်းနဲ့ မစ္စတာဂမ်ဘာရီတို့ဟာ သတင်းထောက်များနဲ့ ပြောကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အကျယ်ချုပ်ကျခံနေရတဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်ကို ဖော်ပြထားတဲ့ အကျဉ်းရုံး ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားတို့နည်းတူ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ဗီယက်နမ်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့မှုအပေါ် ချီးကျူးလိုကြပေမယ့် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ သြစတြေးလျှတို့ကတော့ ဒီအပြုအမူဟာ မလုံလောက်သေးဘူးလို့ ယူဆကြပါတယ်။
အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယခရီးစဉ် သို့မဟုတ် မစ္စတာဂမ်ဘာရီရဲ့ ငါးကြိမ်မြောက် ခရီးစဉ်တွေဖြစ်လာဖို့ အခြေအနေလိုအပ်ချက်ဟာ အီးယူနဲ့ အနောက်နိုင်ငံတွေက အလေးအနက်တောင်းဆိုနေသလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရမယ်ဆိုတဲ့ အချက်ဖြစ်မလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုတော့ မစ္စတာယီယိုက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေကတော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထိန်းသိမ်းခံနေရဆဲ အနေအထားမှာ ဒီမဖြစ်စလောက် အရေအတွက်ကလေးလွှတ်ပေးခဲ့တာကို အသိအမှတ်ပြုဖို့ ငြင်းဆိုကြပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲရလဒ်ကိုလည်း နိုင်ငံအနည်းအကျဉ်းကသာ လက်ခံကြပါတယ်။
“ကျွန်တော်တို့အမြင်အရ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်ထွန်းမှု လုံးဝမရှိပါဘူး” လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာပေါ်လစီအကြီးအကဲ Javier Solana က The Washington Times ကိုပြောကြားခဲ့ပါတယ်။
ကျွန်တော့်အမြင်ကတော့ စင်္ကာပူဟာ ထုံးစံအတိုင်း မြန်မာ့အရေးမှာ အမြဲတမ်း ကြီးကြီးကျယ်ကျယ်ပြောပြီး လက်တစ်လုံးခြား ခေါင်းရှောင်နေဆဲပါပဲ။
VOA News_27 September 2008
ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားတာကို ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုထားတာကို ကုလသမဂ္ဂဘက်က ငြင်းဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက စစ်အစိုးရ ကို ကုလသမဂ္ဂက အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသဂ္ဂရဲ့ ဥပဒေရေးရာ ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က (Patricia O’Brien) က တုန့်ပြန်ထားချက်ကို မနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က အခုလို ပြောပါတယ်။
“အခုလို မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ စာပါအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်မှု တစုံတရာ ရှိမှာ မဟုတ်တဲ့အကြောင်း ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က ပြောပါတယ်။ ဒီလို နိုင်ငံတွေက ကိုယ်စားလှယ်တွေကို တရားဝင် အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အထွေထွေညီလာခံမှာ တင်ပြတဲ့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ နည်းနာတွေအရ သုံးသပ်ပိုင်ခွင့်၊ ကုလသဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်း အမှတ် (၂၇) နဲ့ ကိုက်ညီမှု မရှိပါဘူး။ စည်းမျဉ်းအမှတ် (၂၇) နဲ့ ကိုက်ညီတဲ့ တရားဝင်တင်ပြချက်တွေ မတွေ့ရပါဘူး၊ ဒီစည်းမျဉ်းအရ ကုလသမဂ္ဂအတွင်း တရားဝင်မှုကို သတ်မှတ်ဖို့ တင်ပြတဲ့အခါ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနကသာ တင်ပြနိုင်မှာဖြစ်ပါတယ်။”
ကုလသမဂ္ဂ ဘက်က အခုလို မြန်မာစစ်အစိုးရရဲ့ တရားဝင်မှုကို ရုပ်သိမ်းရေးကို လက်မခံသေးပေမယ့်လည်း ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီလို တင်ပြတာကို အလျော့မပေးသေးဘူးလို့ ပြောပါတယ်။ အခုလို ကုလသမဂ္ဂကို စာတင်ပြီး တောင်းဆိုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက အခုလို ပြောပါတယ်။
“ကျမတို့ အနေနဲ့ကတော့ အရင်တုန်းကတည်းက ဒီဟာကို ဒီနှစ်မှာ တင်မယ်။ ဒီနှစ်ကို မတင်ဖြစ်ရင် နောက်နှစ်ကို တင်မယ်။ အဲဒီတော့ အခု ငြင်းလိုက်တယ် ဆိုတဲ့ဟာက ဘာအကြောင်းတွေ ကျမတို့မှာ ဘာ ချို့ယွင်းချက် ရှိလို့ ဆိုတာတွေကို သိအောင်လုပ်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ နောက်နှစ်ခါ ဆက်တင်နိုင်အောင်၊ ဒါမှမဟုတ်လို့ရှိရင်တော့ ဒီအကြောင်းကို ပိုပြီးတော့ လုပ်ရဖို့ ဆိုတာကို စဉ်းစားဖို့ ကျမတို့ ဒီမှာ အဖွဲ့ ရှိပါတယ်။ ပြီးတော့ ဒီအလုပ်က အဲန်စီယူဘီ အထွေထွေ တပ်ပေါင်းစုရဲ့ ဦးဆောင်မှု နဲ့ ကျမတို့က လုပ်နေတာပါ။ အဲဒီတော့ ကျမတို့ ပြန်ပြီးတော့ တိုင်ပင်ရပါအုံးမယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ဆိုတဲ့အကြောင်းကို သိရလို့ရှိရင် ဒီအကြောင်းကို ကျော်လွှားနိုင်အောင် ကျမတို့ ကြိုးစားမှာပါ။ နောက်နှစ်ခါလည်း ကျမတို့ တင်နိုင်အောင် ကြိုးစားအုံးမယ်လို့ ကျမတို့ ယူဆပါတယ်။”
လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပြသွားတာပါ။
ဒါက VOA ရဲ့ ဖော်ပြချက်ပါ။ International Herald Tribune မှာဖော်ပြထားတဲ့ AP သတင်းတစ်ပုဒ်မှာတော့ Members of Parliament Union (Burma) ရဲ့ ဒုဥက္ကဌ ဒေါ်စန်းစန်းက UN နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အမြဲတမ်းမစ်ရှင်အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနဲ့ ဦးသိန်းဦးကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတယ်လို့ ပြောကြားကြောင်း ဖြည့်စွက်ဖော်ပြထားပါတယ်။




ဓါတ်ပုံများနှင့် ကြေငြာချက်ကို အစ်မ မေအိခင်ထံမှ ရရှိပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနှစ် ၂၀ပြည့်အထိမ်းအမှတ်နေ့ (၂၇ စက်တင်ဘာ ၂၀၀၈၊ မနေ့က) ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ၂၇-၉-၂၀၀၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်အမှတ် (၂၀/၉/၀၈) ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်များကို ဖော်ပြထားပြီး အာဏာပိုင်တို့ရဲ့ နည်းမျိုးစုံနဲ့ မတရားဖိနှိပ်ထားတဲ့ကြားကပဲ တိုင်းပြည်အတွက် အနှစ် ၂၀ တိုင်တိုင် မယိုင်မလဲ ရပ်တည်နိုင်ခဲ့ကြောင်း၊ မိမိတို့ အကျိုးစီးပွားများကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် ကြံ့ကြံ့ခံလုပ်ဆောင်ခဲ့သည်များအတွက် ချီးကျူးဂုဏ်ယူပါကြောင်း ဖေါ်ပြထားပါတယ်။
နအဖ အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ နဲ့အညီ ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်းမရှိပဲ မိမိတို့ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေများ၊ ကြေငြာချက်များ၊ ကတိက၀တ်များကို ချိုးဖောက်လျှက်ရှိကြောင်း၊ ထို့ကြောင့်ပြည်သူလူထုက အာဏာပိုင်တို့အပေါ် အယုံအကြည်ကင်းမဲ့သွားပြီဖြစ်ကြောင်း၊ ဥပဒေပြုသူ ကိုယ်တိုင်က ဥပဒေကိုချိုးဖောက်ခြင်းဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရတဲ့ အမဲစက်ကြီးဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တို့က မိမိတို့ ဥပဒေ၊ ကတိက၀တ်တွေကို ချိုးဖောက်တဲ့အတွက် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ်လည်း ပြည်သူတွေက ယုံမှားသံသယရှိမှာဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ဝေဖန်ထားပါတယ်။
မေလလူထုဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ထုတ်ဖော်ကြေငြာထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် လက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ဖော်ထားပါတယ်။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက လျစ်လျှူရှုလို့မရကြောင်း၊ တိုင်းပြည်အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် ရှိရမှာဖြစ်ကြောင်းလည်း အတိအလင်း ထုတ်ဖော်ကြေငြာထားပါတယ်။
ကြေငြာချက်ကို အကျဉ်းချုပ်ကြည့်မယ်ဆိုရင်တော့
- နအဖ အနေနဲ့ မိမိတို့ ပေးထားတဲ့ကတိက၀တ်တွေအတိုင်း ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူပေးရန်။
- ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်။
- NLD အနေနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရရန်။
- ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖျက်သိမ်းခြင်းခံထားရတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးခွင့်ပြုရန် တောင်းဆိုထားတာတွေ့ရပါတယ်။
ဒီကြေငြာချက်ဟာ ကျွန်တော်ဖတ်ဖူးသမျှ NLD ရဲ့ ကြေငြာချက်တွေမှာ အားအရဆုံးကြေငြာချက်တစ်စောင်ဖြစ်ပါတယ်။ ဒါဟာ ဦးဝင်းတင်တို့လို အတွေ့အကြုံရှိ၊ ခံယူချက်ပြင်းထန်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ ခေါင်းဆောင်တွေ NLD မှာ ပြန်လည်ပူးပေါင်းလာနိုင်လို့လဲ ဖြစ်နိုင်ပါတယ်။ (ဒါပေမယ့် ကြေငြာချက်မှာ ၁၁-၉-၂၀၀၈ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့မှာ ဦးဝင်းတင်တို့ မလွတ်သေးပါဘူး။) စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကိုဖိနှိပ်ဖို့ကြိုးစားနေတဲ့ နအဖရဲ့ ရပ်တည်မှုနဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်စိန်ခေါ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို NLD ရဲ့ ဦးဆောင်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်သူတွေအတွက် ဆောင်ကျဉ်းပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ကြေငြာချက်အပြည့်အစုံကိုတော့ အောက်ကလင့်မှာ ယူပါ။
NLD ၂၀နှစ်မြောက် ကြေငြာစာတမ်း
(ဒီသတင်းကတော့ အစ်မ မေအိခင်ရဲ့ ဘလော့ဂ်ကနေ တစ်ပုဒ်လုံးကူးချထားတာပါ။ ကူးချရကောင်းလားလို့ အပြစ်ပြောလဲ ခံရမှာပါပဲ။ ကျွန်တော်က သူရေးထားတဲ့အတိုင်း အရသာမပျက် ပြန်ဖောက်သည်ချချင်တာကိုး...။ ဒါကတော့ ဆင်ခြေပေါ့...။ :P)ပါတီနှစ်နှစ်ဆယ်ပြည့်အခမ်းအနားကို ယနေ့ကျင်းပခဲ့သည် ထိုအခမ်းအနားမှသတင်းကောင်းမှာ နိုင်ငံရေးတစ်ခုလုံး ပြောင်းလဲလာနိုင်သည့်သတင်းမှာ ဘဘ ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေကို မူလတာဝန်တရားဝင်ပြန်လည်အပ်နှင်းပြီး ဒေါက်တာသန်းငြိမ်းအား ရန်ကုန်တိုင်း ဒုဥက္ကဌအဖြစ်တာဝန်ပြန်ပေးအပ်ရာ ကာယကံရှင်များမှ ၀မ်းမြောက်ဝမ်းသာလက်ခံကြိုဆိုကြောင်း သိရသည်။ နဂိုအင်အားကို ပို၍ မြင့်မားစွာဆောင်ရွက် နိုင်ပြီဖြစ်သည်။ အခမ်းအနားကို အင်အား ၆၀၀ နီးပါတက်ရောက်ပြီး ဗဟိုအလုပ်အမှုဆောင်များမှ တရားဝင် တာဝန်မေးမြန်းခြင်း အပ်နှင်းခြင်းကို စနစ်တကျပြုလုပ်ခဲ့ ပါသည်။ ဤသည်ကိုလေ့လာခြင်းဖြင့် ပါတီစီအီးစီသည် အရည်အသွေးအမှန်တကယ် စစ်မှန်ပြည့်ဝသောသူများအားလက်ဆင့်ကမ်းရန် တွဲဖက်ဆောင်ရွက်ရန် ၀န်မလေးကြောင်း တွေ့ရသဖြင့် ဒီမိုကရေစီရေးအတွက် အလားအလာကောင်းများဖြစ်ကြောင်း တင်ပြလိုက်ပါသည်။


မနှစ်က သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြတာကို နအဖက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့ ရွှေဝါရောင်တော်လှန်ရေးကို အမှတ်ရတဲ့အနေနဲ့ သြစတြေးလျှနိုင်ငံ ဆစ်ဒနီနဲ့ ပါ့သ် မြို့တွေမှာ လူတွေရာနဲ့ချီပြီး လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ The Sydney Morning Herald သတင်းမှာ ဖော်ပြထားပါတယ်။
“အဲဒီတုံးက ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့သူ ၇၀၀ ကျော်ဟာ ခုထိထိန်းသိမ်းခံနေရတုံးပါပဲ။ ဒီအထဲမှာ ရဟန်းတော် ၁၇၆ ပါးနဲ့ သီလရှင် ၁၀ ပါး ပါဝင်ပါတယ်” လို့ Burma Campaign Australia ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ချိုက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေထဲက ရဟန်းတော် ၉ပါး အပါအ၀င် အနည်းဆုံး ၁၈ ဦးဟာ ကြမ်းတမ်းတဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် ကွယ်လွန်ခဲ့ရတယ်လို့လဲ သူက ဆက်ပြောပါတယ်။
ဒီကြီးမားတဲ့ လူထုလမ်းလျှောက်ပွဲတွေ ပြုလုပ်ရတာဟာ သြစတြေးလျှ အစိုးရအနေနဲ့ အထိန်းသိမ်းခံနေရသူတွေ လွတ်မြောက်ဖို့အတွက် ကူညီပြီး နအဖကို ဖိအားပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆစ်ဒနီမြို့က လမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါလီမန်အမတ်တစ်ဦးဖြစ်သူ John Kaye က “တစ်နှစ်လည်ခဲ့ပါပြီ ကမ္ဘာကြီးဟာ မြန်မာပြည်သူတွေ အတိဒုက္ခရောက်နေတာကို ကျောခိုင်းမနေသင့်ပါဘူး” လို့ ပြောပါတယ်။ “ဒီကနေ့ကျင်းပတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားဟာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဖိအားပေးသွားဖို့ ကမ္ဘာကြီးရဲ့ အာရုံစူးစိုက်မှုကို ပြန်ရယူတဲ့ ပွဲပါပဲ။”
“မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ စိတ်ဓါတ်အားမာန်ဟာ ပြိုကွဲမသွားသေးပါဘူး။ နိုင်ငံတကာမိသားစုရဲ့ ကူညီဖေးမမှုနဲ့ မြန်မာပြည်ဟာ တဖန်ပြန်လည် လွတ်မြောက်လာဦးမှာပါ” လို့လည်း သူကဆက်လက်ပြောကြားသွားပါတယ်။
မြန်မာစစ်အစိုးရဟာ ဒီတစ်ပတ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးကိုလွတ်ပေးခဲ့ပါတယ်။ ဦးမြင့်ချိုကတော့ ဒါဟာ “အပေါ်ယံဟန်ပြ” လုပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ကြီးဝင်းထိန်ကို လွတ်ပေးပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖမ်းခဲ့ပါတယ်။ ဒါ နအဖ အနေနဲ့ နိုင်ငံတကာဖိအားတွေ လျှော့သွားအောင် အပေါ်ယံဟန်ပြ သက်သက်လုပ်တာပဲ။ မြန်မာပြည်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၁၃ ယောက်ဟာ ခုထက်ထိ အဖမ်းခံနေရတုံးပဲ။ သူတို့တွေ လွတ်မြောက်ဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းပေးဖို့ သြစတြေးလျှ အစိုးရကို ကျွန်တော်တို့ အရေးဆိုနေတာပါ” လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီ ဖွဲ့စည်းထူထောင်ခဲ့တဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ NLD ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ခုချိန်မှာတော့ ပါတီကို စတင်ထူထောင်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ဟာ နေအိမ်အကျယ်ချုပ်ကျခံနေရပါတယ်။ ပါတီရဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ကို ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရပါတယ်။
NLD နှစ် ၂၀ ပြည့်တဲ့နေ့မှာပဲ စိတ်ကောင်းစေတနာထားတယ်ဆိုတဲ့ နအဖဟာ NLD ပါတီဝင် သုံးဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီသတင်းဌာနကတော့ ၉ ဦးလို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် မထက်ထက်ဦးဝေ၊ ဒေါ်ရှမ်းမတို့ အပါအ၀င် တခြားပါတီဝင် ၄ ဦးကို အခမ်းအနားမစမီနှင့် နောက်ထပ်ပါတီဝင် ၃ ဦးကို အခမ်းအနားမှအပြန် ပါတီဌာနချုပ်ရှေ့၌ပင် ဖမ်းဆီးခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောဆိုသည်။ (ဧရာဝတီ)ဒီကနေ့ အနှစ် ၂၀ မြောက်အခမ်းအနား မကျင်းပမီမှာ ပါတီဝင်တွေဟာ အဖွဲ့ချုပ်ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကြွေးကြော်တောင်းဆိုကြပြီး ငှက်တွေကို လှောင်ချိုင့်ထဲက လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရွှေဝါရောင်တော်လှန်ရေးကြီး တစ်နှစ်ပြည့်ခဲ့ပါပြီ။ အေးချမ်းစွာ မေတ္တာပို့ကြွချီခဲ့ကြတဲ့ သံဃာတော်တွေကို ရဲ၊ စစ်တပ်နဲ့ နအဖရဲ့လက်ကိုင်တုတ် ကြံ့ဖွတ်၊ စွမ်းအားရှင်တွေက ရိုင်းစိုင်းယုတ်မာစွာ အကြမ်းဖက်နှိမ်နင်းခဲ့လို့ သံဃာတွေတွေ သွေးမြေကျခဲ့ရပါတယ်။ ကျောင်းတိုက်တွေကို အတင်းအဓမ္မ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေကို ဖမ်းဆီးထောင်ချခဲ့လို့ ရဟန်းတော်တွေ အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ဒီလို လူစိတ်မရှိလောက်အောင် ကမ်းကုန်အောင်မိုက်ရိုင်းစော်ကားခဲ့တဲ့ နအဖ နဲ့ ခါးပိုက်ဆောင်စစ်တပ်၊ လက်ကိုင်တုတ်တွေရဲ့ ဇာတ်သိမ်းကတော့ ဘယ်လိုမှကောင်းနိုင်စရာမရှိပါဘူး။ သံသရာတစ်လျောက်ပဲ ကြည့်ကြည့် ဒီတစ်ဘ၀ပဲ ကြည့်ကြည့် ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့ပါဘူး။ ဒီ မိုက်ရိုင်းစော်ကားမှုကြီးမှာ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့တဲ့ တပ်မှုးတွေရဲ့ အချက်အလက်တွေလဲ မှတ်တမ်းမှတ်ရာတွေရှိနေပါတယ်။ နောက်ဘ၀ ငရဲမရောက်ခင် ဒီဘ၀မှာပဲ ကြိုးစင်တက်ဖို့ ပြင်ထားကြပါ။

ငရဲလားမယ့်သူတွေ
(အမှန်တော့ဗျာ ... ကျွန်တော်က သတင်းသမားတစ်ယောက် ဖြစ်ချင်တာပါ။ သတင်းသမားဆိုတာ သတင်းကို အာဃာတမထားပဲ အရှိကို အရှိအတိုင်း အပိုအလိုမရှိ တင်ပြရမယ် မဟုတ်လား။ ဒါပေမယ့် တစ်ခါတစ်လေ စိတ်ထဲက ထိုခိုက်ခံစားရတာတွေ ရောပြွမ်းကုန်တာတော့ ခွင့်လွတ်ပါဗျာ။)
UN News

ကမ္ဘာနဲ့အ၀ှမ်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အမျိုးသားရေး အချုပ်အခြာဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို ရှောင်ရှားနေတဲ့ နိုင်ငံတွေရဲ့ အပိတ်ဆို့ အဖျက်ဆီးခံနေရတယ်လို့ လစ်သူယေးနီးယား သမ္မတ Valdas Adamkus က အတွေထွေညီလာခံရဲ့ နှစ်စဉ်ကျင်းပနေကျ အဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂဟာ မြန်မာ၊ ဆူဒန်နဲ့ ဇင်ဘာဘွေတို့လို ပြဿနာမီးပွား အစပျိုးနေတဲ့ နေရာတွေမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ခဲ့ဘူးလို့ သူကဝေဖန်သွားပါတယ်။
“ကမ္ဘာကြီးက UN ရဲ့ ဦးဆောင်မှုကို လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းကတော့ အခြေအနေတွေနဲ့ သင့်လျှော်ကိုက်ညီအောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါဟာ တစ်ချို့နိုင်ငံတွေရဲ့ ပဓာနမကျတဲ့ လုပ်ထုံးလုပ်နည်းပညတ်ချက်တွေနဲ့ အချုပ်အခြာအာဏာဆိုတဲ့ ဒိုင်းအောက်မှာ အကာအကွယ်ယူပြီး ကုလသမဂ္ဂကို ချိနဲ့အောင် လုပ်နေကြလို့ပါပဲ” လို့ သူကပြောပါတယ်။ သူက လတ်တလောဖြစ်ပွားခဲ့တဲ့ ဂျော်ဂျီယာ-ရုရှား ပဋိပက္ခကို ကိုးကားပြီးပြောကြားရာမှာ ဒီကိစ္စဟာ နိုင်ငံငယ်လေးတစ်ခုအပေါ် နိုင်လိုမင်းထက် ရန်လိုမှုကို တုံ့ပြန်ဆန့်ကျင်ဖို့ ကုလသမဂ္ဂရဲ့ အကြီးအကျယ် ပျက်ကွက်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“ဒီကိစ္စမှာ ကျွန်တော်တို့ ပျက်ကွက်ခဲ့ရတာဟာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းပြည်တစ်ခုက ကုလပဋိဥာဏ်စာတမ်းနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးရမယ့် လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် တစ်ဦးဖြစ်နေလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။” လို့လဲသူက ပြောသွားပါတယ်။
လစ်သူယေးနီးယား သမ္မတက တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလသမဂ္ဂရဲ့ အဓိကမစ်ရှင်ဟာ “လူ့သားဘ၀နဲ့ လူသားအခွင့်အရေး” ကိုကာကွယ်ဖို့ ဖြစ်တယ်ဆိုတာ ပြန်သတိရကြဖို့ကိုလည်း နှိုးဆော်လိုက်ပါတယ်။
“ကမ္ဘာတစ်လွှား စံထားကြတဲ့ တန်ဖိုးတွေနဲ့ နိုင်ငံတကာ ဥပဒေတွေ ခြိမ်းခြောက်ခံနေရတဲ့ အချိန်မှာ ကုလသမဂ္ဂဟာ မလှုပ်မယှက်နဲ့ တုံဏှိဘာဝေ ပွဲကြည့်နေသူသက်သက်တော့ ဖြစ်လို့မရပါဘူး။ ခုအထိတော့ ကုလသမဂ္ဂဟာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်း ကိစ္စတွေမှာ မကြာခဏဆိုသလို ပွဲကြည့်သူသက်သက် ဖြစ်နေတုံးပါပဲ” လို့လဲ ဝေဖန်လိုက်ပါတယ်။
၂၁ ရာစုရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ဖို့အတွက်လည်း UN ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်နေတယ်ဆိုတာ ရှင်းလင်းနေပါတယ်လို့လဲ ပြောကြားသွားပါတယ်။
ဒါဟာ ကမ္ဘာ့အဖိနှိပ်ခံ လူဦးရေအများဆုံးနေထိုင်ရာ တတိယနဲ့ ဒုတိယ ကမ္ဘာ့နိုင်ငံတွေက UN ကို reform လုပ်ဖို့ လိုလားနေပြီဆိုတာ ပွင့်ပွင့်လင်းလင်း သတိပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲမှာလည်း ဒီနှစ်အတွက် ဥက္ကဌအဖြစ် တာဝန်ယူတဲ့ နီကာရာဂွာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Miguel D’Escoto Brockmann ကလည်း “ပိုပြီး ဖိအားပြင်းထန်လာတဲ့ ကမ္ဘာ့ပြဿနာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ (အဖွဲ့နိုင်ငံ) အများစုရဲ့ သဘောထားအမြင်တွေကို အနည်းစုက မလွှမ်းမိုးနိုင်ရေးအတွက်” ကုလသမဂ္ဂကို ဒီမိုကရေစီကျတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ ဆော်သြသွားခဲ့ပါတယ်။
25 Sept 2008
ဒီဓါတ်ပုံကို NEJ သတင်းဌာနမှ ကူးယူဖော်ပြပါတယ်။ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဆူးလေကားမှတ်တိုင် အနောက်ကပ်လျက် ပန်းခြံစည်းရိုးအတွင်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။ မဇ္ဈိမသတင်းဌာန ကတော့ တစ်ဦးသေဆုံးတယ်လို့ ဖော်ပြသွားပါတယ်။ ရန်ကုန်အေပီသတင်းက လူ (၃) ဦး ဒဏ်ရာရသည်ဟု ရေးသော်လည်း ဒီပီအေ သတင်းဌာနကတော့ လူ (၇) ဦး ဒဏ်ရာရတယ်လို့ ရေးသားထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲနှင့် လုံခြုံရေးများ ရောက်ရှိလာပြီး ထိုဧရိယာတစ်ဝိုက်ကို ပိတ်ဆို့ ကာရံလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားကြောင်းကို ပန်းပဲတန်းမြို့နယ်ရဲစခန်းနဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းတို့မှ အတည်ပြုခဲ့သော်လည်း အသေးစိတ်ပြောကြားဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောကြောင်း ခေတ်ပြိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မဇ္ဈိမသတင်းဌာနကတော့ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကိုပါ တွေ့ရှိရကြောင်း၊ အဆိုပါဗုံးကို ရဲများက ဗုံးမှန်းမသိပဲ မြို့တော်ခန်းမအတွင်းသို့ ယူဆောင်သွားစဉ် ဗုံးရှင်းလင်းရေးအဖွဲ့ အချိန်မှီရောက်လာ၍ စံနက်တံကို ဖြုတ်လိုက်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ရန်ကုန်မြို့တော်မှာ လုံခြုံရေးတွေတင်းကျပ်နေတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၁ ရက်နေ့ညကလည်း တာမွေမြို့နယ်ရဲစခန်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းကြားရပါတယ်။ ဒီပေါက်ကွဲမှုတွေအတွက် နအဖအနေနဲ့ ဘယ်သူ့ကို လက်ညှိုးထိုးဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ပြီးခဲ့တဲ့ ရွှေပြည်သာ ကြံဖွံ့ရုံး ဗုံးပေါက်ကွဲမှုမှာတော့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့က သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။
အစ်မ မေအိခင်က ကျွန်တော့်ကို ဗိုလ်ကြီးဝင်းထိန် ကသာထောင်ကအပြန်လမ်းမှာပဲ ပျောက်သွားတယ်လို့ သတင်းပြောပြပါတယ်။ ဒီသတင်းကို မဇ္ဈိမသတင်းဌာနမှာ အခုလို ဖေါ်ပြထားပါတယ်။
မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 17:15 - မြန်မာစံတော်ချိန်ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကသာမြို့နယ် အကျဉ်းထောင်မှ ယမန်နေ့က လွှတ်ပေးခဲ့ပြီး ယနေ့ နံနက်တွင် ပြန်ဖမ်းကာ ထောင်အတွင်း ပြန်ထည့်လိုက်ကြောင်း မဇ္ဈိမက သတင်းရရှိသည်။(အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်) ဗိုလ်ကြီးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး ကိုယ်ရေးအရာရှိအဖြစ် ထမ်းရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ပထမအကြိမ် ဖမ်းဆီးခြင်းခံရပြီး ၁၉၉၆ ခုနှစ်မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ် မေလမှာပဲ ပြန်လည် အဖမ်းဆီးခံခဲ့ရပြီး ယခု ၂၀၀၈ ခုနှစ်အထိ စုစုပေါင်း ၁၉ နှစ်အကျဉ်းကျခံခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ ဗိုလ်ကြီးဝင်းထိန်ကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ ကသာထောင် စသည်ဖြင့် တစ်နေရာပြီးတစ်နေရာ ပြောင်းလဲချုပ်နှောင်ခဲ့ပါတယ်။ ထောင်ထဲမှာ ရှိနေစဉ် အနေအစား ချို့တဲ့တာကြောင့် နှလုံးရောဂါနဲ့ အရိုးကျီးပေါင်းတက်ရောဂါများကို ခံစားနေရတယ်လို့လည်း သိရပါတယ်။