Author: vanko
•6:06 PM

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ၆၃ ကြိမ်မြောက် အထွေထွေညီလာခံကို မနေ့က (၁၆ စက်တင်ဘာ) စတင် ဖွင့်လှစ်လိုက်ပါတယ်။ အထွေထွေညီလာခံဖွင့်ပွဲကတော့ ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ထူးခြားတာတစ်ခုတော့ ရှိပါတယ်။ အထွေထွေညီလာခံရဲ့ ဥက္ကဌသစ်က “ပိုပြီး ဖိအားပြင်းထန်လာတဲ့ ကမ္ဘာ့ပြဿနာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ (အဖွဲ့နိုင်ငံ) အများစုရဲ့ သဘောထားအမြင်တွေကို အနည်းစုက မလွှမ်းမိုးနိုင်ရေးအတွက်” ကုလသမဂ္ဂကို ဒီမိုကရေစီကျတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ ဆော်သြလိုက်ပါတယ်။

ဥက္ကဌအသစ်ဖြစ်တဲ့ နီကာရာဂွာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Miguel D’Escoto Brockmann က “ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာကြီးပေါ်က အဖိနှိပ်ခံနေရတဲ့ ဆုံးရှုံးနေကြရတဲ့ လူများစုကြီးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံမှု၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးတွေနဲ့ တိုးတက်မှုတွေ ဆောင်ကျဉ်းပေးဖို့ ကုလသမဂ္ဂအပေါ်ထားရှိတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ကို ကျွန်တော် အလေးဂရုပြုမိပါတယ်” လို့ သူ့မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ သူဥက္ကဌအဖြစ် တာဝန်ယူရမယ့် နှစ်အတွင်းမှာ ဒီ အဖိနှိပ်ခံ၊ အဆုံးရှုံးခံ လူများစုကြီးရဲ့ အကျိုးစီးပွားအတွက် မြုတ်နှံဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့လဲ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂကို ဒီမိုကရေစီကျအောင်လုပ်မှပဲ ဒီအဖွဲ့ကြီးဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံးနဲ့ မရှိမဖြစ်တဲ့ အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်သွားနိုင်မှာဖြစ်ပြီး ကမ္ဘာပြည်သူများက အမှန်တကယ်လိုလားတောင်းဆိုနေကြတဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအဆင့်ကို ရရှိအောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ အဖွဲ့အရွယ်အစားနဲ့ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ရမယ်။ ဒါဟာ ကုလသမဂ္ဂအတွက် အဆောတလျှင် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဗီတိုအာဏာ အထူးအခွင့်အရေးရထားတဲ့နိုင်ငံတွေဟာ သူတို့ကိုယ်သူတို့ အင်မတန်အရေးပါတဲ့သူတွေလို့ အထင်ရောက်နေပြီး ဒါဟာ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို မစဉ်းစားပဲ သူတို့ကြိုက်ရာ ထင်ရာလုပ်နိုင်ဖို့ အပ်နှင်းထားတဲ့ အခွင့်အရေးတစ်ခုလို့ ထင်မြင်မှုတွေ ရှိနေပါတယ်” လို့လည်း ပြောကြားသွားပါတယ်။

အခုမိန့်ခွန်းဟာ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲခွင့်ရထားတဲ့ နိုင်ငံကြီးတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်လိုက်တဲ့ မိန့်ခွန်းတစ်ခုဖြစ်ပါတယ်။ UN ကို reform လုပ်ဖို့ အသံတွေထွက်လာတာ ကြာခဲ့ပါပြီ။ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ဒီမိုကရေစီ စတာတွေကို ဆောင်ကျဉ်းပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးကိုယ်၌ကိုက ဒီမိုကရေစီစနစ်မထွန်းကားတာ လူရယ်စရာပါ။ အဖွဲ့ဝင်နိုင်ငံအများစုရဲ့ ဆုံးဖြတ်ချက်တွေ၊ လိုလားချက်တွေကို ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံတစ်ခုက ပယ်ချနိုင်တယ်ဆိုတာ အော်တိုကရေစီ မဟုတ်ဘူးလားခင်ဗျာ။

ကမ္ဘာသူကမ္ဘာသားတိုင်းက မျှော်လင့်အားထားနေကြတဲ့ အဖွဲ့အစည်းတစ်ခုဟာ ဒီမိုကရေစီကို ကျင့်သုံးတဲ့ စံပြအဖွဲ့အစည်းတစ်ခု ဖြစ်သင့်ပါတယ်။ ကိုယ်တိုင်က စံပြမလုပ်နိုင်ပဲ၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးနိုင်ပဲ သူတပါးကို ကျင့်သုံးခိုင်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ စကားမပီတဲ့ သီချင်းသင်ပေးတဲ့ဆရာက “ငါရှိုသလို မရှိုနဲ့၊ နင်တို့ ရှိုတက်သလိုရှို” ဆိုတာလို ဖြစ်နေမှာပေါ့။

၁၉၈၉ မှာ Francis Fukuyama က အက်ဆေးတစ်ပုဒ်မှာ The End of the History သမိုင်းနိဂုံးချုပ်ပြီလို့ သူကပြောပါတယ်။ ထောက်ခံသူတွေ မထောက်ခံသူတွေ ဝေဖန်သူတွေနဲ့ အတော်လေး ကျယ်ကျယ်လောင်လောင်ဖြစ်သွားခဲ့ပါတယ်။ သူက လစ်ဘရယ်ဒီမိုကရေစီသာ လူသားတို့ အိုင်ဒီအိုလော်ဂျီဆင့်ကဲတိုးတက်မှုဖြစ်စဉ်ရဲ့ အဆုံးမှတ်ဖြစ်ပြီး နောက်ဆုံးပိတ် စကာတင်ကျန်ခဲ့မယ့် လူသားအစိုးရပုံစံဖြစ်တယ်လို့ ပြောပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး စစ်အေးတိုက်ပွဲ အဆုံးသတ်သွားမှုနဲ့ ဗဟိုအာရှနိုင်ငံများ၊ တောင်အမေရိကနိုင်ငံများနဲ့ အရှေ့ဥရောပနိုင်ငံများရဲ့ ဒီမိုကရေစီသို့ တိမ်းညွတ်လာမှုတွေကို ရည်ညွှန်းပြီး အိုင်ဒီအိုလော်ဂျီတိုက်ပွဲ အဆုံးသတ်သွားခဲ့ပြီ၊ လစ်ဘရယ်ဒီမိုကရေစီသာ နောက်ဆုံးလူသားတို့ တညီတညွတ်တည်း လက်ခံလာမယ့် တစ်ခုတည်းသော အိုင်ဒီအိုလော်ဂျီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တကယ်တမ်းမှာတော့ အိုင်ဒီအိုလော်ဂျီတိုက်ပွဲဟာ အဆုံးသတ်သွားပြီလို့ ကျွန်တော်တော့ မမြင်ပါဘူး။ သူရည်ညွန်းခဲ့တဲ့ နိုင်ငံတော်တော်များများဟာ backwards နောက်ပြန်သွားနေတာကို တွေ့ရမှာပါ။ တရုတ်ပြည်ဟာလည်း လစ်ဘရယ်ဒီမို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ ရုရှားဟာလည်း လစ်ဘရယ်လမ်းကြောင်းကနေ သိသိသာသာကြီးကိုလွဲချော်ပြီး အော်တိုကရေစီဘက်ကို ပြန်သွားနေတာ တွေ့ရမှာပါ။ အခုနောက်ဆုံး ဂျော်ဂျီယာကိစ္စမှာ ရုရှားရဲ့ ကိုင်တွယ်ပုံဟာ ဒီမိုကရေစီကို အတိအလင်း စိန်ခေါ်မှုလို့ပဲ ကျွန်တော်မြင်ပါတယ်။ နောက်တစ်ခုက Fukuyama ရဲ့ အက်ဆေးရေးသားနေချိန်မှာပဲ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံး၊ စည်းကမ်းအသေ၀ပ်ဆုံး၊ တည်ငြိမ်မှုအရှိဆုံးဆိုတဲ့ စင်္ကာပူမှာ လစ်ဘရယ်ဒီမိုမဟုတ်ပဲ အီလီဘရယ် ဒီမိုကရေစီ(illiberal democracy) ကို ကျင့်သုံးနေပါတယ်။ နောက်ဆုံးပြောရရင်တော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ကမ္ဘာ့ပြည်သူများ မျှော်လင့်နေကြတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင် ဒီမိုကရေစီစနစ်ကို မကျင့်သုံးနိုင်သေးပါဘူး။ ဒါကြောင့်အခု Miguel D’Escoto Brockmann ပြောသလိုများ ကုလအဖွဲ့ကြီးမှာ ဒီမိုကရေစီကို တကယ်ကျင့်သုံးနိုင်ခဲ့ရင်၊ ကုလသမဂ္ဂကို ဒီမိုကရေစီဇာတ်သွင်းပေးနိုင်ရင်တော့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟာ ယခုထက်ပိုပြီး စိတ်ဝင်စားစရာကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

အချိန်ရခဲ့ရင် ဒီအကြောင်းနဲ့စပ်ဆက်ပြီး Thomas Lauren Friedman ရဲ့ The World Is Flat ဆိုတဲ့စာအုပ်အကြောင်း ဆက်ပြီးဆွေးနွေးချင်ပါသေးတယ်။

This entry was posted on 6:06 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: