Author: vanko
•10:43 PM
Bangkok Post 4 Sept 2008

ဒီကနေ့ Bangkok Post သတင်းစာ Breaking News မှာ တက္ကသိုလ်ကျောင်းသူလေးနှစ်ဦးဟာ ၀န်ကြီးချုပ်စမတ်ရဲ့ အိမ်တော်ကို ဆန္ဒပြဖို့အသွား လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ည (ကြာသာပတေးနေ့) ၉း၃၀ ခန့်မှာ Ramkhamhaeng တက္ကသိုလ်က ကျောင်းသူကျောင်းသား အယောက် ၁၀၀ လောက်ဟာ စမတ်ရဲ့ အိမ်ဘက်ကို ဆန္ဒပြဖို့ စုဝေးတဲ့နေရာကနေ ထွက်လာပြီး မကြာခင်မှာပဲ မော်တော်ဆိုင်ကယ် တစ်စီးအနားက ဖြတ်မောင်းသွားပြီး ကျောင်းသားထုထဲကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အပစ်ခံခဲ့ရတဲ့ ကျောင်းသူနှစ်ဦးစလုံးဟာ အသက် ၂၂ နှစ်အရွယ်တွေဖြစ်ပြီး သူတို့ကို Sinpat ဆေးရုံကို အမြန်ပို့ဆောင်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဒဏ်ရာအခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဘန်ကောက်က ဆန္ဒပြပွဲသတင်းတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ အတော်လေး လှုပ်လှုပ်ခပ်ခပ်ဖြစ်နေပေမယ့် မြန်မာပြည်မှာတော့ ဖော်ပြခွင့်မရဘူးလို့ သိရပါတယ်။ ဒီသတင်းတွေကို မီဒီယာတော်တော်များများမှာ တွေ့နေရတော့ ကျွန်တော် ဘလော့ဂ်မှာ အထူးအတွေ မဖော်ပြပဲ ထားလိုက်တာပါ။ ဒါပေမယ့် အခုနောက်ပိုင်း ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံဟာ နအဖရဲ့ လုပ်ပုံလုပ်နည်းတွေနဲ့ တူလာတယ်လို့ ကျွန်တော်ထင်ပါတယ်။

အစိုးရအဖွဲ့ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေကို စစ်တပ်ကရော၊ ရဲတပ်ဖွဲ့ကပါ အတင်းအဓမ္မ အကြမ်းဖက်မှုတွေ မလုပ်ခဲ့ကြပါဘူး။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးခွဲပြီး လူစုခွဲဖို့ကိုတောင် အတော်ကလေး စဉ်းစဉ်းစားစား လုပ်ခဲ့ကြပုံပေါ်ပါတယ်။ စစ်တပ်ကတော့ အာဏာသိမ်းတာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားထားပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အကြမ်းဖက်ခိုင်းလို့မရတဲ့အခါကြတော့ ၀န်ကြီးချုပ်စမတ်ဟာ လူထုအချင်းချင်း ပြန်ပြီးတိုက်ပေးတဲ့နည်းကို အသုံးပြုလာတာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နအဖက ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေအသုံးပြုပြီး ပြည်သူကို ပြန်နှိပ်စက်နည်းမျိုးပါပဲ။ စက်တင်ဘာ ၁ ရက်နေ့မှာ စမတ်ကို ထောက်ခံတဲ့ အနီရောင်ဝတ်ထားသူတွေနဲ့ အ၀ါရောင်ဝတ် ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဆရာဝန်က ခေါင်းကို အရိုက်ခံရလို့ သေဆုံးတယ်ပြောပေမယ့် ဆေးရုံက ကြေငြာချက်ထုတ်တဲ့အခါမှာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးတယ်လို့ ဆိုပါတယ်။

ဒါဟာ ရဲတပ်ဖွဲ့က ပစ်ခတ်တာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ သေနတ်ကို လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။ အဲဒီနေ့က သတင်းထဲမှာတော့ အနီရောင်ဝတ်တွေဟာ ရဲတပ်ဖွဲ့ဝင်တွေရှေ့ကနေ ဆန္ဒပြသူတွေကို တုတ်တွေ ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ တွေ့ရပါတယ်။ တန်ပြန်ဆန္ဒပြသူတွေထဲမှာ အစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးပါဝင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကနေ့လည်း ဒီလို သေနတ်နဲ့ ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်ခဲ့တာဟာ စမတ်ရဲ့ အစီအမံမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ စမတ်ဟာ နအဖ ရဲ့ ဥာဏ်နီဥာဏ်နက်တွေကို ယူသုံးနေတာများလားလို့ တောင်တွေးမိပါတယ်။ ကျွန်တော်ကတော့ ခေါင်းဆောင်မှုအရည်အချင်းမရှိတဲ့၊ မြန်မာပြည်တွင်းရေးကို သေသေချာချာနားမလည်ပဲ ၀င်အာချောင်တဲ့ စမတ် ပြုတ်ကျပါစေလို့ ဆုတောင်းနေပါတယ်။
This entry was posted on 10:43 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: