

မနှစ်က သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြတာကို နအဖက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့ ရွှေဝါရောင်တော်လှန်ရေးကို အမှတ်ရတဲ့အနေနဲ့ သြစတြေးလျှနိုင်ငံ ဆစ်ဒနီနဲ့ ပါ့သ် မြို့တွေမှာ လူတွေရာနဲ့ချီပြီး လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ The Sydney Morning Herald သတင်းမှာ ဖော်ပြထားပါတယ်။
“အဲဒီတုံးက ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့သူ ၇၀၀ ကျော်ဟာ ခုထိထိန်းသိမ်းခံနေရတုံးပါပဲ။ ဒီအထဲမှာ ရဟန်းတော် ၁၇၆ ပါးနဲ့ သီလရှင် ၁၀ ပါး ပါဝင်ပါတယ်” လို့ Burma Campaign Australia ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ချိုက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေထဲက ရဟန်းတော် ၉ပါး အပါအ၀င် အနည်းဆုံး ၁၈ ဦးဟာ ကြမ်းတမ်းတဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် ကွယ်လွန်ခဲ့ရတယ်လို့လဲ သူက ဆက်ပြောပါတယ်။
ဒီကြီးမားတဲ့ လူထုလမ်းလျှောက်ပွဲတွေ ပြုလုပ်ရတာဟာ သြစတြေးလျှ အစိုးရအနေနဲ့ အထိန်းသိမ်းခံနေရသူတွေ လွတ်မြောက်ဖို့အတွက် ကူညီပြီး နအဖကို ဖိအားပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆစ်ဒနီမြို့က လမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါလီမန်အမတ်တစ်ဦးဖြစ်သူ John Kaye က “တစ်နှစ်လည်ခဲ့ပါပြီ ကမ္ဘာကြီးဟာ မြန်မာပြည်သူတွေ အတိဒုက္ခရောက်နေတာကို ကျောခိုင်းမနေသင့်ပါဘူး” လို့ ပြောပါတယ်။ “ဒီကနေ့ကျင်းပတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားဟာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဖိအားပေးသွားဖို့ ကမ္ဘာကြီးရဲ့ အာရုံစူးစိုက်မှုကို ပြန်ရယူတဲ့ ပွဲပါပဲ။”
“မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ စိတ်ဓါတ်အားမာန်ဟာ ပြိုကွဲမသွားသေးပါဘူး။ နိုင်ငံတကာမိသားစုရဲ့ ကူညီဖေးမမှုနဲ့ မြန်မာပြည်ဟာ တဖန်ပြန်လည် လွတ်မြောက်လာဦးမှာပါ” လို့လည်း သူကဆက်လက်ပြောကြားသွားပါတယ်။
မြန်မာစစ်အစိုးရဟာ ဒီတစ်ပတ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးကိုလွတ်ပေးခဲ့ပါတယ်။ ဦးမြင့်ချိုကတော့ ဒါဟာ “အပေါ်ယံဟန်ပြ” လုပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ကြီးဝင်းထိန်ကို လွတ်ပေးပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖမ်းခဲ့ပါတယ်။ ဒါ နအဖ အနေနဲ့ နိုင်ငံတကာဖိအားတွေ လျှော့သွားအောင် အပေါ်ယံဟန်ပြ သက်သက်လုပ်တာပဲ။ မြန်မာပြည်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၁၃ ယောက်ဟာ ခုထက်ထိ အဖမ်းခံနေရတုံးပဲ။ သူတို့တွေ လွတ်မြောက်ဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းပေးဖို့ သြစတြေးလျှ အစိုးရကို ကျွန်တော်တို့ အရေးဆိုနေတာပါ” လို့ သူကဆက်ပြောပါတယ်။
News
|

0 comments: