Author: vanko
•7:29 AM





ဓါတ်ပုံများနှင့် ကြေငြာချက်ကို အစ်မ မေအိခင်ထံမှ ရရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနှစ် ၂၀ပြည့်အထိမ်းအမှတ်နေ့ (၂၇ စက်တင်ဘာ ၂၀၀၈၊ မနေ့က) ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ၂၇-၉-၂၀၀၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်အမှတ် (၂၀/၉/၀၈) ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်များကို ဖော်ပြထားပြီး အာဏာပိုင်တို့ရဲ့ နည်းမျိုးစုံနဲ့ မတရားဖိနှိပ်ထားတဲ့ကြားကပဲ တိုင်းပြည်အတွက် အနှစ် ၂၀ တိုင်တိုင် မယိုင်မလဲ ရပ်တည်နိုင်ခဲ့ကြောင်း၊ မိမိတို့ အကျိုးစီးပွားများကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် ကြံ့ကြံ့ခံလုပ်ဆောင်ခဲ့သည်များအတွက် ချီးကျူးဂုဏ်ယူပါကြောင်း ဖေါ်ပြထားပါတယ်။

နအဖ အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ နဲ့အညီ ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်းမရှိပဲ မိမိတို့ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေများ၊ ကြေငြာချက်များ၊ ကတိက၀တ်များကို ချိုးဖောက်လျှက်ရှိကြောင်း၊ ထို့ကြောင့်ပြည်သူလူထုက အာဏာပိုင်တို့အပေါ် အယုံအကြည်ကင်းမဲ့သွားပြီဖြစ်ကြောင်း၊ ဥပဒေပြုသူ ကိုယ်တိုင်က ဥပဒေကိုချိုးဖောက်ခြင်းဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရတဲ့ အမဲစက်ကြီးဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တို့က မိမိတို့ ဥပဒေ၊ ကတိက၀တ်တွေကို ချိုးဖောက်တဲ့အတွက် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ်လည်း ပြည်သူတွေက ယုံမှားသံသယရှိမှာဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ဝေဖန်ထားပါတယ်။

မေလလူထုဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ထုတ်ဖော်ကြေငြာထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် လက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ဖော်ထားပါတယ်။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက လျစ်လျှူရှုလို့မရကြောင်း၊ တိုင်းပြည်အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် ရှိရမှာဖြစ်ကြောင်းလည်း အတိအလင်း ထုတ်ဖော်ကြေငြာထားပါတယ်။

ကြေငြာချက်ကို အကျဉ်းချုပ်ကြည့်မယ်ဆိုရင်တော့
- နအဖ အနေနဲ့ မိမိတို့ ပေးထားတဲ့ကတိက၀တ်တွေအတိုင်း ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူပေးရန်။
- ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်။
- NLD အနေနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရရန်။
- ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖျက်သိမ်းခြင်းခံထားရတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးခွင့်ပြုရန် တောင်းဆိုထားတာတွေ့ရပါတယ်။

ဒီကြေငြာချက်ဟာ ကျွန်တော်ဖတ်ဖူးသမျှ NLD ရဲ့ ကြေငြာချက်တွေမှာ အားအရဆုံးကြေငြာချက်တစ်စောင်ဖြစ်ပါတယ်။ ဒါဟာ ဦးဝင်းတင်တို့လို အတွေ့အကြုံရှိ၊ ခံယူချက်ပြင်းထန်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ ခေါင်းဆောင်တွေ NLD မှာ ပြန်လည်ပူးပေါင်းလာနိုင်လို့လဲ ဖြစ်နိုင်ပါတယ်။ (ဒါပေမယ့် ကြေငြာချက်မှာ ၁၁-၉-၂၀၀၈ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့မှာ ဦးဝင်းတင်တို့ မလွတ်သေးပါဘူး။) စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကိုဖိနှိပ်ဖို့ကြိုးစားနေတဲ့ နအဖရဲ့ ရပ်တည်မှုနဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်စိန်ခေါ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို NLD ရဲ့ ဦးဆောင်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်သူတွေအတွက် ဆောင်ကျဉ်းပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


ကြေငြာချက်အပြည့်အစုံကိုတော့ အောက်ကလင့်မှာ ယူပါ။
NLD ၂၀နှစ်မြောက် ကြေငြာစာတမ်း
This entry was posted on 7:29 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: