•5:39 PM

Bangkok Post Breaking News _ 9 Sept 2008
သတင်းကောင်းတစ်ပုဒ်ကို မျှဝေချင်ပါတယ်။ ဒီနေ့ပဲ ထိုင်းနိုင်ငံ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ၀န်ကြီးချုပ် ဆမတ်ဟာ Commercial Television တစ်ခုမှာ ၂ကြိမ်တိုင်တိုင် အချက်အပြုတ်နည်းပညာတွေ လက်စွမ်းပြခဲ့တာဟာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တရားသူကြီး ကိုးဦးပါဝင်တဲ့ ဂျူရီအဖွဲ့က မစ္စတာဆမတ် နုတ်ထွက်ပေးရမယ်လို့ တညီတညွတ်တည်း ဆန္ဒမဲပေးခဲ့ပါတယ်။
“တရားခံဟာ အခြေခံဥပဒေ အပိုဒ်ခွဲ ၂၆၇ ကို ကျူးလွန်ဖောက်ဖျက်ခဲ့တဲ့အတွက် သူ့ရဲ့ ၀န်ကြီးချုပ်ရာထူးဟာလည်း အဆုံးသတ်သွားပါပြီ” လို့ ဂျူရီအဖွဲ့ခေါင်းဆောင် Chat Chonlaworn ကပြောကြားခဲ့ပါတယ်။
ဆမတ်ဟာ Face Media က ကမကထလုပ်တဲ့ Chim Pai Bon Pai (Tasting and Grumblimg) နဲ့ Yok Khayong Hok Mong Chao (All Set at 6am) cooking programmes တွေမှာ အခကြေးငွေယူပြီး ပါဝင်လက်စွမ်းပြခဲ့ခြင်းအားဖြင့် အခြေခံဥပဒေ ပိုဒ်ခွဲ ၂၆၇ ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
လက်ရှိအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကတော့ ယာယီအစိုးရအဖြစ် နောက်ထပ်ရက်ပေါင်း ၃၀ အကြာမှာ ပါလီမန်က ၀န်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြောက်ပြီးချိန်အထိ ဆက်လက်တာဝန်ယူရမယ်လို့လည်း အမိန့်ချမှတ်လိုက်ပါတယ်။ ဒုတိယ၀န်ကြီးချုပ် Somchai Wongsawat က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဥပဒေအရ ၀န်ကြီးချုပ်ဟာ အမြတ်ငွေ သို့မဟုတ် ၀င်ငွေရရှိဖို့ မည့်သည့်ပုံစံမျိုးနဲ့မှ မည်သည့်အဖွဲ့အစည်းနဲ့မှ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
အစိုးရအိမ်တော်ကို သိမ်းပိုက်ထားတဲ့ အတိုက်အခံ People's Alliance for Democracy (PAD) ထောက်ခံသူတွေဟာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုကြားရတဲ့အခါ ပျော်ရွှင်ပြီး အော်ဟစ်ကြတယ်လို့ဆိုပါတယ်။
လက်ရှိအာဏာရ People Power party (PPP) ရဲ့ ဒုတိယခေါင်းဆောင် Karn Thiankaew ကတော့ တရားစီရင်ထုံးကို လေးစားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီနေ့မနက် (အင်္ဂါနေ့) စောစောပိုင်းကတော့ PPP ပြောရေးဆိုခွင့်ရှိသူ Kudep Saikrachang က ပါတီဝင်တွေဟာ မစ္စတာဆမတ်ကို အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ထောက်ခံဆန္ဒမဲပေးကြလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
PPP ပါတီရဲ့ ပါလီမန်အမတ်တစ်ဦးလည်းဖြစ် ပါတီစည်းရုံးဆော်သြသူတစ်ဦးလည်းဖြစ်တဲ့ Witthaya Buranasiri ကတော့ မစ္စတာဆမတ်ပြန်လည် ရွေးကောက်ခံရဖို့ မဟာမိတ်ပါတီတွေကို ဆော်သြမယ်လို့ပြောကြားပါတယ်။
“တချို့တွေက Chart Thai ပါတီခေါင်းဆောင် Banharn Silpa-archa ကို ၀န်ကြီးချုပ်နေရာအတွက် အဆိုပြုကြပေမယ့် ကျွန်တော်တို့ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကတော့ မဟာမိတ်အဖွဲ့တွေကို မစ္စတာဆမတ် ၀န်ကြီးချုပ်ရာထူးမှာ ဆက်လက်တည်မြဲဖို့ ထောက်ခံကြဖို့ အဆိုပြုကြမှာပါ” လို့သူက ပြောသွားပါတယ်။
Chart Thai ပါတီခေါင်းဆောင် Banharn Silpa-archa ကတော့ သူဟာ ဒီရာထူးကို လက်ခံမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြင်းထန်တဲ့ နိုင်ငံရေးဖိအားဒဏ်တွေကို မခံနိုင်လို့ပါလို့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
“ဒီအတိုင်းပဲနေတာ ကောင်းပါတယ်။ ကျွန်တော် အသက်ရှည်ရှည်နေချင်တယ်” လို့ သူကပြောသွားပါတယ်။
သိန်းစိန်ကို လက်စွမ်းပြ ချက်ပြုတ်ကျွေးရုံနဲ့အားမရ ပိုက်ဆံယူပြီး တီဗွီမှာ လက်စွမ်းပြမိတဲ့ ဆမတ်တစ်ယောက်တော့ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့သွားတာပါပဲ။ ဒါဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစံနစ်ခိုင်မာပုံကို မျက်ဝါးထင်ထင်တွေ့ရတာဖြစ်ပါတယ်။ မြန်မာပြည်မှာလို တရားစီရင်ရေးစံနစ်ဟာ နအဖရဲ့ နောက်မြီးဆွဲအဆင့်မဟုတ်တာကို ထင်ထင်ရှားရှားတွေ့ရတာပါပဲ။ ဒီသတင်းကို မြန်မာပြည်သူတွေ ဖတ်ခွင့်သိခွင့်မရအောင် နအဖဟာ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်ဦးမှာပါပဲ။ ဒါပေမယ့် ဘိုသန်းရွှေနဲ့ အာဏာရူး စစ်ဘိုတစ်သိုက်ကို ပြောချင်တာကတော့ “မိုးကြိုးပစ်တာ တန်းလက်နဲ့ကာလို့မရဘူး” ဆိုတာပါပဲ။
News
|

0 comments: