Author: vanko
•12:06 AM

The Sea-Wolf

အမေရိကန် စာရေးဆရာ Jack London (1876-1916) ရဲ့ Bestseller တစ်အုပ်ဖြစ်တဲ့ ဒီဝတ္ထုကို 1904 ခုနှစ်မှာ ရေးခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ်ပါ။ ဆရာမိုးဝေနဲ့ ဆရာညွန့်ကြူးတို့ မြန်မာဘာသာကို ပြန်ဆိုခဲ့ဘူးပါတယ်။ ဆရာမိုးဝေရဲ့ ဘာသာပြန်ကို မဖတ်ဘူးပေမယ့် ဆရာညွန့်ကြူးရဲ့ ဘာသာပြန်ကိုဖတ်ပြီး သိပ်သဘောကျလို့ မူရင်းစာအုပ်ကို ရှာဖွေဖတ်ရှုခဲ့တာပါ။

ဆရာညွန့်ကြူးရဲ့ ဘာသာပြန်ကိုနှစ်သက်သလို မူရင်း Jack London ရဲ့ အရေးအသားကို ဖတ်ရတော့ ပိုပြီး ဒီဝတ္ထုကို နှစ်ခြိုက်ခဲ့ရတာပါ။ မူရင်းမှာတော့ ဆရာညွန့်ကြူးရဲ့ ဘာသာပြန်ထက်ကို ဇာတ်ကောင်တစ်ကောင်ခြင်းစီကို ပိုပြီး အသေးစိတ် ရေးဖွဲ့ထားပါတယ်။ စကားပြောပုံ၊ ကိုယ်လက်လှုပ်ရှားပုံ၊ စကားပြောနေရင်း ခြေထောက်ကလေး ဟိုဘက်ဒီဘက် ပြောင်းရပ်တာကအစ အတော်ကို အသေးစိတ် ရေးဖွဲ့ထားတာပါ။

“ပင်လယ်ဝံပုလွေ” ဟာ London ရဲ့ ခါးသီးတဲ့ ဂျပန်ပင်လယ်ပြင် သင်္ဘောသားဘ၀ကိုလည်း ထင်ဟပ်ထားတယ်လို့ ဝေဖန်ရေးသမားတွေက ပြောကြပါတယ်။ တကယ်တော့ London ဟာ ဘ၀မျိုးစုံမှာ ကျင်လည်ခဲ့သူပါ။ သင်္ဘောသား၊ ဂုံလျှော်စက်ရုံအလုပ်သမား၊ အမေရိကန် Gold Rush မှာ ရွှေတူးသမား၊ ခြေသလုံးအိမ်တိုင် အလုပ်လက်မဲ့ဘ၀၊ ဆိုရှယ်လစ်ပါတီဝင် နိုင်ငံရေးသမား၊ (နိုင်ငံရေးမှုနဲ့လည်း ထောင်ကျဖူး)၊ စာရေးဆရာ၊ စသည်ဖြင့် ဘ၀မျိုးစုံအောင် ကျင်လည်ခဲ့ဘူးပါတယ်။ ဘ၀မျိုးစုံ လူမျိုးပေါင်းစုံနဲ့ တွေ့ကြုံခဲ့၊ ဆက်ဆံခဲ့ရလို့လည်း လူတွေရဲ့ စရိုက်ကို ကောင်းစွာ သရုပ်ဖော်နိုင်တာကို တွေ့ရမှာပါ။ အများအားဖြင့်တော့ သူ့ဝတ္ထုတွေဟာ လူဟာ ကြမ်းတမ်းခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရ၊ အနိုင်ယူ ကျော်လွားရတာကို သရုပ်ဖော်ထားတာများပါတယ်။

“ပင်လယ်ဝံပုလွေ” ဟာ အနုနဲ့ အကြမ်း၊ လူ့ကျင့်ဝတ်နဲ့ တောရိုင်းဥပဒေ၊ ခွန်အားနဲ့ ဥာဏ်ပညာ အားပြိုင်ပွဲလို့ ပြောနိုင်ပါတယ်။ ဒီဝတ္ထုရဲ့ အဓိက ဇာတ်ကောင်ဟာ “၀ံပုလွေ လာဆင်” ဖြစ်ပါတယ်။ လာဆင်ဟာ ခွန်အားကြီးတယ်၊ ကြမ်းတမ်းတယ်၊ ရက်စက်ကြမ်းကြုတ်တယ်၊ ဒါပေမယ့် ဥာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ သူ့ဘ၀မှာ လူ့ယဉ်ကျေးမှုဆိုတာနဲ့ မကြုံခဲ့ရပဲ၊ လူ့ကျင့်ဝတ်ဆိုတာကို ကြားတောင်မကြားဘူးတဲ့ လူတစ်ယောက်ပါ။ (Hamp က ethic ဆိုတဲ့ စကားလုံးကို ပြောတော့ လာဆင်က “ဒါဟာ ငါ့ရဲ့ဘ၀မှာ လူတစ်ယောက်ဆီက(လူတစ်ယောက် ပါးစပ်က) ethic ဆိုတဲ့ စကားလုံးကို ပထမဆုံး ကြားဖူးတာပဲ” လို့ ပြောရှာပါတယ်။) ဒါပေမယ့် ဥာဏ်ကောင်းတဲ့လူတစ်ယောက် ဖြစ်တဲ့အလျောက် ကိုယ်တိုင် ကိုယ့်ဘာသာ စာတက်အောင်လေ့လာသင်ယူခဲ့ပြီး နစ်ရှေးတို့၊ ရှိုပင်ဟောင်ဝါတို့လို အတွေးအခေါ်ပညာရှင်တွေရဲ့ စာတွေကို ဖတ်နိုင်တဲ့အထိ တိုးတက်လာခဲ့တာပါ။ ဒါပေမယ့် သူဖြတ်သန်းလာခဲ့ရတဲ့ ခါးသီးတဲ့ ဘ၀အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အတွေးအခေါ်တွေကို သူလိုရာထုတ်နုတ်ကောက်ချက်ဆွဲယူပြီး ကိုယ့်အယူအဆနဲ့ကိုယ် တံခါးပိတ်ပြီး အမှန်လုပ်နေသူပါ။ သူ့ပတ်ဝန်းကျင်က လူတွေဟာလည်း ပညာမတက်၊ အတွေးအခေါ်မရှိ လက်ရုံးအားကိုး ဖျံဖမ်းသမား အရိုင်းအစိုင်းတွေသာဖြစ်တာမို့ သူနဲ့ အတွေးအခေါ်ခြင်း ယှဉ်ပြိုင်ပြောနိုင်တဲ့သူ၊ သူ့အယူအဆတွေကို လှုပ်ခတ်နိုင်တဲ့သူ မရှိခဲ့ပါဘူး။

သူပိုင်တဲ့ ဖျံဖမ်းသင်္ဘော “တစ္ဆေ” ပေါ်မှာ သူသာခွန်အားအကြီးဆုံး၊ သူသာ ဘုရင်၊ သူသာ ဥာဏ်ပညာအရှိဆုံး လူတစ်ယောက်ပါ။ “တစ္ဆေ” ပေါ်မှာတော့ အရာရာကို ခွန်အားကသာ အဆုံးအဖြတ်ပေးပါတယ်။ ဒီလို အခြေအနေထဲကို ပျော့တိပျော့ဖတ်၊ စာရေးတာကလွဲလို့ ဘာကိုမှ လက်ကြောတင်းအောင် မလုပ်ခဲ့ဘူးတဲ့ စာရေးဆရာ ဟမ်ဖရီ ဗန် ဝေဒင် (သူ့ကို လာဆင်က ဟမ့် လို့ပဲ ခေါ်ပါတယ်။) နောက်တော့ ... ကဗျာဆရာမ မော့ဒ်ဘရူးစတား တို့ ရောက်လာတဲ့အခါမှာ မတူညီတဲ့ character တွေအကြား အယူအဆရေးရာ ထိပ်တိုက်တွေ့မှု clash တွေ၊ ဆွေးနွေးငြင်းခုံမှုတွေ ပေါ်ပေါက်လာတော့တာပါပဲ။ ပျော့တိပျော့ဖတ် စာရေးဆရာ သိုးကလေးနှစ်ကောင်ဟာ ၀ံပုလွေကြီး လာဆင်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ဖတ်ကြည့်ကြပါခင်ဗျာ။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တွေးစရာတွေလည်း အများကြီး ရလိမ့်မယ်လို့ ထင်ပါတယ်။

The Sea-Wolf by Jack London

This entry was posted on 12:06 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: