Author: vanko
•7:18 PM
TIMES NEWS_ 15 Sept 2008



ဇင်ဘာဘွေသမ္မတ Robert Mugabe နဲ့ အတိုက်အခံခေါင်းဆောင်တို့ဟာ သဘောတူညီမှုတစ်ရပ်ကို လတ်မှတ်ရေးထိုးလိုက်ကြပါပြီ။ အဲဒီ သဘောတူညီချက်အရ ဆယ်စုနှစ်သုံးခုနီးပါး သမ္မတရာထူးကို ဆုပ်ကိုင်ထားတဲ့ မူဂါဘီဟာ သူ့ရဲ့ အာဏာတစ်ချို့ကို ခွဲဝေပေးရမှာဖြစ်ပြီး နှစ်ဘက်စလုံးကတော့ တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ဖေါ်ပြခဲ့ကြပါတယ်။

မူဂါဘီဟာ သူ့ရဲ့သမ္မတရာထူးမှာ ဆက်လက်တည်မြဲနေမှာဖြစ်ပြီး အတိုက်အခံခေါင်းဆောင် Morgan Tsvangirai ကတော့ ၀န်ကြီးချုပ်ရာထူးကို ရယူမှာဖြစ်ပါတယ်လို့ တောင်အာဖရိကသမ္မတ Thabo Mbeki ကပြောကြားသွားပါတယ်။

ဒီရလဒ်ဟာ တောင်အာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အရ တောင်အာဖရိကနိုင်ငံသမ္မတ အမ်ဘီကီ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ သုံးလကြာ ခက်ခဲတဲ့ဆွေးနွေးညှိနှိုင်းမှုများရဲ့ အသီးအပွင့်ပဲဖြစ်ပါတယ်။ ဒီလက်မှတ်ထိုးပွဲကို Southern African Development Community (SADC) ရဲ့ အဖွဲ့ဝင် ၁၄ နိုင်ငံက ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

“ကျွန်တော်တို့တစ်တွေ တူညီတဲ့လမ်းကြောင်း တူညီတဲ့ခရီးလမ်းကိုပဲ လျှောက်လှမ်းကြရမှာပါ” လို့ သမ္မတမူဂါဘီက လက်မှတ်ထိုးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ “ဒီကနေ့ဟာ ကျွန်တော်တို့ စတင်တဲ့နေ့များလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်တွေ ကိုယ်တိုင်မသိကြပဲ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် အသိအမှတ်မပြုကြပဲ လမ်းတစ်ကြောင်းထဲပေါ်မှာ လျှောက်နေခဲ့ကြတာပါ။ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ဇင်ဘာဘွေနိုင်ငံသားတွေပါ။ တခြားလျှောက်စရာလမ်း လိုက်စရာလမ်းမရှိပါဘူး။ သမိုင်းကပဲ ကျွန်တော်တို့ကို တူညီတဲ့လမ်းကြောင်းကို လျှောက်စေတာပါ။”

အတိုက်အခံခေါင်းဆောင် Tsvangirai ကတော့ သူ့မိန့်ခွန်းထဲမှာ “ဒီသဘောတူညီချက်မှာ ပါဝင်တဲ့အချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ တိုင်းပြည်က ကျွန်တော်တို့ကို စောင့်ကြည့်နေပါတယ်” လို့ ပြောကြားသွားပါတယ်။ သူက “နိုင်ငံရေးပါတီတွေအားလုံး လက်ခံနိုင်လောက်တဲ့ အဖြေတစ်ခု”ရဖို့ သမ္မတမူဂါဘီရဲ့ အားထုတ်မှုကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ သူက အာဖရိကခေါင်းဆောင်များနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအ၀င် ကမ္ဘာ့နိုင်ငံခေါင်ဆောင်များကိုလည်း “အဖွဲ့ဝင်နိုင်ငံတစ်ခု ငတ်မွတ်မွဲတေနေပြီး ဖရိုဖရဲ ဗရမ်းဗတာဖြစ်နေတဲ့ အခြေအနေကို လက်ပိုက်ကြည့်မနေပဲ တာဝန်ရှိကြောင်း အသိအမှတ်ပြုတဲ့အတွက်” ကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ်။

Tsvangirai က ဇင်ဘာဘွေနိုင်ငံသားတွေဟာ အခုဆိုရင် “တိုင်းပြည်စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်ချီတက်ကြမလား” ဒါမှမဟုတ်ရင် တိုင်းပြည်တစ်ခုလုံး “ကျဆုံးခြင်းချောက်နက်ထဲကို ထိုးဆင်းပြီး ထွက်ပေါက်မရှိတဲ့အနေအထား”ကို သွားမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခု ရှိလာပြီလို့ ပြောပါတယ်။

သူက ပါလီမန်အဖွဲ့ဝင်တွေကိုလည်း “မိမိတစ်ပါတီအကျိုးစီးပွားကို ကျော်လွန်ပြီး စုပေါင်းဆောင်ရွက်ကြဖို့ ဆန္ဒပြင်းပြမှု“ အတွက် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ “ခင်ဗျားတို့ဟာ ကျွန်တော်တို့ရဲ့ အတိတ်ကရန်သူတွေဖြစ်ခဲ့တယ်ဆိုရင် ဒီကနေ့မှာတော့ တူညီတဲ့မျိုးချစ်စိတ်ရဲ့အလိုအရ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် တစ်သားတည်းပေါင်းစည်းမိကြပါပြီ” လို့လည်း ပြောကြားသွားပါတယ်။

ဒီသဘောတူညီချက်ရရှိသွားကြောင်းကို လွန်ခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက ကြေငြာခဲ့ပေမယ့် ဒီကနေ့ တနင်္လာနေ့ လက်မှတ်ရေးထိုးပွဲမတိုင်ခင်အထိတော့ အသေးစိတ်ကို ထုတ်ဖော်ကြေငြာခြင်းမပြုခဲ့ပါဘူး။ အခုသဘောတူညီမှုအရ မူဂါဘီဟာ သမ္မတဖြစ်ပြီးတော့ အစိုးရအဖွဲ့ရဲ့ ဥက္ကဌရာထူးကို ရယူမှာဖြစ်ပါတယ်။ Tsvangirai ကတော့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်မယ့် “၀န်ကြီးအဖွဲ့ကောင်စီ”ရဲ့ ခေါင်းဆောင်ရာထူးကို ရယူမှာဖြစ်ပါတယ်။

EU ကတော့ ဒီသဘောတူညီချက်ကို ကြိုဆိုခဲ့ပေမယ့် ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းဖို့ကတော့ နောက်လမှ စဉ်းစားကောင်း စဉ်းစားမယ်လို့ နိုင်ငံခြားရေးရာပေါ်လစီအကြီးအကဲ Javier Solana ကပြောကြားလိုက်ပါတယ်။

တကယ်လို့ သမ္မတမူဂါဘီဟာ တိုင်းပြည်ရဲ့ စီပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေက လွန်မြောက်ဖို့နဲ့ အာဏာခွဲဝေမှုအပေါ်မှာ သူ့ရဲ့ စစ်မှန်ရိုးသားမှုကို ပြသနိုင်မယ်ဆိုရင် အနောက်နိုင်ငံတွေဆီက ထောက်ပံ့ငွေ ဒေါ်လာသန်းပေါင်းများစွာကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

ဇင်ဘာဘွေဟာ တရားဝင်ငွေကြေးဖောင်းပွမှုနှုန်း ရာခိုင်နှုန်း ၁၁ သန်း (11 million percent) နဲ့ ကမ္ဘာပေါ်မှာ ငွေကြေးအဖောင်းပွဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ တခြားလွတ်လပ်တဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကတော့ တကယ်တမ်း ငွေကြေးဖောင်းပွမှုဟာ ရာခိုင်နှုန်း သန်း ၄၀ (40 million percent) ရှိနိုင်ပြီး နေ့စဉ်နေ့တိုင်းလည်း တိုးလာနေတယ်လို့ ခန့်မှန်းကြပါတယ်။

“Tsvangirai ဟာ အကြွင်းမဲ့အာဏာမရပေမယ့် အဓိကကျပြီးခိုင်မာတဲ့ လုပ်ပိုင်ခွင့်အာဏာကို ရရှိထားပါတယ်” လို့ အတိုက်အခံ ဥပဒေပညာရှင် David Coltart ကပြောကြားပါတယ်။ “ဒါဟာ သမိုင်းတွင်မယ့် အဖြစ်အပျက်တစ်ခုဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရှည်လျားပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တက်တဲ့ ခရီးလမ်းရှည်ကြီးကို လျှောက်လှမ်းရဦးမှာပါ” လို့လည်း ပြောဆိုသွားပါတယ်။

ဘာပဲပြောပြော အာဖရိကရဲ့ ဆူးတစ်ချောင်းဖြစ်တဲ့ ဇင်ဘာဘွေမှာတော့ သိသာထင်ရှားတဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ရဲ့ ကြားဝင်ဆောင်ရွက်မှု၊ ပိတ်ဆို့အရေးယူမှုတွေဟာလည်း တစ်ကြောင်းဖြစ်ပေမယ့် ပိုပြီးအရေးပါတဲ့အကြောင်းကတော့ Southern African Development Community (SADC) ရဲ့ တာဝန်သိမှုလို့ပဲ ကျွန်တော်ထင်ပါတယ်။ တောင်အာဖရိကသမ္မတ Thabo Mbeki စိတ်ရောကိုယ်ပါ ကြိုးစားပမ်းစား စေ့စပ်ညှိနှိုင်းပေးမှုတွေကြောင့် ဒီသဘောတူညီချက်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးထက် ပိုပြီးအဓိကကျတဲ့ အကြောင်းရင်းကတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ တိုင်းပြည်အပေါ်စေတနာတကယ်ထားမှုပဲ ဖြစ်ပါတယ်။ တကယ်ပဲ တိုင်းပြည်ကို ချစ်လို့ စေတနာရှိလို့လားဆိုတာကိုတော့ ကျွန်တော်တို့တစ်တွေ ဆက်လက်ရှုစားရဦးမှာပဲ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီးလည်း ကိုယ်ကျိုးစီးပွားပဲမကြည့်ကြပဲ SADC လို တာဝန်သိစိတ်ရှိလာဖို့ မျှော်လင့်ပါတယ်။
This entry was posted on 7:18 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: