Author: vanko
•9:08 PM


Credentials Challenge ကန့်ကွက်စာကို အထွေထွေအတွင်းရေးမှူးချုပ်ရုံးကနေ အထွေထွေညီလာခံကို လွှဲပေးလိုက်ပြီလို့ ကုလသမဂ္ဂက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို VOA မှာလည်းဖတ်ရ၊ BBC မှာလည်းနားထောင်ရ၊ NEJ မှာလည်းဖတ်ရ၊ ဘလော့ဂ်တွေ ရှောက်ဖတ်ကြည့်တော့လဲ တွေ့ရနဲ့ ကျွန်တော့စိတ်ထဲ ကလိလိဖြစ်စရာတစ်ခုကို ဖတ်တိုင်းဆွပေးနေသလိုဖြစ်နေလို့ အခုထုတ်ရေးလိုက်ပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ မအောင့်နိုင်တော့တဲ့ အောင့်လုံးပေါ့။

ဒီကန့်ကွက်လွှာကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့က ဦးဆောင်ပြီးတင်ပါတယ်။ MPU ရဲ့ ဒုဥက္ကဌ ဒေါ်စန်းစန်းက လက်မှတ်ထိုးပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကတော့ ဒီကန့်ကွက်လွှာကို လက်မှတ်မထိုးခဲ့ပါဘူး။

ကျွန်တော့်စိတ်ထဲ ဘ၀င်မကျတဲ့အချက်ကို မပြောခင် တစ်ခုတော့ကြိုတင်ပြောထားချင်ပါတယ်။ ကျွန်တော်အခုပြောတာတွေဟာ ကျွန်တော့်ရဲ့ တဘက်သတ်အမြင်၊ မပြည့်စုံတဲ့အမြင်ပါ။ ကျွန်တော်မြင်မိသလောက်ကလေးကို ပြောချင်တာပါ။ မှားချင်လည်းမှားမှာပါ။ ဥပမာပြောရရင် ပုရွက်ဆိတ်တစ်ကောင်ဗျာ... ကျွန်တော်ရေဆေးပစ်မယ့် ခွက်ကလေးတစ်ခုထဲဝင်နေတယ်။ ရေဆေးချလိုက်ရင် ရေထဲမျောပါသွားပြီးသေမှာစိုးလို့ ကျွန်တော်က ခွက်ကို ခေါက်ချတယ်။ ကိုယ်တော်က အတင်းတွယ်ကပ်နေတယ်။ သူသေမှာသူမသိဘူး။ ဆိုလိုချင်တာက အဲဒီလိုပါ။ ကျွန်တော်က ပုရွက်ဆိတ်ထက် အများကြီးပိုမြင်နိုင်တဲ့သူဆိုတော့ သူသေမှာကိုသိတယ်။ သူကတော့ အခုကျွန်တော် သူ့ကိုခေါက်ချနေတာဟာ သူ့ရပ်တည်မှုကို စိန်ခေါ်တာပဲ။ သူရပ်တည်နေတဲ့နေရာလေးက ပြုတ်ကျမသွားအောင် သူကြိုးစားတယ်။ သူ့အသိဟာ မပြည့်စုံဘူး။ ကျွန်တော် ရပ်တည်နေတဲ့ paradigm နဲ့ သူ့ paradigm မတူဘူး။ သူဘယ်လိုမှ နားမလည်နိုင်ဘူး။ ပြောချင်တာက အဲဒါပါ။ ကျွန်တော်လည်း ကျွန်တော့် ပါရာဒိုင်းထဲကနေ ပြောတာပါပဲ။ တစ်ခုရှိတာကတော့ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်အယူအဆကိုတော့ ဖော်ထုတ်ခွင့်ရှိတယ် မဟုတ်လား။ ပြောသမျှ၊ ရေးသမျှတော့ အမှန်ကြီးပဲမဖြစ်နိုင်ပါဘူး။ သို့သော် အဆိပ်အတောက် မဖြစ်ရင်တော်ရဲ့လို့ ထင်တာပါပဲ။ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အမြင်ပေါ့။

ကျွန်တော့်စိတ်ထဲစပြီး အစာမကြေတဲ့အချက်ကတော့ ဘာကြောင့် MPU ရဲ့ ဥက္ကဥကိုယ်တိုင်လက်မှတ်မထိုးပဲ ဒုဥက္ကဌကထိုးတာပါလဲ။ နောက် NCGUB ဦးစိန်ဝင်းတို့က ဘာကြောင့်လက်မှတ်ထိုးပေးဖို့ ငြင်းဆန်တာလဲ။ ဦးစိန်ဝင်းရဲ့ စကားလေးတွေ ဖတ်ကြည့်ရအောင် ...။

"ဒီကိစ္စကို စဆွေးနွေးကတည်းက ကျနော်ရှင်းပြပါတယ်။ ကျနော်တို့ရဲ့ အနေအထား၊ ယုံကြည်ချက်နဲ့ ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေ၊ လုပ်တဲ့အခါမှာ ဘာတွေဖြစ်နိုင်သလဲ၊ စသည်အားဖြင့် ကျနော်တို့ သေချာရှင်းပြပါတယ်။ ကုလသမဂ္ဂရဲ့ အခင်းအကျင်းတွေလည်း ကျနော်တို့ ရှင်းပြပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့အနေနဲ့ ဒီ Credential Challenge ကို လက်မှတ်ထိုးရမယ့်အလုပ်တွေ၊ Credential ကော်မတီကို Apply လုပ်ရမယ့်အလုပ်မျိုးတွေကို မလုပ်ဘူးဆိုပြီး ပြောပြီးသားပါ။"

"နိုင်ငံရေးအနေနဲ့ နအဖပဲဖြစ်ဖြစ်၊ န၀တပဲဖြစ်ဖြစ် သူတို့က တရားမ၀င်တဲ့အစိုးရဖြစ်တဲ့အတွက် ဒီမှာမထိုင်သင့်ဘူး၊ ကျနော်တို့ ဒီအပေါ်မှာတော့ ထောက်ခံတယ်။ သို့သော် ကျနော်တို့ရဲ့အမြင်၊ ကျနော်တို့ရဲ့ မူဝါဒ၊ ကျနော်တို့ရဲ့ တွက်ချက်မှုအရ ဒီလို Credential
ကိစ္စတွေမှာ မပါဘူး။ Campaign အနေနဲ့ဆိုရင်တော့ ပြဿနာမရှိဘူး။ အဲတော့ ဒီလိုလုပ်ရင်လည်း ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူးဆိုပြီး ကျနော်ပြောတာပါ။"

ဦးစိန်ဝင်းတို့အနေနဲ့ နအဖဟာ တရားဝင်အစိုးရမဟုတ်ကြောင်း ထောက်ခံတယ်။ ကုလသမဂ္ဂမှာ နေရာမရသင့်ဘူးဆိုတာလည်း လက်ခံတယ်။ ဒါပေမယ့် ဘာကြောင့် Credential ကို ချဲလင့်လုပ်တဲ့အခါ မပါဝင်တာလဲ။ NCGUB ရဲ့ အနေအထားအရလို့ပြောပါတယ်။ လက်မှတ်ထိုးလိုက်ရင် NCGUB ရဲ့ image ကို ဘာများထိခိုက်သွားစရာရှိပါသလဲ။ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကို မဖြစ်နိုင်မှန်းသိရက် လျှောက်လုပ်နေတဲ့ မယောင်ရာဆီလူး သူတွေလို့ အပြောခံရမှာစိုးလို့ပါလား။

နောက် ကျွန်တော်တို့ရဲ့ တွက်ချက်မှုအရလို့ ပြောသွားပါတယ်။ NCGUB ရဲ့ တွက်ချက်မှုက ဘာတွေများပါလဲ။ နောက် ဒါဟာ အမျိုးသားနိုင်ငံရေးပါ။ ပါတီနိုင်ငံရေးမဟုတ်ပါဘူး။ သေချာပေါက်နိုင်မှ လုပ်မယ်ဆိုရအောင် အမြတ်ရဖို့ gambling လုပ်နေတာမဟုတ်ပါဘူး။ သေချာပေါက် ဖြစ်နိုင်ခြေရှိမှ၊ နိုင်ခြေရှိမှလုပ်မယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးလဲ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာရှင်ကို နိုင်ခြေရှိမှ ဆန့်ကျင်မယ်ဆိုရင် ခေတ်အဆက် အမျိုးသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းရှင်လူခေါင်းဆောင်တွေ ဘယ်လိုမှ ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ အခုလက်ရှိ ပြည်တွင်းမှာ အဖမ်းဆီး အနှိပ်စက်ခံနေရတဲ့ မျိုးဆက်သစ် မျိုးဆက်ဟောင်းခေါင်းဆောင်တွေဟာ နိုင်ခြေမရှိမှန်းသိရက်၊ အဖမ်းဆီး အနှိပ်စက်ခံရမယ်မှန်းသိရက်နဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးပြီး စွမ်းဆောင်နေကြသူတွေပါ။ ဒီလူတွေကို NCGUB အနေနဲ့ လေးစားသင့်ပါတယ်။

"ဘာ့ကြောင့်လဲဆိုတာကို ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ရှင်းနေပါတယ်။ Publicly ရေဒီယိုကနေ မပြောချင်လို့ ကျနော်မပြောတာ။ နောက်တခုက ကျနော်တို့ရဲ့အရေးကို နိုင်ငံတကာက အစအဆုံး ဖြေရှင်းပေးမှာတော့ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ မှားယွင်းတဲ့မျှော်လင့်ချက်တွေတော့ မပေးသင့်ဘူး။ ပြည်ပက ကူညီတယ်၊ သိပ်ကောင်းတယ်၊ အခုထိလည်း ပြည်ပက အကူအညီတွေကို ရနေတယ်၊ ဒါကိုလည်း ကျနော်တို့ ကြိုးစားရမှာပဲ။ သို့သော်လည်း တိုင်းပြည်လွတ်မြောက်ရေးအတွက် အစအဆုံးကတော့ ပြည်ပက လာမှာမဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတွေ၊ ပြည်ပမှာရှိတဲ့ တိုင်းရင်းသားနိုင်ငံသားတွေ အားလုံး လုပ်နိုင်ဖို့ အရေးကြီးတယ်။ အဲတော့ ဒီကိစ္စက စိတ်ဝမ်းကွဲပြီး အကွဲကွဲအပြားပြားဖြစ်မယ့်ကိစ္စ မဟုတ်ဘူးလို့ ကျနော်ယုံကြည်တယ်။"

အခုကိစ္စဟာ ကျွန်တော့်အမြင်တော့ ပြည်သူလူထုကို false hope ပေးတာမဟုတ်ပါဘူး။ encourage လုပ်ပေးတာပါ။ ဒီ နအဖ မတရားမှန်း ပြည်သူတရပ်လုံးသိတယ်။ သူကြီးအရက်မူးပြီး နှစ်လုံးပြူးတစ်ယမ်းယမ်းနဲ့ သောင်းကျန်းနေတာကို ဂတ်တိုင်လည်းမထူးပါဘူး လို့မထားပဲ တစ်ယောက်ယောက်က သွားတိုင်ရင်တော့ တိုင်တန်းပေးမယ့်သူရှိပါသေးလားဆိုပြီး အားရှိကြမှာပါ။ ဒါပေမယ့် ဒီ ချဲလင့်ရဲ့ အဓိကအားနည်းချက်ကတော့ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ လို့ အမည်ခံထားတဲ့ ဦးစိန်ဝင်းတို့ အဖွဲ့က လက်မှတ်မထိုးတာပါပဲ။ နောက်တစ်ခုက MPU ရဲ့ ဥက္ကဌကိုယ်တိုင် လက်မှတ်မထိုးပဲ ဒုဥက္ကဌကသာ လက်မှတ်ထိုး ထားတာပါ။ (ဘာကြောင့်လဲဆိုတာတော့ ကျွန်တော့ ဗဟုသုတအားနည်းလို့ မသိပါဘူး။ ဥက္ကဌက ဘယ်သူမှန်းလဲမသိပါဘူး။)

ဒေါက်တာစိန်ဝင်းပြောသလို တိုင်းပြည်လွတ်မြောက်ရေးအတွက် ပြည်ပကအစအဆုံးကူညီမှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ်ပဲ အားကိုးရမယ်ဆိုတာ လက်ခံပါတယ်။ အခုကိစ္စက အနှစ်၂၀ ကြာခဲ့ပြီ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်နေတာပါ။ နအဖဟာ ပြည့်သူ့အာဏာကို မတရားသိမ်းပိုက်ထားတဲ့ အာဏာရှင်တွေဆိုတာ လူတိုင်းသိပါတယ်။ အနှစ်၂၀အတွင်းမှာ တိုင်းပြည်ကို မွဲသထက်မွဲအောင်၊ နိမ့်ကျသထက်နိမ့်ကျအောင်၊ ချွတ်ခြုံကျအောင် နည်းအမျိုးနဲ့နှိပ်စက် ရဟန်းရှင်လူပေါင်းများစွာကို သတ်ဖြတ်ပြီး ဒီမိုကရေစီစနစ်ဆီကိုသွားနေပါတယ်လို့ ပြောပြီး လူထုကို နည်းအမျိုးနဲ့ဖိနှိပ်နေတာကို တကမ္ဘာလုံးသိနေပါပြီ။

စက်တင်ဘာတော်လှန်ရေးမှာ ရဟန်းသံဃာတွေကို သတ်ဖြတ်ခဲ့ပုံ၊ အခုချိန်အထိ ရဟန်းသံဃာတွေကို ဆက်လက်ဖိနှိပ်နေပုံ၊ နာဂစ်လေမုန်တိုင်းမှာ ကိုင်တွယ်ပုံတွေကြောင့် ကမ္ဘာက နအဖ ဘာလဲဆိုတာ ပိုပြီးသိလာပါပြီ။ ဒီအချိန်ဟာ နအဖကို ထိုးနှက်ဖို့ အချိန်ကောင်းပါပဲ။ တရားမ၀င်အာဏာကို မတရားရယူထားတဲ့ နအဖကို ကုလသမဂ္ဂမှာ နေရာမပေးဖို့ တောင်းဆိုတာဟာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လုပ်ကိုလုပ်သင့်တဲ့ ကိစ္စတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ရှင်းရှင်းပြောရရင် လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ကျွန်တော် ဒီအတွေးကိုတွေးခဲ့ဘူးပါတယ်။ အခုသိပ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုကို NCUB နဲ့ MPU တို့က ဦးဆောင်ပြီး လုပ်နေကြပါပြီ။ ကျွန်တော်တို့အားလုံး တခဲနက်ညီညီညွတ်ညွတ် အားပေးရပါမယ်။ ဒါပေမယ့် ဒီကြိုးစားမှုဟာ “စကတည်းက ယဉ်သကို” ဆိုသလိုပဲ မြန်မာနိုင်ငံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကွဲအပြဲအက်ကြောင်းရာကလေးကို မြင်မိလိုက်ပါတယ်။ ဒါပေမယ့် ဒေါက်တာစိန်ဝင်းပြောသလို အက်ကြောင်းမဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းလိုက်ပါတယ်။

This entry was posted on 9:08 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: