Author: vanko
•8:03 PM
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများနဲ့ နိုင်ငံတကာကလည်း စိတ်ပူနေကြပါတယ်။ အခုဆို သီတင်းသုံးပတ်ကျော်ခဲ့ပါပြီ။ ဘာသတင်းမှ တိတိကျကျမသိရတဲ့အတွက် အန်တီစုရဲ့ ကျန်းမာရေးအခြေအနေကို မသိရပါဘူး။ နအဖ သတင်းစာမီဒီယာတွေကတော့ လူထုကိုအထင်မှားအမြင်မှားဖြစ်အောင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ တင်းမာနေသယောင်၊ သူတို့တစ်တွေကတော့ သဘောထားကြီးသယောင် ၀ါဒဖြန့်ချိရေးသားနေတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် လူထုဟာ ၈၈ မတိုင်ခင်က လူထုမဟုတ်တော့ပါဘူး။ နိုင်ငံတကာသတင်းမီဒီယာတွေကိုလည်း နအဖ အနေနဲ့ ကောင်းစွာမထိန်းချုပ်နိုင်တော့ပါဘူး။ ဒီမိုကရေစီဘက်တော်သား မြန်မာဘလော့ဂါတွေကို နှိပ်ကွပ်ဖို့ စင်္ကာပူမှာ သင်တန်းတွေပေးထား၊ စင်္ကာပူ အကူအညီနဲ့ တည်ဆောက်ထားတဲ့ cyber warfare center လည်း မထိန်းချုပ်နိုင်တော့ပါဘူး။ နအဖ လိမ်တိုင်းညာတိုင်း ယုံကြည်မှာမဟုတ်ပါဘူး။

နအဖ ရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာကလည်း ကိုယ့်ပေါင်ကိုယ်ပြန်ထောင်း၊ ကိုယ့်မိုက်ဂုဏ်ကိုယ်ဖော်နေတဲ့ ပွဲပါပဲ။ ကျော်ဆန်းရဲ့ လူမိုက်စကားတွေ၊ သတင်းထောက်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ငါးစိမ်းသည်ရန်တွေ့တွေ့ပုံတွေကိုပဲ တွဲမြင်မိမှာပါ။ လူထုကနောကြေနေပါပြီ။ ရှင်ဥက္ကဌကို မဟာစည်ဆရာတော်ဘုရားကြီးပြောသလို “မဟုတ်တာတွေပဲ ရွေးပြောတက်တယ်” ဆိုတာလိုပါပဲ။ နအဖ သတင်းစာရှင်းလင်းပွဲဆိုတာ ကျွန်တော်တို့မှာသာ နာစရာတွေမရှိခဲ့ရင် မပြုံးပဲဝါးလုံးကွဲ ရယ်ရမယ့် မျောက်ပွဲပါပဲ။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ ပါးစပ်ထဲတွေ့ကရာ ပုဒ်မတွေနဲ့ တောင်စဉ်ရေမရ မျက်စိမှိတ်ပြီး ရမ်းအော်နေတဲ့ပွဲပါ။ သတင်းစာရှင်းလင်းပွဲတစ်ခါလုပ်တိုင်း နအဖဟာ သူ့ရဲ့ညံ့ဖျင်းလှတဲ့ကိုင်တွယ်ပုံတွေကို လူကြားသူကြားချပြပြီး မရှိတဲ့သိက္ခာတွေ ကျပြီးရင်းကျနေတာကို လည်းသိဟန်မတူပါဘူး။ အဲဒီလို သိနိုင်လောက်တဲ့ အသိဥာဏ်အဆင့်အတန်းလည်း ရှိပုံမပေါ်ပါဘူး။ အခုလည်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးနှင့် အန်အယ်လ်ဒီအဖွဲ့ဝင် (၂) ဦးတို့ကို ရွှေပြည်သာကြံ့ဖွံ့ရုံးဗုံးဖောက်ခွဲမှု ကျူးလွန်သူအဖြစ် ရမ်းသမ်းစွပ်စွဲထားတယ်လို့ သိရပါတယ်။ ကာယကံရှင်တွေကတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

အင်တာနက်စာမျက်နှာတွေက ကောက်နုတ်ထားချက်တွေကို ဖတ်ကြည့်ပါ။

ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ဇူလိုင် (၁) ရက် ရွှေပြည်သာကြံ့ဖွံ့ရုံးကို ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သူများသည် ထန်းတပင် အန်အယ်လ်ဒီ လူငယ် ရန်ရွှေနှင့် ရွှေပြည်သာအန်အယ်လ်ဒီ ဇော်ဇော်အောင်တို့ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရန် ပြည်ပက အဓိကစီမံဆောင်ရွက်ပေးသူမှာ FDB မှ ကျော်ထက်ဖြစ်ပြီး ဗုံးပေးသူနှင့် ငွေကြေး တဆင့်ခံ ထောက်ပံ့ပေးသူမှာ ဦးမြင့်အေးဖြစ်သည်ဟု စွပ်စွဲထားသည်။

ရဲချုပ်၏ ဦးမြင့်အေးအပေါ် စွပ်စွဲချက်များသည် လုံးဝဆီလျော်မှုမရှိဘဲ မှားယွင်းသည့်စွပ်စွဲချက် များသာဖြစ်သည်ဟု HRDP အဖွဲ့မှ ဦးမောင်မောင်လေးက ပြောကြားသည်။

၎င်းက “ကျနော်တို့က လူ့အခွင့်အရေးကိစ္စပဲလုပ်တယ်။ မည်သည့်တခြားကိစ္စမှ လက်ခံဆောင် ရွက်ခြင်းမရှိဘူး။ အကြမ်းဖက်မှုကိစ္စတွေ ကျနော်တို့ကိုယ်တိုင်လည်း ဆန့်ကျင်တယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း၊ အစိုးရ အကုန်ဆန့်ကျင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က တစုံတရာ အားပေးစရာ၊ ပတ်သက်စရာအကြောင်း ဘာမှမရှိဘူး” ဟု ပြောသည်။ (NEJ - 8 Sept 2008)

NLD ကရော ဒီစွပ်စွဲချက်အပေါ် ဘယ်လိုများတုန့်ပြန်ပါသလဲ။

ဖောက်ခွဲဖျက်ဆီးမှုများကို ကျူးလွန်ရာတွင် အန်အယ်လ်ဒီပါတီဝင်များ ပါဝင်ပတ်သက်နေသည် ဆိုသည့် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီ၏ စွပ်စွဲချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “မနေ့က သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီဆိုပြီး ပြောသွားတဲ့ တော်တော်များများဟာ အန်အယ်လ်ဒီက ထုတ်ပယ်ပြီးသားသူတွေဖြစ်တယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ စွပ်စွဲချက်အဆင့်ပဲရှိပါတယ်။ သက်သေထင် ရှားတဲ့ အချက်တွေမဟုတ်ပါဘူး။ အန်အယ်လ်ဒီအပေါ်မှာ ပိုပြီးဖိအားပေးတဲ့သဘောလို့ပဲ မြင်ပါတယ်။ ဒီဖောက်ခွဲဖျက်ဆီးရေးသမားတွေနဲ့ အန်အယ်လ်ဒီက ချိတ်ဆက်တယ်ဆိုတဲ့ သဘောမျိုးပါ ” ဟုပြောသည်။ (NEJ - 8 Sept 2008)

“ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီ အဖွဲ့ဝင် တဦးတယောက်ကိုမှ ဖမ်းတာဆီးတာ ကျနော်တော့ မကြား သေးဘူး၊ အခု ပြောတဲ့ လူတွေက လွန်ခဲ့တဲ့ ၄-၅ နှစ်ကတည်းက အန်အယ်လ်ဒီ က ထုတ်ထားတဲ့ လူတွေ၊ အဓိက က အန်အယ်လ်ဒီ သိက္ခာကျအောင် ကြိုးစားတာပဲ”ဟု ဦးဥာဏ်ဝင်းက ပြောဆိုသည်။ (The Irrawaddy _ 8 Sept 2008)

FDB ကရော ဘယ်လိုများ တုံ့ပြန်ပါသလဲ။

“ဖက်ဆစ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အာဏာရှင်ဆိုတာ လူထုကို ဦးဆောင်နိုင်စွမ်းရှိတဲ့သူတွေ၊ အာဏာရှင်တွေကို လူထုရှေ့ကနေ ဆန့်ကျင်ခေါင်းဆောင်သွားနိုင်တဲ့သူတွေကို အဲလိုပဲ ပုံဖျက် တတ်ကြတယ်၊ လူ့အခွင့်အရေးသမားတယောက်ကို အခုလို ဗုံးခွဲတဲ့အကြမ်းဖက်သမား တယောက်အနေနဲ့ ပုံဖျက်တာကတော့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း လုပ်နေကျပဲလို့ မြင်တယ်”

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု(FDB) ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်ထက်ရဲ့ တုံ့ပြန်ပြောကြားချက်ပါ။

“ကြံ့ဖွံ့ရုံးဗုံးပေါက်တဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ စက်တင်ဘာမှာ ဘာလက်နက်မှ မပါတဲ့ သံဃာတော်တွေကို ဘာသာ၊ သာသနာမှန်းမသိ၊ မတရား ရိုက်နှက်ဖမ်းဆီးတာတယ်၊ ဘေးက ကြည့်နေတဲ့လူတွေကိုတောင် အဓမ္မရိုက်နှက်ဖမ်းတာ၊ အဲလိုဖိနှိပ်မှုတွေ ပြင်းထန်လို့ရှိရင် တန်ပြန်မှုတွေဖြစ်လာတာဟာ ဓမ္မတာပဲ၊ ဖိနှိပ်မှုတွေကို တန်ပြန်တဲ့ လုပ်ရပ်မျိုးတွေက ကျနော်တို့ မလုပ်ပေမဲ့ ဒီကိစ္စတွေအပေါ်မှာတော့ ကျနော်တို့က ထောက်ခံရလိမ့်မယ်၊ ကျနော်ကတော့ အဲလိုပဲမြင်တယ်” ဟု ဦးကျော်ထက်က ဆက်ပြောသည်။ (Yoma3 News Service _ 8 Sept 2008)

ဒီတုံ့ပြန်ချက်တွေကို ကြည့်ရင် NLD ရဲ့ တုံ့ပြန်မှုဟာ သိပ်ကိုလက်လွတ်စပယ် ပြီးစလွယ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင်အရ တကယ်တမ်းဖြစ်သင့်တာက NLD ကို ဒီလိုမျိုး နိုင်ငံရေးအရ သိက္ခာကျအောင် ဒီအကြမ်းဖက်မှုတွေနဲ့ ပုံစံအမျိုးမျိုးနဲ့ အတင်းဆက်စပ်ပေးနေတာကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သင့်ပါတယ်။ နအဖကို ဒီလို အောက်တန်းကျတဲ့ အပြုအမူတွေ နောက်ထပ်မလုပ်ဖို့ လူသိရှင်ကြား နိုင်ငံတကာကိုပါ ကြေငြာချက်တွေထုတ်ပြီး ပြင်းပြင်းထန်ထန်ဖိအားပေးသင့်ပါတယ်။ ဒီလို ပြီးစလွယ် ပျော့တိပျော့ညံ့ငြင်းဆိုတာလောက်နဲ့တော့ NLD ရဲ့ရှေ့ရေးဟာ ရင်လေးစရာဖြစ်နေပါပြီ။ လက်ရှိ NLD ခေါင်းဆောင်ပိုင်းရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း ပြန်လည်ဆန်းစစ်သင့်နေပါပြီ။

ပြစ်မှုကျူးလွန်သူတဦးချင်းကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း၊ အန်အယ်လ်ဒီအပေါ် နောင်မည်သို့ သဘောထားရမည်ဆိုသည်မှာ အန်အယ်လ်ဒီ၏ ရှေ့ဆက် ဆောင် ရွက်မှု အပေါ် မူတည်သည်ဟု ပြန်ကြား ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကလည်း ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ (NEJ _ 8 Sept 2008)

ကျော်ဆန်းရဲ့ စကားအသွားအလာအရဆိုရင် မကြာခင်ကာလမှာ NLD ဟာ နအဖရဲ့ အလဲထိုးခြင်းကို ခံရတော့မယ်လို့ ကျွန်တော်မြင်နေပါတယ်။ ကျွန်တော်တို့အတွက် တစ်ခုတည်းသောမျော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ အန်တီစုဟာ အခုဆိုရင် သူ့ကျန်းမာရေးအတွက်တောင် ဂရုမစိုက်တော့ပဲ နအဖကို သူတက်နိုင်တဲ့နည်းနဲ့ အပြင်းအထန် ဖိအားပေးနေပါပြီ။ ဒီအချိန်မှာ NLD အပါအ၀င် နိုင်ငံရေးအင်အားစုတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ နအဖကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်အောင် နိုင်ငံတကာအကူအညီနဲ့ ၀ိုင်းဝန်းဖိအားပေးကြရမှာပါ။ NLD ရဲ့ကြေငြာချက်လို “ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုဖြစ်သွားရင် နင်တို့ကြောင့်နော်..” ဆိုတဲ့ ကြေငြာချက်လောက်နဲ့တော့ အလုပ်မဖြစ်နိုင်လောက်ဘူးလို့ပဲ ထင်ပါတယ်။

NLD ရဲ့ ကြေငြာချက်ကို အောက်မှာဖတ်ကြည့်ပါဦး။ မေအိခင် blog မှ ကူးယူဖေါ်ပြပါတယ်။




This entry was posted on 8:03 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: